ရဲရင့်ခြင်းငှာ
Vol. 50 Ch. 498
အားရပါးရ စားသောက်ပြီးနောက် စုချန်းက သူ့ဗိုက်ကို ပွတ်သပ်ရင်း ပြောလိုက်သည်။
"ခုမှပဲ နေသာထိုင်သာ ရှိသွားတော့တယ် ကဲ အခု အခြေအနေ ဘယ်လိုရှိသလဲ ကျုပ်ကို ပြောပါအုံး"
"ဘယ်နေရာက အခြေအနေကို မင်း မေးတာလဲ"
ကျန်းစီချွေ့က ပြန်မေးလိုက်၏။
"အကုန်လုံးပဲ"
"ဝမ်ကျန်းယုက လှုပ်လှုပ်ရှားရှားလုပ်ဖို့ ကြံသေးတယ် ဒါပေမဲ့ မြို့တော်အရှင်သခင်အန်းနဲ့ သူ ထိပ်တိုက်တိုးသွားတယ် ချန်းမျိုးနွယ်စုကတော့ ငြိမ်ချက်သားကောင်းနေတယ် ဝေမျိုးနွယ်စုကတော့ လင်းမျိုးနွယ်စုကို အကူအညီပေးဖို့ ကြိုးစားသေးတယ် ဒါပေမဲ့ ကျုပ်တို့လူတွေက သူတို့ကို ဟန့်တားထားနိုင်လိုက်တယ်"
"အင်း အဖိုးကြီးဝေပိုင်က သူတို့ထဲမှာ အတော်လေး အမျှော်အမြင်ရှိတယ်လို့ ဆိုရမှာပေါ့"
စုချန်းက သက်ပြင်းချရင်း ပြောလိုက်၏။
"လုမျိုးနွယ်စုရဲ့ အခြေအနေကကော ဘယ်လိုရှိသလဲ"
ကျန်းစီချွေ့က ချက်ချင်း ပြန်မေးလိုက်သည်။
"မင်း လုချိန်ကွမ်းအကြောင်း မေးနေတာလား"
စုချန်းက ပြောလိုက်သည်။ သူ့လေသံတွင် ဒေါသအရိပ်အယောင်များ ယှက်သန်းနေ၏။
"ဒီခွေးမသား ကျုပ်ကို နောက်ကျောကနေ ဓားနဲ့ထိုးဖို့ကြိုးစားတာ နှစ်ကြိမ်ရှိပြီ ကျုပ် လူမိုက်မဟုတ်မှန်း သူ သိရင် သူ့ကို အလွယ်တကူ လွှတ်ပေးမှာ မဟုတ်မှန်း သူ သဘောပေါက်မှာပဲ ဒီလိုအခြေအနေမှာ သူ တခုခု ထလုပ်ဖို့ ကြိုးစားလိမ့်မယ် ဟုတ်တယ်မလား ကျုပ် ပြောတာ"
"မင်း ပြောတာ မှန်ပါတယ် ဒါပေမဲ့ မင်းကို ဒုက္ခမပေးနိုင်အောင် မြို့တော်အရှင်သခင်အန်းက လုယီယန်ကိုလွှတ်ပြီး သူ့ကို စောင့်ကြည့်ခိုင်းထားတယ်"
စုချန်းက ခုံကို လက်ဝါးနှင့် ဖြန်းခနဲ ရိုက်ချလိုက်၏။
"သူက ကျုပ်ကို ကူညီတာလား ဒါမှမဟုတ် လုချိန်ကွမ်းကို ကူညီတာလား"
ကျန်းစီချွေ့ သက်ပြင်းချလိုက်၏။
"မင်းကို ကူညီသလို လုချိန်ကွမ်းရဲ့အသက်ကိုလဲ ကယ်လိုက်တဲ့သဘောပေါ့ကွာ စိတ်ပျက်စရာကောင်းတာက လုချိန်ကွမ်းအတွက် တိမ်တိုက်ကျားသစ်တို့ အစီအစဥ်လေး အလဟသ ဖြစ်သွားတာပေါ့"
တကယ်တော့ လုချိန်ကွမ်းသာ တစုံတခု ထလုပ်ပါက ၎င်းအား ဆုံးမရန် စုချန်းက ကြိုတင်စီစဥ်ထားပြီးသားပင်။ ယခုတော့ ထိုအစီအစဥ်သည် အန်းစီယွမ်ကြောင့် ပျက်စီးသွားခဲ့ရပေပြီ။
