အလောင်းအစားတိုက်ပွဲ ၁
Vol. 50 Ch. 492
လင်းမျိုးနွယ်စု အိမ်တော်တွင် ဖြစ်သည်။
လင်းမျိုးနွယ်စု၏ သွေးဗီဇမှာ ငွေလရောင်သိမ်းငှက် သွေးဗီဇ ဖြစ်သည်။ ၎င်းမှာ တချိန်က စုချန်း၏ အရိပ်မူလပစ္စည်းစွမ်းရည်ကို ဖျက်ဆီးပစ်ခဲ့သော ချီစွမ်းအားပညာရှင်၏ သွေးဗီဇနှင့်အတူတူပင်။
ချွန်ထန်းယွဲ့အား သတ်ဖြတ်ပြီးသည်နှင့် စုချန်းသည် အနည်းငယ်မှ ရပ်နားခြင်းမပြုပဲ ကျန်လူများအား ဦးဆောင်ကာ လင်းမျိုးနွယ်စု နေထိုင်သည့် ငွေလရောင်လမ်းကြားသို့ ဆက်လက်ချီတက်လာခဲ့၏။
ဤတကြိမ်တွင်တော့ သူတို့သည် ခြုံခိုတိုက်ခိုက်ခြင်းမပြုတော့။ ထိုအစား ရှေ့တံခါးမှပင် ပေါ်တင် ဝင်ရောက်လာခဲ့ကြ၏။
ဟေးမျိုးနွယ်စု တိုက်ခိုက်ခံရပြီးချိန်မှစ၍ ကျန်မျိုးနွယ်စုများသည် အလစ်ငိုက် မခံရစေရန် ၎င်းတို့၏ လုံခြုံရေးကို အထူးပင် ဂရုစိုက်ပြင်ဆင်ထားခဲ့ကြ၏။ ထို့ကြောင့် စုချန်းတို့အနေနှင့် ရုတ်တရက် ဝင်ရောက်တိုက်ခိုက်ရန် အရေးမသာတော့။ ယခုအချိန်သည်ကား ရန်သူကို ပွင့်ပွင့်လင်းလင်း စိန်ခေါ်တိုက်ခိုက်ရမည့်အချိန်ပင်တည်း။
ထိုအတွက်ကြောင့်လည်း စုချန်း ဦးဆောင်သောအဖွဲ့သည် ရဲရဲတင်းတင်းပင် ဝင်ရောက်တိုက်ခိုက်လိုက်ခြင်း ဖြစ်သည်။
သူတို့၏ ခြေလှမ်းများမှာ မြန်ဆန်နေ၏။ သွက်လက်နေ၏။
သူတို့၏ ဝတ်ရုံများမှာ လေတွင်တလူလူ လွင့်နေ၏။
သူတို့၏ စိတ်ဓာတ်များမှာ မိုးထိုးအောင် မြင့်မားနေ၏။
စုချန်းသည် မြောက်များလှစွာသော သူ့လက်အောက်ငယ်သားများအား လင်းအိမ်တော်ဂိတ်တံခါးဝဆီသို့ ဦးတည်စေလိုက်လေသည်။
စုချန်းတို့လူစု ရောက်ရှိလာသည်နှင့် လင်းအိမ်တော်ဝင်း အနှံ့အပြားတွင် အစောင့်များ၊ ကျွမ်းကျင်ပညာရှင်များ၊ လင်းအိမ်တော်တပည့်လက်သားများ ရုတ်ချည်းဆိုသလို ပေါ်ပေါက်လာပြီး အိမ်တော်အဝင်လမ်းကို ပိတ်ဆို့ထားလိုက်၏။
သို့သော် စုချန်းနှင့် သူ့လူများအား မြင်လိုက်သည်နှင့် လင်းအိမ်တော်ဘက်တော်သားများမှာ စိတ်ပျက်ကုန်ကြလေသည်။
