သတ္တိအပြည့်နဲ့ တိုက်ပွဲ
Vol. 50 Ch. 499
လုချိန်ကွမ်း၏ လက်သည် လေထဲမှာပင် တန်းလန်းကြီး ဖြစ်နေ၏။
သူ့အနေနှင့် သူ ဆန္ဒရှိရာကို ဆက်လက်လုပ်ဆောင်လို၏။
သို့သော် သူ မလုပ်ရဲ။
"စုချန်း"
အံကြိတ်ကာ လည်ချောင်းထဲမှ ထွက်လာသော အသံနှင့် လုချိန်ကွမ်း ရေရွတ်လိုက်သည်။ ထို့နောက် သူက အသံထွက်ပေါ်လာရာဘက်သို့ လှမ်းကြည့်လိုက်၏။
စုချန်းကား လက်နှစ်ဖက်ကို နောက်ပစ်ကာ စိတ်အေးလက်အေးနှင့်ပင် လမ်းလျှောက်လာလေသည်။ စုချန်း ရှေ့တိုးလာသည်နှင့်အမျှ လုချိန်ကွမ်း၏ တပ်ဖွဲ့ဝင်များမှာ နောက်သို့ တရွေ့ရွေ့ ဆုတ်ကုန်ကြ၏။
ထိုသို့ ဖြစ်ရခြင်းမှာ သူတို့အနေနှင့် စုချန်းကို မတားဆီးလို၍ မဟုတ်။ မတားဆီးနိုင်၍သာ ဖြစ်သည်။
အရွတ်များအား လှီးဖြတ်လိုက်သော ဓားထက်ထက်တချောင်းကဲ့သို့လည်းကောင်း၊ ပင်လယ်နီကို ဖြတ်သန်းသွားသော မောရှေကဲ့သို့လည်းကောင်း စုချန်း၏ လမ်းသည် ချောမွေ့နေ၏။ သဘာဝကျနေ၏။
သူ့နောက်တွင်တော့ လူတိုင်းကို ဖော်ဖော်ရွေရွေ နှုတ်ဆက်လျက် ကျန်းစီချွေ့ လိုက်ပါလာ၏။
စုချန်း လမ်းလျှောက်လာသည်ကို မြင်တွေ့လိုက်ရသည့် ခနဝယ် ယုဟွိုင်းအင်းတယောက် နှလုံးသားများ အပြင်သို့ ခုန်ပေါက်ထွက်တော့မည့်ပမာ ခံစားလိုက်ရ၏။
သူကိုယ်တိုင်လည်း စုချန်းကို အလွန် မုန်းတီးနေသည်သာ။ သို့သော် ဤတခေါက်တွင်တော့ စုချန်းကို မြင်တွေ့ရသည်မှာ ပျော်စရာကောင်းလှ၏။
ထို့နောက် သူက ကျယ်လောင်စွာ အော်ဟစ်လိုက်သည်။
"ယုဟွိုင်အင်း မူလဗျူရိုအကြီးအကဲစုချန်းကို နှုတ်ခွမ်းဆက်သပါတယ် ဒီကနေ့ကစပြီး ယုမျိုးနွယ်စုဟာ မူလဗျူရိုအတွက် ခွေးတကောင်လို သစ္စာရှိပြီး မြင်းတကောင်လို အလုပ်လုပ်ပေးပါမယ်ခင်ဗျာ"
"ခင်ဗျားအနေနဲ့ ခွေးတကောင် မြင်းတကောင်လို အလုပ်လုပ်နေစရာ မလိုဘူး အခွန်ကို မှန်မှန်ဆောင် ပိုင်နက်နယ်မြေတွေ မသိမ်းပိုက်နဲ့ ဒါဆိုရင်ပဲ ခင်ဗျားတို့ဟာ နိုင်ငံသားကောင်းတွေအဖြစ် သတ်မှတ်ခံရလိမ့်မယ်"
စုချန်းက အေးဆေးတည်ငြိမ်သော လေသံနှင့် ပြောလိုက်၏။
"မှန်ပါတယ်ဗျာ မှန်ပါတယ်"
ယုဟွိုင်အင်း မြန်မြန်ဆန်ဆန်ပင် ခေါင်းညိတ်ထောက်ခံလိုက်၏။
