အလောင်းအစားတိုက်ပွဲ ၂
Vol. 50 Ch. 493
"တိုက်ကြစမ်းဟေ့"
အော်ဟစ်သံနှင့်အတူ တိုက်ပွဲစည်းဝိုင်းအတွင်း ဓားရောင်များ ဝင်းဝင်းထကုန်၏။
သာမာန်သိုင်းသမားများ၏ တိုက်ပွဲဟူသည် ချီစွမ်းအားပညာရှင်များ၏ တိုက်ပွဲကဲ့သို့ ရင်သပ်ရှုမောစရာ မကောင်းလှ။ ၎င်းတို့၏ တိုက်ပွဲသည် ဒဲ့ဒိုးဆန်၏။ သွေးချောင်းစီးနေ၏။ အင်အားနှင့် ရဲရင့်မှုသာလျင် အခရာကျသော တိုက်ပွဲမျိုး ဖြစ်သည်။
'စစ်သည်တော်၏ သွေး' စွမ်းပကားကြောင့် စုချန်း၏ သိုင်းသမားများသည် ကြောက်စိတ်ဟူ၍ တစက်မှမရှိပဲ အတင်းဝင် အတင်းခုတ်နှင့် တိုက်ခိုက်နေ၏။ ထိုအခါ တိုက်ပွဲစသည်ဟေ့ဆိုသည်နှင့် ပတ်ဝန်းကျင်တခုလုံး သွေးများဖြင့် ရဲပဒေါင်းခတ်ကုန်တော့သည်။
ပထမတချီ ရင်ဆိုင်တိုးမိချိန်မှာပင် လင်းမျိုးနွယ်ဘက်မှ သိုင်းသမားများသည် နောက်သို့ ဒရောသောပါနှင့် ဆုတ်ပေးလိုက်ရ၏။ ၎င်းကိုကြည့်ရင်း လင်းဖန်ထန် အသက်ရှုကျပ်လာသလို ခံစားလိုက်ရသည်။
သို့သော် သူသည် ကိုယ့်ကိုယ်ကို စိတ်သက်သာရအောင် အတင်းပင် ကြိုးစားနေ၏။
ငါတို့မရှုံးဘူး...ငါတို့ဘက်မှာ ချီစွမ်းအားပညာရှင်တွေ ရှိတယ်...
ငါတို့မရှုံးဘူး...ငါတို့ဘက်မှာ ချီစွမ်းအားပညာရှင်တွေ ရှိတယ်...
တကယ်လည်း သာမာန်သိုင်းသမားများထက် အဆင့်များစွာ မြင့်မားသည့် ချီစွမ်းအားပညာရှင်အယောက်၂၀သည် လင်းဖန်းထန်အတွက် အသက်ရှုချောင်စရာ၊ တနည်းအားဖြင့် အနိုင်ရရှိရန် မျှော်လင့်ချက်အရင်းအမြစ်ပင် မဟုတ်ပါလား။
အဆိုပါ အယောက်၂၀ကို လင်းဖန်းထန် ဂရုတစိုက်နှင့် ရွေးချယ်ထားခဲ့ခြင်း ဖြစ်သည်။ လူတိုင်းနီးပါးသည် သူတို့အဆင့်တွင် လင်းအိမ်တော်၌ အဆင့်အမြင့်ဆုံးသူများဖြစ်ပြီး တချို့ဆိုလျင် သွေးဗီဇပင် နိုးထနေခဲ့လေပြီ။
ထိုအချိန်တွင် လင်းဖန်းထန်ဖက်မှ ချီစွမ်းအားပညာရှင်များက စတင်တိုက်ခိုက်ခဲ့လေပြီ။
ချီစွမ်းအားပညာရှင်အယောက်၂၀စတင်တိုက်ခိုက်လိုက်သည်နှင့် မိုးခြိမ်းသံကဲ့သို့ အသံများ ပေါ်ပေါက်လာ၏။ မျက်စေ့ကျိန်းစပ်လုမတတ် ဓားအလင်းရောင်များ တမုဟုတ်ချင်း ထွက်ပေါ်လာ၏။ သားရဲသတ္တဝါပုံရိပ်ယောင်များ ပေါ်ပေါက်လာ၏။ ချီစွမ်းအားပညာရှင်အယောက်၂၀၏ တိုက်ခိုက်မှုသည် ကျန်သိုင်းသမား၁၈၀၏ တိုက်ခိုက်မှုထက် များစွာ ပြင်းထန်နေကြောင်း အတိုင်းသား မြင်သာနေပေသည်။