အကြောင်းမှာ စုချန်းနှင့်အတူပါလာသော လူအုပ်စုမှာ အလွန်ပင် များပြားနေသောကြောင့်ပင်။
ကြည်လင်ခြင်းအဖွဲ့၊ တစ္ဆေကျားအဖွဲ့၊ တတိယမြစ်တပ်ဖွဲ့နှင့် မူလဗျူရိုမှ ချီစွမ်းအားပညာရှင်များပါ စုချန်းနှင့်အတူ ပါလာ၏။ ကျန်အဖွဲ့များ မဆိုထားနှင့်၊ မူလဗျူရိုတဖွဲ့တည်းမှာပင် ချီစွမ်းအားပညာရှင် ရာနှင့်ချီ၍ ရှိနေ၏။
ထောင်နှင့်ချီသော တိုက်ခိုက်ရေးတပ်သားများကား လင်းအိမ်တော်ကို ဝိုင်းပတ်ပိတ်ဆို့ထားခဲ့လေပြီ။ စုချန်းသည် အားလုံး၏ ရှေ့တွင် လင်းအိမ်တော်ဂိတ်တံခါးကို မျက်နှာမူလျက် ရပ်နေ၏။ သူ့နောက်တွင် ကျန်းစီချွေ့၊ ဝန်ဝေစင်း၊ ယွမ်လီယန်၊ တွန့်ဖန်းနှင့် ကျန်လူများ အသီးသီး ရှိနေကြလေသည်။
လင်းအိမ်တော်နှင့် ထိပ်တိုက်ရင်ဆိုင်ရမည့် အခြေအနေကြောင့် စုချန်းတယောက် တပ်ဖွဲ့ကြီးတဖွဲ့လုံးကို တပါတည်း ခေါ်လာခြင်းပင်။ အချိန်ကြာမြင့်စွာ လေ့ကျင့်ပေးထားသော မူလဗျူရိုမှ အဖွဲ့သားများကား ၎င်းတို့၏ အသုံးဝင်မှုကို လက်တွေ့ပြသရမည့် အချိန်ဆိုက်ရောက်လာခဲ့လေပြီ။ လင်းအိမ်တော်ရှေ့တွင် စုဝေးနေသော လူအုပ်ကြီးကို မြင်သောအခါ လင်းဖန်းထန်၏ နှလုံးသားသည် ပြင်းထန်စွာ တုန်ခါသွား၏။ စုချန်းတယောက် ကြီးမားသော တပ်ဖွဲ့ကြီး စေလွှတ်လိုက်ပြီဟု ကြားမိသောအခါ မူလက လင်းဖန်းထန် ရယ်သွမ်းသွေးမိသေးသည်။ သို့သော် တကယ်လက်တွေ့ကြုံလိုက်ရချိန်တွင်တော့ သူ မရယ်နိုင်တော့။
စုချန်း၏ တပ်ဖွဲ့ကား အင်အားကြီးမားလှချေသည်တကား။ နောက်ဆုံးတော့ သူတို့အားလုံး စုချန်းကို လျှော့တွက်မိခဲ့ကြလေပြီ။
တကယ်တော့ သူတို့သည် စုချန်းအား အမြဲတမ်း လျှော့တွက်မိခဲ့ကြ၏။ ထိုအတွက် အကျိုးဆက်မှာကား စုချန်းက ဝှက်ဖဲတချပ်ကို ဆွဲထုတ်လိုက်တိုင်း သူတို့အတွက် ခါးသီးသော အတွေ့အကြုံများသာ ရရှိလာစေခြင်းပင်။