တကယ်တော့ အစိုးရနှင့် တော်ဝင်မျိုးနွယ်စုများအကြား တိုက်ပွဲမှာ အကျိုးအမြတ် အပေါ်တွင်သာ အဓိက အခြေခံထား၏။ ၎င်းတို့သည် များပြားလှသော ပိုင်နက်နယ်မြေများအား သိမ်းပိုက်ကြ၏။ မီလျံနှင့်ချီသော မူလကျောက်တုံးများအား ၎င်းတို့၏ ပိုင်ဆိုင်မှုအဖြစ် သိမ်းယူကြ၏။ ၎င်းတို့သည် ၎င်းတို့ အလိုရှိရာတိုင်းကို နိုင်ထက်စီးနင်း လုယူကြကုန်၏။ ဤသည်မှာ တော်ဝင်မျိုးနွယ်စုများ၏ သဘာဝဟု ဆိုနိုင်ပြီး ပဋိပက္ခများ၏ ဇစ်မြစ်ဟုလည်း သတ်မှတ်နိုင်ပေသည်။
အကယ်၍ တော်ဝင်မျိုးနွယ်စုများဘက်ကသာ ဥပဒေနှင့် စည်းမျဥ်းစည်းကမ်းများကို လိုက်နာပါက အနှီ ပဋိပက္ခများ ဖြစ်ပွားလာစရာ အကြောင်းမရှိချေ။
သို့သော် တော်ဝင်မျိုးနွယ်စုများဟူသည် အလွန် သြဇာအာဏာ ကြီးမားကြကုန်လေရာ သူတို့အနေနှင့် ဥပဒေတိုင်းကို အဘယ်မှာ လိုက်နာနိုင်အံ့နည်း။ ထိုအခါ ပဋိပက္ခများ စတင်ဖြစ်ပွားလာရတော့သည်။
ယုဟွိုင်အင်းကား စုချန်း၏ စကားကို အတင်းကာရော ခေါင်းညိတ်ထောက်ခံနေ၏။ ထိုအချိန်တွင် လုချိန်ကွမ်း၏မျက်နှာမှာ ပို၍ ပို၍ ကြည့်ရဆိုးလာ၏။
"စုချန်း မင်း ခုနက ကျုပ်ကို ဘာပြောလိုက်တာလဲ"
စုချန်းက အပြုံးပင်မပျက်ပဲ ပြန်ပြောလိုက်၏။
"ကျုပ် ပြောတာ သဲသဲကွဲကွဲ မကြားလိုက်ဘူးဆိုတော့ မင်း နားကန်းနေသလား ဒါပေမဲ့ ကျုပ် ထပ်ပြောလိုက်မယ် ဒါ ကျုပ် ပိုင်တဲ့လူတွေ သူတို့ကို ထိရင် ကျုပ်က မင်းကို အပိုင်းပိုင်း ခုတ်ထစ်ပြီး ခွေးကျွေးပစ်မယ်"
လုချိန်ကွမ်း ဒေါသအကြီးအကျယ် ထွက်သွား၏။ သူ့စိတ်ထဲတွင် စုချန်းအား သတ်ပစ်ချင်စိတ်များ ပေါ်ပေါက်လာလေသည်။ သို့သော်သူသည် လူမိုက်မဟုတ်။ စုချန်းအား သတ်နိုင်၊မသတ်နိုင် ပြန်တွက်ရသေး၏။
တောင်ပိုင်းတောအုပ်တိုက်ပွဲမှ စုချန်း တယောက်တည်း ထွက်ပြေးလွတ်မြောက်လသည်ကို သူ ကြားသိပြီး ဖြစ်သည်။ ထို့ပြင် လျန်မျိုးနွယ်စုအား စုချန်း တယောက်တည်း သတ်ပစ်ခဲ့ပုံကိုလည်း သူ သိထား၏။
သို့သော် သူ သိရှိထားသော သတင်းများအားလုံးသည် မျက်မြင်ကိုယ်တွေ့မဟုတ်။ ထိုထက် အရေးကြီးသည်မှာ ထိုသတင်းများအား သူ မယုံ။
သွေးဗီဇမရှိသည့် သာမန်လူတယောက်သည် မည်သည့်နည်းနှင့်မှ ဤမျှလောက်ထိ အင်အားမကြီးနိုင်။ ထို့ကြောင့် စုချန်း၏ စွမ်းဆောင်ရည်များအားလုံးသည် ၎င်းတယောက်တည်း ဆောင်ရွက်ခဲ့ခြင်း မဖြစ်နိုင်ဟု လုချိန်ကွမ်း ယူဆထား၏။
