← Chapters

ရဲရင့်သော တိုက်ပွဲ

Vol. 50 Ch. 497

ရဲရင့်သော တိုက်ပွဲ

Vol. 50 Ch. 497

အား.....

လျန်အိမ်တော်အတွင်းမှ စူးရှနာကျင်စွာ အော်ဟစ်သံများ ထွက်ပေါ်လာ၏။

အနှီအော်သံများသည် ရပ်တန့်သွားခြင်းမရှိပဲ အဆက်မပြတ် ထွက်ပေါ်နေလေရာ တစုံတယောက်သာ ထိုအော်သံများကို ကြားမိပါက ကြောက်လန့်မှုကြောင့် တကိုယ်လုံး တုန်ယင်သွားလောက်သည်။

အမွှေးတိုင်တချောင်းထွန်းစာခန့် ကြာမြင့်ချိန်တွင်တော့ အော်သံများ လုံးဝ ပျောက်ကွယ်သွား၏။

အိမ်တော်ရှေ့တံခါးသည်လည်း တကျွီကျွီနှင့် ပွင့်လာလေသည်။

တံခါးပေါက်မှ ထွက်လာသူမှာကား စုချန်းပင် ဖြစ်သည်။ သူ့တကိုယ်လုံးတွင်လည်း သွေးများ ပေကျံနေ၏။

လျန်အိမ်တော်သို့ စရောက်စဥ်က စုချန်း၏ ဝတ်စုံမှာ အဖြူရောင်ဖြစ်သည်။ လျန်အိမ်တော်မှ ပြန်ထွက်လာချိန်တွင်တော့ စုချန်း၏ တကိုယ်လုံး သွေးများနှင့် စွန်းထင်းကာ အနီရောင် ဖြစ်နေခဲ့လေပြီ။ သူ့လက်ထဲရှိ တောင်ခွဲဓားမှာလည်း သွေးများနှင့် စေးထန်းနေ၏။

သူ ဝတ်ဆင်ထားသော ထိပ်တန်းမူလကိရိယာများတွင်လည်း မကြာသေးမီကမှ အသုံးပြုခဲ့သည့် လက္ခဏာများ ပေါ်ပေါက်နေ၏။

သူ ကြုံတွေ့ခဲ့ရသည့် တိုက်ပွဲသည် မည်မျှ ရက်စက်ကြမ်းကြုတ်မှန်း အထက်ပါ လက္ခဏာများကို ကြည့်လျင် မြင်သာပေသည်။

သူ့တကိုယ်လုံးတွင် ပေကျံနေသော သွေးများမှာ ရန်သူ့ထံမှ သွေးများ သက်သက်မဟုတ်။ သူ့ဒဏ်ရာများမှ စီးကျလာသော သွေးများလည်း ပါဝင်နေ၏။

တကယ်တော့ ပြင်းထန်လှသည့် တိုက်ပွဲတွင် စုချန်းတယောက် သုံးဆယ်ခုနှစ်ကြိမ်တိတိ ဒဏ်ရာရခဲ့ပြီး ထိုအထဲမှ အကြိမ်နှစ်ဆယ်မှာ ဒဏ်ရာပြင်းထန်လှသည်။ မရဏရေညှိမျှင်များနှင့် ဆန်းကြယ်လေးလံသံချပ်ကာဝတ်စုံသည် သူ့အား အပြည့်အဝ ကာကွယ်နိုင်ခဲ့ခြင်းမရှိချေတကား။

မည်သို့ဆိုစေ သူ အသက်ရှင်နေဆဲပင်။

သူ့တွင် ကျားတကောင်ကဲ့သို့ သန်မာပြီး နဂါးတကောင်ကဲ့သို့ ပျံသန်းနိုင်သေးသည့် စွမ်းအင်များ ကျန်ရှိနေသေး၏။

အိမ်တော်အပြင်သို့ ရောက်သည်နှင့် စုချန်းသည် နောက်ဆုံးကျန်ရှိသည့် အဆင့်မြင့် အနာကျက်ဆေးကို ဂွပ်ခနဲ မော့ချပြီး ပုလင်းခွံကို လွှင့်ပစ်လိုက်သည်။

