နောက်ဆုံးအကျပ်ကိုင်မှု ၂
Vol. 51 Ch. 501
ထိုသတင်းအား ယူဆောင်လာသူမှာ လုယီယန်ပင် ဖြစ်သည်။
လုယီယန်ကား ယခုတိုင် အသက်ရှင်နေသေး၏။ သို့သော် ၎င်း၏ တကိုယ်လုံးမှာကား ကြောက်ရွံ့မှုကြောင့် ထိတ်လန့်တုန်ယင်နေ၏။ သူ့မျက်နှာမှာ ဖွေးဆုတ်နေပြီး သူ့နှုတ်ခမ်းများမှာ ပြာနေ၏။ သူ့စကားလုံးများမှာလည်း အမြီးအမောက်မတည့်ပဲ ဖြစ်နေ၏။ စကားတခွန်းကို သုံးခါလောက် ထပ်ခါ ထပ်ခါ ပြောနေလေသည်။
"ဒီတော့ သူက လုချိန်ကွမ်းကို ဓားတချက်တည်းနဲ့ သတ်ပစ်တယ်ပေါ့ ဟုတ်လား"
အန်းစီယွမ်က မျက်မှောင်ကုတ်ရင်း ပြောလိုက်သည်။
သူ့အနေနှင့် စုချန်းက လုချိန်ကွမ်းအား ဘာကြောင့် သတ်လိုက်သည်ကို ဂရုမစိုက်။ သူ့ကို မထီမေ့မြင်လုပ်ရက်လေချင်းဟုလည်း စိတ်မဆိုး။
လုချိန်ကွမ်း မည်သို့မည်ပုံ အသက်ပျောက်သွားရသည်ကိုသာ စိတ်ဝင်စားနေ၏။
ဓားတချက်တည်းဆိုပါကလား...
စုချန်း၏ ဓားတချက်တည်းနှင့် လုချိန်ကွမ်း သေပွဲဝင်သွားရသည်ဆိုပါကလား...
ဤဓားတချက်တွင် ၎င်း၏ အင်အားနှင့် စိတ်ဝိညာဥ်စွမ်းအားများအားလုံး ပါဝင်နေခဲ့သည်ဆိုလျင်ပင် စုချန်းသည် အတော်ပင် ကြောက်စရာကောင်းနေခဲ့လေပြီ။
"ပြီးတော့ သူ ဘာပြောသေးလဲ"
အန်းစီယွမ်က မေးလိုက်သည်။
"သူ...သူ...မြို့တော်အရှင်သခင်ဆီ....သီး...သီးသန့်လာပြီး....ရှင်းပြပါမယ်တဲ့"
လုယီယန်ကို ဤပုံစံနှင့် မြင်တွေ့လိုက်ရသောအခါ အန်းစီယွမ်၏ စိတ်ထဲတွင် ဒေါသထွက်လာ၏။
ထိုအခါ သူက ၎င်း၏ မျက်နှာကို ဖြောင်းခနဲမြည်အောင် ရိုက်ချလိုက်၏။ ပြီးမှ နူးညံ့သော လေသံနှင့် ပြောလိုက်သည်။
"စုချန်းတယောက်တည်းကို မင်း အဲဒီလောက်ထိ ကြောက်နေရသလား မင်းဟာ ကျုပ်ရဲ့ အကြံပေး နည်းဗျူဟာမှုးပဲ လူတယောက်ကို ဒီလောက်ထိ ကြောက်နေရအောင် မင်းက ဘယ်လို နည်းဗျူဟာမှုးတုန်း"
လုယီယန် ဟန်မဆောင်နိုင်တော့။ ကျယ်လောင်စွာ အော်ဟစ်ငိုကြွေးလိုက်လေသည်။
