တန်ပြန်တိုက်စစ် ၆
Vol. 49 Ch. 487
"လျန်ယန်ယိနဲ့ လျူယုတို့တောင် အဖမ်းခံလိုက်ရတယ် ဟုတ်လား"
ဝမ်ပိုင်ယွမ်သည် သူ့လက်ထဲရှိ အစီရင်ခံစာကို ဖတ်ပြီး တင်းမာသော အမူအရာနှင့် မေးလိုက်၏။
အစီရင်ခံစာမှာ ခပ်တိုတိုသာ ဖြစ်သည်။ သို့သော် သူ့အပေါ် ကြီးမားသော ဖိအားများ သက်ရောက်လာစေ၏။
စုချန်းကို မသတ်ဖြတ်နိုင်ခဲ့ခြင်းမှာ မြေပွေးကို ခါးပိုက်ပိုက်ထားသည်ထက် ပိုဆိုးနေသေး၏။ စုချန်းသည် ပြန်ရောက်လာကတည်းက သူတို့အား စတင်လက်တုံ့ပြန်နေခဲ့ပြီ မဟုတ်ပါလား။
တကယ်တော့ စုချန်းက သူတို့အား လက်တုံ့ပြန်လာသည်ကို ဝမ်ပိုင်ယွန် မအံ့သြ။ ဤမျှ ရဲရဲတင်းတင်း လက်တုံ့ပြန်ရဲသည်ကိုသာ ဝမ်ပိုင်ယွမ် အံ့သြမိလေသည်။
ကြည့်ရသည်မှာ ချန်းယွမ့်ဟုန် သေဆုံးသွားသည်နှင့် ဝေပိုင် ဒဏ်ရာ ပြင်းပြင်းထန်ထန် ရသွားသည်ကြောင့် ဖြစ်ဟန်တူ၏။ တော်ဝင်မျိုးနွယ်စုများဘက်မှ ထိပ်သီးပုဂ္ဂိုလ်နှစ်ယောက် ဆုံးရှုံးသွားခြင်းကြောင့် စုချန်းသည် အကြောက်တရားမရှိတော့ပဲ ရဲရဲတင်းတင်း လှုပ်ရှားလာခြင်းပင် ဖြစ်ပေလိမ့်မည်။
ဝမ်မျိုးနွယ်စုဘက်တွင် ဝမ်ကျန်းယု ရှိနေသေးသည့်တိုင် အန်းစီယွမ်၏ ဖြစ်တည်မှုက ဝမ်ကျန်းယု၏ အသုံးဝင်မှုအား အလဟသ ဖြစ်သွားစေ၏။ ထိုအခါ တိုက်ပွဲ၏ အရှုံးအနိုင်သည် ကိုယ်ခန္ဓာစွမ်းအင်အဆင့်နိမ့်ပါးသူများအပေါ်တွင်သာ မူတည်လာတော့၏။ စုချန်းအတွက်ကား အကြိုက်ပေတည်း။
အထက်ပါအတိုင်း စဥ်းစားနေရင်းနှင့်ပင် ဝမ်ပိုင်ယွမ် အသက်ရှုကျပ်လာ၏။ ထို့နောက် သူက ပြောလိုက်၏။
"ကျုပ်တို့ စုချန်းကို ဒီအတိုင်း လွှတ်ထားလို့တော့ မရတော့ဘူး ဒီပြသနာကို ဖြေရှင်းဖို့ ခင်ဗျားတို့မှာ စိတ်ကူးစိတ်သန်းလေးများ မရှိတော့ဘူးလား"
သူ့ဘေးနားတွင် ရပ်နေသော အရာရှိက ပြောလိုက်၏။
"နည်းလမ်းတချို့တော့ ရှိပါတယ်သခင် ပထမနည်းလမ်းကတော့ လာဘ်ထ်ိုးဖို့ပဲ ဒါပေမဲ့ ခုချိန်မှာ စုချန်းဟာ သူလုပ်ဆောင်နေသမျှကို မူလဗျူရိုရဲ့ အမည်နာမအောက်ကပဲ လုပ်ဆောင်နေပြီး သူဖမ်းဆီးထားသမျှ ကျွန်တော်တို့လူတွေကလည်း တကယ် ပြစ်ဒဏ်ကျူးလွန်ထားတာကို တွေ့ရတယ် ဒါ့အပြင် အန်းစီယွမ်ရဲ့ ထောက်ပံ့မှုကိုလည်း စုချန်း ရထားတော့ ဒီလို လာဘ်ထိုးတာ အလုပ်ဖြစ်တော့မယ် မထင််ဘူး ဒုတိယနည်းလမ်းကတော့ ဒီကောင့်ကို တိတ်တဆိတ်ရှင်းပစ်ဖို့ပဲ"
