တုန့်ပြန်မှုများ
Vol. 10 Ch. 960
ထျန်းဟောင်ဂြိုဟ်၏ များစွာသော မြို့တော်ကြီးများနှင့် ရွှေအမြုတေ အဆင့် တစ်ဝက်ခန့်မှာ ထိပ်တန်း ကောင်းကင်နယ် ဆယ်ခုတွင် တည်ရှိ၏။ သို့ဖြစ်ရာ ကမ္ဘာပျက် မတတ် သတင်း အများစုမှာ အခြေခံအားဖြင့် ထိုနယ်များမှ မြစ်ဖျားခံ တတ်ကြသည်။
မိစ္ဆာ အကျဥ်းထောင် ကောင်းကင်နယ်၊ နေဝင်မြို့တော်၊ ချင်းဟယ် မျှော်စင်...
ချင်းဟယ် မျှော်စင်သည် ထိပ်တန်း ကောင်းကင်နယ် ဆယ်ခု၏ ကုန်သည် အဖွဲ့ကြီးများ စုပေါင်းကာ တည်ထောင်ထားသည့် ထျန်းဟောင်ဂြိုဟ်၏ အကျော်ကြားဆုံး သတင်း ဖြန့်ဖြူးရေး မျှော်စင် တစ်ခု ဖြစ်သည်။ ကောင်းကင်အရှင် အချို့ ကိုယ်တိုင် ခင်းကျင်း ပေးထားသည့် “အသံလွှဲပြောင်းခြင်း အစီအရင်” သည် ထျန်းဟောင်ဂြိုဟ်ပေါ်ရှိ “ချင်းဟယ် မျှော်စင်” တစ်ထောင်ကို တိုက်ရိုက် ဆက်သွယ်ပေး၏။
ယနေ့၌ ...
မရေမတွက်နိုင်သော ကျင့်ကြံသူများသည် ချင်းဟယ် မျှော်စင်ရှေ့တွင် စုစည်းကာ စိတ်ရှည်စွာ စောင့်နေကြ၏။ ယနေ့တွင် နတ်မိမယ် ရှန်းရှီမှာ မိုးကြိုးကပ်ဘေးကို ဖြတ်ကျော်လိမ့်မည် မဟုတ်ပါလား...။
“နတ်မိမယ် ရှန်ရှီက မိုးကြိုး ကပ်ဘေးကို ဖြတ်ကျော်ပြီး ကောင်းကင် အဆင့် ရွှေအမြုတေကို ဖွဲ့စည်းနိုင်မယ်လို့ ထင်လား...”
အသက်လတ် ကျင့်ကြံသူ တစ်ယောက်က မေးသည်။
ကောင်းကင် အဆင့် မြုတေ ဖွဲ့စည်းခြင်းကား အမှန်ပင် ကိစ္စကြီး တစ်ခု ဖြစ်သည်။ ကောင်းကင် အမြုတေအား ဖွဲ့စည်းနိုင်သည့် မည်သူကို မဆို ကောင်းကင် မင်းသား သို့မဟုတ် ကောင်းကင် နတ်မိမယ် ဟု ခေါ်ကြရသည်။ သူတို့သည် ကောင်းကင် အရှင်များနှင့်ပင် နှိုင်းယှဥ်နိုင်ကာ ဟန်ရှုံး သတ်မှတ်ချက်ဝင်များထက်ပင် ပိုမို အစွမ်းထက်ကြ၏။
အကယ်၍ ပြန်လည် မွေးဖွားခြင်းဂိုဏ်းသာ ထိုသို့သော တပည့် တစ်ယောက်ကို ပိုင်ဆိုင်ပါက သူတို့သည် ထိပ်တန်း ကောင်းကင်နယ် ဆယ်ခု၏ ထိပ်ဆုံးသို့ တက်လှမ်းနိင်လိမ့်မည် ဖြစ်သည်။
“မပြောတတ်ဘူး... ကောင်းကင် အဆင့် ရွှေအမြုတေ ဖွဲ့စည်းဖို့က အရမ်းခက်တယ် မလား.... တောင်တန်း အင်ပါယာရဲ့ နောက်ဆုံး ကောင်းကင် မင်းသားတောင် ကောင်းကင်အဆင့် ရွှေအမြုတေ ရဖို့ နှစ်ရာချီ ကျင့်ကြံခဲ့ရတာလေ...”
