ချည်နှောင်ခြင်း ၂
Vol. 50 Ch. 491
စုချန်း၏ စကားကြောင့် လောင်းချိန်းကျန်း ပါးစပ်ကြီး ပြဲသွား၏။ ထို့နောက် သူက စုချန်းကို ဒေါသတကြီးနှင့် စိုက်ကြည့်ရင်း ပြောလိုက်သည်။
"စုချန်း မင်း အတော် ကောက်ကျစ်တဲ့ကောင်ပဲ ဘာလဲ မင်းက ကျုပ်တို့အားလုံးကို ရှင်းပစ်ဖို့ ကြိုးစားနေတာလား"
"ခင်ဗျားကို ရှင်းပစ်ဖို့ ဟုတ်လား ဘယ်ကလာဗျာ ကျုပ်က ခင်ဗျားကို ကယ်တင်ဖို့ ကြိုးစားနေတာ ဘာကြောင့်လဲဆိုတော့ ခင်ဗျားဟာ ကျုပ်ကို တောင်ဘက်တောအုပ်တိုက်ပွဲမှာ ကျုပ်ကို ကျေးဇူးပြုခဲ့ဖူးလို့ပဲ"
စုချန်းက အေးဆေးတည်ငြိမ်သော လေသံနှင့် ပြောလိုက်၏။
"မင်း တကယ်ပဲ နိုင်သွားပြီလို့ ထင်နေတာလား"
လောင်းချိန်းကျန်းက စုချန်းအား ရက်စက်ကြမ်းကြုတ်သော အမူအရာနှင့် စိုက်ကြည့်ရင်း ပြောလိုက်သည်။
"ကျုပ် ဘာကြောင့် မနိုင်ရမှာလဲ"
စုချန်းက ချက်ချင်းပင် ခွန်းတုံ့ပြန်လိုက်၏။
"ဟေးမျိုးနွယ်စုနဲ့ ချွန်မျိုးနွယ်စုက ခုဆိုရင် လုံးဝ ပြိုကွဲသွားပြီ ဝေမျိုးနွယ်စုနဲ့ ချန်းမျိုးနွယ်စုတို့ကလဲ ခင်ဗျားတို့ အနိင်ကျင့်တာ ခံရလို့ ခင်ဗျားတို့ ပျက်စီးကုန်မှာ ပျော်ပျော်ကြီး လက်ပိုက်ကြည့်နေကြမှာပဲ ဝမ်မျိုးနွယ်စုဟာလဲ မြို့တော်အရှင်သခင်ရဲ့ ဖိအားပေးမှုကို စပြီး ခံစားနေရပြီ သူတို့ ခင်ဗျားတို့ကို ဘာအကူအညီမှ ပေးနိုင်တော့မှ မဟုတ်ဘူး ဒီတော့ ခင်ဗျားတို့ရဲ့ မဟာမိတ်အဖွဲ့မှာ မျိုးနွယ်စုငါးစုပဲ ကျန်တော့တယ်"
"ဒါပေမဲ့ ဒီမျိုးနွယ်စုငါးစုကို မင်း မယှဥ်နိုင်သေးပါဘူးကွာ"
လောင်းချိန်းကျန်းက ပြန်ပြောလိုက်၏။
"ခင်ဗျားတို့ရဲ့ အရင် မဟာမိတ်အဖွဲ့မှာ မျိုးနွယ်စုဆယ်စုလုံး ပါနေတာတောင် ကျုပ်ကို ဘာများ တတ်နိုင်ခဲ့လို့လဲ"
"ဒါကတော့ ကျုပ်က မင်းကို ကူညီခဲ့လို့ပါ"
"ဒါ့ကြောင့်မို့ အရင်တုန်းကလိုပဲ ခင်ဗျားအနေနဲ့ ကျုပ်ကို ကူညီဖို့ ကျုပ်က ပြောနေတာပေါ့ဗျာ"
