တန်ပြန်တိုက်စစ် ၅
Vol. 49 Ch. 486
ရတနာရှစ်သွယ်မျှော်စင်တွင် ဖြစ်သည်။
ဝုရှန်းသည် ပြတင်းပေါက်အနီးရှိ ထိုင်ခုံတွင် ထိုင်ပြီး ဝိုင်တခွက်ကို ဇိမ်နှင့်သောက်နေ၏။ ရတနာရှစ်သွယ်မျှော်စင်တွင် ရတနာရှစ်မျိုးဟူ၍ ရှိလေရာ ထိုအထဲတွင် ဝုရှန်း သောက်နေသည့် ဝိုင်သည်လည်း တမျိုးအပါအဝင် ဖြစ်၏။ အရက်ပါဝင်မှုရာနှုန်းများပြီး ထူးခြားသော အရသာတမျိုး ပျော်ဝင်နေသည့် ဤဝိုင်သည် အမှန်တကယ်လည်း ထိပ်တန်းရတနာတပါးဟု သတ်မှတ်နိုင်၏။
ဝုရှန်းသည် မိန်းမများကို ကြိုက်သလို ဝိုင်သောက်ရသည်ကိုလည်း အလွန်နှစ်သက်၏။ အထူးသဖြင့် မီးတောက်ဝိုင်မျိုးကို သောက်ရသည်မှ ပို၍ အရသာရှိသည်ဟု ဝုရှန်း ယူဆထားလေသည်။
ချီစွမ်းအားပညာရှင်များ ဖြစ်လာကြပြီးနောက် လူသားများသည် အသက်ရှည်လာသည်နှင့်အမျှ ၎င်းတို့၏ ပျော်ရွှင်မှုများသည်လည်း ပို၍ ခမ်းခြောက်လာ၏။ ထိုအခါ လူသားများသည် ပို၍ ဆန်းသစ်သော လှုံ့ဆော်မှုများကို ရှာဖွေလာတော့၏။ ထိုအထဲမှ တချို့သည် အန္တရာယ်များကို လိုက်လံရှာဖွေကြ၏။ တချို့မှာ ကိုယ်ခန္ဓာစွမ်းအင်စုဆောင်းခြင်းကို အလေးထား လေ့ကျင့်ကြသည်။ တချို့မှာကား ထူးခြားဆန်းပြားသော အတွေ့အကြုံသစ်များကို လိုက်လံရှာဖွေကြလေသည်။
ဝုရှန်းမှာကား သတ္တိမရှိသလို ညဏ်ထက်သူလည်း မဟုတ်။ ထို့ကြောင့် သူ့တွင် လုပ်စရာဟူ၍ လိင်ဆက်ဆံရန်နှင့် အရက်သောက်ရန်သာ ရှိလေသည်။ ထို့ကြောင့် သူသည် နေ့တဓူဝ အရက်သောက်လိုက်၊ ပြည့်တန်ဆာများနှင့် ပျော်ပါးလိုက်နှင့်သာ အချိန်ဖြုန်းနေလေ့ရှိ၏။
ဤနည်းအတိုင်း အချိန်ဖြုန်း၍ တနေ့တွင် သေသွားစေကာမူ ဝုရှန်းကတော့ ကျေနပ်နေမည် ဖြစ်သည်။
"ဝုရှန်း"
ဝုရှန်းနောက်မှ အသံတသံ ထွက်ပေါ်လာ၏။
ဝုရှန်းက လှည့်ပင်မကြည့်ပဲ ပြောလိုက်၏။
"မင်းဘယ်သူလဲဆိုတာ ငါမသိဘူး ငါဒီမှာ စည်းစိမ်ခံနေတယ် ဒီတော့ ငါ့နားက မြန်မြန်ထွက်သွားစမ်းကွာ"
ထိုလူက ထပ်ပြောလိုက်ပြန်၏။
"ဝုရှန်း မင်းဟာ လွန်ခဲ့တဲ့ သုံးရက်က ဘုရားကျောင်းတခုမှာ ပြသနာရှာခဲ့တယ် မင်းကြောင့် လူနှစ်ယောက်သေပြီး ဆယ့်နှစ်ယောက် ဒဏ်ရာရသွားခဲ့တယ် ဒါကြောင့် မင်းအနေနဲ့ ကျုပ်တို့နဲ့ မူလဗျူရိုကို လိုက်ခဲ့ရမယ်"