ယခုတကြိမ် ထိုအကျိုးဆက်ကို လက်တွေ့ခံစားရမည့်သူကတော့ လင်းမျိုးနွယ်များပင် ဖြစ်သည်။ စုချန်းကို ရွံရှာမုန်းတီးစွာ စိုက်ကြည့်ပြီး လင်းဖန်းထန်က ပြောလိုက်သည်။
"မူလဗျူရိုအကြီးအကဲစု လက်စသတ်တော့ မင်းပဲကိုး ဒါဆိုရင် ခုဖြစ်နေတဲ့ ပြသနာတွေအားလုံးရဲ့ နောက်ကွယ်က လက်သည်ဟာ မင်းပဲပေါ့ ဟုတ်လား"
စုချန်း ပြုံးလိုက်၏။
"ခင်ဗျား ပြောပုံအရ ကျုပ်ကပဲ ခင်ဗျားတို့ကို တချိန်လုံး ဒုက္ခပေးဖို့ ကြိုးစားနေသလိုကြီး တောင်ပိုင်းတောအုပ်မှာ ဘာတွေဖြစ်ခဲ့သလဲဆိုတာ ခင်ဗျား မေ့သွားပြီနဲ့တူတယ်"
စုချန်း၏ စကားကြောင့် လင်းဖန်းထန် တကိုယ်လုံး အေးခဲသွား၏။
"ဒါက ဝမ်မျိုးနွယ်စုရဲ့ အကြံပဲကွ ကျုပ်တို့နဲ့ ဘာမှ မဆိုင်ဘူး"
စုချန်း ခေါင်းခါလိုက်သည်။
"ခင်ဗျား အကြံ ဟုတ်ဟုတ် မဟုတ်ဟုတ် အဲဒီအကြံကို အကောင်အထည်ဖော်တဲ့နေရာမှာ ခင်ဗျား လက်တွေ့ဝင်ပါခဲ့တယ် ခင်ဗျားရဲ့ လက်မှာ ကျုပ်လူတွေရဲ့ သွေးတွေ စွန်းထင်းနေပြီ ဒီအခြေအနေမှာ ကိုယ်လွတ်ရုန်းဖို့ကြိုးစားတာ သိပ်ပြီး အဓိပ္ပာယ်မရှိလှပါဘူးလေ ကျုပ်ပြောတာ ဟုတ်ရဲ့လား"
လင်းဖန်းထန် သက်ပြင်းချပြီး ခေါင်းညိတ်လိုက်၏။
"မင်း ပြောတာ မှန်ပါတယ် ခုချိန်မှ ကိုယ်လွတ်ရုန်းဖို့ ကြိုးစားတာ ဘာအဓိပ္ပာယ်မှ မရှိတော့ပါဘူး"
"ဒါပေမဲ့ လောကကြီးမှာ ပြေလည်အောင် မဖြေရှင်းနိုင်တဲ့ ပြသနာဆိုတာ မရှိဘူး ခင်ဗျားအနေနဲ့ ဒီပြသနာထဲက ရုန်းထွက်နိုင်ဖို့ တနည်းတော့ ကျန်သေးတယ်"
လင်းဖန်းထန် အံ့သြသွား၏။
"ဘယ်လိုနည်းလမ်းမျိုးလဲ"
စုချန်းက ပြောလိုက်သည်။
"လက်နက်ချလိုက်ပါ"
"ကျုပ်ဘယ်လိုလုပ် လက်နက်ချနိုင်မှာလဲ"
လက်နက်ချ အညံ့ခံလိုက်ရုံနှင့် ဤပြသနာ ပြေလည်သွားပြီဟု ယူဆရလောက်အောင် လင်းဖန်းထန်သည် နုံအနေသူ မဟုတ်။
"လူတွေဟာ ဘုရင်နေရာလုဖို့အတွက် တိုက်ခိုက်ကြပြီဆိုရင် ဘယ်လို အဆုံးသတ်သွားလေ့ရှိသလဲ"