စုချန်း၏ စကားကြောင့် လောင်းချိန်းကျန်း ချက်ချင်းဆိုသလိုပင် ပါးစပ်ပိတ်သွား၏။
စုချန်းက အားရပါးရ ရယ်မောရင်း စကားဆက်လိုက်၏။
"တွေ့လား အခြေအနေတွေက ဘယ်လောက်ထိ လွယ်ကူနေသလဲဆိုတာ ခင်ဗျားသာ ကျုပ်ကို ကူညီရင် ကျုပ်ဖက်မှာ လောင်းမျိုးနွယ် မူလဗျူရို ကြည်လင်ခြင်းအဖွဲ့ တစ္ဆေကျားအဖွဲ့နဲ့ တတိယမြစ်တပ်ဖွဲ့တို့ ရှိလာမယ် ဒါဆို ကျန်မျိုးနွယ်စုလေးစုကို ရင်ဆိုင်ဖို့ လိုအပ်တာထက်တောင် ပိုနေသေးတယ်"
"အားလုံးပြီးသွားရင်တော့ မင်းက ကျုပ်ကို ရှင်းပစ်မယ်မလား"
"ကျုပ်ဟာ ကျေးဇူးကန်းတတ်တဲ့ လူစားမျိုး မဟုတ်ဘူးဆိုတာ ခင်ဗျား သိပါတယ်လေ"
စုချန်းက စကားဆက်လိုက်၏။
"ကြည်လင်မြစ်မြို့တော်ထဲမှာ တော်ဝင်မျိုးနွယ်စုတွေ လုံးဝ မရှိရဘူးလို့ ကျုပ် မဆိုလိုဘူး သူတို့အနေနဲ့ ဒီမြို့တော်ထဲမှာ နေထိုင်နိင်တယ် ဒါပေမဲ့ တကယ်တမ်းမှာတော့ တော်ဝင်မျိုးနွယ်စုတွေဟာ အလွန်ဖောင်းပွလာတယ် မောက်ကြွားလာတယ် သူတို့ဟာ ဧကရာဇ်ကို မလေးစားဘူး ဥပဒေကို ချိုးဖောက်တယ် မြို့တော်ရဲ့ စီးပွားရေးလုပ်ငန်းမှန်သမျှက်ို လက်ဝါးကြီး အုပ်ထားတဲ့အပြင် အခွန်လဲ မဆောင်ဘူး ဒီလို ဥပဒေပလုပ်ရပ်တွေ လုပ်နေလို့လဲ နှစ်ဖက်လုံးက ခုချိန်ထိ ပြသနာတွေ ဖြစ်နေရတာပေါ့ တကယ်လို့ အနာဂတ်မှာ လောင်းမျိုးနွယ်စုတွေဟာ ဥပဒေနဲ့အညီ နေထိုင်နေသရွေ့ ဘာပြသနာမှ မရှိဘူး ခင်ဗျားတို့ ဒီမြို့တော်ထဲမှာ ရာသက်ပန် စိတ်အေးချမ်းသာစွာ နေထိုင်သွားလို့ရတယ်"
လောင်းချိန်းကျန်း အေးစက်သော လေသံနှင့် ရယ်မောလိုက်သည်။
"တော်ဝင်မျိုးနွယ်စုတွေ ဖောင်းပွလာတာ ဒီမြို့တမြို့ထဲမှာမှ မဟုတ်တာပဲကွ တလောကလုံးမှာ ဖြစ်နေတာပဲဟာ မင်းအနေနဲ့ ကြည်လင်မြစ်မြို့တော်ကို ထိန်းချုပ်နိုင်ပေမဲ့ လူသားမျိုးနွယ်စု တစုလုံးကိုတော့ ထိန်းချုပ်နိုင်ပါ့မလား"
စုချန်းက ချက်ချင်းပင် ပြန်ဖြေလိုက်သည်။
