သစ္စာတရားရဲ့ပြယုဂ် ၂
Vol. 50 Ch. 495
စုချန်း၏ စကားသံကို ကြားလိုက်သည်နှင့် လင်းဖန်းထန်တယောက် သူ လှုပ်ရှားရမည့်အချိန်ရောက်လာပြီမှန်း ချက်ချင်း သဘောပေါက်လိုက်၏။
တကယ်တော့ သစ္စတရားကို ပြသရန် စုချန်း ပြောဆိုခဲ့ခြင်းမှာ ချန်းဝမ်ဟွေကို ရည်ရွယ်ကြောင်း ၎င်းရောက်ရှိလာကတည်းက လင်းဖန်းထန် သဘောပေါက်ပြီးသားပင်။
ချန်းဝမ်ဟွေ ဟူသည်က ဝမ်ပိုင်ယွမ်၏ တူတော်သူ ဖြစ်သည်။ ၎င်းတွင် ဝမ်မျိုးနွယ်၏ သွေးဗီဇမရှိသော်လည်း ၎င်းနှင့် ဝမ်မျိုးနွယ်အကြား ပတ်သက်မှုမှာကား နက်ရှိုင်းလှ၏။ ချန်းဝမ်ဟွေအား သွားထိခြင်းသည် ဝမ်မျိုးနွယ်စုအား ရန်စလိုက်သည်နှင့် အတူတူသာ။
သစ္စာတရားကို ပြသရန် တောင်းဆိုလိုက်သော စုချန်း၏ စကားသည် လင်းဖန်းထန်အား လမ်းအပိတ်ကြီးသို့ ရောက်သွားစေ၏။ စုချန်း၏ တောင်းဆိုချက်အတိုင်း ဆောင်ရွက်ခဲ့ပါက လင်းဖန်းထန်အနေနှင့် နောက်ပြန်လှည့်၍ မရတော့။ ဒါသည်ပင်လျင် စုချန်း၏ လိုလားချက် ဖြစ်လေသည်။
မူလဗျူရိုမှလူများကား လင်းမျိုးနွယ်စုအား ဖိအားပေးရန် ရည်ရွယ်ချက်နှင့် ထိုနေရာတွင် ရှိနေခြင်းပင်။ လင်းဖန်းထန်သာ စုချန်း၏ တောင်းဆိုချက်ကို ငြင်းပယ်လိုက်ပါက မူလဗျူရိုမှလူများက လင်းမျိုးနွယ်စုအား ကမ္ဘာမြေကြီးပေါ်မှ ပျောက်ကွယ်သွားအောင် ဖယ်ရှားရှင်းလင်းပစ်ပေတော့မည်။
ကြည်လင်ခြင်းအဖွဲ့နှင့် တစ္ဆေကျားအဖွဲ့မှ အဖွဲ့သားများ သွေးနီဥပြိုကွဲဆေးမင် ထိုးထားကြသည်ဆိုလျင် မူလဗျူရိုမှ ချီစွမ်းအားပညာရှင်များတွင် ထိုထက်ပို၍ ကောင်းမွန်သည့် နည်းစနစ်များ ပိုင်ဆိုင်ထားနိုင်၏။
ဤအခြေအနေတွင် လင်းဖန်းထန်အနေနှင့် မည်သို့အလွယ်တကူ ဘက်ပြောင်းနိုင်အံ့နည်း။
သို့တိုင်အောင် လင်းဖန်းထန်ကား စုချန်း၏ တောင်းဆိုချက်ကို လိုက်လျောရန် ဝန်လေးနေလေသည်။
ထိုအခါ သူက စုချန်းကို ဖြတ်ခနဲလှမ်းကြည့်လိိုက်ရာ စုချန်းကလည်း သူ့ကို ပြန်ကြည့်နေကြောင်း တွေ့လိုက်ရ၏။
စုချန်း၏ မျက်နှာမှာ ပြုံးနေ၏။ သို့သော် သူ့မျက်လုံးထဲတွင်တော့ သတ်ဖြတ်လိုသော အရိပ်အယောင်များ ယှက်သန်းနေ၏။ သူ့လက်ဖျားများတွင်တော့ မူလစွမ်းအင်လှိုင်းများ ကခုန်နေကြလေသည်။
လူနုံတယောက်ကဲ့သို့ ထုံပေပေ လုပ်နေရမည့်အချိန်မဟုတ်မှန်း လင်းဖန်းထန် သဘောပေါက်လိုက်သည်။ ထိုအခါ သူက စကားကို အထစ်ထစ် အငေါ့ငေါ့နှင့် ပြောလိုက်၏။
"ချန်းဝမ်ဟွေက ကျုပ်ကို လာကယ်တာ ဒီလိုအနေအထားမှာ ကျုပ်က သူ့ကို တိုက်ခိုက်လိုက်ရင်..."