စုချန်း အတော်လေး စိတ်ပျက်သွား၏။
သူ့မျက်နှာပေါ်တွင်လည်း ထိမ်းမနိုင်သိမ်းမရ ဒေါသထွက်ဟန်များ ပေါ်ပေါက်လာ၏။
ထို့နောက် သူက ထိုင်နေရာမှ ဖြုန်းခနဲ ထရပ်လိုက်သည်။
"ကျုပ်တို့ သွားကြမယ်"
"ဘယ်ကိုသွားမှာလဲ"
"ခု ကျုပ် အားရအောင် စားပြီးသောက်ပြီးပြီ ဒါပေမဲ့ ကျုပ်ရဲ့ စိတ်ပိုင်းဆိုင်ရာအခြေအနေကတော့ အဆင်မပြေဘူး ဖြစ်နေတယ် ဒီ မအီမသာ ခံစားချက်ကြီး ပျောက်သွားအောင် အပြင်ထွက်ပြီး လူတချို့ကို သတ်ပစ်မှရတော့မယ်"
"ဘာလဲ မင်း လုချိန်ကွမ်းကို သတ်ပစ်တော့မှာလား"
စုချန်း ဘာကိုတွေးနေမှန်း ကျန်းစီချွေ့ ချက်ချင်း သဘောပေါက်လိုက်သည်။ တဆက်တည်းမှာပင် သူ ထိတ်လန့်လာ၏။
"မင်း ဘာတွေ စဥ်းစားနေတာလဲ နောက်ဆက်တွဲ ဆိုးကျိုးတွေကို မတွေးတော့ဘူးလား"
"စဥ်းစားမယ် ဟုတ်လား ဘာကိုစဥ်းစားနေဖို့ လိုသလဲ မင်းပဲ ခုနက ပြောခဲ့တယ် သူရဲကောင်းတယောက်ရဲ့ လမ်းကို လျှောက်မယ်ဆိုရင် အသွေးအသားထဲမှာကိုက သတ္တတွေ ရှိနေဖို့ လိုတယ်ဆို တိုက်ချင်ရင် တိုက်မယ် သတ်ချင်ရင် သတ်မယ် ဘာကြောင့် အများကြီး စဥ်းစားနေတော့မလဲ"
"ဒါပေမဲ့ ဒါ မင်းရဲ့ ပုံစံမှ မဟုတ်တာ"
"ဒါကြောင့်မို့လို့လဲ ကျုပ် အရက်တွေ အများကြီး သောက်လိုက်တာပေါ့ ကျုပ် အရက်မူးမယ် ပြီးရင် နည်းနည်းပါးပါး အရူးထမယ် အရက်တွေအများကြီး သောက်ထားတာတောင်မှ အမှားလေး နည်းနည်းပါးပါးမှ မလုပ်ရဲရင် သူရဲကောင်းတယောက်ရဲ့ စိတ်ဓာတ်မျိုးကို တောင်းဆိုနေဖို့ကတော့ အဝေးကြီးပေါ့ကွာ"
စကားဆုံးသည်နှင့် စုချန်းသည် လှေကားထစ်များအတိုင်း အောက်သို့ ဆင်းသွားလေသည်။
________×××_________×××________
အမှတ် ၁၃လမ်းနှင့် ဂမ်ဘာရိပ်သာလမ်းဆုံသော လမ်းဆုံလမ်းခွတွင် ဖြစ်သည်။
လုချိန်ကွမ်းသည် အလွန်ခြေတံလက်တံရှည်သော မြင်းတကောင်၏ အပေါ်တွင် ထိုင်နေ၏။
သူ့ပုံစံမှာ သူ့ကိုယ်သူ အလွန် ကျေနပ်နေဟန်ရှိသည်။
သူနှင့် ဆန့်ကျင်ဘက်တွင်တော့ မျက်နှာလေးထောင့်၊ နားရွက်ပြားပြားနှင့် အဖိုးအိုတဦး ရှိနေ၏။
ထိုအဖိုးအို၏ နာမည်မှာ ယုဟွိုင်အင်း ဟု ခေါ်လေသည်။
၎င်းသည် ယုမျိုးနွယ်အကြီးအကဲဖြစ်ပြီး ၎င်း၏ သွေးဗီဇမှာ ရေခဲကင်းမြီးကောက်သွေးဗီဇပင် ဖြစ်သည်။
ယုဟွိုင်အင်းသည် သူ့ရှေ့ရှိ ပုဂ္ဂိုလ်ကို ဦးညွတ်လျက်ရှိ၏။