"မထိန်းချုပ်နိုင်ဘူး ဒီလိုလုပ်ဖို့ကိုလဲ ကျုပ် စိတ်မဝင်စားဘူး ခု ဒီလို လုပ်ရတယ်ဆိုတာကလဲ ကျုပ်ဟာ မူလဗျူရိုရဲ့ အရာရှိတယောက် ဖြစ်နေတယ် ဒါ ကျုပ်တာဝန်ပဲဗျ တနေ့မှာ ဒီတာဝန် ပြီးဆုံးတာနဲ့ ကျုပ် ဒီမြို့က ထွက်သွားမယ် အဲဒီအချိန်ကျရင် ဒီမြို့မှာ ဘာတွေပဲ ဖြစ်ကျန်ခဲ့ပါစေ ဒါ ကျုပ်နဲ့ မဆိုင်တော့ဘူး"
စုချန်း၏ စကားကြောင့် လောင်းချိန်းကျန်း အံ့သြသွား၏။
"မင်းဟာ သာမာန်လူတွေကို ရင်ဝယ်သားတွေလို ချစ်ခင်တတ်တဲ့လူလို့ ကျုပ် ထင်နေတာ"
စုချန်း ရယ်မောလိုက်၏။
"ကျုပ် သာမာန်လူတွေကို ချစ်ပါတယ် ဒါပေမဲ့ ကျုပ် တတ်နိုင်သလောက်ပဲ ချစ်တယ် ဒီကမ္ဘာကြီးမှာ လူတွေက အများကြီးလေဗျာ အကုန်လုံးကို ကျုပ် ဘယ်ကူညီနိုင်ပါ့မလဲ ကိုယ်တတ်နိုင်သလောက် အကောင်းဆုံး လုပ်ဆောင်ရုံနဲ့ လုံလောက်ပြီလို့ ကျုပ် ယူဆထားတယ်"
"ဒါပေမဲ့ သွေးဗီဇမပါတဲ့ သာမာန်လူတွေအတွက် လမ်းသစ်တခု ထွင်ပေးဖို့ မင်းက သစ္စာဆိုထားတာမလား"
လောင်းချိန်းကျန်း၏ စကားကြောင့် စုချန်း၏ အပြုံးမှာ ပို၍ ကြည်လင်လာ၏။ ပို၍ တောက်ပလာ၏။
"ဒီတော့ ခင်ဗျားတို့လူတွေ ဒါက်ိုလဲ သိထားကြတာပေါ့ ခင်ဗျားတို့ အတော်လေး ကြိုးစားအားထုတ်ထားတာပဲ ဒါပေမဲ့ ခင်ဗျားတို့ သိထားတာ တခုတော့မှားနေတယ် ကျုပ်သစ္စာဆိုထားတာက သွေးဗီဇကန့်သတ်ချက်ကို ချိုးဖျက်ပြီး လူသားအားလုံး ပိုင်ဆိုင်နိုင်တဲ့ ကျင့်ကြံခြင်းစနစ်တခုကို တည်ဆောက်နိုင်ဖို့ပဲ ကျုပ် တည်ဆောက်တဲ့ စနစ်မှာ လူသားတွေဟာ ကျင့်ကြံဖို့ သွေးဗီဇတွေကို မှီခိုနေစရာ မလိုတော့ဘူး ဒါပေမဲ့ တော်ဝင်မျိုးနွယ်စုတွေကို ဒီကမ္ဘာလောကကြီးပေါ်က ရှင်းထုတ်ပစ်ဖို့တော့ ကျုပ် ဘယ်တုန်းကမှ မပြောခဲ့ဖူးဘူး လူတွေက ကိုယ့်ဖာသာကိုယ် အဓိပ္ပာယ်ဖွင့်နေကြတာဗျ"
"ဒါပေမဲ့ သာမာန်လူတွေ ရှေ့ကိုရောက်လာရင် တော်ဝင်မျိုးနွယ်စုတွေ ထွက်ပြေးတိမ်းရှောင်ကြရတော့မှာပဲ မဟုတ်ဘူးလား"
