တန်ပြန်တိုက်စစ် ၈
Vol. 49 Ch. 489
ဟေးမျိုးနွယ်စုကား အမှန်တကယ်ပင် ပျက်စီးပြိုကွဲသွားခဲ့၏။
မျိုးနွယ်စုအကြီးအကဲ ဟေးဝုချိန်းတယောက် တိုက်ပွဲတွင် သေဆုံးသွားခဲ့ရုံသာမက ကျန်အကြီးအကဲများ ဖြစ်ကြသည့် ဟေးဝုကျူး၊ ဟေးဝုရှန်းနှင့် ဟေးဝုစင်းအပါအဝင် မျိုးနွယ်စု ထိပ်ပိုင်းခေါင်းဆောင်အများအပြားမှာ ချေမှုန်းခံလိုက်ကြရ၏။
ထိုသတင်းသည် ကြည်လင်မြစ်မြို့တော်၏ လမ်းများပေါ်သို့ မုန်တိုင်းကျသည့်နှယ် ပျံ့နှံ့သွားပြီး လူတိုင်း ထိတ်လန့်ကုန်ကြ၏။
ကျူးကျော်သူများမှာ ထုံစံအတိုင်း ကြည်လင်ခြင်းအဖွဲ့နှင့် တစ္ဆေကျားအဖွဲ့ပင် ဖြစ်နေ၏။ ဤတကြိမ်တွင်တော့ ထိုနှစ်ဖွဲ့သည် သီးခြားတိုက်ခိုက်ခြင်းမဟုတ်ပဲ မဟာမိတ်ဖွဲ့ကာ ဟေးမျိုးနွယ်စုအား ဝင်တိုက်ကြခြင်း ဖြစ်သည်။
သို့သော် လူတိုင်း နားမလည်နိုင်သည်မှာ အဘယ်ကြောင့် ဟေးမျိုးနွယ် ဖြစ်နေရသနည်း။
လက်ရှိတွင် အရှက်ရစရာကောင်းလှအောင် ဘက်ပေါင်းစုံမှ တိုက်ခိုက်ခံနေရသည်မှာ ချန်းမျိုးနွယ်စုနှင့် ဝေမျိုးနွယ်စုများသာ ဖြစ်သည်။ ဤအနေအထားတွင်မှ အဘယ်ကြောင့် ဟေးမျိုးနွယ်ဘက်သို့ ကံကြမ္မာဆိုးက မြားဦးလှည့်သွားရလေသနည်း။
ကြည်လင်ခြင်းအဖွဲ့နှင့် တစ္ဆေကျားအဖွဲ့တို့က အဘယ်ကြောင့် ဟေးမျိုးနွယ်စုအား ဝင်တိုက်ကြသနည်း။
တကယ်တော့ မြို့တော်တဝှမ်းရှိ ဒုစရိုက်အဖွဲ့တိုင်းလိုလိုသည် တော်ဝင်မျိုးနွယ်စုများ၏ ထိန်းချုပ်မှုအောက်တွင်သာ အမြဲတစေ ရှိနေခဲ့ကြ၏။ ထိုသို့ဖြစ်ရခြင်းမှာလည်း သူတို့တွင် အင်အားမလုံလောက်သောကြောင့် ဖြစ်သည်။ သို့သော် အထက်ပါ အဖွဲ့နှစ်ဖွဲ့က ဘယ်တုန်းကမှ မမြင်ဖူးသည့် အင်အားကို ဖော်ထုတ်ပြသလိုက်လေရာ လူတိုင်းမှာ အံ့သြထိတ်လန့်ကုန်ကြတော့သည်။
မည်သို့ဆိုစေ ဤအဖြစ်အပျက်၏ နောက်ကွယ်တွင် လိုင်မျိုးနွယ်စုများ ရှိနေသည်ဟု လူတိုင်း ယုံကြည်ထားခဲ့ကြ၏။ တစ္ဆေကျားအဖွဲ့အား ထိန်းချုပ်ထားသော လောင်းမျိုးနွယ်များလည်း အပြစ်တင်ခံရခြင်းမှ မလွတ်ပေ။ သို့သော် တကယ့်မြေပြင်တွင်ကား လိုင်ဝုယီသည် ကြည်လင်ခြင်းအဖွဲ့အား မထိန်းချုပ်နိုင်ခဲ့သည်မှာ ကြာခဲ့လေပြီ။
လိုင်ဝုယီနှင့် လောင်းချိန်းကျန်းတို့က ဤတိုက်ခိုက်မှု၏ နောက်ကွယ်တွင် သူတို့ မပါဝင်ကြောင်း အကြောက်အကန် ငြင်းဆိုကြ၏။ သို့သော် သူတို့အား တခြား တော်ဝင်မျိုးနွယ်စုများက စိုးစဥ်းငယ်မျှပင် မယုံကြည်ကြချေ။