နောက်တယောက်က ဝင်ပြောလိုက်ပြန်သည်။
"ဒါပေမဲ့ စုချန်းဟာ အပြင်သွားတိုင်း သူ့ကိုယ်ရံတော်တွေ ပါမှ သွားတယ် အနည်းဆုံး သူ့ဘေးမှာ ကိုယ်ရံတော်တစ်ရာလောက် ဝန်းရံနေလေ့ရှိတယ် ဒါ့အပြင် သူဟာ ကြည်လင်မြစ်မြို့တော်ရဲ့ အပြင်ဘက်ကိုလည်း တခါမှ သွားတာမရှိဘူး ဒါကြောင့် သူ့ကို တိတ်တဆိတ်ရှင်းပစ်ဖို့ဆိုတာ ဘယ်လိုမှ မဖြစ်နိုင်ဘူး တခုတော့ရှိတာပေါ့"
ထိုလူက စကားမဆက်ပဲ ရပ်တန့်ထားလိုက်၏။ သို့သော် သူ ပြောမည့်စကားကို လူတိုင်း သိထားလေသည်။ သူ ပြောမည့်စကားမှာ "သခင်ကြီးဝမ်ကျန်းယုသာ ဝင်ပါခဲ့ရင်" ဟု ဖြစ်ပေလိမ့်မည်။
ဝမ်ပိုင်ယွမ် ခေါင်းခါလိုက်၏။ မည်သို့မည်ပုံ ဆွေးနွေးစေကာမူ မြားဦးသည် သူ့အဖေဖက်သို့သာ လှည့်လာသည် မဟုတ်ပါလား။ ထိုအခါ သူက ပြောလိုက်၏။
"အန်းစီယွမ် ရှိနေသ၍ ဒါ မဖြစ်နိုင်ဘူး"
အရာရှိတဦးက ပြောလိုက်ပြန်၏။
"သခင်ကြီးဝမ်ကျန်းယုအနေနဲ့ ပေါ်တင် လှုပ်ရှားလို့တော့မရဘူး ဒါပေမဲ့ တိတ်တဆိတ် လှုပ်ရှားရင်ကော..."
ဝမ်ပိုင်ယွမ် ကြက်သေသေသွား၏။
"မင်းတို့က ကျုပ်အဖေကို ခပ်နိမ့်နိမ့် လူသတ်သမားတယောက်လို ခိုးကြောင်ခိုးဝှက် လှုပ်ရှားစေချင်နေကြတာလား ဒါ ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ"
ထို့နောက် သူက ခုံကို လက်သီးနှင့် ထုလိုက်၏။
တကယ်တော့ စုချန်းအား အန်းစီယွမ်က ကာကွယ်ပေးထားသည့်တိုင် အမြဲတမ်းတော့ စောင့်ကြည့်နေနိုင်မည်မဟုတ်။ ထို့ကြောင့် ဝမ်ကျန်းယုအနေနှင့် မိမိ၏ မာနကို နှိမ့်ချပြီး စုချန်းကို တိတ်တဆိတ် လုပ်ကြံပါက ဖြစ်နိုင်ဖွယ်ရာ ရှိပေသည်။
သို့သော် ဤလုပ်ရပ်မှာ များစွာ ရှက်စရာကောင်းနေ၏။
အလင်းတုန်ခါခြင်းနယ်ပယ်ပညာရှင်တယောက်အနေနှင့် ယန်ဖွင့်လှစ်ခြင်းနယ်ပယ်ပညာရှင်တယောက်ကို ဤနည်းနှင့် လုပ်ကြံစရာ လိုသလော။
ဝမ်ကျန်းယုကိုသာ ဤအကြံ ပြောပြလိုက်ပါက သူ ထိုးကြိတ်ခံရတော့မည်မှန်း ဝမ်ပိုင်ယွမ် ကောင်းစွာ နားလည်ထားလေသည်။
"မဖြစ်နိုင်ဘူး ဒီလိုလုပ်လို့မရဘူး"
ဝမ်ပိုင်ယွမ် ခါးခါးသီးသီးပင် ငြင်းဆိုလိုက်၏။
အရာရှိ သက်ပြင်းချလိုက်သည်။ သူ့အနေနှင့် အကြံသာ ပေးလိုက်ရသည်။ ဝမ်ပိုင်ယွမ် ငြင်းမည်မှန်း ကြိုတင်သိရှိထားပြီးသားပင်။ တော်ဝင်မျိုးနွယ်စုများအနေနှင့် ၎င်းတို့၏ ဂုဏ်သိက္ခာကို များစွာ အလေးထားသည် မဟုတ်ပါလား။ ပထမအကြိမ် တိုက်ခိုက်ကတည်းက ဝမ်ကျန်းယုသာ ဆုတ်ခွာမသွားခဲ့ရင် စုချန်းအနေနှင့် လွတ်မြောက်နိုင်စရာ အကြောင်းမရှိ။
