နောက်ဆုံးအကျပ်ကိုင်မှု ၁
Vol. 50 Ch. 500
ဝမ်မျိုးနွယ်အိမ်တော်။
ဝမ်မျိုးနွယ်စု၏ အိမ်တော်ဝင်းမှာကား အလွန်ကြီးမားကျယ်ဝန်းသည်ဟု ဂုဏ်သတင်းမွှေး၏။ ယုတ်စွအဆုံး ၎င်းတို့၏ ဝင်ပေါက်တံခါးမကြီးအား စောင့်ဆိုင်းနေသည့် ကျားရုပ်ကြီးများသည်ပင် ပီဘိ အသက်ဝင်နေသကဲ့သို့ ထင်ရပြီး မကောင်းဆိုးဝါးများအား အဝေးကို ကြောက်လန့်တကြားနှင့် ထွက်ပြေးသွားစေနိုင်မည့် ပုံပေါ်နေပေသည်။
သို့သော်ငြား ဤယနေ့တွင်တော့ ဝမ်အိမ်တော်တခုလုံး အထူးပင် တိတ်ဆိတ်ငြိမ်သက်လျက်ရှိ၏။
များပြားလှသော စစ်သည်တော်များကလည်း အိမ်တော်ပတ်ပတ်လည်အား ဝန်းရံထားလျက်ရှိသည်။
အနှီ စစ်သည်တော်များ၏ အမူအရာမှာ လေးနက်နေ၏။ တည်ကြည်နေ၏။ ရက်စက်ကြမ်းကြုတ်ဟန်ပေါ်နေ၏။ ၎င်းတို့၏ ကိုယ်ဆီမှ ထွက်ပေါ်နေသော အရှိန်အဝါနှင့် စွမ်းအင်လှိုင်းများကြောင့် ဝမ်အိမ်တော်အပေါ်တွင် မဲနက်နေသော တိမ်တိုက်ကြီးများ ဖုံးအုပ်ထားသကဲ့သို့ ရှိလေသည်။
ဝမ်အိမ်တော်ဟူသည် အကြီးအကဲဝမ် နေထိုင်ရာ အိမ်သက်သက် မဟုတ်။ ဝမ်မျိုးနွယ်စုများ၏ ဂုဏ်သိက္ခာ၊ ပြယုဂ် ဟုလည်း ဆိုနိုင်ပေသည်။
ထိုကဲ့သို့သော အိမ်တော်မျိုးအား စစ်သည်တော်များက လာရောက်ဝန်းရံထားသောအခါ မကောင်းသော တစုံတရာ ဖြစ်ပျက်တော့မည်မှန်း လူတိုင်းလိုလို သိရှိနိုင်ပေသည်။
ကနဦးက ဝမ်အကြီးအကဲ တကြိမ် ပေါ်လာသေး၏။ သို့သော် ကံမကောင်းအကြောင်းမလှစွာပင် ၎င်းမှာ အသင့်စောင့်ဆိုင်းနေသော အန်းစီယွမ်နှင့်သာ ထိပ်တိုက်တိုးသွားလေသည်။
အန်းစီယွမ်သည် သူ၏ သမုဒ္ဒရာလေးစင်းရထားလုံးပေါ်တွင် သက်တောင့်သက်သာ ထိုင်လျက်ရှိနေ၏။ သူ၏ ပြောင်လက်နေသော ဦးခေါင်းမှာ ဖိတ်ဖိတ်တောက်နေ၏။ သူ့အသံက ဝမ်အိမ်တော်အတွင်းသို့ ပျံ့လွင့်လာလေသည်။
"အဖိုးကြီးဝမ် ခင်ဗျားဟာ နှစ်ရာနဲ့ချီအောင် ကျင့်ကြံအားထုတ်ခဲ့တယ် ဒါပေမဲ့ ခင်ဗျားကို ကြည့်ရတာ အသက်ရှည်ရှည်နေလာနေ ခေတ်နောက်ပြန်ဆွဲသွားသလိုပါပဲလား တခြားမျိုးနွယ်စုတွေကတော့ သူတို့ရဲ့ သားစဥ်မြေးဆက်တွေကို အစဥ်အလာတွေ လက်ဆင့်ကမ်းကြတယ် ရှေ့ထွက်တာဝန်ယူစေကြတယ် နောက်ကွယ်ကနေ အရင်းအမြစ်တွေ ကောင်းကောင်းထောက်ပံ့နေနိုင်သမျှ ဒီလိုမျိုးနွယ်စုတွေအဖို့ ကျရှုံးသွားဖို့ဆိုတာ အင်မတန် ခဲယဥ်းတယ် တဖက်မှာလည်း ဒီလိုနည်းလမ်းကြောင့် ဒီလူဟာ ဘက်မလိုက်ဘူး မျှတတယ်ဆိုတဲ့ အများရဲ့အမြင်ကို ရရှိနိုင်တယ် ဒါပေမဲ့ ခင်ဗျားကတော့ ကိုယ်တိုင်ပဲ ရှေ့ထွက်လာခဲ့တယ် ဒါက လူတိုင်းကို အံ့သြသွားစေတာ အမှန်ပဲ တဖက်မှာလဲ အင်မတန် ပြင်းထန်တဲ့ မုန်တိုင်းက အသင့်စောင့်ကြိုနေတယ်ဆိုတာ ခင်ဗျား မသိနိုင်ခဲ့ဘူးပဲကိုး"
ဝမ်ကျန်းယုကား အိမ်ခေါင်မိုးပေါ်တွင် မတ်တပ်ရပ်လျက် ရှိနေ၏။ သူက ပြောလိုက်သည်။
"မင်းပြောတာ သိပ်မှန်တယ် ကျုပ်ဟာ သားတွေ မြေးတွေရဲ့ အလုပ်မှား အကိုင်မှားတွေကို စိတ်မရှည်တော့ပဲ ကိုယ်တိုင် ဝင်လုပ်ဖို့ ဆုံးဖြတ်ခဲ့တယ် ဒါဟာ စည်းမျဥ်းကို ချိုးဖောက်သလို ဖြစ်သွားပြီး ပဋိပက္ခကြီးကို ဖြစ်ပေါ်စေခဲ့တာ အမှန်ပဲ ဒါပေမဲ့ အန်းစီယွမ် မင်းကိုယ်တိုင်လဲ ဝမ်မျိုးနွယ်စုကို ရှင်းပစ်ချင်နေတာ ကြာပြီမလား မင်း တကယ်ပဲ ဝမ်မျိုးနွယ်စုကို တိုက်ခိုက်ရဲသလား ဒါမှမဟုတ် မင်းတယောက်တည်းနဲ့ ကျုပ်ကို အနိုင်ရမယ်လို့ မင်း ထင်နေတာလား"
အန်းစီယွမ် ကျယ်လောင်စွာ အော်ဟစ်ရယ်မောလိုက်၏။
"ဟား ဟား ဟား ခင်ဗျားဟာ ကြာပန်းသုံးပွင့်အဆင့်ရှိတယ် ကျုပ်မှာက ကြာပန်းနှစ်ပွင့်အဆင့်ပဲ ရှိတယ် ကျုပ်က ဘယ်လိုလုပ် ခင်ဗျားရဲ့ ပြိုင်ဘက် ဖြစ်နိုင်မှာလဲ ဒါပေမဲ့ ကျုပ်ဟာ တရာဝင် အစိုးရအရာရှိ ဖြစ်တယ် ကျုပ်ရဲ့ ငြိမ်းချမ်းရေးတံဆိပ်နဲ့ ငြိမ်းချမ်းရေးသမုဒ္ဒရာရထားလုံးဟာ ဧကရာဇ်မင်းမြတ်ရဲ့ ငြိမ်းချမ်းရေးကြိုးပမ်းမှုကို ကိုယ်စားပြုနေတယ် တကယ်လို့ ခင်ဗျားကသာ ကျုပ်နဲ့ တိုက်ခိုက်ချင်တယ်ဆိုရင် ခင်ဗျား ပျော်သွားအောင် ကျုပ်ကလဲ နည်းနည်းပါးပါး တိုက်ပေးရတော့မှာပေါ့"
ဝမ်ကျန်းယု၏ မျက်နှာမှာ အထူးပင် အေးစက်တင်းမာလာ၏။ တစုံတခုကို စိတ်ပိုင်းဖြတ်ထားဟန်လည်း ရှိလေသည်။
အန်းစီယွမ်အနေနှင့် တော်ဝင်မျိုးနွယ်စုများအား အန်တုရဲသည်မှာ ၎င်း၏ တရားဝင်အစိုးရအရာရှိဟူသော အဆင့်အတန်းကြောင့်သာမဟုတ်ပဲ ၎င်း၏ တကယ့်အင်အားနှင့် ငြိမ်းချမ်းရေးတံဆိပ်၊ ငြိမ်းချမ်းရေးသမုဒ္ဒရာရထားလုံးတို့၏ အားကိုးကြောင့်လည်း ပါနေကြောင်း ဝမ်ကျန်းယု သဘောပေါက်လေသည်။