"ဒီကောင် အရမ်းရွံစရာကောင်းတယ် ကျုပ်ကို ကြောက်အောင်လုပ်တယ် သခင်ကြီး"
မည်သို့ဆိုစေ ငိုကြွေးလိုက်ရ၍ အတော်လေး စိတ်တည်ငြိမ်သွားဟန်တူသည်။ လုယီယန်၏ အသံမှာ အနည်းငယ် တည်ငြိမ်လာ၏။
အန်းစီယွမ် သက်ပြင်းချလိုက်သည်။
"မင်းအနေနဲ့ ဒီလို အခိုက်အတန့်မျိုးမှာ ဒီလောက်ထိ အမူအရာ မပျက်သင့်ဘူး ကျုပ် မင်းအပေါ် ဒီလို မလုပ်ချင်ဘူး ဒါပေမဲ့ လုပ်ရတော့မှာပဲ"
"သခင်ကြီး"
လုယီယန် အကြီးအကျယ် ထိတ်လန့်သွား၏။ ထိုအချိန်မှာပင် အန်းစီယွမ်၏ လက်ချောင်းများက သူ့လက်မြိုကို ဖမ်းဆုတ်လာတော့သည်။
လုယီယန် အပြင်းအထန် ရုန်းကန်ရှာ၏။ သို့သော် အန်းစီယွမ်၏ မြဲမြံလှသော လက်ချောင်းများအောက်မှ သူ အဘယ်မှာ လွတ်နိုင်အံ့နည်း။ စက္ကန့်ပိုင်းအတွင်းမှာပင် သူ အသက်ပျောက်သွားလေသည်။
လုယီယန်၏ အသက်မဲ့ခန္ဓာကိုယ်ကို လွှင့်ပစ်လိုက်ပြီး အန်းစီယွမ် တီးတိုးရေရွတ်လိုက်သည်။
"သူက ကျုပ်ကို သီးသန့်လာတွေ့ပြီး အကြောင်းပြချက်ပေးအုံးမတဲ့ ဒီအတိုင်းဆိုရငိတော့ အခြေအနေက နည်းနည်း ခက်သွားပြီ"
လုယီယန် အသတ်ခံလိုက်ရခြင်းအား ဝမ်ကျန်းယုမှလွဲ၍ မည်သူမှ သဲသဲကွဲကွဲ မမြင်လိုက်။
မည်သို့ဆိုစေ ထိုမြင်ကွင်းကြောင့် ဝမ်ကျန်းယု အနည်းငယ် စိတ်ပူလာ၏။ အန်းစီယွမ် အမှန်တကယ် ဒေါသထွက်နေမှန်း သူ သဘောပေါက်လိုက်သည် မဟုတ်ပါလား။
ဘာတွေ ဆက်ဖြစ်လာအုံးမည်နည်း။ သူ မတွေးတတ်တော့။
အပေးအယူ တည့်ခါနီးမှ အခြေအနေက တမျိုးတဖုံ ပြောင်းလဲလာသည် မဟုတ်ပါလား။
လုယီယန်အား သတ်ပစ်ပြီးသည်နှင့် အန်းစီယွမ်သည် စကားတခွန်းမှ မပြောတော့ပဲ တိတ်ဆိတ်စွာ စောင့်ဆိုင်းနေ၏။ သိပ်မကြာမီ စုချန်းတယောက် ဆိုက်ဆိုက်မြိုက်မြိုက်ပင် ရောက်ရှိလာလေသည်။
စုချန်းကား အန်းစီယွမ်ကို အကြောင်းပြချက်ပေးရန် ရောက်ရှိလာခြင်းပင်။
သို့သော် သူ တဦးတည်း ရောက်ရှိလာသည်တော့မဟုတ်။
သူ့နောက်တွင် ကြည်လင်ခြင်းအဖွဲ့၊ တစ္ဆေကျားအဖွဲ့၊ တတိယမြစ်တပ်ဖွဲ့၊ လောင်းမျိုးနွယ်၊ လင်းမျိုးနွယ်၊ ယုမျိုးနွယ် စသဖြင့် များပြားလှသော လူအုပ်ကြီးပါ လိုက်ပါလာ၏။