တစ်ယောက်က ခေါင်းအား ခါယမ်း လိုက်သည်။
“ဟမ့်... နတ်မိမယ် ရှန်းရှီရဲ့ ပါရမီက အရမ်း မြင့်မားတယ်... နောက်ပြီး သူက ပုထျန်းဆေးကို စားပြီး သုံးနှစ်တိုင်တိုင် တံခါးပိတ် ကျင့်ကြံနေတာ... နောက်ပြီး ပြန်လည် မွေးဖွားခြင်းဂိုဏ်းက ဆေးဘုရင်တို့၊ ဆေးနတ်ဘုရားဂိုဏ်းတို့နဲ့ ရင်းနှီးတာ မမေ့နဲ့ဦး... သူတို့က နတ်မိမယ် ရှန်းရှီ ကောင်းကင် အဆင့် ရွှေအမြုတေ ဖွဲ့စည်းနိုင်အောင် ကူညီမှာ သေချာတယ်”
လူငယ် ကျင့်ကြံသူ တစ်ယောက်က ပြောလိုက်သည်။ သူ၏ စကားကို အများစုက ထောက်ခံကြသည်။ အချို့သာလျှင် ခေါင်းခါကြ၏။
“ငါကတော့ ရှန်းရှီအကြောင်း စိတ်မဝင်စားဘူး... ငါတို့ဂိုဏ်းက စီနီယာ အကို ဟိုကောင်စုတ်လေးကို ရှင်းပစ်နိုင်မလားပဲ သိချင်တယ်... သူက ငါတို့ ငါတို့ ဗိုလ်ချုပ် တစ်ယောက်ကို ရိုက်နှက်ဖို့ သူ့ရဲ့ အစေခံကို ခိုင်းခဲ့တယ်... အဲဒါက ငါတို့ မိစ္ဆာနှိမ်ဂိုဏ်းကို စော်ကားလိုက်တာနဲ့ အတူတူပဲ”
မိစ္ဆာနှိမ် ကောင်းကင်နယ်မြေ၏ ကျင့်ကြံသူ တစ်ယောက်က စားပွဲကို ထုကာ ဆိုလိုက်၏။
“ဟုတ်တယ်...”
မိစ္ဆာနှိမ်ဂိုဏ်း၏ တပည့် အချို့က ခေါင်းညိတ် လိုက်ကြသည်။
လွန်ခဲ့သည့် ရက်ပိုင်း အတွင်း၌ ရှန်းရှီ၏ သတင်း အပြင် ချန်းဖန်၏ အကြောင်းများမှာလည်း ချင်းဟယ် မျှော်စင်မှ တစ်ဆင့် ကောင်းကင် နယ်များသို့ ပြန့်နှံ့ နေခဲ့သည်။ အထူးသဖြင့် မိစ္ဆာနှိမ် ကောင်းကင်ဂိုဏ်းန၏ တပည့်များသည် ချန်းဖန် အပေါ် အခဲမကျေ ဖြစ်နေကြ၏၊
မိစ္ဆာ အကျဥ်းထောင် ကောင်းကင်နယ်တွင်သာ မကချေ။ ကုန်းစွန်း မိသားစု၊ ကောင်းကင် ကျောက်စိမ်း နန်းတော်၊ မြောက်အောက် သရဲဂိုဏ်း၊ အနီရောင် မီးတောက် ကောင်းကင်နယ်တို့ရှိ ချန်းဖန်၏ ရန်သူများမှာလည်း သတင်းကို နားစွင့် နေကြ၏။
“ဟမ့်... နဂါး နတ်မိမယ်လေးကြောင့်သာ မဟုတ်ရင် ငါတို့ ဂိုဏ်းရဲ့သာမန် တပည့်တောင် သူ့ကို သတ်ပစ်နိုင်တယ်...”