၎င်းကိုကြည့်ရင်း လင်းဖန်းထန် စိတ်ဓာတ်တက်ကြွလာ၏။ သူ ရွေးချယ်ထားသော လက်အောက်ငယ်သားများ၏ စုပေါင်းတိုက်ခိုက်မှုက အတော်လေး အားရကျေနပ်ဖွယ်ရှိနေသည် မဟုတ်ပါလား။
သို့သော် စုချန်းဘက်မှ သိုင်းသမားများ၏ ပတ်ပတ်လည်တွင် ရုတ်ချည်းဆိုသလို ကျောက်သားနံရံတခု ပေါ်ပေါက်လာ၏။ ချီစွမ်းအားပညာရှင်များ၏ တိုက်ခိုက်မှုကလည်း အဆိုပါ ကျောက်သားနံရံပေါ်သို့သာ ကျရောက်သွားလေသည်။ ထိုအချိန်မှာပင် စုချန်းဘက်မှ သိုင်းသမားများသည် ဓားကိုဝင့်ကာ အရူးများပမာ ရှေ့သို့ခုန်ဝင်တိုက်ခိုက်လိုက်ကြ၏။ ပြင်းထန်လှသော တိုက်ခိုက်မှုကို လင်းဖန်းထန်ဖက်မှ ချီစွမ်းအားပညာရှင်များ မခံနိုင်။ ၎င်းတို့၏ အကာအကွယ်များလဲ ကျိုးပဲ့ကာ နောက်သို့ ဒရောသောပါနှင့် ဆုတ်ပေးလိုက်ရ၏။
လင်းဖန်းထန်၏ မျက်နှာ မဲခနဲ ဖြစ်သွားသည်။ ထို့နောက် သူက စုချန်းဘက်သို့ လှည့်ကာ မေးလိုက်၏။
"ဒါကကော ဘာတုန်း"
"ကျောက်သားသံချပ်ကာလို့ ခေါ်တယ် ခင်ဗျား ဘယ်လိုသဘောရသလဲ မဆိုးဘူးမလား"
စုချန်းက ပြုံးစေ့စေ့နှင့် ပြန်ဖြေလိုက်သည်။
လင်းဖန်းထန် မဲ့လိုက်၏။
"သိပ်တော့မဆိုးပါဘူး ဒါပေမဲ့ ချီစွမ်းအားပညာရှင်တွေရဲ့ တိုက်ခိုက်မှုကိုတော့ ခုခံဖို့ မလုံလောက်သေးဘူးကွ"
ထိုအချိန်မှာပင် ချီစွမ်းအားပညာရှင်များသည် ၎င်းတို့၏ လက်များကို ပြိုင်တူဝေ့ယမ်းလိုက်ရာ ကောင်းကင်ဆီမှ ဟုန်ဟုန်းထနေသော မီးလျံလှိုင်းလုံးကြီး ပေါ်ပေါက်လာပြီး ရှေ့သို့ တိုးဝင်သွား၏။
တကယ်တော့ ကျောက်သားသံချပ်ကာသည် ရုပ်ပိုင်းဆိုင်ရာ တိုက်ခိုက်မှုများကိုသာ အဓ်ိက ကာကွယ်နိုင်ပြီး မူလစွမ်းအင်တိုက်ခိုက်မှုများကိုတော့ ခုခံရန် မလုံလောက်ပေ။ ထိုအခါ မီးလျံလှိုင်းလုံးများ၏ တိုက်ခိုက်မှုကြောင့် စုချန်းဘက်မှ သိုင်းသမားများ ရှေ့မတိုးနိုင်တော့ပဲ ထောင်ချောက်မိသကဲ့သို့ ဖြစ်နေတော့သည်။
ထိုအခါကျမှ လင်းဖန်းထန် စိတ်သက်သာရသွားသည်။
"ဟား ဟား ဟား ချီစွမ်းအားပညာရှင်တွေဆိုတာ ဒါမှပေါ့ကွာ ဘာမှသုံးမရတဲ့ အမှိုက်လို သာမာန်လူတွေက သူတို့ကို ဘယ်လိုလုပ်နိုင်မှာလဲ"
သို့သော် ကြည့်နေရင်းနှင့်ပင် တိုက်ပွဲ၏ အခြေအနေမှာ တမျိုးတဖုံ ပြောင်းလဲသွားပြန်၏။
စုချန်းဘက်မှ သိုင်းသမားများ၏ ကိုယ်ခန္ဓာသည် နောက်တကြိမ် ပြောင်းလဲသွားပုံရ၏။ ၎င်းတို့ထံမှ ထွက်ပေါ်လာသော နှင်းခဲလှိုင်းကြီးသည် ရန်သူများ၏ မီးလျံလှိုင်းဆီသို့ တိုးဝင်သွား၏။