စုချန်း၏ စကားကြောင့် လင်းဖန်းထန် တုန်လှုပ်သွား၏။
အကြောင်းမှာ စုချန်း၏ ဆိုလိုရင်းအား သူ နားလည်လိုက်ခြင်းကြောင့်ပင်။
ဘုရင်တပါး နတ်ရွာစံသွားပြီးနောက် ဘုရင့်အရိုက်အရာကို ဆက်ခံနိုင်ရန် မင်းညီမင်းသားများသည် အချင်းချင်း ပြန်လည်တိုက်ခိုက်လေ့ရှိကြသည်။ ထိုအနေအထားတွင် ရှုံးနိမ့်သူသည် ကွက်မျက်ခံရပြီး အနိုင်ရသွားသူက ဘုရင်ဖြစ်လာလေ့ရှိသည်။ ဤနေရာတွင် သတိပြုရန်မှာ အနိုင်ရသွားသူသည် တခြားအုပ်စုမှ အရေးမပါသူများကို သာမာန်အားဖြင့် ခွင့်လွှတ်နိုင်ကြသော်လည်း ထိုအုပ်စု၏ခေါင်းဆောင်အား ဘယ်သောအခါမှ ခွင့်လွှတ်လေ့မရှိပေ။
ထို့ကြောင့် စုချန်း၏ဆိုလိုရင်းက ရှင်းနေ၏။ သူသည် တခြားမည်သူကိုမဆို ခွင့်လွှတ်နိုင်သည်။ ဝမ်မျိုးနွယ်စုကိုတော့ လုံးဝ ခွင့်မလွှတ်နိုင်ဟု ဆိုလိုလိုက်ခြင်းပင်။
လင်းဖန်းထန် မတုန်လှုပ်ပဲ အဘယ်မှာ ရှိတော့မည်နည်း။
သူက ထိတ်လန့်တကြားနှင့် ပြောလိုက်သည်။
"မဖြစ်ဘူး ကျုပ် လက်နက်မချနိုင်ဘူး"
စုချန်း ခေါင်းညိတ်လိုက်သည်။
"ခင်ဗျား ဒီလိုပဲ ပြောလိမ့်မယ်လို့ ကျုပ် မျှော်လင့်ထားပြီးသားပါ ဒါပေမဲ့ စိတ်မပူပါနဲ့ ဒီလိုဆိုရင်ကော ခင်ဗျားနဲ့ ကျုပ် အလောင်းအစားလေးတခု လုပ်ကြည့်ကြရအောင်"
အလောင်းအစား...
ဘာအလောင်းအစားလဲ...
စုချန်းက စကားဆက်လိုက်ပြန်သည်။
"ကျုပ်တို့ ပြိုင်ပွဲလေးတပွဲ လုပ်ကြည့်မယ် ဒီလိုဗျာ ကျုပ်ဘက်က သာမာန်သိုင်းသမား အယောက်၂၀၀ ရွေးမယ် ခင်ဗျားဘက်က သာမာန်သိုင်းသမား ၁၈၀နဲ့ ချီစွမ်းအားပညာရှင်အယောက်၂၀ ရွေး ပြီးရင် သူတို့အချင်းချင်း ချခိုင်းမယ် ဒီပွဲမှာ ကျုပ်တို့နိုင်သွားရင် ခင်ဗျား လက်နက်ချ အညံ့ခံရမယ် ကျုပ်တို့ ရှုံးသွားရင် ဒီနေရာကနေ ချက်ချင်းထွက်သွားမယ် ကဲ ဘယ့်နှယ်လဲ"
စုချန်းဘက်က သာမာန်သိုင်းသမား၂၀၀ကို သူ့ဘက်က သိုင်းသမား၁၈၀နဲ့ ချီစွမ်းအားပညာရှင်၂၀ ပေါင်းပြီး တိုက်ရမယ်ဆိုပါလား..
