ချည်နှောင်ခြင်း ၁
Vol. 49 Ch. 490
လောင်းချိန်းကျန်းသည် သူ့အိမ်တော်ဝင်းအတွင်းမှ ထွက်ခွာသွားသော မျိုးနွယ်စုခေါင်းဆောင်များအား စိုက်ကြည့်နေ၏။ သူ့အမူအရာမှာလည်း အထူးပင် လေးနက်တည်ကြည်လျက်ရှိသည်။
"အဖေ သူတို့ ပြန်သွားပြီလား"
လောင်းရှောက်ယူက ထွက်လာပြီး မေးလိုက်၏။
တောင်ဘက်တောအုပ်တိုက်ပွဲတွင် စုချန်းအား လောင်းချိန်းကျန်း လွှတ်ပေးခဲ့ပြီးနောက် စုချန်းဘက်မှလည်း ကတိတည်ခဲ့၏။ လောင်းရှောက်ယူအား ကုသပေးနိုင်မည့်ဆေးကို လောင်းအိမ်တော်သို့ ပို့ပေးခဲ့သည်။ ယခုဆိုလျင် လောင်းရှောက်ယူတယောက် ယခင်အတိုင်း ပြန်လည်ကျန်းမာနေခဲ့လေပြီ။
၆နှစ်ခန့် အိပ်ယာထဲတွင် လဲလျောင်းနေခဲ့ပြီးနောက် လောင်းရှောက်ယူသည် ယခင်ကထက် စိတ်တည်ငြိမ်လာ၏။ နေရောင်ကို နှစ်နှင့်ချီ၍ မမြင်တွေ့ရခြင်းကြောင့် သူ့မျက်နှာမှာ ဖြူဖျော့နေလေသည်။ မည်သည့်ဆိုစေ ပြန်ကောင်းလာပြီး နှစ်လအတွင်း လောင်းရှောက်ယူ၏ အခြေအနေမှာ များစွာ တိုးတက်လာခဲ့၏။
"အင်း"
လောင်းချိန်းကျန်း ခေါင်းညိတ်လိုက်သည်။ ယခင်ကထက် များစွာ ရင့်ကျက်တည်ငြိမ်လာဟန်ရှိသော သူ့သားကို ကြည့်ရင်း သူ ပေးဆပ်ခဲ့ရသည်မှာ ထိုက်တန်ပါပေသည်ဟု လောင်းချိန်းကျန်း ခံစားနေရလေသည်။
မည်မျှပင် လောဘကြီးသည်ဖြစ်စေ၊ အတ္တကြီးသည်ဖြစ်စေ၊ ရက်စက်ကြမ်းကြုတ်သည်ဖြစ်စေ လောင်းရှောက်ယူ၏ ရှေ့တွင်တော့ လောင်းချိန်းကျန်းသည် သားအပေါ် ချစ်မြတ်နိုးသော သာမာန်ဖခင်တယောက်သာ ဖြစ်သည်။
လောင်းချိန်းကျန်းက သူ့သားကို ကြင်နာစွာ ကြည့်ရင်း ပြောလိုက်၏။
"သူတို့ ထွက်သွားပေမဲ့ ပြသနာတွေကတော့ မပြီးသေးဘူး စုချန်းဟာ အသံတစက်လေးတောင်မထွက်ပဲ အဖေတို့ရဲ့ မဟာမိတ်အဖွဲ့ကို ဖျက်ဆီးပစ်လိုက်ပြီ"
"ဒီတော့ စုချန်းဟာ ဒီဖြစ်ရပ်တွေရဲ့ နောက်ကွယ်က လက်သည်ဆိုတာ အဖေ တွေးထားပြီးသားပေါ့ ဘာဖြစ်လို့ သူတို့ကို မပြောလိုက်တာလဲ အဖေ"
"အဖေ့အနေနဲ့ တွေးရုံပဲ တွေးထားနိုင်တာငါ့သား သက်သေမပြနိုင်ဘူး ပြီးတော့ အခြေအနေက ဒီလို ဖြစ်လာပြီဆိုတော့ စုချန်းဘက်ကလဲ ဝှက်ဖဲတွေ အကုန် ထုတ်ပြနေပြီ လူတွေ သိကုန်လဲ သူ ဂရုစိုက်တော့မယ် မထင်ဘူး"
"ဒါပေမဲ့ ကျွန်တော်တို့ ထုတ်ပြောလိုက်ရင် အနည်းဆုံး ဒီအတွက် ကျွန်တော်တို့မှာ တာဝန်ရှိတယ်လို့ သူတို့ မတွေး....."