ယုမျိုးနွယ်များ အညံ့ခံလိုက်သော ပြယုဂ်ပင် ဖြစ်သည်။
တော်ဝင်မျိုးနွယ်စုများတွင် တစုအပါအဝင်ဖြစ်သော ယုမျိုးနွယ်များကား တရားဝင် လက်နက်ချအညံ့ခံလိုက်လေပြီ။
လုချိန်ကွမ်းအနေနှင့် ထိုအတွက် အထူးတလည် ပျော်ရွှင်နေသင့်၏။ သို့သော် သူ ထင်သလောက် မပျော်နိုင်။ အကြောင်းမှာ ဤအညံ့ခံမှုအတွက် တာဝန်ရှိသူသည် သူမဟုတ်ပဲ လူငယ်လေးတဦးသာ ဖြစ်နေသောကြောင့်ပင်။
ဘယ်အချိန်ကတည်းက စုချန်းကို သူ မနာလိုဖြစ်နေမိမှန်း လုချိန်ကွမ်း မှတ်ပင်မမှတ်မိတော့။
အချိန်အတော်လေး ကြာသွားခဲ့ပြီ ဖြစ်သည်။ ဖြစ်ရပ်တိုင်းကို လုချိန်ကွမ်း အသေးစ်ိတ် မမှတ်မိတော့။ မှတ်လည်းမမှတ်မိချင်တော့။
သူသိသည်မှာ စုချန်း ပေါ်လာကတည်းက သူသည် ဒုတိယလူအဖြစ်သို့ ရောက်သွားခြင်းပင်။ သူ့ရန်သူများကလည်း သူ့ကို အရင်လို မကြောက်ကြတော့။ အန်းစီယွမ်ကလည်း သူ့ကို အရင်လို အားကိုးအားထား မလုပ်တော့။ ဤမျှလောက်ဆိုလျင် လုချိန်ကွမ်းအဖို့ ဒေါသထွက်ဖို့ လုံလောက်နေခဲ့လေပြီ။
ယုတ်စွအဆုံး ဝမ်ကျန်းယုသည်ပင် သူ့ကို ဂရုမစိုက်တော့။ စုချန်းကိုသာ အဓိကရန်သူအဖြစ် ပြောင်းလဲသတ်မှတ်လိုက်၏။
ထို့ကြောင့် သူသည် စုချန်းကို အလွန် စက်ဆုပ်ရွံရှာ၏။ သူ၏ ဂုဏ်သိက္ခာ၊ သူ၏ အဆင့်အတန်းကို စုချန်းက လုယူသွားသည် မဟုတ်ပါလား။
ထို့ကြောင့် လုချိန်ကွမ်း၏ စိတ်ထဲတွင် စုချန်းအား အတော်လေး သတ်ပစ်ချင်နေ၏။
ယခုလည်း လုချိန်ကွမ်း၏ မူလအစီအစဥ်က ယုမျိုးနွယ်စုအား လက်နက်ချစေရန်မဟုတ်။ စုချန်းအား နောက်ကွယ်မှ ထိုးနှက်ရန် ကြံစည်နေသည့် ယုမျိုးနွယ်စုဝင်များအား မသိချင်ယောင်ဆောင်ကာ လွှတ်ပေးလိုက်ရန်သာ ဖြစ်သည်။
ထိုအတွက် စုချန်း သိသွားမည်ကို လုချိန်ကွမ်း ဂရုမစိုက်။ သိသွားတော့ကော ဘာသက်သေမှ မရှိ၍ စုချန်း ဘာလုပ်နိုင်မည်နည်း။ တဖက်တွင်လည်း သူ့ကို အန်းစီယွမ်က ကာကွယ်ပေးထားသည် မဟုတ်ပါလား။
ဤတကြိမ်ပါ ထည့်ပေါင်းလျင် စုချန်းအား လုချိန်ကွမ်း လုပ်ကြံရန် ကြိုးစားသည်မှာ သုံးကြိမ်မြောက်သွားခဲ့ပေပြီ။ ယခင် အကြိမ်များတွင် မအောင်မြင်ခဲ့သော်လည်း ဤတကြိမ်တွင်တော့ သေချာပေါက်အောင်မြင်မည်ဟု လုချိန်ကွမ်းက ယူဆထား၏။
