တန်ပြန်တိုက်စစ် ၇
Vol. 49 Ch. 488
ဟေးမျိုးနွယ်စုတွင် ဖြစ်သည်။
ဟေးမျိုးနွယ်စုဟူသည် တော်ဝင်မျိုးနွယ်စုများအနက် အင်အားအနည်းဆုံး မျိုးနွယ်စုတစု ဖြစ်၏။ ၎င်းတို့တွင် အလင်းတုန်ခါခြင်းနယ်ပယ်ဟူ၍ တယောက်မျှပင် မရှိသလို ၎င်းတို့အနက် အဆင့်အမြင့်ဆုံးလူမှာလည်း ယန်ဖွင့်လှစ်ခြင်းနယ်ပယ် ထိပ်ဆုံးအလွှာတွင်သာ ရှိနေသေး၏။ ထိုပုဂ္ဂိုလ်သည် အလင်းတုန်ခါခြင်းနယ်ပယ်သို့ ဝင်ရောက်ရန် ခြေတလှမ်းမျှသာ လိုတော့သော်လည်း ထိုနယ်ပယ်သို့ ဝင်ရောက်ရန်မှာ လွယ်သောကိစ္စမဟုတ်။ ထို့ကြောင့် ဟေးမျိုးနွယ်အကြီးအကဲသည် အလင်းတုန်ခါခြင်းနယ်ပယ်သို့ ဝင်ရောက်နိုင်ရန် အခါအခွင့်သင့်မည့်အချိန်ကို စောင့်မျှော်လျက်ရှိသည်။
သို့သော် ဟေးမျိုးနွယ်အကြီးအကဲသည် တော်ဝင်မျိုးနွယ်စုများထဲတွင် ရှားရှားပါးပါး ညဏ်ထက်သူတဦး ဖြစ်သည်။ စုချန်းအား ရင်ဆိုင်ရန် အကြံသုံးမျိုးကို ပေးခဲ့သူမှာလည်း ဟေးမျိုးနွယ်အကြီးအကဲပင် ဖြစ်သည်။ ထိုအကြံသုံးမျိုးအနက် ပထမအကြံနှစ်မျိုးမှာ မအောင်မြင်ခဲ့သော်လည်း စုချန်းနှင့် လုချိန်ကွမ်းအကြား သပ်လျှိုသွေးခွဲရန်အကြံမှာ အောင်မြင်ခဲ့သည်ဟု ဆိုနိုင်၏။ ထိုအတွက်ကြောင့် စုချန်းကိုယ်တိုင်လည်း အတော်ပင် အကြပ်ရိုက်ခဲ့ရလေသည်။
တော်ဝင်မျိုးနွယ်စုများအကြား ကသောင်းကနင်းဖြစ်ရပ်များ ဖြစ်ပေါ်နေချိန်ဝယ် မျိုးနွယ်စုအတော်များများသည် ချန်းမျိုးနွယ်နှင့် ဝေမျိုးနွယ်တို့၏ ပိုင်ဆိုင်မှုများကို လုယူရာတွင် ပါဝင်ခဲ့ကြ၏။ ထိုအထဲတွင် ဟေးမျိုးနွယ်စုလည်း ပါဝင်ခဲ့လေသည်။
ဖြစ်ပုံမှာ ဤသို့ ဖြစ်သည်။
ကျန်တော်ဝင်မျိုးနွယ်စုများသည် တဦးနှင့်တဦး အပြိုင်အဆိုင်ပင် ချန်းနှင့်ဝေမျိုးနွယ်စုများ၏ ပိုင်နက်နယ်မြေများကို လုယူနေခဲ့ကြ၏။ ထိုအခါ ဟေးမျိုးနွယ်စုမှ အငယ်တန်းနှင့် အလယ်အလတ်အဆင့် ခေါင်းဆောင်များမှာ ထိုင်ကြည့်မနေနိုင်တော့။ ပြိုင်ပွဲတွင် ပါဝင်လာကြ၏။ ဟေးမျိုးနွယ်စု၏ ခေါင်းဆောင်ကြီး ဟေးဝုချိန်းကား ညဏ်ရှိသူ ဖြစ်လေရာ ပြိုင်ပွဲတွင် မပါဝင်ရန် သူ့လူများအား ဒေါသတကြီးနှင့် တားဆီးသေး၏။ သို့သော် တရွာလုံးနှင့်တယောက်ဆိုသကဲ့သို့ ဖြစ်နေသော အခြေအနေကြောင့် ဟေးဝုချိန်းအနေနှင့် လူတိုင်းကို တားဆီးရန် မတတ်နိုင်ခဲ့။ ဤနည်းအားဖြင့် ဟေးမျိုးနွယ်စုသည်လည်း နယ်မြေလုပွဲတွင် ပါဝင်လာခြင်းပင် ဖြစ်သည်။
ဟေးဝုချိန်း၏ အဖြစ်မှာကား သံဃာအား ဘုရားမလွန်သာဟူသော စကားပုံနှင့် တူလှသည်။ ညဏ်ရှိသည့်တိုင် ညဏ်နည်းသူများ၏ အလယ်တွင် ထီးထီးရပ်နေသလို ဖြစ်နေသည့်အတွက် သူသည် မဆီမဆိုင် လူအများ၏ ဝိုင်းဝန်းပြစ်တင်မှုကိုပင် ခံလာရတော့၏။
ဤသို့နှင့် ဟေးဝုချိန်း၏ တားမြစ်မှုမှာ သဲထဲရေသွန်သည့်ပမာသာ ဖြစ်သွားခဲ့ရ၏။ မျိုးနွယ်စုဝင်များကလည်း တဖြည်းဖြည်း စိတ်ပျက်ကုန်ကြရာ နောက်ဆုံးတွင် ဟေးဝုချိန်းမှာ ရေငံနှုတ်ပိတ်၍သာ နေလိုက်ရတော့၏။
နောက်ဆုံးတွင်တော့ ချန်းနှင့် ဝေမျိုးနွယ်စုများ၏ ပိုင်နက်နယ်မြေများမှာ အစိတ်စိတ်အမွှာမွှာ ကွဲထွက်ကုန်ကာ တခြားမျိုးနွယ်စုများ၏ လက်ထဲသို့ ရောက်ကုန်၏။ ဟေးမျိုးနွယ်စုမှာကား နောက်ပိုင်းမှ ပြိုင်ပွဲတွင် ပါဝင်လာသည်ဖြစ်လေရာ နယ်မြေအနည်းစုကိုသာ ရရှိလိုက်လေသည်။ ထိုအတွက် ဟေးမျိုးနွယ် ငယ်သားပိုင်းဆီမှ မကျေမနပ်ဖြစ်သော စကားသံတချို့ ထွက်ပေါ်လာ၏။
သို့သော် သူတို့၏ မကျေနပ်မှုများမှာကား သိပ်ကြာကြာမခံခဲ့ချေ။
ညကော ရောက်လာခဲ့ချေပြီ။
ကောင်းကင်ဆီမှ မိုးသီးမိုးပေါက်များ တဖွဲဖွဲ ကျဆင်းနေ၏။
မိုးရွာနေပုံမှာ ကောင်းကင်ဘုံရှိ မြစ်ကြီး ရေလျှံသည်နှင့်ပင် တူနေသေး၏။ ထိုအခါ ကြည်လင်မြစ်မြို့တော်တခုလုံး မိုးရေများနှင့် ဖုံးလွှမ်းသွားတော့မည်ဟု ထင်ရလေသည်။
ဤရာသီဥတုမျိုးတွင် မည်သူတဦးတယောက်မှ အပြင်သို့ထွက်လိမ့်မည်မဟုတ်။ ယုတ်စွအဆုံး ချီစွမ်းအားပညာရှင်များပင် အပြင်သို့ မထွက်ချေ။
ခရုပတ်လမ်းထိပ်တွင် ဖြစ်သည်။