"ဒါ ကျုပ်နဲ့မဆိုင်ဘူး သာမန်လူသားတွေ အောင်မြင်လာရင် တော်ဝင်မျိုးနွယ်စုတွေ သွယ်ဝိုက်ပြီး နစ်နာဖို့ရှိတယ်ဆိုတာ ကျုပ် သဘောပေါက်တယ် ဒါပေမဲ့ ဒါဟာ ကျုပ်ရဲ့ ရည်မှန်းချက်ပန်းတိုင်မဟုတ်ဘူး သူတို့ကို ပျက်စီးစေဖို့ ရည်ရွယ်ချက်နဲ့လဲ ဒီသစ္စာကို ကျုပ် ဆိုခဲ့တာ မဟုတ်ဘူး ဥပမာအနေနဲ့ ပြောရရင် လူတွေဟာ အစာစားပြီးတိုင်း အညစ်အကြေးတွေ စွန့်ထုတ်လေ့ရှိတယ် ဒါပေမဲ့ အညစ်အကြေးတွေ စွန့်ထုတ်ချင်လို့ အစာစားပါတယ်လို့တော့ ခင်ဗျား ပြောလို့မရဘူးလေ ဒါကြောင့် တော်ဝင်မျိုးနွယ်စေတွေ ရှိခြင်းမရှိခြင်း ပျက်စီးခြင်း မပျက်စီးခြင်းကို ကျုပ် စိတ်မဝင်စားဘူး ကုန်ကုန်ပြောရရင်ဗျာ ကျုပ်ကိုသာ လာမနှောင့်ယှက်နဲ့ သူတို့အကြောင်းကို ခေါင်းထဲထည့်တွေးနေရမှာတောင် ကျုပ်က ပျင်းသေးတယ် ဒါကြောင့် ကြည်လင်မြစ်မြို့တော်မှာ တော်ဝင်မျိုးနွယ်စုတွေ ရှိနေတာ ကျုပ်အတွက် ဘာအကျိုးသက်ရောက်မှုမှ မရှိဘူးလို့ ဆိုနိုင်တယ် ကျုပ်တို့အကြားက ပဋိပက္ခဟာ လူမှုအဆင့်အတန်းကြောင့် ဖြစ်လာတဲ့ ပဋိပက္ခမဟုတ်ဘူး ကျုပ်အနေနဲ့ ကျုပ်တာဝန်ကို ကျုပ် လုပ်ဆောင်တဲ့ သဘောပဲရှိတယ် ဒါကို ခင်ဗျားတို့က သဘောမကျဘူး ကျုပ်ကို ရန်ပြုဖို့ ကြိုးစားလာတယ် ဒီကနေမှ ကျုပ်တို့ ပဋိပက္ခဟာ ပိုပိုပြီး ပြင်းထန်လာတာပဲ"
လောင်းချိန်းကျန်း ကြက်သေသေသွားလေပြီ။ တချိန်တည်းမှာပင် စုချန်းက ပြသနာရှာနေသော ချီစွမ်းအားပညာရှင်နှစ်ယောက်အား ဖမ်းခေါ်ရာမှ ပြသနာအစပြုခဲ့ခြင်းဖြစ်ကြောင်း သူ သတိပြန်ရလာ၏။
တကယ်တော့ စုချန်းသည် မူလဗျုရို၏ အရာရှိတယောက်ပီပီ သူ လုပ်ဆောင်ရမည့်တာဝန်ကို ကျေပြွန်အောင် လုပ်ဆောင်ခြင်းသာ ဖြစ်သည်။ သို့သော် တော်ဝင်မျိုးနွယ်စုများ၏ အမြင်တွင်တော့ ၎င်းမှာ တမင်သက်သက် ရန်စသလို ဖြစ်နေ၏။ ထိုအတွက် စုချန်းအား နှိမ်နှင်းရန် တော်ဝင်မျိုးနွယ်စုများဘက်မှ စတင်လုပ်ဆောင်လာခဲ့သည်။
အကျိုးဆက်မှာကား စုချန်းက သူ့အတွက် အကာအကွယ် ရစေရန် အန်းစီယွမ်အား သွားရောက်တွေ့ဆုံလိုက်ခြင်းပင်။ ထိုအတိုင်ခင်က စုချန်းသည် အန်းစီယွမ်ကို တခါမှပင် မမြင်ဖူးသေး။