ယုတ်စွအဆုံး ဝေမျိုးနွယ်စုပင် ပါလာ၏။
ဝေမျိုးနွယ်စုလည်း လက်နက်ချလိုက်ပေပြီ။
၎င်းကိုကြည့်ရင်း အန်းစီယွမ် ထိတ်လန့်တုန်လှုပ်သွား၏။
"မင်း ဒါကို ဘယ်လိုများ လုပ်လိုက်နိုင်တာလဲ"
စုချန်းက ပြန်ဖြေလိုက်သည်။
"ကျုပ်စကားကို နားထောင်ရင် သူ့ကို တနှစ်အတွင်း အလင်းတုန်ခါခြင်းနယ်ပယ်ကို ပြန်ရောက်အောင် လုပ်ပေးနိုင်မဲ့ ဆေးတမျိုး ဖန်တီးပေးမယ်လို့ ကျုပ်က သူ့ကို ကတိပေးလိုက်တာလေ"
"မင်းမှာ ဒီလိုအရည်အချင်းမျိုး ရှိပါတယ်လို့ သူ ဘယ်လိုလုပ် ယုံတာလဲ မင်းကကော ဘာကြောင့် ဒီလို လုပ်ပေးချင်ရတာလဲ"
စုချန်းက ပြန်ဖြေလိုက်သည်။
"အလင်းတုန်ခါခြင်းနယ်ပယ်ကို ပြန်ရောက်ဖို့ဆိုတာ ဆေးတမျိုးတည်းကို အားကိုးလို့မရဘူး မှန်ကန်တဲ့ နည်းစနစ်လဲ လိုအပ်သေးတယ် ဒါက အဂ္ဂိရပ်ပညာရှင်တဦးရဲ့ စိတ်ဝိညာဥ်စွမ်းအင်တချို့အပေါ်မှာ မူတည်နေတယ်လေဗျာ ကျုပ်ဟာ ဒီလို လူစားမျိုးပဲ ပြီးတော့ ကျုပ်ရဲ့ စိတ်ဝိညာဥ်စွမ်းအင်ကလဲ အတိုင်းအတာတခုကို ရောက်နေပြီ ဒီတော့ လိုအပ်ချက်တွေနဲ့ ကျုပ်ဟာ ကိုက်ညီနေတာပေါ့"
စုချန်းက စကားဆက်ပြန်၏။
"ခုဆိုရင် ကျုပ်ဟာ ယန်ဖွင့်လှစ်ခြင်းနယ်မြေကို ရောက်နေပြီ တနေ့မှာ ကျုပ်အနေနဲ့ အလင်းတုန်ခါခြင်းနယ်ပယ်ကို ဝင်ဖို့ မျှော်လင့်ချက်ထားတယ် ဒါပေမဲ့ မြို့တော်အရှင်သခင် သိပါတယ် ယန်ဖွင့်လှစ်ခြင်းနယ်ပယ်ကို ဝင်တာနဲ့ အလင်းတုန်ခါခြင်းနယ်ပယ်ကို ဝင်ရတာ ဘယ်လောက်တောင်ကွာခြားသလဲဆိုတာ တော်ဝင်မျိုးနွယ်စုတွေတောင် ဒီနေရာမှာ အကြိမ်ပေါင်းများစွာ ကြိုးစားရတယ် ဒါတောင် လူ၁၀၀မှာ ၁ယောက်လောက်ပဲ အောင်မြင်နိုင်ချေရှိတယ် ကျုပ်တို့လို လူစားမျိုးတွေဆိုရင် ပိုဆိုးမယ် ဒါကြောင့် ကျုပ်အနေနဲ့ အလင်းတုန်ခါခြင်းနယ်ပယ်ပညာရှင်တချို့ကို သုတေသနလုပ်ဖို့ လိုအပ်တယ် အကြီးအကဲ ဝေပိုင်ဟာ အလင်းတုန်ခါခြင်းနယ်ပယ်ကနေ ယန်ဖွင့်လှစ်ခြင်းနယ်ပယ်ကို လျောကျလာတဲ့လူ ဒါကြောင့် သူဟာ သိပ်ကောင်းတဲ့ အစမ်းသပ်ခံ ဖြစ်နေတယ်ဗျ ကျုပ်က သူ့အတွက် ဆေးဖော်ပေးမယ် သူက ကျုပ်ရဲ့ စမ်းသပ်မှုတွေမှာ အကူအညီ ပေးမယ် ဒါ နှစ်ဦးနှစ်ဖက် အကျိုးရှိတယ် ဒါကြောင့် ကျုပ် ဒါကို လုပ်ချင်ရတာပါ မြို့တော်အရှင်သခင်"
အန်းစီယွမ်က ထပ်မေးလိုက်ပြန်သည်။
"သူ အလင်းတုန်ခါခြင်းနယ်ပယ်ပညာရှင် ပြန်ဖြစ်လာရင် မင်းကို ဒုက္ခပေးမှာ မကြောက်ဘူးလား"
စုချန်း ရယ်မောလိုက်၏။
"ကျုပ်က မြို့တော်အရှင်သခင် အကြီးအကဲဝမ်ကို လွှတ်ပေးလိုက်မှာ ပိုကြောက်တယ် ဒီဆုံးဖြတ်ချက်ကြောင့် ဒီနေရာမှာ ရှိနေတဲ့ လူတွေအားလုံး ဒုက္ခရောက်သွားနိုင်တယ်ဗျ"
အန်းစီယွမ်၏ မျက်နှာ မဲခနဲ ဖြစ်သွား၏။
"စုချန်း မင်းက နွားရှေ့ထွန်ကျူး လုပ်ချင်နေတာလား"
စုချန်း ရယ်မောလိုက်ပြန်၏။
"ကျုပ် မလုပ်ရဲပါဘူးဗျာ ဒါပေမဲ့ ကျားသေကိုလဲ အသက်ပြန်မသွင်းစေချင်ဘူးဗျ တကယ်တော့ ကျုပ် အဓိက လိုချင်တာ နှစ်ခုပဲ ရှိပါတယ် မြို့တော်အရှင်သခင်"
"မင်း လိုချင်တာက ဘာတွေလဲ"
"ပထမတခုက ကျုပ်ရဲ့ဝာာဝန်ပါခင်ဗျာ ကြည်လင်မြစ်မြို့တော်မှာ ကျုပ်အနေနဲ့ ဆယ်နှစ်တိတိ တာဝန်ထမ်းဆောင်ပြီးရင် ကျုပ် လွတ်လပ်သွားပြီ လုပ်ချင်ရာ လုပ်ခွင့်ရှိသွားပြီ ခုဆိုရင် ကျုပ် ဒီမြို့မှာ တာဝန်ထမ်းဆောင်လာတာ ၆နှစ်ရှိသွားပြီဖြစ်လို့ နောက်ထပ် ၄နှစ်ပဲ ဒီမှာ နေရတော့မယ် ဒီအတောအတွင်းမှာ စိတ်အေးလက်အေးနဲ့ တာဝန်ကို ကျေပြွန်အောင် ကျုပ် ထမ်းဆောင်ချင်တယ်"
"ဒုတိယတခုကရော"
"စမ်းသပ်မှုတွေကို ငြိမ်းငြိမ်းချမ်းချမ်းနဲ့ ဆောင်ရွက်နေချင်တာပါပဲ တခြားလူတွေကသာ ကျုပ်ကို ပြသနာလာမရှာနဲ့ ကျုပ်ဘက်ကလဲ သူတို့ကို ပြသနာမရှာဘူးဆိုတာ သိပ်ကိုသေချာပါတယ်"
"တကယ်လို့ သူတို့က မင်းကို ပြသနာလာရှာခဲ့ရင်ကောကွာ"
စုချန်း နောက်တကြိမ် ထပ်မံ ရယ်မောလိုက်ပြန်၏။