အနက်ရောင်ဝတ်ရုံနှင့် အနီရောင်ခေါင်းပေါင်းများ ဝတ်ဆင်ထားပြီး သံမဏိဓားများ ကိုင်ဆောင်ထားသော လူတစုသည် တဖွဲဖွဲကျဆင်းနေသော မိုးရေများအောက်တွင် မတ်တပ်ရပ်နေ၏။ သဲသဲမဲမဲ ရွာသွန်းနေသော မိုးရေများကြောင့် တကိုယ်လုံး ရွှဲရွှဲစိုလျက်ရှိကြသော်လည်း ထိုလူစုသည် လမ်းအဆုံးရှိ ဧရာမအိမ်ကြီးတလုံး၏ တံခါးပေါက်ကို စိုက်ကြည့်ကာ ကျောက်ရုပ်များပမာ မလှုပ်မရှားပဲ မတ်တပ်ရပ်နေကြ၏။
ထိုအိမ်ကြီးမှာကား ဟေးမျိုးနွယ်စု အိမ်တော်ပေတည်း။
ကျန်းစီချွေ့သည် အနှီ လူအုပ်စု၏ ရှေ့တွင် မတ်တပ်ရပ်နေ၏။ မိုးရေများ သူ့ကိုယ်ပေါ်သို့ တဖွဲဖွဲ ကျဆင်းနေသည့်တိုင် အနည်းငယ်မှ စိုစွတ်ဟန်မရှိ။
ကောင်းကင်ကို မော့ကြည့်ပြီး ကျန်းစီချွေ့၏ မျက်နှာတွင် ကျေနပ်နှစ်သိမ့်ဟန် ပေါ်လာ၏။
"မိုးက အတော်ကို သဲနေတာပဲ ဒီအတိုင်းဆိုရင် ကောင်းကင်ဘုံကတောင် ဒီလူတွေကို ပျက်စီးစေချင်တဲ့ သဘောမှာ ရှိတယ်"
သူ့နောက်တွင် အသင့်နေရာယူထားသော ဝန်ဝေစင်းက ရယ်မောရင်း ပြောလိုက်သည်။
"မင်းသားလေးကျန်းရဲ့စကားက သိပ်ကိုမှန်တာပဲဗျာ ကောင်းကင်ဘုံက ဒီလူတွေကို ပျက်စီးစေချင်နေတယ် ကျုပ်တို့က ကောင်းကင်ဘုံရဲ့ ဆန္ဒကို အကောင်အထည်ဖော်ပေးရုံသက်သက်ပဲ"
ဝန်ဝေစင်း၏ ဘေးနားတွင်တော့ မုတ်ဆိတ်မွေးထူလပြစ်နှင့် လူတယောက် ရှိနေ၏။ ထိုလူမှာ တစ္ဆေကျားအဖွဲ့၏ ခေါင်းဆောင် ကောက်လုံပင် ဖြစ်လေသည်။
"ကောင်းကင်ဘုံရဲ့ ဆန္ဒ"
ကျန်းစီချွေ့ ရယ်မောလိုက်သည်။
"သိပ်မှန်တယ် ကောင်းကင်ဘုံရဲ့ ဆန္ဒပဲ ဒီတော့ မင်းတို့ အခုသွားပြီး ကောင်းကင်ဘုံရဲ့ ဆန္ဒကို အကောင်အထည် ဖော်ကြပေတော့"
"ဟုတ်"
လူအုပ်ကြီးထံမှ ပြိုင်တူ အော်ဟစ်သံ ထွက်ပေါ်လာ၏။ ထို့နောက် ၎င်းတို့သည် ဟေးအိမ်တော်ရှိရာသို့ တဟုန်ထိုး ပြေးဝင်သွားကြလေသည်။
မိုးသည်းထန်စွာ ရွာသွန်းနေသောကြောင့် ဟေးအိမ်တော်၏ ဂိတ်တံခါးဝယ် အစောင့်ဟူ၍ တယောက်မှမရှိ။ ထို့ကြောင့် ကြည်လင်ခြင်းအဖွဲ့နှင့် တစ္ဆေကျားအဖွဲ့ဝင်များသည် အိမ်တော်ဝင်းအတွင်းသို့ အခက်အခဲမရှိပဲ ဝင်ရောက်နိုင်ခဲ့လေသည်။
အိမ်တော်ဝင်းအတွင်း ရောက်သည်နှင့် တစုံတယောက်က သူတို့အား သတိထားမိသွားဟန်တူ၏။ ထိုလူက ကျယ်လောင်စွာ အော်ဟစ်လိုက်သည်။