ခပ်လှမ်းလှမ်းတနေရာတွင် အသင့်စောင့်ဆိုင်းနေသည့် သံမဏိက စုချန်းကို မြင်သည်နှင့် လျှောက်လာပြီး မေးလိုက်သည်။

"ပြီးသွားပြီလား သခင်"

သံမဏိ၏ တာဝန်မှာကား ကင်းစောင့်ရန် ဖြစ်သည်။ အကယ်၍ အပြင်လူတယောက်ယောက်သာ ဤဧရိယာအတွင်းသို့ ဝင်ရောက်လာပါက ထိုလူကို သံမဏိက အတတ်နိုင်ဆုံး ဟန့်တားထားမည်။ ထိုအချိန်တွင် ကွေ့တာရှန်းနှင့် ကျန်လူများက စုချန်းအား အကြောင်းကြားရန် ဖြစ်သည်။

စုချန်းအနေနှင့် လျန်ရှန်ချန်းအား မလိမ်ခဲ့။ လျန်အိမ်တော်အတွင်းသို့ သူ တယောက်တည်း ဝင်လာခဲ့သည်ကတော့ အမှန်ပင်။ သို့သော် မမျှော်လင့်သော အခြေအနေများ ပေါ်ပေါက်လာပါက ဖြေရှင်းနိုင်ရန် အတတ်နိုင်ဆုံးတော့ ကြိုတင်ပြင်ဆင်ထားခဲ့လေသည်။

ကျေးဇူးတင်စရာကောင်းသည်မှာကား အရာအားလုံးသည် စုချန်း ကြိုတင်မျှော်လင့်ထားသည့်အတိုင်းသာ ဖြစ်လာခဲ့၏။ မည်သည့် မမျှော်လင့်နိုင်သော အခြေအနေမျိုးမှ မပေါ်ပေါက်ခဲ့။

"ပြီးသွားပြီလား"ဟု သံမဏိကလည်း စကားအဖြစ်သာ မေးလိုက်ရသည်။ တကယ်တော့ ထိုမေးခွန်း၏ အဖြေကို သံမဏိက သိထားပြီးသားပင်။

"ကျုပ်ကို တိုက်ခိုက်တဲ့ကောင်တွေ တယောက်မကျန် သေကုန်ပြီ မတိုက်ခိုက်တဲ့ လူတွေကတော့ အသက်ရှင်တယ်"

သူ့နှုတ်ခမ်းထောင့်မှ စီးကျလာသော သွေးများကို သုတ်ရင်း စုချန်းက ပြောလိုက်သည်။

"လျန်ကျာ့အိုလည်း အသက်ရှင်တယ် သူ့အစ်ကိုတချို့ကတော့ အညံ့ခံကြတယ် နောက်ပိုင်းကျရင် လျန်မျိုးနွယ်စုရဲ့ အမွေခံအဖြစ် သူတို့ထဲက တယောက်ကို မင်းပဲ ရွေးချယ်ပေးလိုက်တော့"

"လျန်ကျာ့အိုကိုပဲ ရွေးချယ်လိုက်ရင်ကော သခင်"

"မင်း သဘောပဲလေ"

"အရင်တုန်းက သူ့မှာ ကိုယ်ဝန်ရသွားအောင် သခင် စမ်းသပ်ခဲ့ဖူးတယ်မလား"

ထိုစကားကြောင့် စုချန်းက သံမဏိကို ဖြတ်ခနဲ လှမ်းကြည့်ရင်း ပြောလိုက်၏။

"သံမဏိ မင်းဟာ တောင်ရိုးကမ်းပါးလူမျိုးတွေနဲ့ တရက်ထက် တရက် မတူတော့ပါလားကွ မင်း သိပ်ပြီး သနားတတ်လာတာကိုး"

သံမဏိ ပြန်ပြောလိုက်၏။

"သခင့်အနေနဲ့ ကျုပ်ကို အရမ်း တောင်ရိုးကမ်းပါးလူမျိုး ဆန်စေချင်ရင် ကျုပ် ဆန်ပေးလို့ရပါတယ် သခင်"

"မလိုပါဘူးကွာ ဒါ ကျုပ်အတွက် အဆင်ပြေပါတယ်"