ယခုလည်း ဝမ်ကျန်းယုအနေနှင့် တိတ်တဆိတ် လုပ်ကြံမည့်နည်းလမ်းကို ငြင်းပယ်လိုက်ပါက စုချန်းအဖို့ အခွင့်အရေးနောက်တကြိမ် ရရှိသွားသည်နှင့် အတူတူသာ။
ဤအတိုင်းသာ ဆက်သွားနေပါက သိပ်မကြာလှသော ကာလတွင် စုချန်းအား လုပ်ကြံသတ်ဖြတ်ရန် ဖြစ်နိုင်တော့မည် မဟုတ်ပေ။
တကယ်တော့ စုချန်း၏ အဓိကပစ်မှတ်မှာ ဝမ်မျိုးနွယ်စု မဟုတ်သလို လက်ရှိအချိန်ထိ ဝမ်မျိုးနွယ်စုများတွင် ထူးထူးခြားခြား ထိခိုက်နစ်နာသည်များ မရှိသေးပေ။ ထို့ကြောင့်လည်း အရာရှိ၏ အကြံပြုချက်ကို ဝမ်ပိုင်ယွမ်အနေနှင့် ငြင်းပယ်နိုင်ခြင်းပင်။
သို့သော် ချန်းမျိုးနွယ်စုနှင့် ဝေမျိုးနွယ်စုများ ပြိုလဲသွားသည့် အချိန်သာ ရောက်လာပါက...
အရာရှိ ရှေ့ဆက်မတွေးရဲတော့။
_________×××__________×××_________
အခြေအနေမှာ မျှော်လင့်ထားသည်ထက်ပင် မြန်မြန်ဆန်ဆန် ဆိုးဝါးလာခဲ့၏။
စုချန်း ပြန်ရောက်ပြီး ခုနှစ်ရက်မြောက်နေ့မှာပင် ကြည်လင်မြစ်မြို့တော်တွင် နောက်ထပ် ကိစ္စတခု ဖြစ်ပေါ်လာခဲ့၏။
၎င်းမှာ တစ္ဆေကျားအဖွဲ့က ဟာလာဟင်းလင်းလမ်းပေါ်တွင် အစုလိုက်အပြုံလိုက် သတ်ဖြတ်ခဲ့ခြင်းပင် ဖြစ်သည်။
တကယ်တော့ တစ္ဆေကျားအဖွဲ့ဟူသည် စုချန်း သူတို့ခေါင်းဆောင်က်ို သတ်ပစ်လိုက်ကတည်းက ပျောက်ကွယ်သွားသင့်သော အဖွဲ့တဖွဲ့ ဖြစ်သည်။
ထိုအဖွဲ့ လက်ရှိအချိန်ထိ တည်ရှိနေရခြင်း၏ တခုတည်းသော အကြောင်းပြချက်မှာ ကြည်လင်ခြင်းအဖွဲ့အပြင် တစ္ဆေကျားအဖွဲ့ကိုပါ ထိန်းချုပ်ထားနိုင်လျင် သိပ်မဆိုးလှဟု စုချန်းက ယူဆထားခြင်းကြောင့်သာ ဖြစ်သည်။
ထိုအခါ စုချန်း၏ အကူအညီနှင့် တစ္ဆေကျားအဖွဲ့သည် ယခင်ထက် ပို၍ပင် တိုးတက်လာသေး၏။
ကြည်လင်ခြင်းအဖွဲ့က လင်းယုန်နီအဖွဲ့အား တိုက်ခိုက်ဖျက်ဆီးခဲ့ပြီးနောက် ချန်းမျိုးနွယ်စု၏ စီးပွားရေးလုပ်ငန်းများနှင့် ပတ်သက်၍ တော်ဝင်မျိုးနွယ်စုများအကြားတွင် အငြင်းပွားမှုများ ဖြစ်ပေါ်လာခဲ့၏။ သို့သော် အချင်းချင်း အားနာမှုကြောင့် အဆိုပါ အငြင်းပွားမှုများမှာ ထင်သလောက် ပြင်းထန်လာခဲ့ခြင်းမရှိသေး။ ထို့ကြောင့် စုချန်းက ဟာလာဟင်းလမ်းလမ်းအား သိမ်းပိုက်ရန် လိုအပ်လာခဲ့ခြင်း ဖြစ်သည်။ ဤနေရာတွင် သူ့အနေနှင့် ကြည်လင်ခြင်းအဖွဲ့အား အသုံးပြုလိုခြင်း မရှိ။ ထိုအနေအထားတွင် တစ္ဆေကျားအဖွဲ့က ဝင်ပါလာရခြင်းပင်။