"တကယ်တော့ သူ ခင်ဗျားကို လာကယ်တာ မဟုတ်ဘူး အဲ မဟာမိတ်အဖွဲ့ကို လာကယ်တာဆိုရင်တော့ ဟုတ်ကောင်းဟုတ်မယ် ခုဆိုရင် ဝေနဲ့ ချန်းမျိုးနွယ်စုတွေက နောက်ဆုတ်သွားကြပြီ လောင်းမျိုးနွယ်စုကလဲ အညံ့ခံလိုက်ပြီ ဟေးဝုချိန်းနဲ့ ချွန်ထန်းယွဲ့တို့ကတော့ သေကုန်ပြီ ဒီလိုအနေအထားမှာ သူ ခင်ဗျားကို လာမကယ်ရင်လဲ မဟာမိတ်အဖွဲ့ အစိတ်စိတ်အမွှာမွှာ ပြိုကွဲသွားဖို့ပဲ ရှိတော့တယ်"
"ဘာ ဘာ မင်း ဘာပြောလိုက်တယ် ချွန်ထန်းယွဲ့ သေသွားပြီ လောင်းမျိုးနွယ်စု အညံ့ခံလိုက်ပြီ ဟုတ်လား"
လင်းဖန်းထန် အထိတ်တလန့်နှင့် မေးလိုက်၏။
ချွန်ထန်းယွဲ့အား လက်စတုံးပြီးနောက် စုချန်းသည် အချိန်မဆိုင်းပဲ လင်းမျိုးနွယ်စုအား ဝင်ရောက်တိုက်ခိုက်လိုက်ခြင်း ဖြစ်သည်။ ထိုအချိန်တွင် ကျန်မျိုးနွယ်စုများအနေနဲ့ ချွန်ထန်းယွဲ့ သေဆုံးသွားမှန်း သိပြီးသွားကြသော်လည်း လင်းဖန်းထန်ကတော့ မသိသေး။ ထိုအထဲတွင်မှ လောင်းမျိုးနွယ်စုကပါ အညံ့ခံသွားပြီဟု ကြားလိုက်ရသောအခါ လင်းဖန်းထန်အဖို့ အရှိုက်ကို လက်သီးနှင့် အထိုးခံလိုက်ရသကဲ့သို့ ရှိလေသည်။
ထိုစကားနှင့် မလုံလောက်ဟု ခံစားရပါက လင်းဖန်းထန်အနေနှင့် လူအုပ်ကြားတွင် လူတယောက်ကို ရှာကြည့်နိုင်သေး၏။ ထိုလူမှာ တခြားလူမဟုတ်။ လောင်းချိန်းကျန်းပင် ဖြစ်သည်။ တကယ်တော့ လင်းအိမ်တော်အား လာရောက်တိုက်ခိုက်သည့် လူအုပ်ထဲတွင် လောင်းချိန်းကျန်းကိုယ်တိုင် ပါလာခဲ့ပြီးသားပင်။
လင်းဖန်းထန် ပို၍ ပို၍ ထိတ်လန့်တုန်လှုပ်လာ၏။ စုချန်းက စကားဆက်လိုက်ပြန်သည်။
"တွေ့လား ကျုပ်နောက်မှာ လူတွေအများကြီး ဒါကို လုပ်ခိုင်းဖို့ ခင်ဗျားကိုမှ တကူးတက ခိုင်းနေစရာ မလိုဘူး ခင်ဗျားကို ကျုပ်က တမင် အခွင့်အရေး ပေးနေတာ ဒီအခွင့်အရေးကို ခင်ဗျားလက်ကနေ လောင်းမျိုးနွယ်တွေ လုယူသွားရင် ခင်ဗျားအတွက် အလားအလာမကောင်းဘူးနော် ခင်ဗျား သိတယ်မလား ခွေးတွေဟာ အစာရှာမရရင် ဘာကို စားကြသလဲဆိုတာ"
စုချန်း၏ စကားက လင်းဖန်းထန်၏ နားအတွင်းသို့ အညှာအတာ ကင်းမဲ့စွာ တိုးဝင်သွား၏။
"မစင်ကို စားတယ်ဗျ မဟုတ်ရင် သူတို့ သေသွားမှာပေါ့"
စုချန်း၏ စကားလုံးများကြောင့် လင်းဖန်းထန်တယောက် နှလုံးသားအား ဓားနှင့်အဆွခံရသကဲ့သို့ နာကျင်သွားလေသည်။
သူသည် အုံကြွလာသော ဒေါသအား ဖောက်ခွဲထုတ်ပစ်ချင်၏။ ယောက်ကျားစစ်စစ်တယောက်ကဲ့သို့ စုချန်းအား လက်ညိုးငေါက်ငေါက်ထိုးကာ စိန်ခေါ်လိုက်ချင်၏။
သို့သော် လူသားတယောက်ဟူသည် ဘယ်အခြေအနေတွင်မဆို လူသားစိတ်ဓာတ်မျိုးသာ ရှိလေသည်။ ပုရွက်ဆိတ်တကောင်ပင် မသေအောင် ရုန်းကန်နေသေးလျင် လူတယောက်က အဘယ်ကြောင့် ထိုသို့ မလုပ်ရမည်နည်း။
နောက်ဆုံးတွင်တော့ လင်းဖန်းထန်တယောက် ကြံရာမရဖြစ်ကာ ခေါင်းညိတ်ပြလိုက်ရရှာသည်။
ထိုအခါ စုချန်းက ပြောလိုက်၏။
"ဒါဆိုလဲ သွား ကျုပ်အချိန်တွေကို ထပ်မဖြုန်းနဲ့တော့"
လင်းဖန်းထန် သက်ပြင်းချလိုက်၏။ ထို့နောက် သူသည် မျက်စေ့အစုံကို မှိတ်ကာ ကျယ်လောင်စွာ အော်ဟစ်အမိန့်ပေးလိုက်တော့သည်။
"လင်းမျိုးနွယ်စုတွေ ငါ့နောက်ကလိုက်ခဲ့ အားလုံး တိုက်ကြစမ်းဟေ့"
ထိုအချိန်တွင် ချန်းဝမ်ဟွေသည် ဝန်ဝေစင်း၊ကောက်လုံတို့နှင့် တိုက်ခိုက်လျက်ရှိ၏။ နှစ်ယောက်တစ်ယောက် တိုက်ခိုက်နေရသည့်တိုင် ချန်းဝမ်ဟွေကား အသာစီးမှ တိုက်ခိုက်နေနိုင်၏။ သူ၏ ပြင်းထန်အားပါလှသော လက်သီးချက်များကြောင့် သူ့ရန်သူနှစ်ယောက်မှာ နောက်သို့ တဆုတ်တည်း ဆုတ်ပေးနေရလေသည်။
လင်းမျိုးနွယ်စုမှလူများ ခုန်ဝင်လာသောအခါ ချန်းဝမ်ဟွေ၏ စိတ်ထဲတွင် သူ့အား လာကူညီသည်ဟု ယူဆလိုက်၏။ ထိုအခါ သူက အော်ဟစ်သတ်ိပေးလိုက်သည်။
"မလာကြနဲ့ မင်းတို့ကို စုချန်း အလစ်ဝင်တိုက်လိမ့်မယ်"
သို့သော် ထိုအစား သူရလိုက်သည်မှာ လင်းမျိုးနွယ်စုများ၏ ရက်စက်ကြမ်းကြုတ်လှသော တိုက်ခိုက်မှုကိုသာ ဖြစ်လေသည်။
ချန်းဝမ်ဟွေ ငယ်သံပါအောင် အော်ဟစ်လိုက်၏။ သူမျက်လုံးအစုံကိုလည်းသူ မယုံနိုင်ပဲ ဖြစ်နေလေသည်။
ဘာတွေလဲ...ဘာတွေဖြစ်နေတာလဲ...