ငြိမ်းချမ်းရေးတံဆိပ်နှင့် ငြိမ်းချမ်းရေးသမုဒ္ဒရာရထားလုံးဟူသည်မှာ သာမာန် မူလကိရိယာများ မဟုတ်။ ၎င်းတို့သည် ဧကရာဇ်မင်းမြတ်၏ အရှိန်အဝါနှင့် သြဇာအာဏာကို ကိုယ်စားပြုပေသည်။
တဖက်တွင်လည်း အန်းစီယွမ်သည် အဆိုပါ မူလကိရိယာနှစ်မျိုးကို အသုံးပြုကာ တိုက်စစ် ခံစစ် မျှတစွာ တိုက်ပွဲဝင်နိုင်၏။ ငြိမ်းချမ်းရေးတံဆိပ်သည် တိုက်စစ်ဆင်ရာတွင် အသုံးဝင်ပြီး ငြိမ်းချမ်းရေးသမုဒ္ဒရာရထားလုံးသည် အန်းစီယွမ်၏ တကိုယ်လုံးအား ကာကွယ်ထားနိုင်သည် မဟုတ်ပါလား။
အန်းစီယွမ်အနေနှင့် အဆိုပါ ရထားလုံးအတွင်း ထိုင်နေသရွေး ဝမ်ကျန်းယုဘက်မှ သတိလက်လွတ် တိုက်ခိုက်၍မရ။ ၎င်းမှာ အခန့်မသင့်ပါက ဘုရင်အား ပုန်ကန်သူအထိ သတ်မှတ်ခံသွားရနိုင်၏။
အန်းစီယွမ်ဘက်မှ ပါလာသော အင်အားကိုလည်း ကြည့်ပါအုံး။ သွေးလက်ပညာရှင်ဆယ့်ခြောက်ယောက်၊ သွေးဝတ်ရုံတပ်သားငါးရာနှင့် အလင်းသိုင်းသမားသုံးသောင်း။
သူ့ဘက်တွင်ရှိသမျှအင်အားကို အန်းစီယွမ် ခေါ်ဆောင်လာခြင်းပင်။
သို့သော် တော်ဝင်မျိုးနွယ်စု ဆယ်စု၏ အင်အားကိုသာ ပေါင်းစည်းလိုက်ပါက...ယုတ်စွအဆုံး တော်ဝင်မျိုးနွယ်စု တစုသာ လာရောက်ကူညီပါက ဝမ်ကျန်းယုအနေနှင့် အန်းစီယွမ်ကို မကြောက်။
သို့သော် လက်ရှိ သူ့အခြေအနေမှာ အလွန်ပင် အထီးကျန်နေ၏။ ဤအနေအထားတွင်တော့ ဝမ်ကျန်းယု အကြောက်တရားကို မရှောင်လွှဲနိုင်ပဲ ဖြစ်နေလေသည်။
ထိုအခါ ဝမ်ကျန်းယုက အန်းစီယွမ်အား စူးရှသော မျက်လုံးအစုံနှင့် စိုက်ကြည့်ရင်း ပြောလိုက်သည်။
"စုချန်းတယောက်တည်းက ကျန်မျိုးနွယ်စုကိုးစုကို တကယ်ပဲ ယှဥ်နိုင်မယ် ထင်နေတာလား"
"ကျုပ် မထင်ပါဘူး ဒါပေမဲ့ သူ့ကိုလဲ ကျုပ် လျှော့မတွက်ထားဘူး သူဟာ ချန်းယွမ့်ဟုန်ကို သတ်ပစ်ခဲ့တယ် ဝေပိုင်က်ို အပြင်းအထန် ဒဏ်ရာရစေခဲ့တယ် ဟေးနဲ့ ချွန်မျိုးနွယ်စုတွေကို ပျက်စီးစေခဲ့တယ် လောင်းမျိုးနွယ်စုတွေကို အကြပ်ကိုင်နိုင်ခဲ့တယ် ခုဆိုရင် လျန်မျိုးနွယ်စုတွေကို အညံ့ခံစေလာဖို့ သူ လုပ်နေတယ် သူဟာ ခင်ဗျားရဲ့ မဟာမိတ်အဖွဲ့အစည်းကို တယောက်တည်းနဲ့ ပြိုကွဲစေခဲ့ပြီ ဒီကနေ့မှာ သွေးစွန်းမဲ့နေ့ပဲ ကောင်းကင်နဲ့ မဟာပထဝီမြေကြီးကို ကျွမ်းထိုးမှောက်ခုံ ဖြစ်သွားစေမဲ့နေ့ပဲ"