ဝုရှန်း လှုပ်ပင်မလှုပ်။ သူက ပြောလိုက်၏။
"မင်းတို့တော့ အမှားကြီးကြီးမားမား လုပ်မိပြီ"
ထိုလူက ထပ်ပြောလိုက်၏။
"အမှားလုပ်လုပ် မလုပ်လုပ် မင်းကတော့ စုံစမ်းစစ်ဆေးမှုကို ခံယူဖို့ ကျုပ်တို့နဲ့ မူလဗျူရိုကို လိုက်ခဲ့ရမှာပဲ"
စကားဆုံးသည်နှင့် ထိုလူက ဝုရှန်း၏ ပုခုံးကို ဆုပ်ကိုင်လိုက်၏။
ထိုအချိန်မှာပင် ဝုရှန်း၏ လက်သည် ထူးဆန်းသော ထောင့်ချိုးပုံစံအဖြစ် ပြောင်းလဲသွားပြီး သူ့နောက်ကျောရှိ လူကို လက်ဝါးနှင့် ရိုက်ချလိုက်၏။ ပင်လယ်ကြီးကို ထက်ခြမ်းကွဲထွက်သွားနိင်လောက်မည့် မူလစွမ်းအင်လှိုင်းများ ထွက်ပေါ်လာ၏။ ထို့နောက် ဝုရှန်းသည် ရှေ့သို့ တဟုန်ထိုး ခုန်ထွက်ပြီး ပြတင်းပေါက်မှ ထွက်ပြေးရန် ကြိုးစားလိုက်လေသည်။
သို့သော် ပြတင်းပေါက်အပြင်ဘက်တွင် လူတယောက် အသင့်စောင့်ဆိုင်းနေကြောင်း ဝုရှန်း တွေ့လိုက်ရ၏။
ထိုလူမှာ ယွန်လီယန်ပင် ဖြစ်သည်။
ယွန်လီယန်က ဝုရှန်းအား လက်ညိုးနှင့် လှမ်းထိုးလိုက်ရာ မီးတောက်မီးလျံများ ထွက်ပေါ်လာပြီး ဝုရှန်းထံသို့ ပြေးဝင်သွား၏။ ဝုရှန်းလည်း မျှော်စင်အတွင်းသို့ ပြန်လည်ရောက်ရှိသွားလေသည်။
ထွက်ပေါက်အား ပိတ်ဆို့ထားပြီး ယွန်လီယန်က ပြောလိုက်သည်။
"မင်း ဒီလောက် အလွယ်တကူနဲ့ ထွက်ပြေးသွားနိုင်ရန် ဆရာစုက ကျုပ်ကို အပြစ်တင်မှာပေါ့ကွ"
"စုချန်း"
ဝုရှန်း ခေါင်းမော့ပြီး ကျယ်လောင်စွာ အော်ဟစ်လိုက်၏။ သူ့ကို မည်သူ ဖမ်းဆီးသွားမှန်း တခြားလူများ သိစေရန် သူ ထိုသို့ အော်လိုက်ခြင်း ဖြစ်သည်။
ယွန်လီယန်ကား ဝုရှန်း၏ အပြုအမူကို တားဆီးခြင်းမပြုပဲ အေးစက်သော အကြည့်နှင့် စိုက်ကြည့်နေ၏။
_________×××__________×××________
ချင်းရွန်ဘိုသည် ငှက်လှောင်အိမ်တခုကို သယ်ဆောင်ကာ လမ်းလျှောက်လာ၏။ လမ်းပေါ်တွင် အေးချမ်းစွာ သွားလာနေသော လူအများသည် သူ့ကို မြင်သည်နှင့် ကြောက်လန့်တကြား ခေါင်းငုံ့လိုက်ကြသည်။
ထိုခံစားချက်မျိုးကို ချင်းရွန်ဘို အထူးပင် သဘောကျ၏။
လူတိုင်း၏ ကြောက်ရွံ့လေးစားမှုကို ခံယူရခြင်းဟူသော ခံစားချက်သည် ချင်းရွန်ဘိုအား ဘုရင်တပါးသဖွယ် ခံစားရစေ၏။ ထိုအချိန်တွင် သူသည် တော်ဝင်မျိုးနွယ်စုများ၏ အိမ်စောင့်ခွေးတကောင် မဟုတ်တော့ပေ။