အင်အားကွာဟမှုကား ဤနေရာတွင် အကြီးအကျယ် စကားပြောလာခဲ့ပြီ ဖြစ်သည်။ သာမာန်အားဖြင့် ချီစွမ်းအားပညာရှင်တယောက်သည် သာမန်သိုင်းသမားတယောက်ထက် များစွာ အဆင့်မြင့်သည်မှာ မေးခွန်းထုတ်နေစရာ မလို။ တဦးချင်းသာ တိုက်ခိုက်ရလျင် သူတို့ နိုင်မည်မှာ သေချာနေ၏။
သို့သော် လက်တွေ့တွင်ကား စုချန်းဘက်တွင် အင်အား အယောက် ၂၀၀ထိ ရှိနေပြီး လင်းဖန်းထန်ဖက်တွင် အင်အား အယောက်၂၀သာ ရှိနေလေရာ ဆယ်ဆ တဆခန့်ပင် ကွာခြားနေ၏။ ထိုကွာခြားမှုမှာ မနည်းလှ။
ရုတ်ချည်းဆိုသလိုပင် နှင်းခဲကြီးများသည် မီးတောက်မီးလျံများအား ဖုံးအုပ်သွားတော့၏။ ထိုမျှသာမကသေး ချီစွမ်းအားပညာရှင် အတော်များများမှာလည်း နှင်းခဲကြီးများ ဖုံးလွှမ်းခြင်းကို ခံလိုက်ရလေသည်။
ထိုအချိန်မှာပင် စုချန်း၏ ဘက်တော်သားများဆီမှ အလင်းတန်းများ ထပ်မံပေါ်ပေါက်လာပြီး လေထဲသို့ မီးလျံစက်လုံးများ တလုံးပြီး တလုံး ပျံ့လွင့်လာတော့သည်။
မီးလျံစက်လုံးနည်းစနစ်ပေတည်း။
ရိုးရှင်းသလောက် အလွန်ထိရောက်သော မီးလျံစက်လုံးများသည် လင်းဖန်းထန်ဘက်မှ သိုင်းသမားများ၏ ကိုယ်ပေါ်သို့ ကျရောက်သွားလေရာ အတော်များများမှာ မီးလောင်တိုက်သွင်းခြင်း ခံလိုက်ရတော့သည်။
မီးလျံစက်လုံး အလုံး၂၀၀သည် လေထဲတွင် ဝဲပျံနေလေရာ ကောင်းကင်တခွင်လုံး ရဲရဲတောက်နေ၏။
ထိုအချိန်တွင် လင်းဖန်းထန်ဖက်မှ ချီစွမ်းအားပညာရှင်များသည် ပြန်လည်တိုက်ခိုက်ရန် ဝေးစွ။ အကာအကွယ်များကို လျင်မြန်စွာ ဖော်ထုတ်ကာ ရန်သူများ၏ တိုက်ခိုက်မှုကို အသည်းအသန် ခုခံရတော့၏။
အားကောင်းလှသော မီးလျံစက်လုံးများသည် ၎င်းတို့၏ အကာအကွယ်များပေါ်တွင် ပြင်းထန်စွာ ကျရောက်သွား၏။ အုန်းခနဲ ပေါက်ကွဲသံကြီးများ အဆက်မပြတ် ထွက်ပေါ်လာပြီး ချီစွမ်းအားပညာရှင်များမှာ လေထဲသို့ ဒလိန့်ကောက်ကွေးနှင့် လွင့်စင်သွားတော့သည်။ ချီစွမ်းအားပညာရှင်များပင် ဤမျှ အခြေအနေဆိုးနေလျင် သာမာန်သိုင်းသမားများအဖို့ကား ပြောနေစရာပင် မလိုတော့။ ကပ်ဆိုက်နေသကဲ့သို့ ရှိလေသည်။
လင်းဖန်းထန်၏ မျက်နှာကား သွေးဆုတ်လျက် ရှိလေပြီ။
"ဒီလောက်များတဲ့ မူလစွမ်းရည်တွေ သူတို့ ဘယ်လိုလုပ် ရထားတာလဲ သူတို့ နည်းစနစ် ဘယ်နှစ်မျိုးတောင် တတ်ကျွမ်းနေတာလဲ"