မြေအောက် သရဲဂိုဏ်း၏ ကျင့်ကြံသူ တစ်ယောက်က အထင်သေးစွာ နှာခေါင်းရှုံ့ရင်း ပြောလိုက်သည်။
တစ်ချိန်တည်း၌ ဝူမိသားစု အပါအဝင် မြောက်နတ္ထိနယ်ရှိ ကောင်းကင် အရှင် မိသားစုများမူ မူမမှန်မှု တစ်ခုကို ခံစား နေကြရသည်။ လူအို ညအစေခံကြီးနှင့် နောက်လိုက် မိန်းကလေး သုံးယောက်ပါသော ကျင့်ကြံသူ... ထိုအရာက သူတို့အား ချန်းဖန်ကို အမှတ်ရစေ၏။
“အဲဒါက တကယ်ပဲ ဆေးဧကရာဇ်ချန်းလား... ဒါပေမဲ့ ဆေးဧကရာဇ်ချန်းက ရွှေအမြုတေ အဆင့်ပါ ဘယ်လိုလုပ်ပြီး မူလ အဆင့် ဖြစ်ရမှာလဲ...”
ဝူဝမ်တင်က ရေရွတ် လိုက်သည်။ ဝူချင်းယန်မှာမူ တိတ်ဆိတ်စွာပင် ထွက်ပေါ်လာမည့် အသံကို နားစွင့်နေ၏၊
တစ်ခဏမျှ ကြာပြီးနောက်...
“ကလန့်...”
အလင်းတစ်ခုသည် တောက်ပလာ၏။ ချင်းဟယ် မျှော်စဥ်များ အတွင်း ရောက်ရှိနေကြသော ထျန်းဟောင်ဂြိုဟ်၏ ကျင့်ကြံသူတိုင်း လိုလိုမှာ အသက်ရှူအောင့်လိုက် မိကြသည်။
“ပထမဆုံး သတင်း... နဂါး နတ်မိမယ်လေးရဲ့ အကိုက ချန်းပေ့ရွှမ်းတဲ့...”
ချင်းဟယ် မျှော်စင်တိုင်း၏ မန်နေဂျာများမှ ရောက်ရှိလာသော သတင်းအား ဖတ်ပြ လိုက်ကြသည်။
“ဘယ်လို...”
မရေမတွက်နိုင်သော ကျင့်ကြံသူများမှာ ဆွံ့အ သွားကြသည်။
ချန်းဖန်သည် လွန်ခဲ့သည့် တစ်နှစ်မှ စ၍ လူမြင်ကွင်းမှ ပျောက်ကွယ်နေခြင်း ဖြစ်သော်လည်း သူ၏ နာမည်မှာမူ ကမ္ဘာတစ်ဝှမ်း၌ ပျံ့နှံ့နေဆဲ ဖြစ်သည်။ သို့ဖြစ်ရာ ချန်းပေ့ရွှမ်း ဆိုသော နာမည်ကို ကြားသည်နှင့် လူတိုင်း ဆွံ့အ သွားကြခြင်း ဖြစ်သည်။
“ငါထင်ထားတဲ့ အတိုင်း အတိအကျပဲ... ချန်းနဲ့ စတဲ့ နာမည်နဲ့ အရမ်း မောက်မာတဲ့ ကျင့်ကြံသူက ချန်းပေ့ရွှမ်း တစ်ယောက်ပဲ ရှိတယ်... ဒါဆို နဂါး နတ်မိမယ်လေးက ချန်းပေ့ရွှမ်းရဲ့ ညီမပေါ့... သူ့မှာ ထိပ်တန်း ပါရမီ ပါလာတာ မထူးဆန်းတော့ဘူး”
အချို့က လက်ခုပ်တီးကာ ပြောဆိုကြသည်။
သို့သော်လည်း မိစ္ဆာ အကျဥ်းထောင် ကောင်းကင် နယ်မြေ၊ မြေအောက် သရဲဂိုဏ်းနှင့် အနီရောင် မီးတောက် ကောင်းကင်နယ် တို့ရှိ ကျင့်ကြံသူများမှာမူ ဒေါသထွက် သွားကြ၏။
“ဟွန့်... သူ့ဘာသူ ဘယ်သူပဲ ဖြစ်ဖြစ်... ငါတို့ဂိုဏ်းကို စော်ကားတဲ့ အတွက် ပြန်ပြီး ပေးဆပ်ရမှာပဲ”
မြေအောက် သရဲဂိုဏ်း၏ ကျင့်ကြံသူ တစ်ယောက်က နှာခေါင်းရှုံ့ လိုက်သည်။
မိစ္ဆာနှိမ် ကောင်းကင်ဂိုဏ်း၏ တပည့်များမှာမူ တည်ငြိမ် နေကြဆဲ ဖြစ်သည်။ ချန်းပေ့ရွှမ်းသည် အစွမ်းထက်သည် ဆိုသော်လည်း သူတို့၏ စီနီယာ အကို ရှောင်ဟုန်မှာ ဟန်ရှံး သတ်မှတ်ချက် နံပါတ် ခုနစ် ဖြစ်သည်။ သူသည် ထိုခွေးကောင်အား ကျိန်းသေ ဆုံးမနိုင်ပေလိမ့်မည်။
အားလုံး စောင့်ဆိုင်းနေချိန်မှာပင် ဒုတိယမြောက် သတင်းမှာ ရောက်ရှိလာ၏။
“ချန်းပေ့ရွှမ်းက ဟန်ရှုံး သတ်မှတ်ချက်ဝင် ကိုးဦးကို အနိုင်ယူပြီး သူတို့ထဲက သုံးယောက်ကို သတ်ပစ်လိုက်ပြီ...”