"အညိုးထားစရာ အာဃာတာ ထားလောက်စရာ မဟုတ်သရွေ့ ကျုပ်အနေနဲ့ ဒါကို ဥပေက္ခာ ပြုထားနိုင်ပါတယ် ဥပမာအနေနဲ့ လွန်ခဲ့တဲ့ ငါးနှစ်က တစုံတယောက် ကျုပ်ကို ရန်ပြုဖို့ ကြိုးစားခဲ့တယ် ဒါပေမဲ့ ကျုပ် လစ်လျူထားနိုင်ခဲ့တယ်လေ"
ဤစကားမှာ လုချိန်ကွမ်း၏ သွေးဝတ်ရုံတပ်သားတချို့ကို စုချန်း ရည်ညွှန်းမှန်း အန်းစီယွမ် ချက်ချင်းသဘောပေါက်လိုက်သည်။
ထိုအခါ သူက ပြောလိုက်၏။
"ခုပဲ မင်း သူ့ကို သတ်ခဲ့ပြီးပြီလေ"
"ဒါကတော့ သူ ကျုပ်ကို ထပ်ပြီး ပြသနာရှာလို့ပါ"
စုချန်းက ရှင်းပြလိုက်၏။
"ကျုပ် တကယ်လိုချင်တာ ငြိမ်းငြိမ်းချမ်းချမ်းနဲ့ စမ်းသပ်မှုတွေ လုပ်ဆောင်နေဖို့ပါပဲ မြို့တော်အရှင်သခင်"
အန်းစီယွမ်က မေးလိုက်ပြန်သည်။
"ဘာကြောင့်လဲ မင်းရဲ့ပါရမီနဲ့ဆိုရင် မင်းရဲ့အလုပ်မှာ ဒီထက်မက တက်လမ်းတွေ အများကြီးပဲ ဘာဖြစ်လို့ သုတေသနလုပ်ငန်းကို ဒီလောက်တောင် စိတ်ဝင်စားနေရတာလဲ"
"လူတိုင်းမှာ ကိုယ်ပိုင်ရည်မှန်းချက်ကိုယ်စီ ရှိကြပါတယ် မြို့တော်အရှင်သခင် ကျုပ်ရဲ့ရည်မှန်းချက်က သွေးဗီဇမရှိတဲ့ သာမာန်လူတွေအတွက် မူလစွမ်းအင်ရဲ့ အဆုံးစွန်သော လျှို့ဝှက်ချက်တွေကို ရှာဖွေဖို့ပါပဲ ခုဆိုရင် ကျုပ်ဟာ လမ်းတဝက်ကိုတောင် မရောက်သေးဘူး ဒီလိုအခြေအနေမှာ ဘယ်လိုလုပ်ပြီး တခြားအာရုံတွေကို ကျုပ်ခေါင်းထဲမှာ ထားနိုင်ပါ့မလဲ"
"ကံဆိုးတာက ဒီကမ္ဘာကြီးဟာ အင်မတန်ရှုပ်ထွေးတယ် ပြသနာတွေကလဲ နေရာတိုင်းမှာ ရှိတယ် မင်းအနေနဲ့ ဒီလို ဘေးထွက်ထိုင်နေဖို့တော့ မလွယ်လှဘူး"
"ကျုပ်ကတော့ အတတ်နိုင်ဆုံး ကြိုးစားနေမှာပါပဲခင်ဗျာ အနာဂတ်မှာ ဘာတွေပဲ ဖြစ်လာ ဖြစ်လာ ကျုပ်မူအတိုင်း နေနိုင်အောင် လုပ်သွားမှာပါ"
ထိုအခါ အန်းစီယွမ်က လေးနက်သော လေသံနှင့် မေးလိုက်၏။
"ဒီတော့ မင်းဟာ ဒီကိစ္စတွေ ပြီးသွားတာနဲ့ သုတေသနလုပ်ငန်းတွေနဲ့ပဲ အချိန်ုဖြုန်းတော့မယ်ပေါ့ ပြင်ပကိစ္စတွေမှာ ဝင်မစွက်တော့ဘူးပေါ့ ဟုတ်လား"