စုချန်း ပြုံးလိုက်သည်။
"နည်းစနစ် ခုနှစ်မျိုးလောက်ပါပဲ တချို့လဲ ဒီထက် ပိုမှာပေါ့ ခုချိန်ထိ သူတို့ လုံးဝ ထုတ်မသုံးရသေးတဲ့ မူလစွမ်းရည်နှစ်မျိုး ကျန်သေးတယ်ဗျ တမျိုးက နေရာ ပြောင်းလဲတာ တနည်းအားဖြင့် သူတို့ကို သိပ်မဝေးလှတဲ့ အကွာအဝေးတခုကို ချက်ချင်း ပို့ဆောင်ပေးနိုင်တဲ့ စွမ်းရည်ပေါ့ နောက်တမျိုးကတော့ သူတို့ရဲ့ ဒဏ်ရာတွေကို အမြန်ဆုံး ပြန်လည်သက်သာသွားစေတဲ့ မူလစွမ်းရည်တမျိုးပဲ"
ထိုစကားကြောင့် လင်းဖန်းထန် ကျောစိမ့်သွား၏။ ဤတပွဲတွင် သူ လုံးဝ ရှုံးနိမ့်သွားပြီမှန်း သဘောပေါက်လိုက်ပေပြီ။
ချီစွမ်းအားပညာရှင်တယောက်သည်ပင်လျင် အများဆုံး မူလစွမ်းရည် ငါးမျိုးထိသာ သင်ကြားနိုင်သည်။ ယခု သူ့ရှေ့ရှိ သိုင်းသမားများသည်ကား မူလစွမ်းရည် ခုနှစ်မျိုးထိ တတ်ကျွမ်းနေ၏။ ဤအနေအထားတွင် သူ မည်သို့ အနိုင်ရရှိနိုင်တော့မည်နည်း။
"ဒါကို ဘာနည်းစနစ်လို့ ခေါ်သလဲ"
လင်းဖန်းထန် သိလိုစိတ်နှင့် မေးလိုက်သည်။
မူလစွမ်းရည် ခုနှစ်မျိုးလောက်ထိ တတ်ကျွမ်းထားသော သာမာန်သိုင်းသမားတယောက် ဖန်တီးခြင်းသည် ချီစွမ်းအားပညာရှင်တယောက် မွေးထုတ်လိုက်နိုင်ခြင်းနှင့် ညီမျှ၏။ ၎င်းမှာ အံ့သြထိတ်လန့်စရာ ကောင်းလှသည်။
"ဒါကို သွေးနီဥပြိုကွဲဆေးမင်လို့ ခေါ်တယ်"
စုချန်းက အေးဆေးတည်ငြိမ်သော လေသံနှင့် ပြန်ဖြေလိုက်သည်။
"သတ်ဖြတ်သူမျိုးစိတ်တွေရဲ့ သွေးနီဥဆေးမင်နဲ့ ဆေးဝါးတွေအပေါ် အခြေခံပြီး ကျုပ် တီထွင်ထားတဲ့ နည်းစနစ်တမျိုးပဲ ဆိုပါတော့"
"ဒီတော့ ဒါဟာ သတ်ဖြတ်သူမျိုးစိတ်တွေရဲ့ ဆေးမှင်ကြောင်တွေပဲပေါ့"
လင်းဖန်ထန် ညဏ်အလင်းပွင့်သွားလေပြီ။
"မင်း တကယ်ပဲ သူတို့ ဆေးမှင်တွေရဲ့ အဓိပ္ပာယ်ကို ဖော်ထုတ်နိုင်ခဲ့တာပေါ့"
"အဓိပ္ပာယ်ဖော်ရတာက သိပ်မခက်ဘူး အခက်ခဲဆုံးအပိုင်းက တိုးတက်လာအောင် လုပ်ရတာဗျ"
ထို့နောက် စုချန်းက သတ်ဖြတ်သူဆေးမှင်များအား သူ စူးစမ်းလေ့လာခဲ့ပုံကို ရှင်းပြလိုက်၏။
တိုက်ပွဲမှာ ဆက်လက်ဖြစ်ပွားနေ၏။ လင်းဖန်းထန်နှင့် စုချန်းကား စကားကောင်းလျက်ရှိလေသည်။
လင်းဖန်းထန်ကား စုချန်း၏ စကားကို အထူးပင် စိတ်ဝင်စားလျက်ရှိ၏။