လင်းဖန်းထန် ၏ မျက်လုံးအစုံသည် ဝင်းလက်တောက်ပလာ၏။
ထို့နောက် သူက မေးလိုက်သည်။
"မင်း တကယ် ပြောနေတာလား ဒါမှမဟုတ် ကျုပ်အင်အားကို ခွဲပစ်ဖို့ ကြိုးစားနေတာလား"
စုချန်း မသိမသာ ပြုံးလိုက်၏။
"ကျုပ် ဖြစ်စေချင်တာက ခင်ဗျားအနေနဲ့ ကိုယ့်အခြေအနေကို ကိုယ်သိဖို့ပဲ တကယ်လို့ ကျုပ်ကသာ လှည့်ကွက်တခုခုသုံးပြီး နိုင်သွားရင် ခင်ဗျားအနေနဲ့ ရှုံးသွားသည့်တိုင် စိတ်ကျေနပ်မှာ မဟုတ်ဘူး ဒါကြောင့်ကျုပ်က ဒီအလောင်းအစားကို စီစဥ်လိုက်တာ ဒီလိုအနေအထားမှာမှ ခင်ဗျား ရှုံးသွားရင်တော့"
လင်းဖန်းထန် ပွင့်ပွင့်လင်းလင်းပင် ပြောလိုက်၏။
"ဒီလိုအနေအထားမှာမှ ကျုပ်တို့ဘက်က ရှုံးသွားရင် လင်းမျိုးနွယ်စုအနေနဲ့ လုံးဝ လက်နက်ချလိုက်မယ်"
တကယ်တော့ သာမာန်သိုင်းသမားများနှင့် ချီစွမ်းအားပညာရှင်များအကြား ခြားနားချက်မှာ နည်းနည်းနောနော မဟုတ်။ ၎င်းသည် ယန်ဖွင့်လှစ်ခြင်းနယ်ပယ်ပညာရှင်တယောက်နှင့် အလင်းတုန်ခါခြင်းနယ်ပယ်ပညာရှင်တယောက် ကွာခြားသကဲ့သို့ပင် ကွာခြားနေ၏။ လက်ရှိတွင် စုချန်းစကားအရ လင်းဖန်းထန်ဘက်တွင် ချီစွမ်းအားပညာရှင် ၂၀ အသုံးပြုခွင့်ရနေ၏။ ဤအခွင့်အရေးမှာ နည်းနည်းနောနော အခွင့်အရေး မဟုတ်။ ထို့ကြောင့် စုချန်း၏ အဆိုကို လင်းဖန်းထန် သဘောတူလိုက်လေသည်။
လင်းဖန်းထန်၏ စကားကို ကြားသည်နှင့် စုချန်းက အားရပါးရ ရယ်မောရင်း နောက်သို့ ခြေလှမ်းအနည်းငယ် ဆုတ်ပေးလိုက်သည်။ ထိုအခါ စုချန်း၏ နောက်မှ သိုင်းသမားတချို့ ရှေ့သို့တက်လာ၏။
ထိုသိုင်းသမားများသည် စုချန်းကိုယ်တိုင် စိတ်တိုင်းကျ ရွေးချယ်ထားသူများ ဖြစ်သည်။ ၎င်းတို့ တဦးချင်းစီတိုင်းသည် အသားအရေ ညိုမောင်းပြီး သန်မာထွားကျိုင်းကြကုန်၏။ ၎င်းတို့၏ ကိုယ်ပေါ်တွင်တော့ ထူးဆန်းသော ဆေးမှင်မျိုးစုံကို ရေးထိုးထားလေသည်။
လင်းဖန်းထန်ဘက်မှလည်း ချက်ချင်းပင် ချီစွမ်းအားစုဆောင်းခြင်းနယ်ပယ်အဆင့် ပညာရှင်အယောက် ၂၀နှင့် သာမာန်သိုင်းသမား အယောက် ၁၈၀တို့ကို ရွေးထုတ်လိုက်၏။
နှစ်ဘက်စလုံး ပြင်ဆင်ပြီးသည်နှင့် စုချန်းက အော်ဟစ်ပြောဆိုလိုက်သည်။
"တိုက်ပွဲစပြီဆိုတာနဲ့ ဘယ်ဘက်ကမှ နောက်ဆုတ်လို့ မရတော့ဘူး အဖြေထွက်တဲ့အထိ တိုက်ခိုက်ရမယ် ကဲ စနိုင်ပြီ"
ပြင်းထန်သော တိုက်ပွဲကား စတင်ခဲ့လေပြီ။