"ဟေ့ ဘယ်သူလဲကွ"
မေးခွန်းအတွက် မည်သည့်တုံ့ပြန်မှုမှ ပေါ်ပေါကလာခြင်းမရှိပဲ မူလစွမ်းအင်လှိုင်းတခုကသာ သူ့တကိုယ်လုံးအား ဝါးမြိုသွားလေသည်။
အလစ်ဝင်ရောက်တိုက်ခိုက်လာသူများသည် သွေးအိုင်ထဲတွင် လဲကျနေသော သူ့ကို ချန်ရစ်ကာ ရှေ့သို့ ဆက်လက်ချီတက်သွား၏။
သို့သော် သူ့အော်သံက ကျန်လူများအား လှန့်နိုးလိုက်သကဲ့သို့ ဖြစ်သွားခဲ့လေပြီ။
"ရန်သူ ရန်သူတွေ အလစ်ဝင်တိုက်နေတယ်"
သွေးရူးသွေးတန်း အော်သံများ ထွက်ပေါ်လာ၏။
မိုးခြိမ်းသံများကြောင့် အော်သံမှာ အဝေးသို့ မရောက်။ သို့တိုင်အောင် အိမ်တော်အစောင့်အတော်များများမှာ လန့်နိုးကုန်ပြီး ၎င်းတို့၏ အခန်းတွင်းမှ အပြင်သို့ ပြေးထွက်လာကြကုန်၏။ သူတို့ ရင်ဆိုင်တွေ့လိုက်ရသည်မှာကား တလဲ့လဲ့ထနေသော ဓား၏ အလင်းရောင်များပင် ဖြစ်လေသည်။
လူရိပ်များ ခေါင်မိုးတခုပေါ်မှ တခုသို့ ခုန်ကူးကာ သွက်လက်မြန်ဆန်စွာ လှုပ်ရှားနေကြ၏။ အစောင့်များ အခန်းထဲမှ ထွက်လာတိုင်း ထိုလူရိပ်များက ကြားဝင်ဟန့်တားကာ ဖမ်းဆီးလိုက်ကြလေသည်။ တချို့အစောင့်များမှာကား အသတ်ခံလိုက်ရ၏။
"ဟေ့ အမျိုးသမီးတွေ ကလေးသူငယ်တွေနဲ့ သက်ကြီးရွယ်အိုတွေကို မသတ်နဲ့"
အမျိုးသမီးငယ်တဦး၏ ခေါင်းအား ဓားနှင့် ခုတ်ဖြတ်ရန် ဟန်ပြင်နေသော တစ္ဆေကျားအဖွဲ့ဝင်တဦးအား ဝန်ဝေစင်းက အချိန်မီ ဟန့်တားလိုက်သည်။
ထိုအဖွဲ့သားမှာ ဝန်ဝေစင်း၏ အမိန့်ကြောင့် ဓားကို မကျေမနပ်နှင့် ရုတ်သိမ်းလိုက်ရ၏။
ထိုအချိန်မှာပင် ထူးခြားသော ခံစားချက်တရပ်ကို ဝန်ဝေစင်း ခံစားလိုက်ရသည်။ သူက နောက်လှည့်ရင်း ကပျာကသီ အော်ဟစ်လိုက်၏။
"ဟေ့ကောင်တွေ သတိထား"
ဝန်ဝေစင်း၏ သတိပေးသံပင် မဆုံးလိုက်။ ဝင်းနံရံသည် အုန်းခနဲ ပေါက်ကွဲသွားပြီး အဖွဲ့သားဆယ်ယောက်ခန့်မှာ လေထဲသို့ လွင့်စင်သွား၏။
မိုးရေထဲတွင် လူတယောက် မတ်တပ်ရပ်နေ၏။ ထိုလူက အော်ဟစ်လိုက်သည်။
"ဟေးမျိုးနွယ်စုကို ဘယ်သူ ရန်ပြုရဲသလဲကွ"