"ဟိုကောင်တွေက သူ လုပ်ချင်ရာလုပ်နိုင်အောင် ထိုင်ကြည့်ပေးနေကြမှာတဲ့လား"
"ပြသနာမရှိဘူး ဒီအတွက် ကျုပ်တို့မှာ အားလုံးပြင်ဆင်ပြီးသား လုချိန်ကွမ်း မူလဗျူရို တတိယမြစ်တပ်ဖွဲ့...စုချန်းမှာ အထောက်အကူပြုမဲ့လူတွေ အများကြီးရှိနေတယ် ကျုပ်တို့အနေနဲ့ ခြေလှမ်းတိုင်းကို အောင်မြင်အောင် လုပ်ချင်မှလုပ်နိုင်မယ် ဒါပေမဲ့ ကျုပ်တို့ ခြေတလှမ်း လှမ်းလိုက်တိုင်း တော်ဝင်မျိုးနွယ်စု တစုချင်းစီ အင်အားလျော့သွားရမယ် ဒါဆိုရင် လုံလောက်ပြီ"
ပြောရင်းနှင့်ပင် အန်းစီယွမ်က အူသည်းလှိုက်သည်းနိုင်လှသော အသံနှင့် ရယ်မောလိုက်၏။ ထို့နောက် သူက စကားဆက်ပြန်သည်။
"ဒါတွေအကုန်လုံးဟာ စုချန်း တယောက်တည်းရဲ့ စွမ်းဆောင်ရည်ပဲ ဒီအတွက် သူဟာ အမုန်းခံရတယ် ကျုပ်ကတော့ ဘာမှမလုပ်ရပဲ အကျိုးအမြတ်တွေကို ခံစားခွင့်ရနေတယ် တခုတည်းသော မေးခွန်းထုတ်စရာက ကျုပ်တို့ အနိုင်ရဖို့ ဘယ်လောက်ထိ သွားရမှာလဲ ဘယ်လောက်ထိ ခက်ခက်ခဲခဲ အားထုတ်ရမလဲဆိုတာပဲ"
ဝမ်ကျန်းယု၏ တကိုယ်လုံး အေးခဲသွား၏။
အန်းစီယွမ်၏ စကားမှာ မှန်ကန်နေမှန်း ဝမ်ကျန်းယု ကောင်းကောင်းသဘောပေါက်၏။
တော်ဝင်မျိုးနွယ်စုများကား ဤတိုက်ပွဲတွင် ရှုံးနိမ့်သွားခဲ့လေပြီ။ သူတို့အနေနှင့် သူတို့ဘက်မှ မျိုးနွယ်စုဝင်များ အရေအတွက် များများ ရှင်သန်နိုင်ရေးအတွက် ကြိုးစားရန်သာ ရှိတော့သည်။
တဖက်လူများအနေနှင့် တော်ဝင်မျိုးနွယ်စုဝင်တိုင်းကို တယောက်မကျန် သတ်မပစ်နိုင်။
ဤသည်ကို စုချန်းသိသလို အန်းစီယွမ်လည်း သ်ိ၏။ ဝမ်ကျန်းယုလည်း သဘောပေါက်သည်။
ကနဦးက တခြားမျိုးနွယ်စုများ လာကယ်နိုးနှင့် ဝမ်ကျန်းယုက အညံ့မခံချင်သေး။ ယခုတော့ အန်းစီယွမ်၏ ပါးစပ်ဖျားမှ ထွက်လာသော သတင်းက ဆိုးလှ၏။
ဝမ်ကျန်းယု အသက်ရှု၍ပင် မဝသယောင် ခံစားလာရ၏။
ဝေမျိုးနွယ်စုပါ အညံ့ခံလိုက်ပြီဟူသော သတင်းကို ကြားလိုက်ရချိန်တွင်တော့ ဝမ်ကျန်းယု ဆုံးဖြတ်ချက်တခုကို ပြတ်သားစွာ ချမှတ်လိုက်တော့သည်။