ဒါ ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ...
"လင်းဖန်းထန် ခင်ဗျား ဘာတွေလုပ်နေတာလဲ"
ချန်းဝမ်ဟွေ အော်ဟစ်မေးမြန်းလိုက်၏။
"ကျုပ်"
ကိုယ့်ကိုယ်ကို လိပ်ပြာမလုံ ဖြစ်နေသော လင်းဖန်းထန်က ချန်းဝမ်ဟွေအား တောင်းပန်ရန် ကြိုးစားလိုက်သည်။ သို့သော် သူ့ပါးစပ်ထဲမှ စကားတခွန်းမှပင် ထွက်မလာ။
မည်သို့ဆိုစေ သူသည် မျိုးနွယ်စု၏ အကြီးအကဲ၊ ခေါင်းဆောင်တဦး ဖြစ်သည်။
ခေါင်ဆောင်တယောက်အတွက် အရေးအကြီးဆုံးမှာ ကိုယ့်ရပ်တည်ချက်အပေါ်တွင် ခိုင်ခိုင်မာမာ ရပ်တည်ထားရန်ပင် မဟုတ်ပါလား။
ဆုံးဖြတ်ချက် ချပြီးသည်နှင့် သူ့အတွက် နောင်တရနေရန် အကြောင်းမရှိတော့။ ထိုအတွက် စဥ်းစားနေရန် အချိန်လည်းမရတော့။ လျှောက်မည့်လမ်းကို ရွေးချယ်ထားပြီးမှတော့ ဆုံးအောင်ဆက်လျှောက်ရန်သာ ရှိတော့သည်။ သို့မဟုတ်ပါက နောက်လိုက်များအနေနှင့် သူ့အပေါ် မယုံမကြည် ဖြစ်လာနိုင်၏။
နောက်ဆုံးတွင် လင်းဖန်းထန်တယောက် ချန်းဝမ်ဟွေအား ပြတ်သားသော လေသံနှင့် ပြန်လည်တုံ့ပြန်နိုင်လိုက်လေသည်။
"ကျုပ် ဘာလုပ်နေသလဲဆိုတော့ လင်းမျိုးနွယ်စု မပျက်စီးရေးအတွက် ခင်ဗျားရဲ့ခေါင်းကို ခနငှားနေတာပေါ့ဗျာ"
စကားဆုံးသည်နှင့် သူ့က ရှေ့သို့ အလင်းတမျှ မြန်ဆန်သော နှုန်းထားနှင့် ခုန်ဝင်လိုက်လေသည်။
ထိုအချိန်တွင် သူ၏ ငွေလရောင်သိမ်းငှက်သွေးဗီဇက နိုးထနေခဲ့ပြီ ဖြစ်လေရာ သူ့အမြန်နှုန်းမှာ ကြောက်စရာကောင်းလှ၏။ ထို့နောက် သူက လက်အစုံကို ဝေ့ယမ်းလိုက်ရာ လရောင်ကဲ့သို့ ဖြူဖွေးသော အလင်းတန်းတခုက ချန်းဝမ်ဟွေထံသို့ ပြေးဝင်သွား၏။
ချန်းဝမ်ဟွေ မျက်လုံးပြူးသွားသည်။ မမျှော်လင့်ခဲ့သော အခြေအနေတရပ်ဖြစ်၍ သူ့အနေနှင့် နောက်သို့ ခုန်ရှောင်ရန် အချိန်မရတော့။ ဝန်ဝေစင်းနှင့် ကောက်လုံတို့ကလည်း ချန်းဝမ်ဟွေအား ထွက်ပြေးရန် အခွင့်အရေးမပေးပဲ ရက်စက်ကြမ်းကြုတ်စွာ တိုက်ခိုက်နေကြလေသည်။