လောင်းချိန်းကျန်းက စကားဖြတ်ပြောလိုက်၏။
"ဒီတော့ ဘာဖြစ်သလဲ တစ္ဆေကျားအဖွဲ့ကို အဖေက ခိုင်းတယ်ပဲ ထားအုံး သူတို့ အဖေတို့ကို ရန်လုပ်မှာလား အဖေတို့မျိုးနွယ်စုကို ဖျက်ဆီးမှာလား"
လောင်းရှောက်ယူ ပါးစပ်ပြဲသွား၏။
"သူတို့ အဖေတို့မျိုးနွယ်စုကို မဖျက်ဆီးပါဘူး ငါ့သား ဒါပေမဲ့ စုချန်းကတော့ ဖျက်ဆီးလိမ့်မယ်"
လောင်းရှောက်ယူ ကျောစိမ့်သွား၏။
"စုချန်း ဟုတ်လား....ဒါ...ဒါဆို...အဖေဟာ...."
လောင်းချိန်းကျန်း သက်ပြင်းချလိုက်၏။
"ချန်းယွမ့်ဟုန် သေသွားပြီ ဝေပိုင်ကျတော့ ဒဏ်ရာအပြင်းအထန် ရရုံမက ယန်ပညာရှင်ဘဝကို ရောက်သွားတယ် ဝမ်းကျန်းယု သူကော ဘာထူးသလဲ စုချန်းကို သူ့နည်းသူ့ဟန်နဲ့ ရှင်းဖို့ကြိုးစားတယ် ဒါပေမဲ့ အချည်းနှီးပဲမဟုတ်လား လွန်ခဲ့တဲ့ နှစ်တွေမှာ ငါတို့ စုချန်းနဲ့ ရင်ဆိုင်တွေ့တိုင်း အရှုံးနဲ့ပဲ ရင်ဆိုင်ခဲ့ရတယ် ဒီတော့ မင်း ပြောသလိုပဲ ငါ စုချန်းကို ကြောက်တယ် သူနဲ့ ထိပ်တိုင်ရင်ဆိုင်မတိုးချင်တော့ဘူး"
"ဒါပေမဲ့ ဒီလိုတွေးတာဟာ ကျွန်တော်တို့ တကိုယ်ကောင်းဆန်ရာ ကျမနေဘူးလား အဖေ"
"တကိုယ်ကောင်းဆန်ရာကျတယ် ဟုတ်လား"
လောင်းချိန်ကျန်း၏ လေသံက အနည်းငယ် တင်းမာလာ၏။ သူက အေးစက်သော လေသံနှင့် ရယ်မောလိုက်သည်။
"ချန်းနဲ့ ဝေမျိုးနွယ်စုရဲ့ ကံကြမ္မာကို ကြည့်ရုံနဲ့တင် ဒီလောကမှာ တကိုယ်ကောင်းမဆန်တဲ့လူ မရှိဘူးဆိုတာ သိနိုင်ဖို့ လုံလောက်နေပါပြီကွာ စုချန်းဟာ ကြည်လင်ခြင်းအဖွဲ့နဲ့ တစ္ဆေကျားအဖွဲ့ကို သုံးပြီး တော်ဝင်မျိုးနွယ်စုအချင်းချင်း ရန်တိုက်ပေးခဲ့တယ် ဒါ ဘာကြောင့်လဲ မျိုးနွယ်စု တစုစီတိုင်းမှာ ကိုယ်ပိုင်ရည်မှန်းချက်တွေ လောဘတွေ အတ္တတွေ ရှိနေတယ်ဆိုတာ သူ သိနေလို့ပဲမလား မဟာမိတ် ဟုတ်လား မဟာမိတ်ဆိုတာ အကျိုးအမြတ်အတွက် ရည်ရွယ်ဖွဲ့စည်းထားတာပဲကွ ဒါကြောင့် အကျိုးအမြတ်ကြောင့်ပဲ ပြန်လည်ပျက်စီးသွားနိုင်တယ် ဒီမယ် ရှောက်ယူ မင်း သိထားဖို့က မဟာမိတ်ဆိုတာ လောကမှ မယုံရဆုံး လူတွေပဲ ဒီလူတွေဟာ မင်း မလိုအပ်တဲ့အချိန်မှာ အကူအညီတွေ ဘုံးပေါလအောပေးဖို့ ကြိုးစားကြမယ် အေး မင်း တကယ်လိုအပ်လာပြီဆိုရင်တော့ ဒီကောင်တွေ ကြက်ပျောက်ငှက်ပျောက် ပျောက်ကုန်လိမ့်မယ်"