ပြန်လည်တုံ့ပြန်ရန် မဖြစ်နိုင်တော့မှန်း သူ သဘောပေါက်လိုက်ပြီ မဟုတ်ပါလား။ ထို့ကြောင့် သူ အညံ့ခံလိုက်တော့မည်။ အချိန်မှာ သိပ်မကျန်တော့။ သူသာ ဆက်လက်တင်းခံနေပါက သူ မျိုးဆက်များအားလုံး မျိုးကန်းသွားပေလိမ့်မည်။
ဘာလုပ်ရမည်မှန်း ဆုံးဖြတ်ပြီးသည်နှင့် ဝမ်ကျန်းယုက ပြောလိုက်သည်။
"ကျုပ်တို့ ဝမ်မျိုးနွယ်စုကလဲ အညံ့ခံပြီး အနာဂတ်မှာ မြို့တော်အရှင်သခင်အတွက် တာဝန်ထမ်းဆောင်ဖို့ ဆန္ဒရှိပါတယ် ကျုပ်တို့ဟာ အခွန်တွေကို ပြန်လည်ပေးဆောင်မယ် အရင်းအမြစ်တွေကို ပြန်ပေးမယ် ပိုင်နက်နယ်မြေတွေလဲ မကျန်စေရဘူး ယုတ်စွအဆုံး အနောက်မြစ်တောအုပ်နဲ့ ရေလမ်းကြောင်းကိုပါ ကျုပ်တို့ လက်လွှဲပေးပါမယ်"
အန်းစီယွမ် သက်ပြင်းချလိုက်သည်။
"အနောက်မြစ်တောအုပ်နဲ့ရေလမ်းကြောင်းက ခင်ဗျား အပိုင်မှမဟုတ်ပဲ ဒါ စုချန်း ပိုင်တာလေဗျာ ဘယ့်နှယ်ကြောင့် ခင်ဗျားက လက်လွှဲပေးမယ် ပြောနေရတာတုန်း"
ဝမ်ကျန်းယု အံကြိတ်လိုက်၏။
"ဒါဆိုလဲ ဝမ်မျိုးနွယ်စု ပိုင်ဆိုင်သမျှ စီးပွားရေးလုပ်ငန်းတွေအကုန်လုံးကို မြို့တော်အရှင်သခင်ဆီ လွှဲပြောင်းပေးမယ် ဒါဆို သဘောတူပြီလား"
အန်းစီယွမ် ခေါင်းခါလိုက်၏။
"သဘောမတူဘူး သဘောတူစရာလားဗျ ဒီလုပ်ငန်းတွေကို ခင်ဗျား ဒီကနေ့ ကျုပ်ဆီ လွှဲပေးတယ် နက်ဖြန် အသာလေး ပြန်ယူသွားလို့ရတာပဲ ဓနဥစ္စာဆိုတာ လက်ထဲမှာ ကိုင်ထားနိုင်မှ တန်ဖိုးရှိတာမလား ဒါကို ခင်ဗျားလဲ သိတယ် ကျုပ်လဲ သိတယ် လူတိုင်း သိတယ်"
"ဒါဆိုလဲ ဝမ်မျိုးနွယ်စုက နောက်ထပ် မူလကျောက်တုံး နှစ်ရာမီလျံ ပေါင်းထည့်ပေးမယ်"
အန်းစီယွမ်က ပြန်ပြောလိုက်၏။
"စုချန်းရဲ့ သဘောထားက လူတိုင်း အသက်ရှင်နိုင်တယ် အဲဒီထဲမှာ ခင်ဗျားတော့ မပါဘူး ကြည်လင်မြစ်မြို့တော်လိုနေရာမျိုးမှာ အလင်းတုန်ခါခြင်းနယ်ပယ်ပညာရှင် များများစားစား မလိုအပ်ပါဘူးလေ"
"ဒါ့အပြင် ဝမ်မျိုးနွယ်စုရဲ့ ကွဲထွက်ခြင်းဓား၊ နတ်ဘုရားသံချပ်ကာဝတ်စုံနဲ့ ကျောက်စိမ်းနဂါးယာဥ်တို့ကိုပါ မြို့တော်အရှင်သခင်ဆီ လက်ဆောင်အဖြစ်နဲ့ ကျုပ်တို့က ပေးအုံးမယ်"
အန်းစီယွမ်၏ အပြုံးမှာ ပို၍ အသက်ပါလာ၏။ သူက ထပ်ပြောလိုက်သည်။
"ခင်ဗျားအနေနဲ့ ဘုရင့်လက်သီး၊ လေလှိုင်းလက်ဝါးနဲ့ ကောင်းကင်ဘုံပျက်သုဥ်းခြင်းနည်းစနစ်တွေကိုပါ ပေါင်းထည့်ပေးမယ်ဆိုရင်တော့..."