"ခွေးမသား"
ချန်းဝမ်ဟွေ ဒေါသတကြီးနှင့် ဆဲဆိုလိုက်သည်။ များပြားလှသော နွယ်ပင်များကလည်း သူ့တကိုယ်လုံးအား ရုတ်ချည်းဆိုသလို ဖုံးအုပ်သွား၏။ ရုတ်တရက်ကြည့်ချင် ချန်းဝန်ဟွေ၏ ပုံစံမှာ သစ်ပင်ကြီးတပင်နှင့် တူလှသည်။
သို့သော် သူ အင်အားကြီးမားသကဲ့သို့ သူ့ရန်သူများကလည်း မခေ။
"တိုက်ကြစမ်း"
ဝန်ဝေစင်းက လက်တဖက်ကို ဝေ့ယမ်းပြီး အမိန့်ပေးလိုက်သည်။
အမိန့်သံ ထွက်ပေါ်လာသည်နှင့် အသင့်စောင့်နေသော သိုင်းသမား၂၀၀သည် ချန်းဝမ်ဟွေအား မီးလျံစက်လုံးနှင့် ပြိုင်တူပစ်ပေါက်လိုက်ကြလေသည်။
ချန်းဝမ်ဟွေ၏ နတ်သမီးသစ်ပင်မှာ မည်မျှပင် အင်အားကြီးမားစေကာမူ မီးလျံစက်လုံး၂၀၀ကိုတော့ ခံနိုင်စရာ အကြောင်းမရှိ။ အုန်းခနဲ မြည်သံနှင့်အတူ ချန်းဝမ်ဟွေအား ဖုံးအုပ်ထားသည့် နွယ်ပင်များ မီးလောင်ကုန်၏။ ကံကောင်းထောက်မသည်မှာ ဝန်ဝေစင်းနှင့် ကောက်လုံတို့၏ တိုက်ခိုက်မှုအား စုံစမ်းစစ်ဆေးရေးဗျုရိုမှ တပ်သားတယောက်က ဝင်ရောက်ခုခံပေးလိုက်ခြင်းပင်။ မဟုတ်လျင် ချန်းဝမ်ဟွေ လွယ်လိမ့်မည်မဟုတ်။
ထိုတပ်သားက ကျယ်လောင်စွာ အော်ဟစ်လိုက်၏။
"ဆရာ လင်းမျိုးနွယ်စုက ကျုပ်တို့ကို သစ္စာဖောက်သွားပြီ ဒီနေရာက အမြန်ဆုံး ထွက်ပြေးမှ တော်ကာကျမယ်"
ချန်းဝမ်ဟွေ အခြေအနေက်ို အကဲခတ်လိုက်၏။ ထိုအချိန်တွင် ကြည်လင်ခြင်းအဖွဲ့နှင့် တစ္ဆေကျားအဖွဲ့မှ အဖွဲ့သားများက သူ့လက်အောက်ငယ်သားများအား ရက်စက်ကြမ်းကြုတ်စွာ လိုက်လံသတ်ဖြတ်နေကြောင်း သူ တွေ့လိုက်ရသည်။
ချန်းဝမ်ဟွေ၏ နှလုံးသားထဲတွင် ကျင်ခနဲ ခံစားလိုက်ရသည်။ ထို့နောက် သူက အော်ဟစ်အမိန့်ပေးလိုက်၏။
"ဆုတ်ကြမယ်ဟေ့"
"ဆုတ်ကြမယ် ဟုတ်လား ခင်ဗျား အလွယ်တကူ ဆုတ်လို့ရမယ်များ ထင်နေသလား"