ထို့နောက် လောင်းချိန်းကျန်းက လောင်းရှောက်ယူ၏ ပုခုံးအား ပုတ်ရင်း ပြောလိုက်၏။
"ဒီတော့ ငါ့သား သိထားရမှာက အဖေဟာ စွန့်ပစ်ခံရတာထက် ကိုယ်က အရင် စွန့်ပစ်လိုက်ရတာကို ပိုကြိုက်တယ်ဆိုတာပဲ"
လောင်းရှောက်ယူ၏ တကိုယ်လုံး ဆတ်ခနဲ တုန်ခါသွား၏။
"သား နားလည်ပါပြီ အဖေ"
"မင်း နားလည်ပြီဆိုတော့ ကျုပ်နဲ့အတူ ဧည့်သည်ကို ကြိုကြတာပေါ့"
လောင်းချိန်းကျန်းက မတ်တပ်ရပ်ရင်း ပြောလိုက်၏။
"ဧည့်သည် ဟုတ်လား အဖေ"
လောင်းရှောက်ယူ ခေါင်းရှုပ်သွား၏။ သူက တခန်းလုံးကို လှည့်ပတ်ကြည့်ရှုလိုက်သည်။ လောင်းအိမ်တော် ခန်းမဆောင်ကား အစောင့်များမှအပ လူသူကင်းမဲ့လျက်ရှိ၏။
သို့သော် လောင်းချိန်းကျန်းက လူတယောက်မှ မရှိသော အဝင်လမ်းကို လှမ်းကြည့်ရင်း ပြောလိုက်၏။
"လေးစားရပါသော ဧည့်သည်တော်ကြီး ကြွပါခင်ဗျာ ကျုပ်တို့ လောင်းအိမ်တော်က ခင်ဗျားကို ကြိုဆိုပါတယ်"
လောင်းချိန်းကျန်း၏ ကြိုဆိုသံအဆုံးဝယ် ရယ်သံသဲ့သဲ့ ထွက်ပေါ်လာပြီး အဝင်ပေါက်တွင် အရိပ်တရိပ် ပုံသဏ္ဍာန် ထင်ဟပ်လာ၏။
စုချန်း၏ အရိပ်အစေခံ ချန်းအာပေတည်း။ လက်ရှိတွင် ချန်းအာ၏ အဆင့်မှာ ချီစုဆောင်းခြင်းနယ်ပယ်ပညာရှင် ဖြစ်သည်။
ချန်းအာ ရယ်မောလိုက်၏။
"အကြီးအကဲ အမြင်စူးရှလွန်းပါပေတယ် ကျုပ် တတ်ထားတဲ့ ပညာနည်းနည်းပါးပါးနဲ့ အကြီးအကဲကို မဖုံးကွယ်နိုင်တော့ဘူး ထင်တယ်"
လောင်းချိန်းကျန်းက သူ့လက်အောက်ငယ်သားများအား နောက်ဆုတ်ရန် အချက်ပြပြီး ပြောလိုက်၏။
"ကတိအတိုင်း ကျုပ်သားကို ကုသပေးခဲ့တဲ့အတွက် အလွန် ကျေးဇူးတင်ပါတယ်ဗျာ သူ့ကို ပြောလိုက်ပါ ကျုပ် သူနဲ့ နောက်နောင် အတိုက်အခံ မလုပ်တော့ပါဘူးလို့"
ချန်းအာ ရယ်မောလိုက်၏။
"အကြီးအကဲချန်း ခင်ဗျားဟာ အရှုံးကို ကျေကျေနပ်နပ်ကြီး လက်ခံတဲ့ ပုံစံပေါက်နေပေမဲ့ ကျုပ်သခင်နဲ့ အတိုက်အခံ မလုပ်ချင်တဲ့ နောက်ထပ်အကြောင်းရင်းတခုကိုတော့ ခင်ဗျားသားကို ပြောမပြရသေးဘူး မဟုတ်လား ဘာလဲ ကျုပ်သခင် တောင်ပေါ်က ဘယ်လိုလွတ်မြောက်လာတယ်ဆိုတာ လူတွေသိကုန်မှာ ခင်ဗျား ကြောက်နေတာလား"