တိုက်ပွဲစတင်ပြီး သိပ်မကြာမီမှာပင် စုချန်းဘက်မှ သိုင်းသမားများ၏ ကိုယ်ခန္ဓာသည် သွေးကဲ့သို့ အလင်းရောင်များ ဝင်းလက်တောက်ပလာကြောင်း လင်းဖန်းထန် တွေ့လိုက်ရသည်။ တချိန်တည်းမှာပင် ၎င်းတို့သည် သေရမည်ကို မကြောက်ရွံ့တော့ပဲ ရက်စက်ကြမ်းကြုတ်စွာ တိုက်ခိုက်လာ၏။ ၎င်းတို့၏ ပုံစံမှာ ထူးခြားသော ဆေးတမျိုးကို သောက်သုံးလိုက်ရသည်နှင့် တူနေလေသည်။
တချီတွင်တော့ လင်းမျိုးနွယ်စုဘက်မှ သိုင်းသမားတဦးသည် စုချန်းဘက်မှ သိုင်းသမားတဦးအား ဓားနှင့် ခုတ်ချလိုက်၏။ သို့သော် ၎င်း၏ ဓားချက်မှာ ဖယ်ထုတ်ခံလိုက်ရပြီ ရန်သူ၏ ဓားကသာ သူ့ရင်ဘတ်သို့ အကြိမ်ပေါင်းများစွာ စိုက်ဝင်သွားလေသည်။
ရက်စက်ကြမ်းကြုတ်လှသော မြင်ကွင်းပေတည်း။
၎င်းကိုကြည့်ရင်း လင်းဖန်းထန် ရင်တုန်သွား၏။
"ဒါ ဘာလဲဟ"
ထိုအချိန်မှာပင် လင်းဖန်းထန်၏ နားအတွင်းသို့ အသံတသံ တိုးဝင်လာ၏။ စုချန်း၏ စကားသံ ဖြစ်သည်။
"လူတယောက်ရဲ့ ကိုယ်ခန္ဓာကို မူလစွမ်းရည်တွေ ပေးစွမ်းနိုင်တဲ့ လျို့ဝှက်နည်းစနစ်တရပ်ကို ကျုပ် တီထွင်နိုင်ခဲ့ပြီ ခင်ဗျား ခုတွေ့နေရတာ စစ်သည်တော်ရဲ့ သွေး နဲ့ ကျွဲရိုင်းတကောင်ရဲ့ ခွန်အား လို့ ခေါ်တယ် လူတယောက်ရဲ့ စိတ်ဓာတ်နဲ့ခွန်အားကို ပြောင်းလဲသွားစေနိုင်တဲ့ ရှေးဟောင်းအာကင်နာနည်းစနစ်တွေပေါ့ဗျာ စစ်သည်တော်ရဲ့ သွေးကတော့ သေရမှာ မကြောက်တော့ပဲ တစ္ဆေသူရဲတကောင်လို တိုက်ခိုက်လာစေတယ် ကျွဲရိုင်းတကောင်ရဲ့ ခွန်အားကတော့ မမောမပန်း မနာကျင်တော့ပဲ အချိန်ကြာမြင့်စွာ တိုက်ခိုက်လာစေတယ် ခင်ဗျား ဘယ်လိုသဘောရသလဲ မဆိုးဘူးမလား"
လင်းဖန်းထန် လှည့်ကြည့်လိုက်ရာ စုချန်းတယောက် သူ့ဘေးနား ရောက်နေကြောင်း တွေ့လိုက်ရသည်။
"ဒါ လှည့်စားတာပဲကွ"
လင်းဖန်းထန် မကျေမနပ် ရေရွတ်လိုက်၏။
"သူတို့ မူလစွမ်းရည်တွေကို အသုံးပြုလို့ မရဘူးလေ"
စုချန်းက ပြန်ပြောလိုက်၏။
"ကျုပ်ဘက်က မူလချီစွမ်းအားပညာရှင် မသုံးဘူးလို့ပဲ ပြောခဲ့တာ မူလစွမ်းရည်တွေ မသုံးဘူးလို့ မပြောခဲ့ဘူးလေဗျာ ဒီမယ် လင်းဖန်းထန် ကျုပ်မှာ အကြောင်းပြချက် ကောင်းကောင်းမရှိပဲ ဒီလို အခွင့်အရေးမျိုး မပေးဘူးဆိုတာလောက်တော့ ခင်ဗျား သိထားဖို့ကောင်းတာပေါ့ဗျာ"
စုချန်း၏ စကားမှာ ကြောင်းကျိုးခိုင်လုံလှပေရာ လင်းဖန်းထန် ဘာပြောရမှန်းမသိ ဖြစ်သွား၏။