တစ္ဆေကျားအဖွဲ့သည် ရောက်ရောက်ချင်းဆောက်နှင့်ထွင်းဆိုသလိုပင် ဟာလာဟင်းလင်းလမ်းပေါ်ရှိ ဒုစရိုက်အဖွဲ့များအားလုံးကို ဝင်ရောက်စီးနင်းပြီး ၎င်းတို့၏ ပိုင်နက်နယ်မြေများအားလုံးကို သိမ်းပိုက်ပစ်လိုက်၏။ တကယ်တော့ ဟာလာဟင်းလင်းလမ်းဟူသည် ဝေမျိုးနွယ်စုအပိုင် ဖြစ်သည်။ အကျိုးဆက်မှာကား တစ္ဆေကျားအဖွဲ့၏ လုပ်ရပ်ကြောင့် ဝေမျိုးနွယ်စုများ၏ ဟာလာဟင်းလင်းလမ်းပေါ်ရှိ စီးပွားရေးလုပ်ငန်းများအားလုံးကို လက်လွှတ်လိုက်ရခြင်းပင်။
မည်သို့ဆိုစေ တစ္ဆေကျားအဖွဲ့၏ လုပ်ရပ်သည် တော်ဝင်မျိုးနွယ်စုများအကြား အချင်းချင်း အားနာနေမှုကို ဖယ်ရှားစေပြီး ၎င်းတို့၏ ဟန်ဆောင်မျက်နှာဖုံးများကို ခွာချပေးလိုက်သလို ဖြစ်သွား၏။
ထိုနေ့ထိုအချိန်မှစ၍ ဝေမျိုးနွယ်စုများ၏ သြဇာအာဏာသည် ပို၍ပို၍ ကျဆင်းလာ၏။ ၎င်းတို့၏ ပိုင်နက်နယ်မြေများမှာလည်း သူတပါးလာက်အောက်သို့ ကျရောက်ကုန်တော့သည်။
ဝေစုန်းလင်အနေနှင့် မူလကတည်းက စီးပွားရေးလုပ်ငန်းတချို့အား စွန့်လွှတ်ရန် အကြံရှိထားပြီးသားပင်။ ယခုတော့ သူထင်ထားသည်ထက် ပို၍ စွန့်လွှတ်ရန် လိုအပ်ကြောင်း တွေ့မြင်လာ၏။
တော်ဝင်မျိုးနွယ်စုများအနက် ဝေမျိုးနွယ်စုနှင့် ချန်းမျိုးနွယ်စုသည် ပထမဆုံးအကြိမ်အနေနှင့် ဘက်ပေါင်းစုံမှ တိုက်ခိုက်ခံလာရသော မျိုးနွယ်စုနှစ်စု ဖြစ်လာ၏။ ထိုအနေအထားတွင် ဝေစုန်းလင်သည် မဟာမိတ်အဖွဲ့အချင်းချင်း ရန်မဖြစ်သင့်ကြောင်း၊ စုချန်းသည် ဤအနေအထားအား အမြတ်ထုတ်ရန် စောင့်ဆိုင်းနေကြောင်း အတတ်နိုင်ဆုံး ဖြောင်းဖျသော်ငြား မဟာမိတ်အဖွဲ့များကား လောဘတက်နေခဲ့လေပြီ။ ထိုအခါ ဝေစုန်းလင်၏ ဖြောင်းဖျမှုများသည်လည်း အဟောသိကံသာ ဖြစ်သွားခဲ့ရ၏။
ဤနည်းအားဖြင့် တော်ဝင်မျိုးနွယ်စုများအကြား နယ်မြေလုပွဲများမှာ အတောမသတ်နိုင်အောင် ဆက်လက်ဖြစ်ပေါ်နေတော့၏။
ထိုအနေအထားတွင် တော်ဝင်မျိုးနွယ်စုများအနေနှင့် စုချန်းနှင့် အန်းစီယွမ်အပေါ် အထူးတလည် အာရုံမထားနိုင်တော့။ အမြတ်အစွန်းက ရန်သူထက် ပို၍ အရေးကြီးနေပြီ မဟုတ်ပါလား။