"လက်စသတ်တော့ ဒီလိုကိုး လူသားတွေဟာ မူလစွမ်းအင်တွေကို သုံးစွဲနိုင်ဖို့ သတ်ဖြတ်သူဆေးမင်တွေကို ကြားခံအဖြစ် အသုံးချနိုင်အောင် တချိန်လုံး ကြိုးစားခဲ့ကြတယ် နောက်ဆုံးတော့ ဒါကို မင်းက အောင်မြင်အောင် လုပ်နိုင်ခဲ့ပြီကိုး...ဒါနဲ့ နေစမ်းပါအုံး"
ပြောနေရင်းနှင့်ပင် လင်းဖန်းထန် တစုံတခုကို အတွေးပေါက်သွားဟန်တူသည်။ သူက လွှတ်ခနဲ မေးလိုက်၏။
"ဒီသိုင်းသမားတွေက ချီစွမ်းအားပညာရှင်တွေမှ မဟုတ်တာပဲ သူတို့ မူလစွမ်းရည်တွေကို ဘယ်လိုလုပ် ထုတ်သုံးနိုင်တာလဲ"
"ဒါကတော့ သွေးနီဥပြိုကွဲဆေးမင်တွေရဲ့ အားနည်းချက်တွေထဲက တခုလို့ပဲ ဆိုရမယ် တကယ်တော့ သွေးနီဥပြိုကွဲဆေးမင်ကို နှိုးဆဖို့ သွေးအတွင်းက ချီစွမ်းအားတွေ လိုအပ်တယ်ဗျ ဒီအပေါ်မှာ ကျုပ် အများကြီး သုတေသန လုပ်ခဲ့ရတယ် ဒါပေမဲ့ အချိန်အတော်ကြာတဲ့အထိ မအောင်မြင်ခဲ့ဘူး ဒါကြောင့် အစောပိုင်းကာလတွေမှာ သူတို့ မူလစွမ်းရည်တွေကို ထုတ်မသုံးနိုင်ခဲ့ဘူး ဒီအစား သာမာန် အပြင်အားသုံး သိုင်းကွက်တွေပဲ အသုံးပြုခဲ့ရတယ် ဒါပေမဲ့ လွန်ခဲ့တဲ့ သုံးနှစ်လောက်ကမှ ကျုပ်ဟာ သွေးအတွင်း ချီစွမ်းအင် ၉၀ရာခိုင်နှုန်းနဲ့ မူလစွမ်းအင် ၁၀ရာခိုင်နှုန်း အသုံးပြုပြီး နှိုးဆနိုင်တဲ့ ဆေးမှင်အသစ်တမျိုးကို တီထွင်နိုင်ခဲ့တယ် ဒါပေမဲ့ မူလစွမ်းအင်ပမာဏ အလွန်နည်းနေတဲ့အတွက် သူတို့အနေနဲ့ မူလစွမ်းရည်တွေကို အသုံးချရာမှာ ပြသနာရှိနေတုန်းပဲ သိပ်မကြာဘူး ကျုပ် အဖြေကို တွေ့သွားခဲ့တယ် ဒီပြသနာအတွက် အဖြေကို ကျုပ် ဘယ်လို တွေ့သွားတယ် ထင်သတုန်း"
"မူလကျောက်တုံးတွေပေါ့ ဟုတ်လား"
လင်းဖန်းထန် လွှတ်ခနဲ မေးလိုက်သည်။
"သိပ်မှန်တာပေါ့"
စုချန်း ရယ်မောရင်း ပြောလိုက်သည်။
"ဒီပြသနာရဲ့ အဖြေဟာ မူလကျောက်တုံးတွေပဲ ခုဆိုရင် သူတို့အနေနဲ့ မူလစွမ်းအင်ကို ၅၀ရာခိုင်နှုန်းအထိ အသုံးချနိုင်လာပြီ ခု ခင်ဗျား မြင်တွေ့နေရတာ မူလစွမ်းအင် ၅၀ရာခိုင်နှုန်းအထိ အသုံးချနိင်တဲ့ သာမာန်လူတွေပဲ အနာဂတ်မှာ ဒီထက်ပိုပြီး တိုးတက်လာဖို့ ကျုပ် မျှော်လင့်ထားတယ်"
"လက်စသတ်တော့ ဒီလိုကိုး"
လင်းဖန်းထန် သဘောပေါက်သွားလေပြီ။ ဤအခြေအနေရောက်မှတော့ သူ့အနေနှင့် ဤတိုက်ပွဲကို ဆက်လက်တိုက်ခိုက်ရန် ယုံကြည်မှု မရှိတော့။
ထိုအခါ သူက လက်တဖက်မြှောက်ရင်း ကျယ်လောင်စွာ အော်ဟစ်လိုက်သည်။
"အားလုံး ရပ်လိုက်ကြတော့ဟေ့ ငါတို့ အရှုံးပေးလိုက်ပြီ"