“ဘာကြီး...”
ဝူပိုင်စုမှာ နေရာမှ ထခုန် လိုက်မိ၏။ သူသည် ချန်းဖန်ကို အထင်ကြီးသည့်တိုင် ထိုမျှ အစွမ်းထက်လိမ့်မည်ဟု ထင်မှတ် မထားခဲ့ချေ။
ထိုအရာက ဟန်ရှုံး သတ်မှတ်ချက်ဝင် ကိုးယောက် ဖြစ်သည်။ ဟန်ရှုံး သတ်မှတ်ချက်ဝင် တစ်ယောက်ချင်းစီမှာ အလွန် အစွမ်းထက်ကာ အဆင့်တူ ကျင့်ကြံသူ ရာနှင့်ချီကိုပင် အနိုင်ယူနိုင်စွမ်း ရှိကြသည်။ သို့သော်လည်း ချန်းဖန်က ကိုးယောက်ကို တစ်ပြိုင်နက်တည်း အနိုင်ယူကာ သုံးယောက်ကို သတ်ပစ်ခဲ့သည်ဟု ဆိုသည်။ အကယ်၍ ထိုအရာသာ ချင်းဟယ် မျှော်စင်မှ သတင်း မဟုတ်ပါက သူ ယုံမိလိမ့်မည် မဟုတ်ချေ။
“ခွေးကောင် ချန်းပေ့ရွှမ်း...”
တစ်ချိန်တည်း၌ မြေအောက် သရဲဂိုဏ်း၊ ကုန်းစွန်း မိသားစုနှင့် အနီရောင် မီးတောက် ကောင်းကင်နယ်တို့၏ တပည့်များမှာမူ ဒေါသများ ပေါက်ကွဲ နေကြပြီ ဖြစ်လေသည်။ ချန်းပေ့ရွှမ်းသည် သူတို့ ဂိုဏ်းများ၏ အလားအလာ အရှိဆုံး ကျင့်ကြံသူများကို သတ်ပစ်ခဲ့သည်။ ထိုအရာက သူတို့ဂိုဏ်းများ၏ အနာဂတ်များကို ဖျက်ဆီး ပစ်လိုက်ခြင်းပင် ဖြစ်ပေသည်။
“ဆေးဧကရာဇ်ချန်းက တကယ့်ကို ဘာမှ မစဥ်းစားဘူးပဲ...”
ဝူဝမ်တင်က ခေါင်းခါကာ သက်ပြင်း ချလိုက်သည်။ ထိုပါရမီရှင်များကို သတ်ပစ်လိုက်ခြင်းက သူတို့၏ နောက်ရှိ ကောင်းကင်ဂိုဏ်းများ၊ မိသားစုများကို စစ်ကြေညာလိုက်ခြင်းနှင့် အတူတူပင်။ အကယ်၍ ချန်းပေ့ရွှမ်း အနေဖြင့် ကောင်းကင်ဂိုဏ်း တစ်ခုကို ရင်ဆိုင်နိုင်လျှင်ပင် သုံးခုပေါင်း အင်အားကို မည်ကဲ့သို့ တွန်းလှန်နိုင်မည်နည်း။ ပို၍ ဆိုးသည်က ထိုဂိုဏ်းများ၏ နောက်၌ အခြေတည် ဝိညာဥ် အဆင့်များ ရှိနေခြင်းပင် ဖြစ်သည်။
သို့သော်လည်း တတိယ အကြိမ်မြောက် ရောက်ရှိလာသော သတင်းက အာားလုံးအား ပို၍ လုံးဝ ရူးခါ သွားစေ၏။
“ဘယ်လို… ချန်းပေ့ရွှမ်းက ဆေးဘုရင်ရဲ့ ပထမ တပည့်နဲ့ ဆေးနတ်ဘုရား မင်းသားကိုပါ သတ်ပစ်လိုက်ပြီ ဟုတ်လား...”