လိုင်မျိုးနွယ်စု၏ အိမ်တော်တွင် ဖြစ်သည်။
ကျန် တော်ဝင်မျိုးနွယ်စုအကြီးအကဲ အများအပြားသည် လိုင်ဝုယီနှင့် အသည်းအသန် ငြင်းခုန်နေကြ၏။
"ကျုပ် ခင်ဗျားတို့ကို အကြိမ်ပေါင်းများစွာ ပြောခဲ့ပြီးပြီ ကြည်လင်ခြင်းအဖွဲ့ကို ဒီလိုလုပ်ဖို့ ကျုပ် မခိုင်းခဲ့ပါဘူးလို့"
လိုင်ဝုယီက ဝမ်ပိုင်ယွမ်နှင့် ကျန်အကြီးအကဲများအား ဒေါသတကြီးနှင့် စိုက်ကြည့်ကာ ပြောလိုက်၏။
"ဒါ ခင်ဗျားလက်ချက်မဟုတ်ဘူးဆိုရင်လဲ ဒီလိုလုပ်ပါ အစ်ကိုကြီးလိုင် ဒီကောင်ကို ကျုပ်လက်အပ်လိုက်ပါ ကျုပ်တို့ဖာသာ ကျုပ်တို့ ရှင်းလိုက်မယ်"
ဝမ်ပိုင်ယွမ်က လိုင်ဝုယီအား ပြောလိုက်၏။
လိုင်ဝုယီက စိတ်ပျက်လက်ပျက်နှင့် ပြန်ဖြေလိုက်၏။
"ဒီလိုသာ လုပ်လို့ရရင် အရင်ကတည်းက ကျုပ် လုပ်ပြီးပြီ ခင်ဗျားတို့တောင် ဒီကို အပင်ပန်းခံပြီး လာနေစရာမလိုတော့ဘူး ဒီကနေ့ညနေမှာပဲ ကျုပ်လူတွေကို စေလွှတ်ပြီး ဝန်ဝေစင်းကို ဖမ်းခိုင်းလိုက်တယ် ဒါပေမဲ့ ကြည်လင်ခြင်းအဖွဲ့ကကောင်တွေ တကောင်မှ မရှိတော့ဘူးဗျ"
"ဒီကောင် ဘယ်လစ်သွားမှန်း မသိဘူးပေါ့"
ဝမ်ပိုင်ယွမ်၏ မျက်နှာတွင် သံသယဝင်ဟန် အတိုင်းသား ပေါ်လာ၏။
"အစ်ကိုကြီးလိုင် ကျုပ်ကို နောက်နေတာတော့ မဟုတ်ပါဘူးနော် ခင်ဗျား လက်အောက်ကကောင် ဘယ်ရောက်သွားမှန်း ခင်ဗျား မသိဘူးဆိုတော့ ဒါ ဟုတ်ကောဟုတ်ရဲ့လား"
"အာ...ဒါ အမှန်ပဲ တကယ်တော့ ဒီလိုဖြစ်နေတာ အတော်ကို ကြာသွားပြီ ကြည်လင်ခြင်းအဖွဲ့ဟာ ကျုပ်လက်အောက်မှာ မရှိတာ ကြာပြီလို့တောင် ဆိုနိုင်တယ်"
အခြေအနေမှာ တဖြည်းဖြည်းဆိုးရွားလာပြီ ဖြစ်လေရာ လိုင်ဝုယီအနေနှင့် ဟန်မဆောင်နိုင်တော့။ အမှန်အတိုင်း ဖွင့်ပြောလာရတော့၏။
လိုင်ဝုယီ၏ စကားကြောင့် ဝမ်ပိုင်ယွမ်အပါအဝင် ကျန်လူတိုင်း ကြောင်အမ်းအမ်း ဖြစ်သွား၏။
"ခင်ဗျား ဘယ်လိုပြောလိုက်တာလဲဗျ"
ထိုစဥ် တယောက်က ဒေါသတကြီးနှင့် ဝင်ပြောလိုက်၏။
"ဒါဆိုလဲ ပြီးခဲ့တဲ့တခေါက် အစည်းအဝေးတုန်းက ခင်ဗျား ဘာဖြစ်လို့ ဒီကောင်တွေကို ကာကွယ်ပေးခဲ့သလဲ ခုကျမှ ကြည်လင်ခြင်းအဖွဲ့က လင်းယုန်နီအဖွဲ့ကို ဖြိုခွဲပစ်တာ ခင်ဗျား စိတ်ကူးမဟုတ်ပါဘူးလို့ ခင်ဗျား ပြောရဲသလား"
"တကယ်လဲ....ကျုပ်စိတ်ကူး မဟုတ်ရပါဘူးဗျာ..."