စုချန်းက သံမဏိ၏ ပုခုံးအား ခင်မင်ရင်းနှီးစွာ ပုတ်ရင်း ပြောလိုက်သည်။

"မင်း လုပ်တာတွေ ကောင်းပါတယ် ဒီအတိုင်းပဲ ဆက်လုပ်ပါ"

စကားဆုံးသည်နှင့် စုချန်းသည် သူ့အတွက် အသင့်ပြင်ဆင်ထားသော ရထားလုံးပေါ်သို့ တက်လိုက်၏။ ထို့နောက် သူသည် ကိုယ့်ကိုယ်ကို သန့်ရှင်းရေးလုပ်ပြီး ဝတ်စုံအသစ်တထည်ကို ပြောင်းလဲဝတ်ဆင်လိုက်သည်။ စက္ကန့်အနည်းငယ်အတွင်းမှာပင် စုချန်းသည် ယခင်အတိုင်း တင့်တယ်သော ပုံပန်းသွင်ပြင်မျိုး ပြန်ဖြစ်သွား၏။

"ကျုပ်ကို ရတနာတထောင်နန်းဆောင်ကို ပို့ပေးစမ်း မြန်စရာမလိုဘူး ခပ်ဖြေးဖြေးပဲသွား"

အမိန့်ပေးပြီးသည်နှင့် စုချန်းသည် ရထားလုံးပေါ်မှာပင် လဲလျောင်းအနားယူလိုက်၏။

စုချန်းတယောက် မည်မျှကြာအောင် အိပ်ပျော်နေသည်မသိ။ ကျူးဟုန်၏ အသံ သူ့နားထဲသို့ တိုးဝင်လာမှ နိုးလာတော့သည်။

"သခင်လေး သခင်လေး"

ထိုအချိန်တွင် သူတို့၏ ရထားလုံးကား ရတနာတထောင်နန်းဆောင်သို့ ဆိုက်ရောက်နေခဲ့ပြီ ဖြစ်သည်။

"မင်းဟာက မြန်လွန်းတယ်ကွ"

စုချန်းက မျက်မှောင်ကုတ်ရင်း ပြောလိုက်သည်။ အမှန်တကယ်လည်း သူ အိပ်ရေးမဝသေး။

"ကျုပ် တောင်းပန်ပါတယ် သခင်လေး"

ကျူးဟုန်က ကပျာကယာ တောင်းပန်လိုက်၏။

စုချန်းလည်း ကျူးဟုန်အား အပြစ်တင်မနေတော့ပဲ ဆိုင်အတွင်း လှမ်းဝင်လိုက်၏။ ထိုအချိန််မှာပင် အစားအစာများကို အားရပါးရ စားသောက်နေသော ကျန်းစီချွေ့ကို သူ မြင်တွေ့လိုက်ရသည်။

စုချန်းလည်း ယဥ်ကျေးပြမနေနိုင်တော့။ တူတစုံကို ခပ်မြန်မြန်ပင် ကောက်ယူကာ ကျန်းစီချွေ့နှုင့်အတူ ဝင်ရောက်စားသောက်လိုက်၏။

"ဒီလောက် အလောတကြီး စားစရာ မလိုပါဘူးကွာ ဒီမှာ အစားအသောက်တွေ လုံလုံလောက်လောက် ရှိပါတယ်ဟ"

ကျန်းစီချွေ့က ရယ်မောပြီး စုချန်းအား စနောက်လိုက်၏။

စုချန်းက ပြန်ပြောလိုက်သည်။

"ကျုပ်က လျန်မျိုးနွယ်စု တစုလုံးကို တယောက်တည်း ရှင်းလာရတာဗျ ကျုပ် တကယ်မောနေပြီ မူလစွမ်းအင်နဲ့ သွေးချီစွမ်းအင်တွေလဲ အတော်ခန်းနေပြီ ပြီးတော့ ကျုပ်မှာ ဒဏ်ရာတွေကလဲ အများကြီး ဒီလိုအခြေအနေမှာ အားရပါးရ စားထားမှရမှာပေါ့"

"ဒီတခေါက် မင်း ဘယ်လောက်တောင် ပင်ပန်းလာမှန်း ကျုပ် သိပါတယ်ကွာ ခု ကျုပ်မှာထားတာကလဲ သားရဲသတ္တဝါအသားတွေချည်းပဲ ဒါတွေက အရသာရှိတယ် အဟာရဖြစ်တယ် အားရပါးရသာ စားလိုက် မင်း အဆင်ပြေသွားမှာပါ"