စုချန်းက ငြင်သာစွာ ပြောလိုက်၏။
ချန်းဝမ်ဟွေအား အပြီးသတ် သုတ်သင်ရှင်းလင်းရန် စုချန်းအနေနှင့် ဆုံးဖြတ်ထားပြီး ဖြစ်သည်။ ဤအနေအထားတွင် ၎င်းအနေနှင့် အဘယ်မှာ အလွယ်တကူ ထွက်ပြေးန်ိုင်အံ့နည်း။
စကားဆုံးသည်နှင့် စုချန်းက လေထဲသို့ လက်ညိုးနှင့် လှမ်းထိုးလိုက်ရာ မီးလျံကန့်လန့်ကာကြီးတခု ကောင်းကင်ပေါ့်သို့ တိုးထွက်သွား၏။
မီးလျံကန့်လန့်ကာကြီးကို ချန်းဝမ်ဟွေ အံ့သြတကြီးနှင့် လှမ်းကြည့်လိုက်သည်။ ထိုအချိန်မှာပင် နောက်ကျောဆီမှ စူးရှသော နာကျင်မှုကို ချန်းဝမ်ဟွေ ခံစားလိုက်ရ၏။
"အား"
အူသည်းလှိုက်သည်း အော်ဟစ်ပြီး ချန်းဝမ်ဟွေ သူ့နောက်ကျောရှီ ရန်သူကို လက်ဝါးနှင့် ရိုက်ချလိုက်၏။ ရန်သူကား လူအုပ်ထဲသို့ ပြန်လည်ခုန်ဝင်သွားခဲ့လေပြီ။
သို့သော် သူ့အား အလစ်ဝင်ရောက်လုပ်ကြံသူ မည်သူမည်ဝါမှန်း ချန်းဝမ်ဟွေ သေသေချာချာ မြင်တွေ့လိုက်ရ၏။
"ပန်းဖင် မင်းကိုးကွ"
ပန်းဖင်ဟူသည်မှာ ချန်းဝမ်ဟွေ အယုံကြည်ရဆုံး အရာရှိတဦး ဖြစ်သည်။
ပန်းဖင်က ခံစားချက်ကင်းမဲ့သော လေသံနှင့် အော်လိုက်၏။
"မြို့တော်အရှင်သခင်အန်းက အမိန့်ပေးလိုက်တယ်...မင်းတို့ မတိုက်ပဲ ဘာလုပ်နေကြတာတုန်း"
ပန်းဖင်၏ အော်သံအဆုံးဝယ် လူအုပ်ထဲမှ နာကျင်စွာ အော်ဟစ်သံများ ထွက်ပေါ်လာ၏။
စုံစမ်းစစ်ဆေးရေးဗျူရိုမှ အရာရှိ ၈ယောက်ခန့်ငည် ရုတ်တရက် ရန်လိုစိတ်များ ပေါ်ပေါက်လာဟန်ဖြင့် သူတို့ဘေးနားရှိ လူများကို တိုက်ခိုက်လိုက်ခြင်းကြောင့် ထွက်ပေါ်လာသော အော်သံများပင် ဖြစ်သည်။
စုံစမ်းစစ်ဆေးရေးဗျူရိုတွင် သစ္စာဖောက်များ စိမ့်ဝင်နေကြောင်း သိသာနေခဲ့လေပြီ။
မြင်ကွင်းကိုကြည့်ရင်း ချန်းဝမ်ဟွေ ထိတ်လန့်တုန်လှုပ်သွား၏။ သူ့ပါးစပ်အတွင်းမှလည်း သွေးများ ယိုစီးကျလာသည်။
ပန်းဖင်..