မြွေခွေးအိုကြီး လောင်းချိန်းကျန်းကား စုချန်းနှင့် ရင်ဆိုင်လိုက်တိုင်း အရှုံးကြီး ရှုံးနေသော်လည်း လက်တွေ့တွင် တကယ်ကြောက်သည်မဟုတ်။ ကြောက်ချင်ယောင်ဆောင်နေခြင်းသာ။ သူ တကယ်ကြောက်သည်မှာကား တောင်ပေါ်တိုက်ပွဲရှိ ဖြစ်ရပ်များအား စုချန်းက ထုတ်ဖော်လိုက်မည်ကိုသာ ဖြစ်သည်။ ထိုကိစ္စကို စုချန်းသာ ဖော်ထုတ်လိုက်ပါက ဝမ်ကျန်းယုက လောင်းချိန်းကျန်းအား အလွတ်ပေးလိမ့်မည် မဟုတ်။
ထိုအတွက်ကြောင့်ပင် လောင်းချိန်းကျန်းသည် တစ္ဆေကျားအဖွဲ့၏ လုပ်ရပ်များအား သိသိကြီးနှင့် လွှတ်ပေးထားခြင်း ဖြစ်သည်။
သို့သော် ချန်းအာအနေနှင့် သူ့ဦးခေါင်းထဲရှိ အတွေးများကို ကွက်တိမှန်အောင် မှန်းဆနိုင်လိမ့်မည်ဟုတော့ လောင်းချိန်းကျန်း မျှော်လင့်မထား။
တကယ်လည်း ချန်းအာ အနေနှင့် ထိုမျှလောက် တွေးတတ်သည်မဟုတ်။ လောင်းချိန်းကျန်း၏ စိတ်ကူးစိတ်သန်းအား စုချန်းက ကြိုတင်မျှော်တွေးထားခြင်းသာ ဖြစ်သည်။
ဘူးကွယ်၍မရတော့မှန်း လောင်းချိန်းကျန်း သဘောပေါက်လိုက်ပေပြီ။ ထိုအခါ သူက သက်ပြင်းချရင်း ပြောလိုက်သည်။
"မူလဗျိူရိုအကြီးအကဲစုကတော့ တကယ်ကို ညဏ်ထက်ပါပေတယ် သူ့ကို ဘယ်လိုမှ လိမ်လို့မရဘူးပဲ ဒါဆိုလဲ သူ မင်းကို ဘာဖြစ်လို့ ဒီကို လွှတ်လိုက်တာလဲ ကျုပ်အနေနဲ့ သိခွင့်ရှိမလား"
ချန်းအာက ပြန်ဖြေလိုက်၏။
"တခြားတော့မဟုတ်ပါဘူး စိတ်ဝင်စားစရာ မြင်ကွင်းတခုရှိလို့ ခင်ဗျားကို သူနဲ့အတူကြည့်ဖို့ သခင်က ဖိတ်ခေါ်ခိုင်းလိုက်လို့ပါ"
ဘယ်လိုမြင်ကွင်းမျိုးလဲ"
"အဲဒီကိုရောက်ရင် ခင်ဗျား တွေ့ပါလိမ့်မယ်"
စကားဆုံးသည်နှင့် ချန်းအာသည် ချာခနဲ လှည့်ထွက်သွား၏။
လောင်းချိန်းကျန်းတို့ သားအဖနှစ်ယောက်လည်း တယောက်မျက်နှာကို တယောက်ကြည့်ကာ ချန်းအာနောက်မှ လိုက်ပါလာခဲ့လေသည်။ လောင်းမျိုးနွယ်အစောင့်တချို့လည်း နောက်မှ လိုက်ပါလာ၏။
သိပ်မကြာမီ သူတို့လူစုသည် လမ်းကြားလေးတခုသို့ရောက်ရှိလာ၏။ လမ်းကြားထဲတွင် ခြံဝင်းတဝင်း ရှိနေ၏။ ချန်းအာက ခြံဝင်းတံခါးကို တွန်းဖွင့်ကာ အထဲသို့ ဝင်လိုက်သည်။ ခြံဝင်းအတွင်းဝယ် ပလက်ဖောင်းတခု ရှိနေ၏။