ကျန်းစီချွေ့က ပြန်ပြောလိုက်သည်။ သူ့စိတ်ထဲတွင်တော့ အောက်ပါအတိုင်း စဥ်းစားနေ၏။

ဟင်း...မင်းကတော့ ကိုယ့် ဒုက္ခကိုယ်ရှာတာပဲ ဘာလို့ ငါ့ကို မခေါ်တာလဲ လျန်မျိုးနွယ်စု တယောက်တည်း ရှင်းပစ်နိုင်လို့ ဂုဏ်သိက္ခာမြင့်မားလာတာကတော့ ဟုတ်ပါပြီ ဒါပေမဲ့ တစုံတခု ဖြစ်သွားရင် ထိုက်တန်လို့လားကွာ....

စုချန်းကလည်း ကျန်းစီချွေ့ ဘာစဥ်းစားနေမှန်း ချက်ချင်း သဘောပေါက်လိုက်သည်။

"ဒါကို ဂုဏ်သိက္ခာအတွက် ကျုပ် လုပ်တာလို့ မင်း ယူဆနေတယ်မလား"

"မဟုတ်လို့လား"

"လုံးဝ မဟုတ်ဘူး"

စုချန်းက သားရဲသတ္တဝါခြေထောက်တဖက်ကို အားရပါးရ ကိုက်ဝါးရင်း ပြောလိုက်သည်။

"လျန်မျိုးနွယ်စုကို ကျုပ် တယောက်တည်း ရင်ဆိုင်တယ်ဆိုတာ ဂုဏ်သိက္ခာကြောင့် မဟုတ်ဘူး ကျုပ် အင်အား ဘယ်အဆင့်ရောက်နေပြီလဲဆိုတာ သိချင်လို့ပဲ မင်းအနေနဲ့ ခက်ခဲကြမ်းတမ်းတဲ့ တိုက်ပွဲတွေ ရင်မဆိုင်ဖူးဘူးဆိုရင် ရင့်ကျက်လာဖို့ ခက်တယ်လေ ပြီးတော့ လွန်ခဲ့တဲ့ နှစ်တချို့မှာ ကျုပ်ဟာ လျို့ဝှက်နည်းစနစ်တချို့ကို ရရှိခဲ့တယ် ဒါတွေကို တိုက်ပွဲအတွင်းမှာ အသားကျအောင် အသုံးမပြုနိုင်သေးဘူးလို့ ကျုပ်ထင်တယ် ဒါကြောင့် ဒီနည်းစနစ်တွေကို တိုက်ပွဲအတွင်းမှာ အံဝင်ခွင်ကျ အသုံးပြုလာနိုင်အောင် လေ့ကျင့်ခန်းဆင်းတဲ့သဘောလဲ ပါတယ်"

ဤနေရာအရောက်တွင် စုချန်းက စကားပြောခြင်းကို ခေတ္တရပ်တန့်ကာ သားရဲသတ္တဝါသွေးနှင့် ဖန်တီးထားသည့် ဝိုင်ကို အားရပါးရ မော့သောက်လိုက်၏။ ပြီးမှ သူက စကားဆက်လိုက်သည်။

"ကျုပ်ဆရာက ပြောတယ် မင်းအနေနဲ့ သေရေးရှင်ရေး တိုက်ပွဲတွေမှာ တိုက်ရပြီဆိုရင် ပုန်းကွယ်နေတဲ့ အင်အားတွေ ထွက်ပေါ်လာပြီး ပညာရှင်အဆင့်မျိုးကို တမုဟုတ်ချင်း ရောက်လာနိုင်မယ် ကိုယ့်အရည်အချင်း ဘယ်လောက်ရှိတယ်ဆိုတာ သိနိုင်လာလိမ့်မယ်တဲ့ လွန်ခဲ့တဲ့ နှစ်တွေတုန်းက ကျုပ်ဟာ သွေးဗီဇစွမ်းရည်တွေကို ယှဥ်နိုင်မဲ့ နည်းစနစ်တွေ ဖန်တီးဖို့ပဲ အဓိက အာရုံစိုက်ထားခဲ့တယ် သေရေးရှင်ရေး တိုက်ပွဲတွေ မတိုက်ခိုက်ရတာ ကြာပြီ....ဟေ့ စားပွဲထိုး ကျုပ်အတွက် နောက်ထပ် အသားတပွဲ ချစမ်းပါအုံး"