ထို့ကြောင့် တောင်ပိုင်းတောအုပ်အတွင်းမှ စုချန်း လွတ်မြောက်လာနိုင်သည်မှာ လောင်းချိန်းကျန်း၏ အကူအညီကြောင့်သာ ဖြစ်ရမည်ဟု လုချိန်ကွမ်း ယူဆထားသည်။ တဖန် လျန်မျိုးနွယ်စုအား ရှင်းလင်းခဲ့သည်မှာလည်း စုချန်း တယောက်တည်း မဖြစ်နိုင်။ အရိပ်အစေခံများ ပါနေရမည်ဟု လုချိန်ကွမ်းက ထင်မိလေသည်။
ထို့ကြောင့် သူ စုချန်းကို မကြောက်။
သူ့ဖက်တွင်လည်း အလွန် သစ္စာရှိပြီး ရဲရင့်သော စစ်သားများ ရှိနေသေး၏။ သူ့စစ်သားများသည် လျန်မျိုးနွယ်စုမှလူများထက် များစွာ အင်အားကြီးမားသည်ဟု လုချိန်ကွမ်း သတ်မှတ်ထား၏။
ထို့ကြောင့် သူ့အနေနှင့် စုချန်းအား နိုင်နိုင်နင်းနင်း ကိုင်တွယ်နိုင်လိမ့်မည်ဟု လုချိန်ကွမ်း ယူဆထားလေသည်။
သို့သော်ငြားလည်း လုချိန်ကွမ်းအနေနှင့် အလျင်စလို လှုပ်ရှားခြင်းမရှိ။ ဤနေရာတွင် လုယီယန် ရှိနေသည်။ တချို့အရာများအတွက် ဖြေရှင်းချက်ဟူသည်မှာ အမြဲတစေ လိုအပ်နေတတ်သည် မဟုတ်ပါလား။
ထိုအခါ သူက လုယီယန်ဘက်သို့ လှည့်ကာ ပြောလိုက်၏။
"ကဲ ဆရာလု ခင်ဗျား တွေ့တဲ့အတိုင်းပဲ ဒီကောင် စုချန်းဟာ အင်မတန်မောက်မာပြီး ရိုင်းစိုင်းလွန်းအားကြီးတယ် စွမ်းဆောင်ရည်တချို့ ပြထားတာနဲ့ ဒီကောင့်စိတ်ထဲမှာ ဘာမဆို သူ့စိတ်တိုင်းကျ လုပ်နိုင်ပြီလို့ ထင်နေပုံရတယ်"
လုယီယန် ခေါင်းညိတ်လိုက်၏။
"ဟုတ်တယ် ဒီလိုပြောတာတော့ လွန်လွန်းတယ် စုချန်း မင်းအနေနဲ့လဲ အပြောအဆို ဆင်ခြင်သင့်တယ် အကုန်လုံး မဟာမိတ်တွေပဲလေကွာ"
သို့သော် စုချန်းကား လုယီယန်၏ စကားကို အနည်းငယ်မျှပင် ဂရုမစိုက်။
"မင်းက ဘာတွေ ခုမှ ကျုပ်ကို လာအမိန့်ပေးနေတာလဲ ခုနက ကျုပ်ဆီမှာ အညံ့ခံတဲ့ လူတွေကို လုချိန်ကွမ်း သတ်ဖို့လုပ်တော့ မင်း ဘာဝင်ပြောရဲသလဲ မင်းဟာ သုံးစားမရတဲ့ ခွေးလိုကောင်မျိုးပဲ"
လုယီယန် မည်သို့ အမှိုက်မျိုး ဖြစ်ကြောင်း စုချန်း ကောင်းကောင်း သိထားသည် မဟုတ်ပါလား။
မည််သို့ဆိုစေ ၎င်းသည် လက်ရှိတွင် အန်းစီယွမ်၏ လူ ဖြစ်နေ၏။
သင့်အနေနှင့် ခွေးကို မရိုက်ခင် ပိုင်ရှင် မည်သူမည်ဝါမှန်း သိထားသင့်ပေသည်။ ခွေးကို ရိုက်ပါက ခွေးရှင်အနေနှင့် ကြိုက်နှစ်သက်လိမ့်မည်မဟုတ်။
သို့သော် စုချန်းကား အထက်ပါ အချက်အလက်များကို အနည်းငယ်မျှပင် ဂရုစိုက်ပုံမရ။
စုချန်း၏ စကားကြောင့် လုယီယန် အကြီးအကျယ် မျက်နှာပျက်သွား၏။ သူက စုချန်းကို လက်ညိုးငေါက်ငေါက်ထိုးရင်း ရေရွတ်လိုက်သည်။
"စုချန်း...မင်း...မင်း..."