“သူက ဆေးနတ်ဘုရားဂိုဏ်းရဲ့ ဆက်ခံသူကိုပါ သတ်ရဲတယ်ပေါ့… တော်တော် သတ္တိရှိ နေတာပဲ”
“ချန်းပေ့ရွှမ်းကတော့ တကယ် ကိုယ့်ဒုက္ခ ကိုယ်ရှာတာပဲ”
မရေမတွက်နိုင်သော လူများမှာ ခေါင်းခါ လိုက်ကြသည်။
တစ်ချိန်တည်း၌ မြောက်နတ္ထိနယ်၊ အနီရောင် မီးတောက်နယ်၊ မြေအောက် သရဲဂိုဏ်း၊ ကုန်းစွန်း မိသားစုတို့ရှိ လူများမှာမူ အူမြူး နေကြပြီ ဖြစ်လေသည်။ ဆေးနတ်ဘုရား မင်းသားကို သတ်ဖြတ်လိုက်ခြင်းက ထျန်းဟောင်ဂြိုဟ်၏ ကောင်းကင် ဥပဒေကို ချိုးဖျက်လိုက်ခြင်းပင် ဖြစ်သည်။ ယနေ့မှ စ၍ ချန်းပေ့ရွှမ်းသည် တောင်တန်း အင်ပါယာ၏ ရာဇဝတ်သား စာရင်း၌ ပါဝင် သွားခဲ့ပြီ ဖြစ်လေသည်။
“ဟားဟား... ချန်းပေ့ရွှမ်း... မင်းက အဲဒါနဲ့ ထိုက်တန်ပါတယ်ကွာ...”
တစ်ချိန်တည်းမှာပင် ဝူမိသားစု ဘိုးဘေး ဝူဝမ်တင်က အမိန့်တစ်ခုကို ထုတ်ပြန်၏။
“ဒီနေ့က စပြီး ဝူမိသားဝင်တိုင်း ချန်းပေ့ရွှမ်းနဲ့ ဝေးဝေး နေရမယ်... အမိန့်ကို ဆန့်ကျင့်တဲ့ လူတိုင်း အပြစ်ပေး ခံရမယ်... အပြင်လူ တစ်ယောက် အတွက်နဲ့ ကိုယ့်မိသားစု ဒုက္ခရောက်အောင် မလုပ်ကြနဲ့”
“ကောင်းပါပြီ ဘိုးဘေး...”
လူတိုင်းမှာ စိတ်မကောင်းကြသော်လည်း အမိန့်အား မဖီဆန်ဝံ့ချေ။ ချန်းပေ့ရွှမ်းသည် ဝူမိသားစုနှင့် ဆက်ဆံရေးကောင်း တစ်ခု ရှိခဲ့သော်လည်း ယခုတွင်မူ ထိုဆက်ဆံရေးက အဆုံးသတ် သွားပြီ ဖြစ်သည်။ သူသည် ထိုအရာနှင့် ထိုက်တန်၏။
“နှမြောစရာ ကောင်းလိုက်တာ... သူ့မှာ ကျွင်းအိုချန်း၊ လီဟိုင်ရှင်းတို့နဲ့တောင် ယှဥ်နိုင်တဲ့ ပါရမီပါတယ်... အခုတော့လည်း...”
ဝူမိသားစု အကြီးအကဲ တစ်ဦးက သက်ပြင်းချ လိုက်သည်။
“ဘယ်လိုဖြစ်နိုင်မှာလဲ... ဘယ်လိုဖြစ်နိုင်မှာလဲ...”
ဝူချင်းယန်က ထပ်ခါတလဲလဲ တီးတိုးရေရွတ်နေ၏။ သူမ၏ မျက်နှာမှာမူ လုံးဝ သွေးဆုတ် ဖြူရော်နေသည်။ နောက်ဆုံး တွေ့ခဲ့စဥ် အခါက ချန်းဖန်သည် သူ့အား ဆေးကျင့်စဥ် တစ်ခု လက်ဆောင် ပေးခဲ့သေးသည်။ သူမသည် ထိုအတွက် သူ့အား ကျေးဇူးတင်စကားပင် မပြောရသေးချေ။
“မိုးကောင်းကင် အလိုအတိုင်းပါပဲ...”