ပြင်ပလောကကြီးတခုလုံး ဖရိုဖရဲ ဖြစ်လာသောအခါ လူအများသည် ပို၍ လောဘကြီးလာတတ်၏။ ဤသည်မှာ လူ့သဘာဝပင် ဖြစ်လေသည်။
တဖက်တွင်လည်း တော်ဝင်မျိုးနွယ်စုများ၏ အမြင်က အရေးပါနေ၏။ သူတို့၏ အမြင်တွင် စုချန်းသည် ချန်းယွမ့်ဟုန်ကို သတ်လိုက်နိုင်သည့်တိုင် သူတို့ မျိုးနွယ်စုများအားလုံးအတွက်တော့ ခြိမ်းခြောက်မှု မဟုတ်သေး။ သူတို့မျိုးနွယ်စုများသည် ခြိမ်းခြောက်လာသမျှ ရန်သူများစွာအား အနိုင်ယူခဲ့ပြီး တည်တံ့လာခဲ့သည်မှာ နှစ်ပေါင်းများစွာ ကြာခဲ့ပြီ မဟုတ်ပါလား။ ထို့ကြောင့် စုချန်းသည် မည်မျှပင် ထူးချွန်သည်ဆိုစေကာမူ သူတို့အားလုံးအား ပြိုကွဲပျက်စီးစေနိုင်လောက်သည့် စွမ်းရည်တော့မရှိဟု သူတို့အားလုံး တသမတည်း ယူဆထားကြလေသည်။
ထိုအခါ တော်ဝင်မျိုးနွယ်စုများသည် ချန်းမျိုးနွယ်စုနှင့် ဝေမျိုးနွယ်စုများ၏ စီးပွားရေးလုပ်ငန်းများကို သူ့ထက်ငါ သိမ်းပိုက်ရေးကိုသာ အလေးထားနေကြ၏။ သူတို့ မသိမ်းလျင် ကြည်လင်ခြင်းအဖွဲ့နှင့် တစ္ဆေကျားအဖွဲ့ကဲ့သို့ တခြားမျိုးနွယ်စု လက်အောက်ခံ ဒုစရိုက်အဖွဲ့များမှ သိမ်းပိုက်သွားမည် မဟုတ်ပါလား။
တကယ်တော့ ၎င်းမှာ အံ့သြစရာ မဟုတ်။ တိုင်းနိုင်ငံတခု ပြိုကွဲချိန်တွင် မရေမတွက်နိုင်သော မျိုးနွယ်စုများသည် ၎င်းတို့၏ အကျိုးထက် ဘယ်အရာကိုမှ အရေးမထားကြောင်း သမိုင်းက အကြိမ်ကြိမ် သက်သေပြပြီးခဲ့လေပြီ။
တကယ်တော့ တော်ဝင်မျိုးနွယ်စုများသည် စုချန်းကို အထင်သေးခဲ့ကြ၏။ လျော့တွက်ခဲ့ကြ၏။ ၎င်းတို့သည် စုချန်း၏ စိတ်ကူးစိတ်သန်းများကို နားလည်နိုင်စွမ်းမရှိခဲ့သလို စုချန်း၏ ခြိမ်းခြောက်မှုကိုလည်း သတိမမူခဲ့ကြပေ။ ထိုအစား ၎င်းတို့သည် "ငါ ဝင်မပါလျင် သူများ ယူသွားတော့မည်" ဟူသော အတွေးကို အခြေပြုကာ လောဘဇောသာ တိုက်နေခဲ့ကြ၏။ တနည်းအားဖြင့် ၎င်းတို့အားလုံးသည် ယေဘုယျအခြေအနေကို မျက်ကွယ်ပြုထားခဲ့ကြလေသည်။
တဖက်တွင်လည်း ကြည်လင်ခြင်းအဖွဲ့နှင့် တစ္ဆေကျားအဖွဲ့က တော်ဝင်မျိုးနွယ်စုများ၏ လောဘအား မီးရှို့ပေးနေခဲ့သည် မဟုတ်ပါလား။
ဤသို့နှင့် တော်ဝင်မျိုးနွယ်စုများအကြား မဟာမိတ်နှောင်စည်းမှုသည် တစထက်တစ လျော့ရဲပျက်စီးလာတော့သည်။
အဖွဲ့အစည်းတခုသည် စည်းလုံးမှုမရှိတော့သောအခါ တချက်တည်းနှင့် ပြိုကျသွားတတ်သည်ကိုကား တော်ဝင်မျိုးနွယ်စုများ သတိမေ့နေခဲ့ကြလေသည်။