သူ့မျက်နှာသူ ပြန်ရိုက်ပစ်ချင်လောက်အောင် လိုင်ဝုယီ နောက်တရလာ၏။ သူ့အနေနှင့် အခြေအနေကို ရှင်းပြလိုလှသည်။ သို့သော် သူ လောဘကြီးခဲ့ကြောင်း တခြားလူများ၏ ရှေ့တွင် ဝန်ခံရတော့မည် ဖြစ်လေရာ ဘာပြောရမှန်း မသိပဲ ဖြစ်နေရှာ၏။ နောက်ဆုံးတွင် သူက ပြောလိုက်သည်။
"တကယ်တော့ ဒီခွေးမသား ကျုပ်ကို ထောင်ချောက်ဆင်သွားတာပဲဗျ ကျုပ် အမှန်အတိုင်း ပြောနေတာ ယုံတာ မယုံတာတော့ ခင်ဗျားတို့ သဘောပဲ"
လိုင်ဝုယီ၏ စိတ်ဓာတ်ကျဆင်းနေသော အမူအရာကို ကြည့်ပြီး ဝမ်ပိုင်ယွမ် စဥ်းစားရခက်သွား၏။ လိုင်ဝုယီ အမှန်အတိုင်း ပြောနေကြောင်း သူ သိသည်။
ဤအတိုင်းဆိုလျင် တရားခံ မည်သူနည်း။
ကြည်လင်ခြင်းအဖွဲ့အား လိုင်ဝုယီ အမိန့်မပေးခဲ့လျင် မည်သူ အမိန့်ပေးခဲ့သနည်း။
ဝမ်ပိုင်ယွမ်၏ အတွေးထဲတွင် နာမည်တခု ပေါ်လာ၏။
ဝမ်ပိုင်ယွမ် ခေါင်းကို သွက်သွက်ခါအောင် ယမ်းလိုက်သည်။
"မဖြစ်နိုင်ဘူး ဒါ ဘယ်လိုမှ မဖြစ်နိုင်ဘူး"
ကျန်လူများက ဝမ်ပိုင်ယွမ်ကို နားမလည်နိုင်ဟန်ဖြင့် စိုက်ကြည့်နေကြသည်။ သူတို့ကြည့်နေရင်းမှာပင် ဝမ်ပိုင်ယွမ်၏ မျက်နှာသည် ကြည့်ရဆိုးသည်ထက် ဆိုးလာ၏။
မဖြစ်နိုင်ဟု မည်မျှပင် ငြင်းဆန်နေစေကာမူ ပြီးခဲ့သည့် ရက်ပိုင်းအတွင်း ဖြစ်ပေါ်ခဲ့သည့် ဖြစ်ရပ်များကို မြင်ယောင်ရင်း ဤအဖြေမှာပင် အဖြစ်နိုင်ဆုံးဟု ဝမ်ပိုင်ယွမ် ရင်ထဲက သိနေ၏။
ဝမ်ပိုင်ယွမ် ထိုင်ခုံပေါ်တွင် ငြိမ်ငြိမ် ထိုင်မနေနိုင်တော့။ သူက မတ်တပ်ရပ်ရင်း ပြောလိုက်သည်။
"ကျုပ်တို့ ဆွေးနွေးနေတာကို ဒီနေရာမှာပဲ နိဂုံးချုပ်လိုက်မယ် ကျုပ် အိမ်တော်မှာ ကိစ္စတခု ရှိနေသေးတယ်"
အခြေအနေမှာ သူ ထိန်းချုပ်နိုင်သော အနေအထားတွင် ရှိမနေတော့။ ဝမ်ကျန်းယုနှင့် ဆွေးနွေးရန် လိုအပ်လာပြီမှန်း ဝမ်ပိုင်ယွမ် သဘောပေါက်လိုက်ပေပြီ။