လူတွေ ဘာကြောင့် ပင်ပန်းဆင်းရဲကြီးစွာ စွမ်းအင်အဆင့်မြင့်တက်လာစေရန် အားထုတ်နေကြသနည်း။ ပို၍ မြင့်မားသော အဆင့်အတန်းတခုတွင် နေထိုင်နိုင်ရန်ပင် မဟုတ်တုံလော။ ပို၍ ကောင်းမွန်သော ဘဝတခုကို တည်ဆောက်နိုင်ရန်ပင် မဟုတ်တုံလော။ အကြွင်းမဲ့ လွတ်လပ်မှုကို ပိုင်ဆိုင်နိုင်ရန်ပင် မဟုတ်တုံလော။
သို့သော် လွတ်လပ်မှုဟူသည် အဓိပ္ပာယ်မရှိသော စကားလုံးတလုံးမျှသာ ဖြစ်ပြီး တောင်ကြီးတတောင်ထက် မြင့်သော နောက်ထပ် တောင်တလုံး အမြဲတမ်းရှိနေသည်ဟူသော သဘောတရားကို ချင်းရွန်ဘို ဟိုးယခင်ကတည်းက သဘောပေါက်ထားပြီး ဖြစ်သည်။
သင့်အနေနှင့် ချီစွမ်းအားစုဆောင်းခြင်းနယ်ပယ်ပညာရှင်တယောက် ဖြစ်လာပါက သင့်အပေါ်တွင် သွေးဆူပွက်ခြင်းနယ်ပယ်ပညာရှင်တယောက် အသင့်ရှိနေပြီး ဖြစ်သည်။ သင်သည် သွေးဆူပွက်ခြင်းနယ်ပယ်ပညာရှင်တယောက် ဖြစ်လာပါကလည်း သင့်ရှေ့တွင် ယန်ဖွင့်လှစ်ခြင်းနယ်ပယ်ပညာရှင်များ အသင့်စောင့်ကြိုနေပြီး ဖြစ်သည်။
သင့်ထက်သာသောသူတယောက် အမြဲတမ်း ရှိနေသောကြောင့် ကျင့်ကြံခြင်းလမ်းကြောင်းဟူသည်မှာ အဆုံးမရှိသည့် ခရီးတခုကို လျှောက်လှမ်းရသည်နှင့် အတူတူသာ။
ချင်းရွန်ဘိုကား သူ့ပါရမီကိုသူ ကောင်းကောင်းသိထား၏။ သူရောက်ရှိနိုင်မည့် အမြင့်ဆုံး ကျင့်ကြံခြင်းနယ်ပယ်မှာ ယန်ဖွင့်လှစ်ခြင်းနယ်ပယ်ထက် ပိုလာစရာ အကြောင်းမရှိ။ ထိုအချိန်မှစ၍ ချင်းရွန်ဘိုသည် အထူးတလည် ကျင့်ကြံအားထုတ်မနေတော့ပဲ သူ့ကိုယ်သူ ပျော်အောင်သာ နေတော့သည်။
သို့သော် ချင်းရွန်ဘိုသည် ချီစွမ်းအားပညာရှင်တဦး ဖြစ်နေရသည့် အရသာကိုတော့ ယခုတိုင် ကြိုက်နှစ်သက်နေသေး၏။ ထိုအရသာကိုလည်း ချင်းရွန်ဘိုတယောက် သာမာန်လူများ၏ ရှေ့မှောက်တွင်သာ ရရှိနိုင်လေသည်။ တော်ဝင်မျိုးနွယ်စုများ၏ ရှေ့မှောက်တွင်တော့ သူသည် အိမ်စောင့်ခွေးတကောင် အဆင့်သာ ရှိသည် မဟုတ်ပါလား။
မည်သို့ဆိုစေ သာမာန်လူများ၏ ရှေ့တွင် မောက်မာဝင့်ကြွားရသည့် အရသာကိုတော့ ချင်းရွန်ဘို အလွန်သဘောကျနှစ်သက်လေသည်။
ယခုလည်း ချင်းရွန်ဘိုသည် လမ်းလျှောက်လာနေရင်း မိန်းမပျိုလေးတယောက်ကို လှမ်းတွေ့လိုက်၏။ သူက အနှီ မိန်းမပျိုလေး၏ ရှေ့တွင် မတ်တပ်ရပ်ရင်း မေးလိုက်သည်။