ပလက်ဖောင်းပေါ်တွင် လူတယောက် မတ်တပ်ရပ်နေ၏။ ထိုလူမှာ စုချန်းပင် ဖြစ်သည်။ စုချန်းသည် လက်နှစ်ဖက်ကို နောက်ပစ်ကာ တစုံတရာကို လှမ်းမျှော်ကြည့်ရှုလျက်ရှိသည်။
လောင်းချိန်းကျန်းတို့ သားအဖနှစ်ယောက် ရောက်လာသည်ကို မြင်သည်နှင့် စုချန်းက ရယ်မောရင်း ပြောလိုက်သည်။
"အကြီးအကဲလောင်း ဒီကို လာကြည့်ပါအုံး"
လောင်းချိန်းကျန်း နဝေတိမ်တောင်နှင့် စုချန်း ပြသည့်အတိုင်း ကြည့်လိုက်၏။ မြင်ကွင်းကြောင့် လောင်းချိန်းကျန်းတကိုယ်လုံး အေးခဲသွားလေသည်။
အပြင်ဘက် လမ်းကြားတွင် ပြင်းထန်သော တိုက်ပွဲကြီးတပွဲ ဖြစ်ပွားလျက်ရှိ၏။
တကယ်တော့ တိုက်ပွဲဟူသည်ထက် တဖက်သတ် သတ်ဖြတ်ခံနေရခြင်းဟု ဆိုလျင် ပို၍ မှန်ပေလိမ့်မည်။ အသတ်ခံနေရသူများမှာကား ချွန်ထန်းယွဲ့နှင့် ချွန်မျိုးနွယ်စုများပင် ဖြစ်သည်။ ထိုအခိုက်အတန့်ဝယ် ချွန်ထန်းယွဲ့သည် သူ၏ သွေးဗီဇကို အမြင့်ဆုံးသော အနေအထားထိ နှိုးဆွကာ ပြင်းပြင်းထန်ထန် တိုက်ပွဲဝင်လျက်ရှိသည်။ တိုက်ပွဲမှာ ဆူညံနေ၏။ သို့သော် မူလပုံစံကွက်၏ အစွမ်းကြောင့် စုချန်းတို့နေရာမှ ဘာအသံမှ မကြားရ။ အသံတိတ်ရုပ်ရှင်ကားတကားကို ကြည့်နေရသကဲ့သို့သာ ရှိလေသည်။
"မင်း"
လောင်းချိန်းကျန်းက စုချန်းအား ဒေါသတကြီးနှင့် ကြည့်လိုက်၏။
"ဒါ ဘာသဘောလဲ"
စုချန်းက အေးဆေးတည်ငြိမ်သော အမူအရာနှင့် ပြန်ဖြေလိုက်၏။
"ဘာသဘောမှမဟုတ်ဘူး ဒီကနေ့မှာ တော်ဝင်မျိုးနွယ်စုဆယ်စုထဲက တချို့မျိုးနွယ်စုတွေ ထပ်ပြီး ပျောက်ကွယ်သွားတော့မယ်ဆိုတာ ခင်ဗျား သိစေချင်လို့ပါပဲ"
လောင်းချိန်းကျန်း လက်သီးအစုံကို ကျစ်ကျစ်ပါအောင် ဆုပ်ထားလိုက်၏။
"ဒီတော့ ဘာဖြစ်သလဲ မင်းဟာ ခိုးကြောင်ခိုးဝှက် ဝင်တိုက်လို့သာ အသာစီးရနေတာပဲ ဒီကနေ့မှာမှ ဒီဖြစ်ရပ်တွေရဲ့နောက်ကွယ်က လက်သည်ဘယ်သူမှန်း သူတို့ မသိသေးဘူးဆိုရင် သူတို့လောက် မိုက်တဲ့လူ ရှိတော့မှာမဟုတ်ဘူး"