သူ စဥ်းစားမိသမျှကို တခြားလူများအား မပြောပြရန် ဝမ်ပိုင်ယွမ် ဆုံးဖြတ်ထားလိုက်၏။ သူ စဥ်းစားမိသမျှမှာ အတွေးသက်သက်သာ ဖြစ်နေသေး၏။ မသေချာသေး။ အကယ်၍ တစုံတရာ လွဲမှားသွားပါက ကျန်လူများ ဝိုင်းလှောင်ကြပေလိမ့်မည်။
ဝမ်ပိုင်ယွမ် ထွက်ခွာသွားသည်နှင့် တော်ဝင်မျိုးနွယ်စုများ၏ အစည်းအဝေးမှာ လူအင်အား နည်းပါးသွား၏။ စိတ်အားထက်သန်မှုမှာလည်း များစွာ လျော့နည်းသွားတော့သည်။
တကယ်တော့ ဤအစည်းအဝေးသို့ စုစုပေါင်း မျိုးနွယ်စု ငါးစုသာ တက်ရောက်ခဲ့၏။ ထိုမျိုးနွယ်စုများမှာ ဝမ်၊ လျန်၊ ယု၊ ချွန်နှင့် လင်းမျိုးနွယ်စုတို့ပင် ဖြစ်သည်။
လောင်းမျိုးနွယ်စုသည် လိုင်မျိုးနွယ်စုကဲ့သို့ပင် စစ်ဆေးခံနေရသောကြောင့် ဤအစည်းအဝေးသို့ မတက်ရောက်နိုင်ခဲ့။ ဟေးမျိုးနွယ်စုမှာ ပြိုကွဲပျက်စီးသွားခဲ့ပြီ ဖြစ်သည်။ ဝေနှင့် ချန်းမျိုးနွယ်စုမှာကား ကျန်တော်ဝင်မျိုးနွယ်စုများကို အလွန် မုန်းတီးသွားခဲ့ပြီ ဖြစ်သည်။ ထို့ကြောင့်သူတို့လည်း ဤအစည်းအဝေးသို့ မတက်ရောက်ခဲ့။
ဝမ်ပိုင်ယွမ် ထွက်ခွာသွားပြီးနောက် ကျန်မျိုးနွယ်စုခေါင်းဆောင်များသည် လိုင်ဝုယီနှင့် ဆက်လက်ဆွေးနွေးကြ၏။ သို့သော် အခြေအနေမှာ ဘာမှ ထူးခြားမလာခဲ့။ ထိုအခါသူတို့၏ အာရုံသည် လောင်းမျိုးနွယ်စုဘက်သို့ လှည့်သွားပြန်၏။
လောင်းမျိုးနွယ်စုသည် လိုင်ဝုယီထက်ပင် ပြတ်သား၏။ သူတို့အနေနှင့် တစ္ဆေကျားအဖွဲ့ကို ကာကွယ်ခြင်းမရှိ။ ရှင်းလိုက စိတ်ကြိုက်ရှင်းစေဟူသော သဘောပင်။
လောင်းမျိုးနွယ်စုအိမ်တော်မှ ထွက်ခွာလာပြီးနောက် ချွန်မျိုးနွယ်စုဝင်တယောက်က ပြောလိုက်သည်။
"အကြီးအကဲ ကျုပ်တို့ အခုပဲ တစ္ဆေကျားအဖွဲ့ကို သွားရှင်းရတော့မလား"
ချွန်မျိုးနွယ်အကြီးအကဲမှာ ချွန်ထန်းယွဲ့ ဟူ၏။ သူက မုတ်ဆိတ်ကို ပွတ်သပ်ရင်း ဖြေလိုက်သည်။