"မင်း ခုနက ကျုပ်ကို ခိုးကြည့်နေတယ်မလား"
မိန်းမပျိုလေးကား ကြောက်လွန်း၍ ခိုက်ခိုက်တုန်နေ၏။
ချင်းရွန်ဘို သက်ပြင်းချရင်း ပြောလိုက်သည်။
"မင်းတော့ အမှားကြီး လုပ်မိပြီ ဒီအမှားအတွက် မင်း တန်ရာတန်ကြေး ပေးရလိမ့်မယ်"
စကားဆုံးသည်နှင့် ချင်းရွန်ဘိုက လက်တဖက်ကို ဆန့်ထုတ်ကာ မိန်းမပျိုလေး၏ မျက်လုံးအစုံအား ဆွဲကုတ်လိုက်၏။
မိန်းမပျိုလေး၏ နာကျင်စွာ အော်ဟစ်သံ ထွက်ပေါ်လာ၏။ ထိုအော်သံမှာ ချင်းရွန်ဘို၏ နားထဲတွင် ဂီတသံသဖွယ် ချိုမြနေလေသည်။ သူ ကျေနပ်နှစ်ခြိုက်စွာ ပြုံးလိုက်သည်။
"ချန်းရွန်ဘို"
ထိုစဥ် ချန်းရွန်ဘို၏ နောက်ကျောမှ ခေါ်သံ ထွက်ပေါ်လာ၏။
ချင်းရွန်ဘို နောက်လှည့်ကြည့်လိုက်သည်။ မူလဗျူရိုမှ လူတယောက်ပေတည်း။
ထိုလူက ပြောလိုက်၏။
"မင်း ဘယ်လို ရာဇဝတ်မှုမျိုး ကျူးလွန်ခဲ့တယ်ဆိုတာ အထူးရှင်းပြနေစရာ မလိုတော့ဘူး ထင်တယ် မင်းလို အမှိုက်သရိုက်မျိုးကတော့ သေသွားတာပဲ ကောင်းတယ် ဒီကောင့်ကို ခေါ်ခဲ့ကြစမ်းဟေ့"
_________×××_________×××_________
အထက်တွင် ဖော်ပြခဲ့သည့် ဖမ်းဆီးမှုများသည် ကြည်လင်မြစ်မြို့တော်အနှံ့အပြားတွင် တချိန်တည်း တပြိုင်တည်း ဖြစ်ပေါ်နေခြင်း ဖြစ်သည်။
စုချန်း ဦးဆောင်ခဲ့သည့် နှစ်အပိုင်းအခြားအတွင်း မူလဗျူရို၏ အင်အားသည် များစွာ တိုးတက်လာ၏။ မူလဗျူရိုရှိ ချီစွမ်းအားပညာရှင်များ၏ အရေအတွက်မှာလည်း ယခင်ကဲ့သို့ ဆယ်ဂဏန်း မဟုတ်တော့။ ယန်ဖွင့်လှစ်ခြင်းနယ်ပယ်ပညာရှင် ရှစ်ယောက်ခန့်အပါအဝင် ချီစွမ်းအားပညာရှင်စုစုပေါင်း ရာဂဏန်းထိ တိုးပွားလာခဲ့ပြီ ဖြစ်သည်။
အကယ်၍ တော်ဝင်မျိုးနွယ်စုများတွင်သာ အလင်းတုန်ခါခြင်းနယ်ပယ်ပညာရှင်များ ရှိမနေပါက စုချန်းအနေနှင့် မူလဗျူရိုအား တော်ဝင်မျိုးနွယ်စုတစုအဖြစ် အလွယ်တကူ ပြောင်းလဲပစ်နိုင်ပေပြီ။
ယခုဆိုလျင် ချန်းယွမ့်ဟုန် သေဆုံးသွားပြီ ဖြစ်သလို ဝေပိုင်မှာလည်း အပြင်းအထန် ဒဏ်ရာရသွားခဲ့ပြီ ဖြစ်သည်။ ဝမ်ကျန်းယုမှာလည်း အန်းစီယွမ်ကြောင့် စိတ်ထင်တိုင်းလုပ်ခွင့်မရှိတော့။ ဤအခြေအနေတွင် အခြေအနေဖန်တီးနိုင်ခွင့်သည် ယန်ဖွင့်လှစ်ခြင်းနယ်ပယ်ပညာရှင်များ၏ လက်ဝယ်သို့ ရောက်ရှိလာခဲ့၏။