ယခုတော့ သူ့အစီအစဥ်မှာ လုယီယန်ဟူသော ခွေးမသားကြောင့် ပျက်စီးခဲ့ရပေပြီ။ လုယီယန်ရှိနေခြင်းကြောင့် လုချိန်ကွမ်းအနေနှင့် ယုမျိုးနွယ်ဝင်များအား လွှတ်ပေး၍ မရတော့။
တဖက်တွင် အန်းစီယွမ် မည်သို့ သဘောထားမှန်း လုချိန်ကွမ်း ကောင်းကောင်း သိထား၏။ တော်ဝင်မျိုးနွယ်စုများနှင့် ရင်ဆိုင်နေရချိန်ဝယ် သူ့လူများ စိတ်ဝမ်းမကွဲစေရန် အန်းစီယွမ် လိုလားနေသည် မဟုတ်ပါလား။
သူ့ဖက်ကလည်း အန်းစီယွမ်၏ ထိုသဘောထားကို သိထားသောကြောင့်သာ စုချန်းအပေါ် သည်းခံနေခဲ့ခြင်း ဖြစ်သည်။
ယခုတော့ ယုဟွိုင်းအင်းက တရားဝင် အညံ့ခံလိုက်ပြီ ဖြစ်သည်။
ထိုသို့ အညံ့ခံခြင်းမှာလည်း တခြားကြောင့်မဟုတ်။ လျန်မျိုးနွယ်စု တစုလုံးအား စုချန်း တယောက်တည်း ရှင်းပစ်ခဲ့မှန်း သိရှိသွားခြင်းကြောင့်သာ ဖြစ်သည်။ ထိုသို့သိသွားအောင်လည်း မူလဗျူရိုမှ လက်ပါးစေတဦးက လာရောက်သတင်းပို့သွားခြင်းပင်။
ထိုအတွက်ကြောင့်လည်း လုချိန်ကွမ်း၏ စိတ်ထဲတွင် အတော်ပင် မခံချိမခံသာ ဖြစ်နေ၏။ သူသည် ယုဟွိုင်အင်း အညံ့ခံလာစေရန် စကားများ အာပေါက်မတတ် ပြောခဲ့ရ၏။ အခွင့်အရေးများ အမျိုးမျိုးအဖုံဖုံ ပေးခဲ့၏။ သို့သော် သူ၏ ကြိုးစားအားထုတ်မှုသည် စုချန်း၏ လုပ်ရပ်တခုတည်းကိုပင် မကျော်လွန်နိုင်ပဲ ဖြစ်နေသည် မဟုတ်ပါလား။
အဆိုပါ ခံစားချက်သည် လုချိန်ကွမ်းအား ပြင်းထန်စွာ နာကျင်စေ၏။
စဥ်းစားရင်းနှင့် လုချိန်ကွမ်းသည် ပို၍ ဒေါသထွက်လာ၏။ ထိုအခါ သူက ယုဟွိုင်အင်းအား အလွန်တရာ အေးစက်တင်းမာသော အကြည့်နှင့် ကြည့်ပြီး ပြောလိုက်သည်။
"ခင်ဗျားက ခုကျမှ အညံ့ခံသတဲ့လား ကျုပ်အမြင်တော့ ခင်ဗျားကို တခါတည်း သတ်ပစ်လိုက်တာ ကိစ္စအေးသွားမယ် ထင်တယ်"
ယုဟွိုင်အင်း ကြောင်အန်းအန်း ဖြစ်သွား၏။
"အကြီးအကဲလု ခုနက ပြောခဲ့တာ ဒီလို မဟုတ်ပါဘူး"
"ခုနကဟာက ခုနက အခုက အခုပဲဗျ ခုနတုန်းက ကျုပ်ဟာ ခင်ဗျားကို အခွင့်အရေး အမျိုးမျိုး ပေးခဲ့တယ် ဒါပေမဲ့ ခင်ဗျား မယူခဲ့ဘူး ခုတော့ ဘာမဟုတ်တဲ့ သတင်းလေးကြားတာနဲ့ ကြောက်ချေးပါပြီး အညံ့ခံချင်လာတယ်ပေါ့ ဒါပေမဲ့ ခုချိန်မှာ ခင်ဗျား အညံ့ခံတာကို ကျုပ်တို့ တကယ်ကော လိုသေးလို့လား ခုဆိုရင် လျန်မျိုးနွယ်စု ပျက်စီးသွားပြီ လိုင်မျိုးနွယ်စု လက်နက်ချလိုက်ပြီ တော်ဝင်မျိုးနွယ်စုဆယ်စုမှာ လေးစုပဲ ကျန်တော့တယ် ခင်ဗျားတို့ကို ဆက်ထိန်းထားလို့ အလကားပဲ ကျွေးရမဲ့ ပါးစပ်တပေါက် ပိုလာတာပဲရှိမယ်"