သူက စုံစမ်းစစ်ဆေးရေးဗျူရိုတွင် ချန်းဝမ်ဟွေ အယုံကြည်ရဆုံး လူတယောက် ဖြစ်သည်။ ကျန်လူများ သစ္စာဖောက်စေကာမူ ပန်းဖင်ကတော့ သစ္စာဖောက်မည့် လူစားမျိုးမဟုတ်ဟု ချန်းဝမ်ဟွေ ယုံကြည်ထားခဲ့၏။
ယခုတော့ သူအယုံကြည်ရဆုံးလူဖြစ်သည့် ပန်းဖင်ကပင် စတင် သစ္စာဖောက်လိုက်သောအခါ ချန်းဝမ်ဟွေ အတော်လေး ထိတ်လန့်သွား၏။ တချိန်တည်းမှာပင် ဤတကြိမ် စုချန်း ရည်ရွယ်သည်မှာ လင်းမျိုးနွယ်စုမဟုတ်ပဲ သူ့ကိုသာဖြစ်ကြောင်း ချန်းဝမ်ဟွေ သဘောပေါက်လာ၏။
ယခုတော့ သူ့ပတ်ပတ်လည်တွင် ရန်သူများ ဝန်းရံလျက်ရှိလေပြီ။ ပန်းဖင်၏ တိုက်ခိုက်မှုကြောင့် သူ ရလိုက်သည့် ဒဏ်ရာကလည်း အတော်ပင် ပြင်းထန်၏။ ပို၍ဆိုးသည်က ပန်းဖင်၏ ဓားတွင် နှလုံးကို ထိခိုက်စေနိင်သည့် အဆိပ်များ သုတ်လိမ်းထားခြင်းပင်။
သို့တိုင်အောင် ချန်းဝမ်ဟွေကား လက်မလျော့သေး။ သူက ကျယ်လောင်စွာ အော်ဟစ်ရယ်မောလိုက်သည်။
"ဟား ဟား ဟား ငါ့ကို သတ်ချင်တာလား ငါ့ကို သတ်ချင်ရင် မင်းတို့ တန်ရာတန်ကြေးတော့ ပေးရမယ်"
တဖန် ချန်းဝမ်ဟွေသည် ခေါင်းကိုမော့ရင်း ကျယ်လောင်စွာ အော်ဟစ်လိုက်ပြန်ရာ သူ့တကိုယ်လုံးဆီမှ မရေမတွက်နိုင်သော နွယ်ပင်များ ထွက်ပေါ်လာ၏။ ဤတကြိမ် နွယ်ပင်များက ယခင်အကြိမ်များနှင့် မတူ။ ချန်းဝမ်ဟွေ၏ ကိုယ်ခန္ဓာရှိ အသွေးအသားများနှင့် ဖန်တီးထားသကဲ့သို့ သွေးရောင်များလွှမ်းနေ၏။ သွေးနွယ်ပင်များသည် မြွေများပမာ အရပ်ရှစ်မျက်နှာသို့ ရွေ့လျားကုန်ကြလေသည်။
သွေးနွယ်ပင်များက ကြောက်စရာကောင်းလှ၏။ ချီစွမ်းအားပညာရှင်တချို့နှင့် သိုင်းသမားတချို့မှာ နွယ်ပင်များ၏ ရစ်ပတ်ခြင်းခံရကာ တစစီ ဖြစ်ကုန်ကြလေသည်။
ချန်းဝမ်ဟွေကား သူ့အစွမ်းကို ထန်ကုန် ထုတ်ပြနေခဲ့လေပြီ။ ရာနှင့်ချီသော သိုင်းသမားများနှင့် ချီစွမ်းအားပညာရှင်များသည် ၎င်း၏ အနားသို့ တိုးကပ်နိုင်စွမ်းမရှိတော့။
၎င်းကိုကြည့်ရင်း စုချန်းက သက်ပြင်းချကာ တီးတိုးရေရွတ်လိုက်သည်။
"တော်တော်ရဲရင့်တဲ့လူပဲ"
သို့သော် မည်မျှရဲရင့်သောသူ ဖြစ်စေကာမူ တနေ့တွင်တော့ သေရမည်သာ။
ထိုအချိန်မှာပင် ဖြူဖွေးသော အလင်းတန်းတခုသည် အလွန်လျင်မြန်သော အရှိန်အဟုန်နှင့် ချန်းဝမ်ဟွေ၏ ကိုယ်တွင်းသို့ ထိုးဖောက်ဝင်ရောက်သွား၏။ ချန်းဝမ်ဟွေ၏ လှုပ်ရှားမှုများအားလုံး ရပ်တန့်သွားလေသည်။
သူက လင်းဖန်းထန်ကို ကြည့်ရင်း ရေရွတ်လိုက်သည်။
"မင်း......."
လင်းဖန်းထန် ခေါင်းငုံ့လိုက်၏။ စကားတခွန်းမှ မပြော။
မည်သို့ဆိုစေ သူသည် သူ၏ သစ္စာတရားကို ပြသနိုင်ခဲ့လေပြီ။