"လက်စသတ်တော့ ဒီလိုကိုး...မင်း ကိုယ့်တာဝန် ကိုယ်ထမ်းဆောင်ရာကနေ ဒါတွေအားလုံး အစပြုလာရတာပေါ့ ဟုတ်လား"
"ဒါပေမဲ့ ဒါဟာ ဘာမှမထူးဆန်းဘူး အမှန်တရားဟာ အမှန်တရားပဲ သူ့ကို ပြုပြင်ပြောင်းလဲလို့မှ မရတာကိုးဗျ"
စုချန်းက ပြန်ပြောလိုက်သည်။
"တော်ဝင်မျိုးနွယ်စုတွေအနေနဲ့ ဒီအတိုင်း ပြုကျင့်နေသမျှ ဒီလို ပဋိပက္ခမျိုးက အနှေးနဲ့အမြန် ဖြစ်လာမှာပဲ အချိန်ပဲ ကွာသွားလိမ့်မယ် ပဋိပက္ခကတော့ ဖြစ်ကိုဖြစ်မှာပဲ"
"မင်းပြောတာ မှန်ပါတယ်"
လောင်းချိန်းကျန်း ဝန်ခံလိုက်၏။ တော်ဝင်မျိုးနွယ်စုများဟူသည် အလွန် ဝင့်ကြွားသူများ ဖြစ်သည်။ စုချန်းကဲ့သို့ သာမာန်လူတဦး၏ အရေးယူမှုကို မည်သို့မှ လက်ခံလိမ့်မည်မဟုတ်။ ထိုအခါ ပဋိပက္ခ ကတော့ ဖြစ်ကို ဖြစ်လာလိမ့်မည်သာ။
လောင်းချိန်းကျန်း နောင်တရလာ၏။ သို့သော်များစွာ နောက်ကျသွားခဲ့လေပြီ။
စုချန်းက စကားဆက်လိုက်ပြန်သည်။
"ကဲ ခင်ဗျားကို ကျုပ် ပြောစရာရှိတာ အကုန်ပြောပြီးသွားပြီ ကျုပ်အနေနဲ့ တော်ဝင်မျိုးနွယ်စုတွေကို အသလွတ် မုန်းတီးနေတာမျိုး လုံးဝမရှိဘူး ခုချိန်ထိ ကျုပ် လုပ်ဆောင်နေသမျှဟာ တာဝန်အရပဲ ဖြစ်တယ်"
လောင်းချိန်းကျန်း အလေးအနက် စဥ်းစားနေ၏။ ထို့နောက် သူက ပြောလိုက်သည်။
"ဒါဆိုရင် မင်းအနေနဲ့ လူတိုင်းကို သတ်ပစ်နေစရာ မလိုဘူးပေါ့ တကယ်လို့ တော်ဝင်မျိုးနွယ်စုတွေဟာ နောင်တရလာပြီ ပြသနာမဖြစ်ချင်တော့ဘူး ဒါကြောင့် အခြေအနေကို ညှိညှိနှိုင်းနှိုင်းနဲ့ ဖြေရှင်းဖို့ တောင်းဆိုလာရင်ကော"
စုချန်း ခေါင်းခါလိုက်သည်။
"စေ့စပ်ညှိနှိုင်းဖို့ကို ကျုပ်ဖက်က သဘောတူနိုင်တယ် ဒါပေမဲ့ အခြေအနေ တခုအောက်မှာပဲ သဘောတူနိုင်မယ်"
"ဘယ်လို အခြေအနေမျိုးကို ဆိုလိုတာလဲ"
"အလင်းတုန်ခါခြင်းနယ်ပယ်ပညာရှင်...ဧကရာဇ်ရဲ့ အာဏာကိုတောင် ဖီဆန်နိုင်တဲ့ အလင်းတုန်ခါခြင်းနယ်ပယ်ပညာရှင်မျိုး ဒီမြို့မှာ မလိုအပ်ဘူး"
"........."