"မင်း ကျုပ်ကို လက်ညိုးဆက်ထိုးနေရင် မင်းရဲ့ လက်ချောင်းတွေကို ဖြတ်ပစ်လိုက်မယ် မင်းရဲ့ လက်တွေကို ရိုက်ချိုးပစ်မယ်"
လုယီယန် အကြီးအကျယ် ကြောက်လန့်သွား၏။ သူ စုချန်းကို လက်ညိုးဆက်မထိုးရဲတော့။ ဒေါသထွက်နေသော မျက်လုံးအစုံဖြင့်သာ လုချိန်ကွမ်းဘက်သို့ လှည့်ကြည့်လိုက်သည်။
လုချိန်ကွမ်း၏ မျက်လုံးထဲတွင် အရောင်တချက် ဝင်းလက်သွား၏။
"မြို့တော်အရှင်သခင်ရဲ့လူကို မင်း စော်ကားရဲတဲ့ပေါ့ ဟုတ်လား စုချန်း မင်း ရူးသွားပြီလား ဘာလဲ မင်းက တော်ဝင်မျိုးနွယ်စုတွေကို ရှင်းပစ်ပြီးရင် ဆရာအန်းကိုပါ ရှင်းပစ်ဖို့ စဥ်းစားနေတာလား"
"ကျုပ်ဟာကျုပ် ဘာဆက်လုပ်လုပ် မင်းအပူမပါဘူး ခုလောလောဆယ် ကျုပ် လုပ်ချင်တာကတော့ မင်းကို ရှင်းပစ်ဖို့ပဲ"
စုချန်း၏ ညစ်ကျယ်ကျယ်နိုင်သော လေသံနှင့် ပြောလိုက်၏။
စကားဆုံးသည်နှင့် စုချန်းသည် တောင်ခွဲဓားကို ဆွဲထုတ်ကာ မြူခိုးကြားမှမြွေခြေလှမ်းကို အသုံးပြုလိုက်၏။
မြောက်များလှစွာသော စစ်သားအုပ်ကြီးကို ဖြတ်သန်းကာ စုချန်းတယောက် လုချိန်ကွမ်းဆီသို့ ခုန်ဝင်လာခဲ့ပြီ ဖြစ်သည်။ သူ၏ လှုပ်ရှားမှုသည် ကြောက်စရာကောင်းလောက်အောင် မြန်ဆန်လွန်းပေရာ လူတိုင်းလိုလို မှင်သက်ကုန်ကြလေသည်။
"သူ့ကို တားကြစမ်း"
လုချိန်ကွမ်း ကပျာကယာ လှမ်းအော်လိုက်သည်။
စုချန်းအား အလွန်အမင်း မုန်းတီးနေသည့်တိုင် ၎င်းနှင့် တဦးချင်း တိုက်ခိုက်ရန် လုချိန်ကွမ်း မတွေးထား။ သူ့စစ်သားများကို အသုံးချကာ အဖွဲ့လိုက် ဝိုင်းတိုက်ရန်သာ တွေးထား၏။
လုချိန်ကွမ်း၏ အမိန့်သံထွက်ပေါ်လာသည်နှင့် စစ်သားများသည် ဓားများကို ပြိုင်တူဆွဲထုတ်ကာ စုချန်းအား ထိုးစိုက်လိုက်ကြလေသည်။
ထိုအချိန်မှာပင် ကျန်းစီချွေ့ကလည်း စတင်လှုပ်ရှားလိုက်၏။
သူသည် ပုခုံးတွင် အသင့်ချိတ်လာသော အိတ်ကို လေထဲသို့ လွှင့်ပစ်လိုက်၏။
ထိုအိတ်ထဲတွင် ရတနာတထောင်နန်းဆောင်မှ ဝယ်လာသည့် ဝိုင်အရက်များနှင့် ပြည့်နှက်နေလေသည်။ အိတ်ထဲမှ ဝိုင်အရက်များ ဖိတ်စင်ကျလာသည်နှင့် ပတ်ဝန်းကျင်တခုလုံး စူးရှသော ဝိုင်ရနံ့များ ပျံ့လွင့်လာ၏။ တချိန်တည်းမှာပင် ဝိုင်အရက်မှုန်များသည် အလွန်ပြင်းထန်သော အရှိန်အဟုန်ဖြင့် စစ်သားများထံသို့ ပျံ့လွင့်သွားတော့သည်။