ဤအနေအထားတွင် စုချန်းကိုယ်တိုင်လည်း အတိုင်းအတာတခုအထိ ယုံကြည်မှုရှိလာ၏။
ကျန်းစီချွေ့၏ တတိယမြစ်တပ်ဖွဲ့၊ ဝန်ဝေစင်း၏ ကြည်လင်ခြင်းအဖွဲ့နှင့် စုချန်း ခေါင်းဆောင်သည့် မူလဗျူရိုတို့ စုပေါင်းလိုက်လျင် ကြည်လင်မြစ်မြို့တော်တခုလုံးကို သွက်သွက်ခါသွားအောင် ဆောင်ရွက်နိုင်စွမ်း ရှိနေခဲ့ပြီ မဟုတ်ပါလား။
ကြည်လင်မြစ်မြို့တော်တဝှမ်း ပြစ်မှုကျူးလွန်သော ချီစွမ်းအားပညာရှင်များအား မူလဗျူရိုမှ လိုက်လံဖမ်းဆီးနေခြင်းမှာလည်း ထိုသို့ လုပ်ဆောင်နိုင်ပြီဟု စုချန်းကိုယ်တိုင်က ယုံကြည်နေ၍ပင်ဖြစ်သည်။
ထိုအခါ အပြစ်မဲ့ပြည်သူများအား ဒုက္ခပေးသော၊ မြို့သူမြို့သားများအား စည်းမရှိကမ်းမရှိ သတ်ဖြတ်သော ချီစွမ်းအားပညာရှင်တိုင်းလိုလို အစုလိုက်အပြုံလိုက် အဖမ်းခံရတော့သည်။
ပြန်လည်ခုခံရန် ကြိုးစားသူများထဲမှ ကံကောင်းသူတချို့မှာ ဒဏ်ရလောက်သာရပြီး အဖမ်းခံကြရကုန်၏။ ကံဆိုးသူ တချို့မှာကား နေရာမှာပင် အသက်ပျောက်ကုန်ကြလေသည်။
ပြင်းထန်လှသော မုန်တိုင်းကြီးသည် ကြည်လင်မြစ်မြို့တော်တခွင်လုံးအား စတင်တိုက်ခတ်လာ၏။ သို့သော် ထိုမုန်တိုင်းမှာ ချီစွမ်းအားပညာရှင်များကိုသာ ကပ်ဆိုက်စေသည့် မုန်တိုင်း ဖြစ်သည်။ အကြောင်းမှာ မူလဗျူရိုသည် ချီစွမ်းအားပညာရှင်များနှင့် ပတ်သက်သည့် ပြသနာများကိုသာ ကိုင်တွယ်ခွင့်ရှိ၍ သာမာန်မြို့သူမြို့သားများအား အရေးယူပိုင်ခွင့်မရှိသောကြောင့်ပင်။
မည်သို့ဆိုစေ မူလဗျုရို၏ ကွပ်မျက်ခြင်းသည် လူတိုင်းအပေါ်တွင် တသမတ်တည်း မဟုတ်ပဲ ကွက်ကြားမိုးသဖွယ် ဖြစ်နေသည်ကိုတော့ လူတိုင်းနီးပါး ပြောနိုင်ကြ၏။
အကြောင်းမှာ မူလဗျူရို၏ ပစ်မှတ်တိုင်းလိုလိုသည် တော်ဝင်မျိုးနွယ်စုများနှင့် ပတ်သက်ဆက်နွယ်သူများချည်းသာ ဖြစ်နေသောကြောင့်ပင်။
အတိအကျ ဆိုရလျင် မူလဗျူရို၏ အဓိကပစ်မှတ်များမှာ ချန်းမျိုးနွယ်စုနှင့် ဝေမျိုးနွယ်စုတို့ ဖြစ်နေ၏။
စုချန်း ပြန်ရောက်သည့်နေ့မှာပင် မူလဗျူရိုသည် ဥပဒေအား ဖောက်ဖျက်ကျူးလွန်နေသည့် ချီစွမ်းအားပညာရှင် အများအပြားကို ဖမ်းဆီးရှင်းလင်းခဲ့၏။ ထိုအထဲမှ ရှစ်ဆယ်ရာခိုင်နှုန်းမှာ အထက်တွင် ဖော်ပြခဲ့သည့် မျိုးနွယ်စုနှစ်စုမှ ဖြစ်နေကြသည် မဟုတ်ပါလား။