"ခင်ဗျားပြောတာ သိပ်မှန်တယ် ဒီနေ့မှာ အခြေအနေမှန်တွေ ပေါ်ပေါက်သွားတော့မယ် ဒီနောက်ပိုင်း ကျုပ် သူတို့ကို ခိုးကြောင်ခိုးဝှက် တိုက်ခိုက်လို့ ရတော့မှာ မဟုတ်ဘူး ဒါကြောင့် ကျုပ်က ခင်ဗျားကို ဒီနေရာ အရောက်ခေါ်လိုက်တာပဲ"
လောင်းချိန်းကျန်း၏ ရင်ထဲတွင် တစ်ဆို့ဆို့ ဝေဒနာတရပ် ပေါ်ပေါက်လာ၏။
"ကျုပ်နဲ့ ဘာဆိုင်လို့လဲ"
"သိပ်ဆိုင်တာပေါ့ ချွန်ထန်းယွဲ့ နောက်ဆုံး သွားလည်ခဲ့တဲ့နေရာဟာ ခင်ဗျားရဲ့အိမ်တော်ပဲ ပြီးတော့ ဒီနေရာဟာ တစ္ဆေကျားအဖွဲ့ရဲ့ ဌာနချုပ်နဲ့လဲ နီးနေတယ် ဒီတော့ ကျန်တဲ့လူတွေ ခင်ဗျားကို ဘယ်လိုထင်ကြမလဲ"
လောင်းချိန်းကျန်း၏ နှလုံးသားသည် ပြင်းထန်စွာ ခုန်ပေါက်လှုပ်ရှားလာ၏။
"ကျုပ်က သူတို့ကို ရှင်းပြလိုက်မှာပေါ့"
"ခင်ဗျားက သူတို့ကို ရှင်းပြမယ် ဟုတ်လား တစ္ဆေကျားအဖွဲ့ရဲ့ ကိစ္စတောင် ခင်ဗျား ကောင်းကောင်းမရှင်းပြနိုင်သေးပဲနဲ့ ဒါ့အပြင် ခင်ဗျား သူတို့ကို ရှင်းပြမယ်ဆိုရင် တောင်ပိုင်းတောင်ကုန်းတွေပေါ်က တိုက်ပွဲမှာ ခင်ဗျား ကျုပ်ကို လွှတ်ပေးခဲ့တဲ့ ကိစ္စပါ ခင်ဗျား ရှင်းပြရလိမ့်မယ် ပြီးတော့ ခင်ဗျား ဒီလို ပြောလာမယ်မှန်း သိလို့ ကျုပ် ကြိုတင်ပြင်ဆင်ထားတာလေး တခုရှိတယ် ဟိုမှာကြည့်စမ်း"
"ဘာလဲကွ"
လောင်းချိန်းကျန်း နားမလည်နိုင်ပဲ ဖြစ်နေ၏။
စုချန်းက အနီးအနားရှိ တနေရာကို လက်ညိုးထိုးပြီး ပြောလိုက်သည်။
"အဲဒီမှာ မူလပုံစံငွေပြားလေးရှိနေတာ ခင်ဗျား တွေ့ရဲ့လား ဒါလေးက ကျုပ်တို့ လုပ်ကိုင်သမျှ ပြောသမျှဆိုသမျှတွေကို အသံသွင်းထားနိုင်တယ် ပုံရိပ်ဖမ်းထားနိုင်တယ် ခုချိန်မှာဆိုရင် ချွန်မျိုးနွယ်အကြီးအကဲဟာ သူ့အသက်အတွက် ရေကုန်ရေခန်း တိုက်ခိုက်နေတယ် ဒါပေမဲ့ ဒီအချိန်မှာ လောင်းမျိုးနွယ်အကြီးအကဲဟာ သူတို့အားလုံး ရန်သူလို့သတ်မှတ်ထားတဲ့ကျုပ်နဲ့ အေးအေးလူလူ စကားပြောပြီး ပွဲကြည့်ပရိသတ်လုပ်နေတယ် ဒီပုံရိပ်တွေသာ တခြားတော်ဝင်မျိုးနွယ်စုတွေလက်ထဲရောက်သွားရင်..ကျုပ် ထင်ပါတယ် ခင်ဗျား ကောင်းကင်ဘုံမြစ်ထဲ ခုန်ဆင်းထွက်ပြေးရင်တောင် လွတ်မယ်မထင်ဘူး"
စုချန်း၏ စကားကြောင့် လောင်းချိန်းကျန်း၏ မျက်လုံးအစုံ ပြာဝေသွားလေသည်။
***