ဝိုင်အရက်မှုန်များ ထိမှန်ခြင်းခံရသည့် စုချန်း ပတ်ပတ်လည်ရှိ စစ်သားများသည် မြေကြီးပေါ်သို့ ဒလိန့်ကောက်ကွေးနှင့် ပြုတ်ကျကုန်ကြ၏။
ထိုအချိန်တွင် စုချန်းကား ရှေ့သို့ အရှိန်အဟုန်နှင့် ခုန်ထွက်နေဆဲပင်။ သူ့နောက်ကျောတွင်လည်း လူပုံသဏ္ဍာန် ပုံရိပ်ယောင်တခု မြင်တွေ့နေရ၏။ ကမ္ဘာဦးသွေးပုံရိပ်ပေတည်း။
စုချန်းအား မည်သူတဦးတယောက်မျှ ဟန့်တားနိုင်စွမ်းမရှိ။
တချိန်တည်းမှာပင် စုချန်း၏ လက်ထဲရှိ တောင်ခွဲဓားသည် ကြောက်စရာကောင်းလောက်အောင်ထိ အရွယ်အစားကြီးမားလာပြီး ကောင်းကင်ဆီသို့ မြင့်တက်နေ၏။ ဓားသွားမှ ထွက်ပေါ်လာသော အလင်းရောင်များကလည်း လုချိန်ကွမ်း၏ မျက်လုံးများဆီသို့ ရောင်ပြန်ဟပ်နေသည်။
တောင်ခွဲဓားကား အောက်ဘက်သို့ တဖြည်းဖြည်း နိမ့်ဆင်းလာခဲ့ပြီ ဖြစ်သည်။
ဓားအလင်းရောင်မှာ ပေပေါင်း၃၀၀တိုင်အောင်ပင် ရှည်လျား၏။
တယ်လဲကြောက်စရာကောင်းတဲ့ ဓားချက်ပါလား...
စိတ်ထဲကသာ စဥ်းစားနေသော်လည်း လုချိန်ကွမ်းတယောက် လှုပ်ရှားရာတွင်တော့ အနည်းငယ်မျှ တုံ့ဆိုင်းနေခြင်းမရှိ။ စုချန်း၏ တိုက်ခိုက်မှု ပေါ်ပေါက်လာသည်နှင့် သူက မူလစွမ်းအင်အကာအကွယ်တခုကို ဖန်တီးလိုက်ပြီး သူ့ကိုယ်သူ ကာကွယ်ထားလိုက်၏။ တဆက်တည်းမှာပင် လှိုင်းဂယက်နည်းစနစ်ကို နှိုးဆွပြီး ပင်လယ်ဒေါက်တိုင်ရွှေရောင်လှံကို မြောက်ကာ စုချန်း၏ တောင်ခွဲဓားအား ရင်ဆိုင်လိုက်၏။
သတ္တုချင်း ထိခတ်သံ ကျယ်လောင်စွာ ထွက်ပေါ် လာပြီး လူတိုင်း၏နားထဲသို့ တိုးဝင်သွားသည်။
တောင်ခွဲဓား၏ ခုတ်အားကား ပြင်းထန်လှပေရာ လုချိန်ကွမ်း မခံနိုင်။ သူ၏ ရွှေရောင်လှံသည် တခါတည်း ထက်ပိုင်းကျိုးသွားပြီး ကမ္ဘာဦးသွေးပုံရိပ်မှ ထွက်ပေါ်လာသော မီးလျံများကလည်း သူ့တကိုယ်လုံးအား ဖုံးလွှမ်းသွား၏။
တဆက်တည်းမှာပင် လုချိန်ကွမ်း၏ ကိုယ်ပေါ်ရှိ အကာအကွယ်သည် ရစရာမရှိအောင် ပျက်စီးသွားပြီး သူ့နဖူးပေါ်မှ စတင်ပေါ်ပေါက်လာသော သွေးရောင်အစင်းတန်းသည် တကိုယ်လုံးသို့ ချက်ချင်းဆိုသလို ပျံ့နှံ့သွား၏။
"မင်း..မင်းရဲ့ အင်အားဟာ..."
လုချိန်ကွမ်း တစုံတခုကို ပြောဆိုရန် ကြိုးစားလိုက်သည်။ သို့သော် သူ စကားကို ဆုံးအောင် မပြောလိုက်ရ။ အကြောင်းမှာ သူ့တကိုယ်လုံး ထက်ခြမ်းကွဲသွားသောကြောင့်ပင်။
စုချန်း၏ တိုက်ကွက် တကွက်တည်းနှင့် လုချိန်ကွမ်းတယောက် အသက်ပျောက်သွားရရှာလေပြီ။