အန်းစီယွမ်၏ တောင်းဆိုမှုကြောင့် ဝမ်ကျန်းယု၏ ရင်ထဲတွင် ခါးသီးစွာ ခံစားလိုက်ရ၏။ သို့သော် သူ မငြင်းပယ်နိုင်။
ငြင်းပယ်လိုက်ပါက သူ အသက်ပျောက်သွားမည် မဟုတ်ပါလား။
ငြင်းပယ်လိုက်ပါက သူ့မျိုးနွယ်စုတစုလုံး မျိုးသုန်းသွားမည် မဟုတ်ပါလား။
သူသာ အန်းစီယွမ်၏ တောင်းဆိုမှုကို လက်ခံလိုက်ပါက မျိုးနွယ်စု တစုလုံး၏ စီးပွားရေးလုပ်ငန်းများ၊ ရတနာများ၊ လျှို့ဝှက်နည်းစနစ်များအားလုံးကို လက်လွတ်ဆုံးရှုံးရပေတော့မည်။ သို့သော် အနည်းဆုံးတော့ သူတို့ အသက်ရှင်နိုင်သေး၏။
သူတို့သာ အသက်ရှင်နေပါက တနေ့တွင် အခွင့်အရေးဟူသည်က ပေါ်ပေါက်လာမည်သာ။
အန်းစီယွမ်၏ စကားမှာ သွေးထွက်အောင် မှန်ကန်နေ၏။
အကျိုးအမြတ်များအားလုံး အန်းစီယွမ်၏ လက်ထဲသို့သာ ရောက်ရှိသွားသော်လည်း ဝမ်ကျန်းယုကတော့ စုချန်းကိုသာ ယခင်ထက် အဆပေါင်းများစွာ ပိုမိုမုန်းတီးလာ၏။
ဤသည်မှာ အန်းစီယွမ်၏ လိမ္မာပါးနပ်မှု၊ ပရိယာယ်ကြွယ်ဝမှုကို ပြသလိုက်ခြင်းပင်။
သို့သော် အန်းစီယွမ်ကိုယ်တိုင် စုချန်းကို အပြည့်အဝ ယုံကြည်နေလော။
မယုံရေးချမယုံချေ။
မိမိ၏ သစ္စာတော်ခံများအား သံသယ မထားတတ်သောသူသည် အထက်လူကြီးတယောက် ဖြစ်ရန် မထိုက်တန်ဟု အန်းစီယွမ် ခံယူထားပေသည်။
သို့သော် အန်းစီယွမ်သည် လုချိန်ကွမ်းကဲ့သို့ လူမိုက်မဟုတ်။ မိုက်ရူးရဲဆန်သူ မဟုတ်။ စိတ်မြန်သူ မဟုတ်။
သူသည် အခွင့်အရေးကို စိတ်ရှည်လက်ရှည် စောင့်ဆိုင်းနေတတ်သူသာ ဖြစ်သည်။
သူ့အနေနှင့် ဝမ်ကျန်းယုကို အသက်ရှင်ခွင့်ပေးလိုက်ပါက ၎င်းနှင့် စုချန်းတို့အကြား ရန်ပွဲများ ဆက်လက်ဖြစ်ပွားနေမည်မှန်း အန်းစီယွမ် ကောင်းကောင်းသိထား၏။
ထိုအခါ ယာလည်းညက်၍ ကြက်လည်းပန်းလာပေလိမ့်မည်။
အန်းစီယွမ်အတွက်လည်း အခွင့်အရေးများ ရလာပေလိမ့်မည်။
တနည်းအားဖြင့် ၎င်းကို မျှခြေဟု ခေါ်နိုင်၏။
ထိုအတောအတွင်းဝယ် အန်းစီယွမ်အနေနှင့် သြဇာအာဏာကို ဖြန့်ကျက်တည်ဆောက်နိုင်လာမည် ဖြစ်သည်။
ထိုအချိန်မှာပင် သတင်းဆိုးတရပ်ကို အန်းစီယွမ် ကြားလိုက်ရ၏။
ထိုသတင်းမှာကား...
လုချိန်ကွမ်း သေပြီ....