"ဘာမှန်းသာ ရေရေရာရာ မသိတာ တခုခုတော့ မှားနေသလိုပဲကွ ဘယ်တုန်းက ဒီလို သာမာန်အဖွဲ့နှစ်ဖွဲ့မှာ ဟေးမျိုးနွယ်စုကို ရှင်းပစ်နိုင်လောက်အောင် အင်အားရှိသွားတာလဲ လိုင်ဝုယီနဲ့ လောင်းချိန်းကျန်းတို့က တိတ်တဆိတ် ထောက်ပံ့နေလို့လား ဒါပေမဲ့ ဒီလူနှစ်ယောက်ရဲ့ ပုံစံအရ ကျုပ်ကတော့ ဒီလို မထင်ဘူး ဒီကြားထဲ ဝမ်ပိုင်ယွမ်ကရော ဘာတွေးမိလို့ ဒီလောက်မြန်မြန် ထပြန်သွားတာလဲ ပြသနာက တော်တော်ရှုပ်နေတယ်ကွ"
"အကြီးအကဲ ဆိုလိုတာ"
ချွန်ထန်းယွဲ့က ကျန်မျိုးနွယ်စုများဘက်သို့ ဖြတ်ခနဲ လှမ်းကြည့်လိုက်သည်။ ထို့နောက် သူက ပြောလိုက်၏။
"ကျုပ်တို့ အိမ်တော်ပြန်ရောက်မှ ဒီအကြောင်း ပြောကြတာပေါ့"
ထို့နောက် သူတို့သည် ထိုနေရာမှာပင် လမ်းခွဲကာ ချွန်အိမ်တော်သို့ ပြန်လာခဲ့ကြ၏။
ထိုင်ခုံတွင် ထိုင်နေရင်း ချွန်ထန်းယွဲ့တယောက် ဟေးအိမ်တော် တိုက်ခိုက်ခံရသည့် ကိစ္စကို စဥ်းစားနေသည်။
ရန်သူများသည် အဘယ်ကြောင့် ဟေးမျိုးနွယ်စုအား ပစ်မှတ်အဖြစ် ရွေးချယ်ခဲ့သနည်း။
ငွေကြေးကြောင့်ပေလော။ ဖြစ်န်ိုင်ဖွယ်ရာ မရှိ။ ထိုစိတ်ကူးကို ချွန်ထန်းယွဲ့ ချက်ချင်း ငြင်းပယ်လိုက်၏။ ဒါမှမဟုတ်လျင် ဟေးမျိုးနွယ်စု၏ ယခင် ရန်စကြောင့် ဖြစ်လော။ ဒါကတော့ ဖြစ်နိုင်စရာ အကြောင်းရှိသည်။ ဟေးဝုချိန်းသည် မျိုးနွယ်စုများအကြား နယ်မြေလုပွဲကို ကန့်ကွက်သူ အနည်းစုထဲမှ တဦး ဖြစ်နေ၏။ ထိုအတွက်ကြောင့် တခြားမျိုးနွယ်စုများအနေနှင့် ၎င်းအပေါ် မကျေမနပ် ဖြစ်နေနိုင်၏။ သို့သော် ထိုမျှလောက်သော အကြောင်းပြချက်နှင့် ဟေးမျိုးနွယ်စု တစုလုံးကို ရှင်းပစ်ရန် လိုသလော။ ဒါမှမဟုတ် ၎င်း၏ ပညာစွမ်းကြောင့်ပေလော။ ဒါလဲမဖြစ်နိုင်ပြန်။ ဟေးမျိုးနွယ်၏ သွေးဗီဇစွမ်းရည်သည် ခြုံခိုက်တိုက်ခိုက်မှုများအား ကာကွယ်ရန်နှင့် ရန်သူများအား ထောက်လှမ်းရာတွင်သာ အစွမ်းထက်ပြီး အခြားတိုက်ခိုက်ရေးစွမ်းရည်များမှာ မျိုးနွယ်စုဆယ်စုတွင် အနိမ့်ဆုံး ဖြစ်သည်။
ဟာ...နေအုံး...
ခြုံခိုတိုက်ခိုက်မှုတွေကို ကာကွယ်တာနဲ့ ရန်သူကို ထောက်လှမ်းတဲ့နေရာမှာ ဟေးမျိုးနွယ်တွေဟာ ထိပ်တန်း..
ဒါ...ဒါဆို...