"ဧကရာဇ်၏ အာဏာစက်ကို ဖီဆန်ဝံ့လောက်သည့် အလင်းတုန်ခါခြင်းနယ်ပယ်ပညာရှင်ဟူ၍ ကြည်လင်မြစ်မြို့တော်တွင် တဦးတည်းသာ ရှိနေ၏။ ထိုသူမှာ ဝမ်ကျန်းယုပေတည်း။
ဝမ်ကျန်းယုသည် ကြာပန်းသုံးပွင့်အဆင့်ရှိ အလင်းတုန်ခါခြင်းနယ်ပယ်ပညာရှင်ဖြစ်ပြီး အလွန်အင်အားကြီးမားသူ ဖြစ်သည်။ တနည်းအားဖြင့် ၎င်းသည် ကြည်လင်မြစ်မြို့တော်ရှိ တော်ဝင်မျိုးနွယ်စုများအားလုံး၏ အုတ်မြစ်ဟုလည်း ဆိုနိုင်သည်။
ဝမ်ကျန်းယု မရှိတော့မှ ငြိမ်းချမ်းရေးဆွေးနွေးရန် စုချန်းက လက်ခံမည်ဟု ဆိုလိုက်ခြင်းပင်။
"ခြွင်းချက် ရှိသေးလား"
"ဘာခြွင်းချက်မှ မရှိဘူး"
စုချန်း ပြတ်ပြတ်သားသားပင် ပြောလိုက်၏။
ဝမ်ကျန်းယု သေကိုသေရမည်။
သူမသေလျင် စုချန်း သက်သာမည်မဟုတ်။ ထိုနည်းတူစွာ အန်းစီယွမ်လည်း သက်သာမည်မဟုတ်။
တဖက်တွင်လည်း ဝမ်ကျန်းယုသာ သေသွားပါက တော်ဝင်မျိုးနွယ်စုများအားလုံး မာန်လျော့သွားမည်မှာ သေချာနေ၏။
တကယ်တော့ စုချန်းနှင့် အန်းစီယွမ်တို့အတွက်လည်း တော်ဝင်မျိုးနွယ်စုများအားလုံးကို ရှင်းပစ်ရန် မလိုအပ်။ ထိုသို့ ရှင်းပစ်နိုင်ဖို့လည်း မလွယ်လှ။ သူတို့ တကယ်လိုအပ်သည်မှာ တော်ဝင်မျိုးနွယ်စုများအားလုံး မာန်လျော့ပြီး အမိန့်နာခံလာရန်သာ ဖြစ်သည်။
သဘောထားတင်းမာသူများကို ရှင်းထုတ်ပစ်မည်။ စုစည်းနေသူများကို ခွဲထုတ်ပစ်မည်။ သန်မာသူများကို အားနည်းသွားစေမည်။ နောက်ဆုံးတွင် အမိန့်နာခံတတ်သောသူများသာ ကျန်ရစ်ခဲ့ပေလိမ့်မည်။
ဤသည်မှာ စုချန်း၏ အစီအစဥ်ပေတည်း။
"သူတို့အားလုံး အမိန့်နာခံလာဖို့ မင်း ဘယ်လိုလုပ်မှာလဲ"
"ကျုပ်အနေနဲ့ သူတို့ကို မက်လုံးတွေ ပေးနေစရာ မလိုဘူး ဘာကြောင့်လဲဆိုတော့ ကျုပ်ဟာ သူတို့ကို ခြိမ်းခြောက်နိုင်တဲ့ အနေအထားကို ရောက်နေပြီမို့လို့ပဲ"
စုချန်း၏ လေသံမှာ ပြတ်သားတင်းမာနေ၏။
"ကျုပ်အရင်ဆုံး သူတို့ကို သတိပေးမယ် ဒီအချိန်မှာ ကျုပ်ပြောတဲ့အတိုင်း ဦးညွတ်လိုက်ရင်တော့ သူတို့အတွက် အကောင်းဆုံးပဲ ဒီအခြေအနေမှာ မလိုက်နာသေးဘူးဆိုရင်တော့ ကျုပ်က သူတို့ကို ဆုံးမမယ် ဒါကိုလဲ ထပ်ပြီးခေါင်းမာနေရင်တော့ ကျုပ် သူတို့ကို ရှင်းပစ်မယ် ခုဆိုရင် တော်ဝင်မျိုးနွယ်စု ဆယ်စုထဲက နှစ်စုဟာ မျိုးတုန်းသွားပြီး ကျန်တဲ့ နည်းနည်းကို ထပ်ပြီး ရှင်းပစ်လို့လဲ ဘာမှ မထူးတော့ဘူး"
"မင်း သူတို့လူတွေ အများကြီး သတ်ပြီးမှ သူတို့ကို ခြိမ်းခြောက်မယ်ပေါ့ ကျုပ်အထင် မင်းနည်းလမ်းက မလွယ်လောက်ဘူး"
"သူတို့ဘက်က အနိုင်ရဖို့ အခွင့်အရေး မရှိတော့ဘူးဆိုတာ သဘောပေါက်သွားရင် ဒီကိစ္စက အများကြီး လွယ်သွားမှာပါလေ"