ယုဟွိုင်အင်း ကြောက်လန့်တကြားနှင့် အော်ဟစ်လိုက်၏။
"ဗျူရိုအကြီးအကဲစုက လက်နက်ချဖို့ပြောလို့ ကျုပ် လက်နက်ချတာ ကျုပ်နဲ့ပတ်သက်ပြီး မူလဗျူရိုမှာပဲ စီရင်ပိုင်ခွင့်ရှိတယ်"
ယုဟွိုင်အင်းအား အညံ့ခံရန် အကြောင်းကြားလာသူမှာ စုချန်း၏ လက်အောက်ငယ်သားတဦး ဖြစ်သည်။ ဥပဒေအရ ယုဟွိုင်အင်းနှင့် ပတ်သက်သည့် ကိစ္စများအား ၎င်းထံတွင်သာ ဆုံးဖြတ်ပိုင်ခွင့် ရှိနေ၏။
သို့သော် လုချိန်ကွမ်းက သိပ်ဂရုမစိုက်သည့် ဟန်ပန်နှင့် ပြောလိုက်၏။
"စုချန်းပြောတာ ကျုပ်ပြောတာမှ မဟုတ်တာ သူက အညံ့ခံဖို့ သဘောတူပေမဲ့ ကျုပ် မတူဘူး"
လုချိန်ကွမ်းကား ပြသနာကို မီးခွက်ထွန်းရှာနေခဲ့လေပြီ။
ထိုအခြေအနေကို မြင်သောအခါ လုယီယန် မျက်မှောင်ကုတ်လိုက်၏။ သို့သော် သူ တခွန်းမှဝင်မပြောပဲ ရေငုံနှုတ်ပိတ်ထားလိုက်သည်။
လုချိန်ကွမ်းတယောက် အတော်ပင် ဒေါသထွက်နေပြီး ထို ဒေါသများကို ဖောက်ခွဲထုတ်ရန် လိုအပ်နေမှန်း သူ သဘောပေါက်ထားသည် မဟုတ်ပါလား။ အကယ်၍ လုချိန်ကွမ်းသာ ဇွတ်တရွတ် လုပ်လိုက်ပါက စုချန်း၏ အစီအစဥ်တချို့ ပျက်စီးသွားဖွယ်ရာ ရှိသည်။
သို့သော် သူနှင့် ဘာဆိုင်သနည်း။
ယခုအချိန်တွင် လုချိန်ကွမ်းအား သွား၍ဟန့်တားလိုက်ပါက ၎င်း၏ ဒေါသမြားဦးက သူ့ဘက်သို့ လှည့်လာဖွယ်ရာ ရှိနေသည် မဟုတ်ပါလား။
စိတ်မကောင်းပါဘူး ယုမျိုးနွယ်တွေရေ...မင်းတို့တော့ ကံဆိုးပြီနဲ့တူတယ်...
ထိုအချိန်မှာပင် လုချိန်ကွမ်းသည် ယုဟွိုင်အင်း၏ ဦးခေါင်းအား ဖမ်းဆွဲပြီး အပေါ်သို့ ဆွဲမြှောက်လိုက်သည်။
အနီးရှိ လုချိန်ကွမ်း၏ တပ်ဖွဲ့ဝင်များကလည်း ၎င်းတို့၏ ဓားများကို ဆွဲထုတ်လိုက်ကြ၏။
ယုဟွိုင်အင်း အကြီးအကျယ် ထိတ်လန့်သွားလေသည်။
ထိုအချိန်မှာပင် စုချန်း၏ တင်းမာခက်ထန်သော အသံ ထွက်ပေါ်လာ၏။
"မင်းအနေနဲ့ သူ အညံ့ခံတာကို သဘောမတူဘူးဆိုရင် ကျုပ်လမ်းကနေဖယ်ပြီး အဝေးကို ထွက်သွားလိုက် ဒီလိုမှမဟုတ်ပဲ သူတို့ခေါင်းပေါ်က ဆံခြည်တမျှင်စာလောက်ကို ထိခိုက်ရင် ကျုပ်က မင်း လက်ချောင်းတွေကို ဖြတ်ပစ်မယ် ဒီထက်မကပဲ ထိခိုက်စေရင်တော့ မင်းတကိုယ်လုံးကို အပိုင်းပိုင်း ခုတ်ထစ်ပြီး အသားတွေကို ခွေးကျွေးပစ်မယ်"