ချွန်ထန်းယွဲ့ တကိုယ်လုံး တုန်ယင်သွား၏။ ထို့နောက် သူက ပတ်ဝန်းကျင်ကို ကပျာကယာ ဝေ့ကြည့်လိုက်သည်။
အစောင့်များသည် ကျဥ်းမြောင်းသော ကော်ရစ်တာတလျှောက် ပုံမှန်အတိုင်း ကင်းလှည့်လျက်ရှိ၏။
ကြောက်စရာကောင်းလှသော အန္တရာယ်အငွေ့အသက်ကို ချွန်ထန်းယွဲ့ ရရှိလိုက်၏။ သူက ကျယ်လောင်စွာ အော်ဟစ်သတိပေးလိုက်သည်။
"ဟေ့ကောင်တွေ ရှေ့ဆက်မသွားတော့နဲ့ ချက်ချင်း ပြန်လှည့်စမ်း ချက်ချင်းပြန်လှည့်"
ထိုအချိန်မှာပင် အသံတသံ ထွက်ပေါ်လာ၏။
"အကြီးအကဲချွန် မဆိုးပါလားဗျ လေးစားပါတယ်"
အသံနှင့်အတူ ၎င်းတို့၏ ရှေ့တွင် အဖြူရောင်ဝတ်စုံ ဝတ်ဆင်ထားသော လူရိပ်တရိပ် ထွက်ပေါ်လာ၏။ စုချန်းပေတည်း။ စုချန်း၏ ဘေးတွင်တော့ ကျန်းစီချွေ့၊ တိမ်တိုက်ကျားသစ်နှင့် သံမဏိတို့ အသီးသီး ရှိနေကြသည်။
"စုချန်း"
ချွန်ထန်းယွဲ့ အံကြိတ်ရင်း ရေရွတ်လိုက်သည်။
တချိန်တည်းမှာပင် မရေမတွက်နိုင်သော လူများ နံရံများပေါ်၌ ပေါ်ပေါက်လာ၏။ ထိုလူအသီးသီး၏ လက်ထဲတွင်တော့ လေးနှင့်မြားများကို ကိုင်ဆောင်ထားကြလေသည်။ တဆက်တည်းမှာပင် အနှီ နံရံများသည် ဝင်းလက်တောက်ပလာ၏။ မူလပုံစံကွက်ကြီးတခုက နံရံများအား လေးဘက်လေးတန်မှ ကာကွယ်ထားလိုက်ပြီ ဖြစ်သည်။ ယန်ဖွင့်လှစ်ခြင်းနယ်ပယ်ပညာရှင်များပင်လျင် ဤနံရံများကို ဖြိုခွဲရန် မဖြစ်နိုင်။
ချွန်မျိုးနွယ်စုများကား ထွက်ပြေးလွတ်မြောက်နိုင်စရာ အကြောင်းမရှိတော့။
တခုတည်းသော လွတ်မြောက်ရာလမ်းဖြစ်သည့် ဝင်းတံခါးပေါက်ကိုလည်း ဝန်ဝေစင်းဦးဆောင်သည့် လူစုက ပိတ်ဆို့ထား၏။
မြင်ကွင်းမှာ လွန်ခဲ့သည့် နှစ်တချို့က လျန်နှင့်လောင်းမျိုးနွယ်စုများ စုချန်းအား ပိတ်ဆို့သတ်ဖြတ်ရန် ကြံစည်ခဲ့စဥ်က မြင်ကွင်းနှင့် တူလှသည်။
ထိုအခါ ချွန်ထန်းယွဲ့က စုချန်းအား စိုက်ကြည့်ရင်း ပြောလိုက်သည်။
"မင်း ကျုပ်ကို သတ်လိုက်ရင် ဒီဖြစ်ရပ်တွေ အကုန်လုံးရဲ့ တရားခံဟာ မင်းမှန်း လူတိုင်း သိကုန်ကြလိမ့်မယ်"
စုချန်းက ပုခုံးတွန့်လိုက်သည်။
"ကျုပ် ဂရုမစိုက်ဘူး တော်ဝင်မျိုးနွယ်စုတွေဟာ အချင်းချင်းတိုက်ခိုက်ရင်း သေကုန်တဲ့အထိ ရန်ဖြစ်ကြလိမ့်မယ်လို့ ကျုပ် ဘယ်တုန်းကမှ မယူဆခဲ့ဘူး အတွင်းရေးမကျေမလည်ဖြစ်မှုဟာ သူတို့ကို အားနည်းသွားစေရုံလောက်ပဲ တတ်နိုင်မယ်ဆိုတာ ကျုပ် သိပြီးသား ကျုပ် လူမိုက်မှမဟုတ်တာကိုးဗျ ဒါကြောင့် ဟေးဝုချိန်းကို ကျုပ် သတ်လိုက်ကတည်းက အရာအားလုံးအတွက် ကျုပ် ပြင်ဆင်ပြီးသား လောကကြီးမှာ ဆိုရိုးစကားတခွန်း ရှိတယ်လေဗျာ ခင်ဗျားအနေနဲ့ ရလဒ်ကောင်းကောင်းလိုချင်ရင် ကိုယ်တိုင်လုပ်ဆောင်ပါတဲ့"
စကားဆုံးသည်နှင့် စုချန်းသည် အင်မတန် ခန့်ညားသော အမူအရာနှင့် လက်တဖက်ကို မြောက်ကာ အမိန့်ပေးလိုက်၏။
"သူတို့အားလုံးကို သတ်"