"ဒီတော့ လျန်မျိုးနွယ်စုကို တယောက်တည်း ရင်ဆိုင်တာ မင်းဟာ သေရေးရှင်ရေး တိုက်ပွဲမျိုး ဆင်နွှဲချင်လို့ပေါ့ ဟုတ်လား မင်း ဘယ်လို ခံစားရသလဲ"

"သိပ်တော့ မကောင်းဘူး"

စုချန်းက ခေါင်းခါရင်း ပြောလိုက်သည်။

ထို့နောက် သူက သားရဲသတ္တဝါ အသားတဖဲ့ကို ကိုက်ဝါးရင်း သူ့ရင်ဘတ်ပေါ်ရှိ ဒဏ်ရာများကို လက်ညိုးထိုးကာ ပြောလိုက်ပြန်သည်။

"ဒီနေရာ ဒီနေရာတွေမှာ ကျုပ် ဓားနဲ့ အခုတ်ခံရတယ် လှံနဲ့ အထိုးခံရတယ် ဘာပုန်းကွယ်နေတဲ့ အင်အားမှ ပေါ်ထွက်မလာဘူး ဒီသွေးစွန်းတဲ့ တိုက်ပွဲအပြီးမှာ လူသားတွေရဲ့အသက်ဟာ ဘာတန်ဖိုးမှမရှိဘူးလို့ ကျုပ် ခံစားလာရတယ် ဒီတိုက်ပွဲကြောင့် ကျုပ် ရည်ရွယ်ချက်အတိုင်း နည်းစနစ်တွေကို ပိုပြီး အံဝင်ခွင်ကျ အသုံးပြုလာနိုင်ပေမဲ့ ဆရာ ပြောတဲ့ အဆင့်မျိုး ရောက်ဖို့တော့ အဝေးကြီး လိုနေသေးတယ်"

"ဒါကတော့ကွာ အပြင်မှာ သံမဏ်ိနဲ့ တခြားလူတွေ ရှိနေတာကြောင့်ကော မဖြစ်နိုင်ဘူးလား"

ထိုစကားကြောင့် စုချန်း ရယ်မောလိုက်၏။

"သူတို့ရှိနေတာနဲ့ ဘာဆိုင်လို့လဲကွ"

"သိပ်ဆိုင်တာပေါ့ကွာ"

ကျန်းစီချွေ့က သူ့အတွေးကို ရှင်းပြလိုက်၏။

"သူတို့ ရှိနေတယ်ဆိုတဲ့ သဘောက မင်းဟာ တိုက်ပွဲအတွက် ကြိိုတင်ပြင်ဆင်ထားတယ်ဆိုတဲ့ သဘောပဲ ဒီတော့ မင်းဟာ ဒီတိုက်ပွဲမှာ အနိုင်ရဖို့ မျှော်လင့်ချက် ရှိနေတယ် ဒါကြောင့် မင်းရင်ဆိုင်ခဲ့တဲ့ တိုက်ပွဲဟာလဲ အသက်လုတိုက်ပွဲ ဖြစ်မလာခဲ့ဘူး ပြောရမယ်ဆိုရင်တော့ ထွက်ပေါက်မရှိတဲ့ တိုက်ပွဲ သူသေကိုယ်သေ တိုက်ရတဲ့ တိုက်ပွဲမျိုး ဖြစ်မလာခဲ့ဘူး ဒါဟာ မင်းဆရာပြောတာနဲ့ မကိုက်ဘူးလေကွာ"