"ကျုပ်အနေနဲ့ မူလဗျူရိုရဲ့ လုပ်ငန်းတာဝန်တွေကိုတော့ လုပ်ဆောင်နေရအုံးမှာပါ ပြီးတော့ ကျုပ် မိတ်ဆွေတွေရဲ့ အခြေအနေတွေကိုလဲ ဂရုစိုက်ပေးဖို့ လိုအပ်နေပါသေးတယ် မြို့တော်အရှင်သခင်"
"သူတို့အားလုံး အခြေအနေကောင်းတယ်ဆိုရင်ကောကွာ"
"ဒါဆိုရင်တော့ ကျုပ် မူလရွေးချယ်ထားတဲ့ လမ်းကြောင်းအတိုင်းပဲ ထာဝရ နေသွားတော့မှာပါဗျာ"
သူတို့နှစ်ယောက်၏ ဆွေးနွေးမှုကား အဆုံးသတ်သွားလေပြီ။
စုချန်း၏ စကားလုံးများသည် အလွန်ရှင်းလင်းပြတ်သားပြီး လေးနက်လွန်းနေ၏။ ထို့ကြောင့် ဤတကြိမ်တွင်လည်း စုချန်းအား ယုံကြည်ပေးလိုက်ရန် အန်းစီယွမ် ဆုံးဖြတ်လိုက်သည်။
"ကောင်းပြီလေ မင်းသဘောအတိုင်းပဲပေါ့"
ထို့နောက် သူက ဝမ်ကျန်းယုဘက်သ်ို့ လှည့်ကာ အော်လိုက်၏။
"အကြီးအကဲဝမ် ကျုပ် ခင်ဗျားရဲ့ ရတနာတွေကို လက်မခံနိုင်တော့ဘူး ထင်တယ်"
ဝမ်ကျန်းယု၏ မျက်နှာ သွေးဆုတ်သွား၏။ အခြေအနေကို သူ သဘောပေါက်လိုက်ပြီ မဟုတ်ပါလား။
သူက ပြောလိုက်၏။
"ကျုပ်ကိုယ်ကျုပ် သတ်သေလိုက်မယ်ဆိုရင် ဝမ်မျိုးနွယ်စုရဲ့ အသက်ကို မင်းတို့ အာမခံနိုင်မလား"
အန်းစီယွမ် အဖြေမပေး။ စုချန်းကိုသာ လှမ်းကြည့်လိုက်၏။
စုချန်းက ပြန်ဖြေလိုက်၏။
"ကျုပ်က ဒီနေရာမှာ ဧည့်သည်ပဲ ကျုပ်ထွက်သွားဖို့ အချိန်ကလဲ သိပ်မကျန်တော့ဘူး ဒါကြောင့် ဒီနေရာက တခြားလူတွေ ရန်ညိုးထားမှာကို ကျုပ်အဖို့ သိပ်ပြီး စိတ်မပူလှဘူး ဒီတော့ မြို့တော်အရှင်သခင်အပေါ်မှာသာ အဓိက မူတည်ပါတယ် ကျုပ်ကတော့ အာမမခံနိုင်စရာ ဘာအကြောင်းမှ မရှိဘူး"
စုချန်း၏ စကားကို ကြားသည်နှင့် အန်းစီယွမ်က ဝမ်ကျန်းယုအား ခေါင်းညိတ်ပြလိုက်၏။ ဝမ်မျိုးနွယ်စု၏ လုံခြုံရေးကို သူ အာမခံပါသည်ဟူသော သဘောပင်။
ဝမ်ကျန်းယု သက်ပြင်းချလိုက်၏။
"ဒါဆိုရင်လဲ ကျေးဇူးကြီးလှပါပေရဲ့ဗျာ"
စကားဆုံးသည်နှင့် ဝမ်ကျန်းယုသည် သူ့နဖူးကိုသူ လက်ဝါးနှင့် ရိုက်ချလိုက်လေသည်။