ထိုလူ၏ နာမည်မှာ ဟေးဝုကျူးဟု ခေါ်သည်။ ဟေးဝုကျူးမှာ ဟေးဝုချိန်း၏ အစ်ကိုကြီးဖြစ်ပြီး မျိုးနွယ်စုမှ ထိပ်သီးအဆင့် ယန်ဖွင့်လှစ်ခြင်းနယ်ပယ်ပညာရှင်လည်း ဖြစ်သည်။
၎င်းကို မြင်သည်နှင့် ဝန်ဝေစင်းသည် ရှေ့သို့ ခုန်ထွက်လိုက်၏။ တချိန်တည်းမှာပင် သူ့လက်ထဲရှိ ဓားကို လှုပ်ရှားလိုက်ရာ အားလှိုင်းတခုက မိုးရေများအား ဖြတ်သန်းပြီး ရှေ့သို့ တိုးဝင်သွား၏။
ဟေးဝုကျူးကား ခေသူမဟုတ်။ သူက အင်္ကျီလက်မောင်းအိုးအား လှုပ်ရှားလိုက်ရာ မိုးပြာရောင်လက်သည်းပုံသဏ္ဍာန်တခု ပေါ်ပေါက်လာပြီး ဝန်ဝေစင်း၏ ဓားလှိုင်းအား ဖယ်ထုတ်ကာ ရှေ့သို့ တိုးဝင်လာ၏။ ၎င်းကို ဝန်ဝေစင်း မခံနိုင်။ သူသည် နောက်ဘက်သို့ လွင့်စင်သွားကာ ပါးစပ်မှလည်း သွေးများ ပွက်ခနဲ အန်ထုတ်လိုက်လေသည်။
ပထမတချီတည်းနှင့် ဝန်ဝေစင်းသည် ဟေးဝုကျူး၏ ပြိုင်ဘက်မဟုတ်မှန်း သိသာနေခဲ့လေပြီ။
ဟေးဝုကျူး ရယ်သွမ်းသွေးလိုက်၏။
"ဘာမှအဆင့်မရှိတဲ့ သွေးနှောလို ကောင်မျိုးတွေက ငါတို့လို သန့်စင်တဲ့ သွေးဗီဇပိုင်ရှင်တွေကို ရန်လာစရဲသတဲ့လား သေချင်နေတာနဲ့တူတယ်"
စကားဆုံးသည်နှင့် ဟေးဝုကျူး၏ လက်သည် မြွေတကောင်ကဲ့သို့ တွန့်လိမ်လှုပ်ရှားလာပြီး ဝန်ဝေစင်း၏ လည်မြိုကို ဖမ်းဆွဲလိုက်၏။ အဖွဲ့သား ရှစ်ယောက်ခန့်က ဝန်ဝေစင်းအား ကူညီရန် ကြိုးစားကြသေး၏။ သို့သော် မည်သူမှ ကူညီနိုင်စွမ်းမရှိ။ ဝန်ဝေစင်းကား သေရပေတော့မည်။
သို့သော် ထိုအချိန်မှာပင် ဟေးဝုကျူး၏ လက်ချောင်းများသည် ဝန်ဝေစင်းထံသို့ ရောက်ရမည့်အစား ထူထည်းသိပ်သည်းလှသည့် ရေတံတိုင်းကြီးနှင့်သာ တွေ့ဆုံသွား၏။ ၎င်း၏ တိုက်ခိုက်မှုမှာလည်း ပျက်ပြယ်သွားလေသည်။
ဟေးဝုကျူး ရင်တုန်သွား၏။ သူ့တိုက်ခိုက်မှုကို ပျက်ပြယ်သွားစေနိုင်သည့်သူမှာ သာမာန်လူမဟုတ်မှန်း သူ သဘောပေါက်လိုက်သည် မဟုတ်ပါလား။ ထိုအချိန်မှာပင် မိုးရေစက်များသည် မြားများအဖြစ် ပုံစံပြောင်းကာ သူ့ထံသ်ို့ ပျံ့လွင့်လာပြန်၏။
"ဟာ"