ဝူဝမ်တင်က သက်ပြင်းတစ်ချက်ချလိုက်၏။ ထို့နောက် သူက ထိုင်ရာမှ ထကာ ချင်းဟယ် မျှော်စင်မှ ထွက်ခွာရန် ပြင်လိုက်သည်။
သူသည် မည်သည့် သတင်းကိုမျှ ဆက်လက် နားထောင်လိုခြင်း မရှိတော့ချေ။ ထျန်းဟောင်ဂြိုဟ်၏ ကောင်းကင် ဥပဒေကို ချိုးဖောက်သူတိုင်း၏ သွားရာလမ်းမှာ သေလမ်း တစ်ခုတည်းသာ ရှိပေသည်။ ထိုအရာက ပြောင်းလဲ၍ မရသော ကံတရား ဖြစ်သည်။
“သူသာ ကောင်းကင် အရှင်တစ်ယောက် ဖြစ်လာမယ် ဆိုရင်တော့ ဒီကပ်ဘေးက ရှောင်လွှဲလို့ ရကောင်း ရနိုင်လိမ့်မယ်...”
ဝူဝမ်တင်က တွေးလိုက်မိ၏။ သို့သော်လည်း သူ၏ အတွေးမှာ မဖြစ်နိုင်ကြောင်း ချက်ချင်းပင် သဘောပေါက် လိုက်၏။
ကောင်းကင် အရှင် တစ်ယောက် ဖြစ်လာရန်က လွယ်ကူသော ကိစ္စ မဟုတ်ချေ။ သမိုင်းတစ်လျှောက်၌ အငယ်ဆုံးသော ကောင်းကင်အရှင် ပင်လျှင် အသက် ငါးရာရောက်မှ အခြေတည် ဝိညာဥ် အဆင့်ကို တကပ်လှမ်း နိင်ခဲ့ခြင်း ဖြစ်သည်။ သို့သော်လည်း ချန်းပေ့ရွှမ်းမှာ အသက်ပင် တစ်ရာ ပြည့်သေးပုံ မပေါ်ချေ။ သူ မည်မျှပင် ပါရမီ ပါစေကာမူ တောင်တန်း အင်ပါယာနှင့် ဆေးနတ်ဘုရားဂိုဏ်းတို့က သူ အခြေတည် ဝိညာဥ် အဆင့် ရောက်သည် အထိ စောင့်နေလိမ့်မည် မဟုတ်ချေ။
“ညီမလေး... တို့လည်း ပြန်ကြရအောင်”
ဝူပိုင်စုက ဝူချင်းယတိ၏ လက်ကို ဆွဲကာ ပြောလိုက်၏။
“ကလန့်...”
သူတို့ အဖွဲ့ ထွက်ခွာရန် ပြင်လိုက်စဥ်မှာပင် ချင်းဟယ် မျှော်စင်မှာ စတုတ္ထ အကြိမ်မြောက် လင်းလက် သွား၏။
“ပြန်လည် မွေးဖွားခြင်းဂိုဏ်းရဲ့ ဘိုးဘေး ဟုန်ယန်ကို ဆေးဧကရာဇ်ချန်းက ပြန်လည် မွေးဖွားခြင်း တောင်ထိပ်မှာ သတ်ပစ်လိုက်ပြီ...”
“ဘာကြီး...”
ရုတ်တရက် ဝူဝမ်တင်မှာ လေထဲတွင် အေးခဲသွားသည်။ တစ်ချိန်တည်းမှာပင် ထျန်းဟောင်ဂြိုဟ် တစ်ခုလုံးရှိ ကျင့်ကြံသူများ အားလုံးမှာလည်း ပါးစပ် အဟောင်းသား ဖြစ်သွားကြ၏။
ပထမ၌ သူတို့သည် ချန်းပေ့ရွှမ်းကို အလေး မထားခဲ့ကြသော်လည်း ယခုတွင်မူ အားလုံး တုန်လှုပ် သွားကြပြီ ဖြစ်လေသည်။
***