ကျန်းစီချွေ့၏ စကားကြောင့် စုချန်း အံ့သြသွား၏။

ကျန်းစီချွေ့က စကားဆက်ပြန်၏။

"မင်းဟာ ဘယ်နေရာမှာမဆို ကလိန်ကကျစ်လေးတော့ လုပ်တတ်တယ် အရာအားလုံးကို ထိန်းချုပ်နိုင်ပြီဆိုမှ မင်းက တိုက်ခိုက်တတ်တယ် တကယ့် သူရဲကောင်းတွေဆိုတာကတော့ ဒီလို မဟုတ်ဘူးကွ သူတို့က အင်မတန် ရဲရင့်ကြတယ် သူတို့ တိုက်ပြီဆိုရင် ဘာမှမစဥ်းစားပဲ တိုက်ခိုက်ကြတာပဲ မင်းကတော့ ဒီလို မဟုတ်ဘူး နိုင်ခြေရှိတဲ့ တိုက်ပွဲမျိုးကိုမှ ရွေးတိုက်တယ် မနိုင်ရင်လဲ နိုင်အောင် ကလိန်ကကျစ်လုပ်တယ် ဒါ သူရဲကောင်းတွေ လျှောက်တဲ့ လမ်းမျိုး မဟုတ်ဘူးကွ ဒါကြောင့် လျန်မျိုးနွယ်စုနဲ့ တိုက်ပွဲကို ကျုပ် သုံးသပ်ရမယ်ဆိုရင် ဒီတိိုက်ပွဲကို မင်းက အသက်လုတိုက်ပွဲ သေရေးရှင်ရေးတိုက်ပွဲလို့ ထင်တယ် ကျုပ်အမြင်မှာတော့ ဒါ အသက်လုတိုက်ပွဲ မဟုတ်ဘူး မင်းရဲ့ အင်အားကို ကြွားဝါတဲ့ တိုက်ပွဲသက်သက်ပဲ"

စုချန်း တွေခနဲ ဖြစ်သွားသည်။ ထို့နောက် သူက ပြန်ပြောလိုက်၏။

"ဘာအရန်အစီအစဥ်မှ မရှိပဲ တယောက်တည်း ရင်ဆိုင်တာ သိပ်ပြီး အန္တရာယ်များရာ ကျမနေဘူးလားကွ"

ကျန်းစီချွေ့ အားရပါးရ ရယ်မောလိုက်၏။

"သိပ်အန္တရာယ်ကြီးတာပေါ့ ဒါပေမဲ့ သူရဲကောင်းတယောက် လျှောက်မဲ့လမ်းဆိုမှတော့ အန္တရာယ်ကတော့ ကြီးမှာပေါ့ကွာ ဒါပေမဲ့ ကျုပ် အမြင်ပြောရရင် ဒီလမ်းကို မင်း မလျှောက်သင့်ဘူး ဒါ မင်းရဲ့ ဗီဇနဲ့လဲ မကိုက်ညီလှဘူး မင်းအနေနဲ့ သုတေသနလမ်းကြောင်းပေါ်မှာပဲ ဆက်နေပြီး ရန်သူအားလုံးကို အငွေ့ပျံသွားအောင် လုပ်နိုင်မဲ့ အကြွင်းမဲ့စွမ်းအင်မျိုး ပိုင်ဆိုင်လာအောင်ပဲ အရင်လုပ်သင့်တယ် နံရံကို ကျောပေးပြီး ကြုံတွေ့လာသမျှ အန္တရာယ်တွေကို တယောက်တည်း ရင်ဆိုင်တာမျိုးက မင်းရဲ့ ပုံစံ မဟုတ်ဘူး တနေ့မှာ မင်းရဲ့ သုတေသနတွေ ပေါက်ရောက်အောင်မြင်သွားပြီဆိုရင်တော့ ဒီလမ်းမျိုးကို လျှောက်ဖို့ မင်းအနေနဲ့ စဥ်းစားနိုင်တယ် အဲဒီလို အခြေအနေမျိုး ရောက်လာမှ လူ ထောင်ပေါင်းများစွာကို လက်ကလေးလှုပ်ရုံနဲ့ သတ်ပစ်လိုက်ရင်လဲ သိပ်ပြီး အချိန်နှောင်းလှတယ် မဆိုနိုင်ပါဘူးကွာ"

စုချန်း ရယ်မောလိုက်၏။

"ကျုပ်ကတော့ ဒါကို ပညာရှိတယ်လို့ မှတ်ယူထားတယ် ဟေ့ စားပွဲထိုး နောက်ထပ် အသားတပွဲ ချစမ်းပါအုံးဟေ့"

All Chapters