ဟေးဝုကျူး ကျယ်လောင်စွာ အော်ဟစ်လိုက်၏။ သူ့ကိုယ်တွင်းမှလည်း အားကောင်းသော မူလစွမ်းအင်များ ထွက်ပေါ်လာသည်နှင့်တပြိုင်နက် လေထဲတွင် မရေမတွက်နိုင်သော လက်သည်းများ ပေါ်ပေါက်လာကာ ရန်သူ၏ မိုးရေမြားချောင်းများကို ခုခံလိုက်၏။ သို့သော် မိုးမှာ အဆက်မပြတ် ရွာသွန်းနေလေရာ မြားများသည်လည်း အဆက်မပြတ် ပျံ့လွင့်လာနေ၏။ ဟေးဝုကျူးကား ရေတံခွန်အောက်တွင် မတ်တပ်ရပ်နေသူကဲ့သို့ ဖြစ်နေခဲ့ရလေပြီ။
ကြီးမားလှသော ဖိအားကြောင့် ဟေးဝုကျူး၏ ဒူးများပင် ကွေးညွတ်လာ၏။ လက်လျော့လိုက်သည်နှင့် သူ အသက်ပျောက်သွားမည်မှန်း ဟေးဝုကျူး ကောင်းစွာ သဘောပေါက်ထားလေသည်။
"ဘယ်သူလဲကွ"
ဟေးဝုကျူး ကျယ်လောင်စွာ အော်ဟစ်မေးမြန်းလိုက်သည်။
မိုးစက်များအောက်မှ ကျန်းစီချွေ့၏ ပုံရိပ် ထွက်ပေါ်လာ၏။
သူ့နောက်ကျောတွင်ကား လျူယွဲ့၏ ပုံရိပ်ယောင်သည် လေထဲတွင် ဟိုမှသည်မှ ပျံသန်းနေပြီး မိုးများမှာ သူ့ကြောင့်ပင် ရွာသွန်းနေသယောင် ထင်မှတ်ရ၏။
ထိုမြင်ကွင်းကြောင့် ဟေးဝုကျူး မျက်လုံးပြူးသွား၏။
"လျူ...လျူယွဲ့...ကျန်းမျိုးနွယ်"
ကျန်းစီချွေ့က ပြုံးစစနှင့် ပြောလိုက်သည်။
"ကျုပ်နာမည် ကျန်းစီချွေ့လို့ ခေါ်တယ် ကျုပ်ဟာ ယန်ဖွင့်လှစ်ခြင်းနယ်ပယ် ထိပ်ဆုံးအလွှာထဲ ရောက်နေတဲ့လူနဲ့ တခါမှ မတိုက်ခိုက်ဖူးဘူး အလင်းတုန်ခါခြင်းနယ်ပယ်ပညာရှင်ကိုလဲ အနိုင်မယူဖူးဘူး ဒါပေမဲ့ ခင်ဗျားကိုတော့ ယှဥ်နိုင်မယ်လို့ ယူဆတယ်"
ထို့နောက် သူက ဝန်ဝေစင်းအား အမိန့်ပေးလိုက်၏။
"မင်းတို့ တခြားလူတွေကို သွားပြီး အကူအညီပေးလိုက် ဒီလူကိုတော့ ကျုပ် တာဝန်ယူလိုက်မယ်"
ဝန်ဝေစင်း ထိုနေရာမှ လှည့်ထွက်သွား၏။
မိုးရေထဲတွင် ပြင်းပြင်းထန်ထန် တိုက်ခိုက်နေကြသော လူများကို ကြည့်ပြီး ဟေးဝုကျူး တစုံတရာကို နားလည်သဘောပေါက်လာ၏။
ဟေးမျိုးနွယ်စုကား ပြိုကွဲပျက်စီးသွားလေပြီ။
သို့သော် ဤမတိုင်ခင်တော့ သူ့အနေနှင့် ဟေးမျိုးနွယ်စု၏ ဂုဏ်ကို တတ်နိုင်သလောက် ဆောင်ရပေလိမ့်မည်။
ကျန်းစီချွေ့အား စိုက်ကြည့်ပြီး ဟေးဝုကျုး ကျယ်လောင်စွာ အော်ဟစ်လိုက်၏။ သူ့တကိုယ်လုံးမှလည်း တောက်ပသော အလင်းရောင်များ ထွက်ပေါ်လာလေသည်။