← Chapters

ဖြေရှင်းချက်

Vol. 51 Ch. 502

ဖြေရှင်းချက်

Vol. 51 Ch. 502

ဝမ်ကျန်းယု သေဆုံးသွားခြင်းသည် တော်ဝင်မျိုးနွယ်စုများနှင့် အစိုးရအကြား ရှည်လျားလှသော စစ်ပွဲကို အဆုံးသတ်သွားစေ၏။

၎င်းသည် စုချန်းနှင့် အန်းစီယွမ်တို့၏ ကြီးမားသော အောင်မြင်မှုဖြစ်သလို ကြည်လင်မြစ်မြို့တော်ကိုလည်း ခေတ်သစ်တခေတ်သို့ ပို့ဆောင်ပေးလိုက်နိုင်၏။

အရာအားလုံးကို မြို့တော်အရှင်သခင်ကသာ ထိန်းချုပ်ထားသော ခေတ်သစ်ပင်တည်း။

ဝမ်ကျန်းယု သေဆုံးသွားသည်နှင့် စုချန်းသည်လည်း သူ့စကားအတိုင်း တည်ခဲ့လေသည်။ သူသည် မည်သည့် အာဏာလုပွဲတွင်မှ မပါဝင်တော့ပဲ စုံစမ်းစစ်ဆေးရေးဗျူရိုနှင့် မြို့စောင့်တပ်ဖွဲ့များအား အန်းစီယွမ်၏ လက်ထဲသို့ ထည့်ပေးလိုက်၏။ ယုတ်စွအဆုံး မူလဗျူရိုကိုပါ အန်းစီယွမ်၏ လူများအား ထည့်သွင်းအုပ်ချုပ်စေလေသည်။ ဒုစရိုက်အဖွဲ့အများစုမှာလည်း အန်းစီယွမ်၏ လက်အောက်သို့ ရောက်သွားကြပြီ ဖြစ်သည်။ ယုတ်စွအဆုံး တတိယမြစ်တပ်ဖွဲ့သည်ပင် အန်းစီယွမ်အပေါ် သစ္စာခံလာ၏။ ထို့ကြောင့် ကြည်လင်မြစ်မြို့တော်တခွင်လုံးကို အန်းစီယွမ် ထိန်းချုပ်ထားနိုင်ပြီဟု ဆိုနိုင်သည်။

သို့သော် စုချန်းအနေနှင့် အရင်းအမြစ်များကိုတော့ စွန့်လွှတ်ခြင်းမရှိ။ သူသည် ကုန်ပစ္စည်းအရောင်းဆိုင်များ လေလံတင်ရာမှ ရရှိလာသည့် ငွေများကို သိမ်းပိုက်လိုက်သည့်အပြင် အနောက်မြစ်တောအုပ်ကိုလည်း ဆက်လက်ထိန်းချုပ်ထားရန် ကြိုးစားလျက်ရှိ၏။ ယန်သုံးပါးဆေးကြောင့် လူသိများလာေသာ အနောက်မြစ်တောအုပ်သည် နောင်နှစ်အတော်ကြာသည်အထိ စုချန်းအတွက် ငွေတွင်းကြီးသဖွယ် ဖြစ်နေပေလိမ့်မည်။

ထိုအချိန်တွင် အန်းစီယွမ်သည် အတွင်းအပြင် ရန်သူများအား ရှင်းလင်းနေရလေရာ စုချန်းနှင့် ပဋိပက္ခ ဖြစ်လိုစိတ်မရှိတော့။ ထို့ကြောင့် သူက စုချန်းအား အနောက်မြစ်တောအုပ်ကို အပိုင်စား ပေးလိုက်တော့သည်။ တဖက်တွင်လည်း အပေးအယူအနေနှင့် အန်းစီယွမ်၏ သွေးဝတ်ရုံတပ်သား၃၀၀အား စုချန်းက သွေးနီဥပြိုကွဲဆေးမင် ထိုးပေးလိုက်ရ၏။

သို့တိုင်အောင် အန်းစီယွမ်အပေါ် ဖိအားများက ဆက်လက်တိုးပွားလာနေ၏။ ယန်သုံးပါးဆေး၏ ဆွဲဆောင်မှုက အားကောင်းလှသည် မဟုတ်ပါလား။ ထိုအခါ အနောက်မြစ်တောအုပ်သည် ယင်ကောင်များအား ဖိတ်ခေါ်နေသည့် အသားတစ်နှင့်ပင် တူနေတော့သည်။

သို့သော် ဘာဖြစ်သနည်း။ စုချန်းအဖို့ကား နောက်လေးနှစ်ဆိုလျင် ကြည်လင်မြစ်မြို့တော်မှ ထွက်ခွာသွားတော့မည် ဖြစ်သည်။ ထိုအခါ အနောက်မြစ်တောအုပ်သည် အန်းစီယွမ်၏ လက်ထဲသို့ ပြန်ရောက်သွားပေလိမ့်မည်။ အန်းစီယွမ် အနောက်မြစ်တောအုပ်အား ဘယ်နှစ်နှစ် ထိန်းချုပ်ထားနိုင်မည်ဟူသည်က သူ့ကိစ္စသာ ဖြစ်သည်။ စုချန်းနှင့် မဆိုင်တော့။

တိုက်ပွဲဖြစ်ပွားပြီး လေးရက်မြောက်နေ့တွင် စုချန်းသည် ထုံးစံအတိုင်း အိပ်မက်နယ်ပယ်သို့ ဝင်လာခဲ့၏။ ဆရာဖြစ်သူ ရှီကိုင်းဟွမ်နှင့် တွေ့ဆုံရအုံးမည် မဟုတ်ပါလား။

အိပ်မက်နယ်ပယ်အတွင်းသို့ ရောက်သည်နှင့် ရှီကိုင်းဟွမ်တယောက် သူ့အခန်းထဲဝယ် လဖက်ရည်သောက်လျက်ရှိကြောင်း စုချန်း တွေ့လိုက်ရ၏။

ရှီကိုင်းဟွမ်၏ နေပုံထိုင်ပုံမှာကား ရှေးကအတိုင်း ရိုးစင်း၏။

"ဆရာ"

ရှီကိုင်းဟွမ်၏ ရှေ့တွင် ထိုင်ချရင်း စုချန်းက ခေါ်လိုက်သည်။

"အိုး မင်းတောင်ရောက်လာပြီကိုး"

ရှီကိုင်းဟွမ်၏ မျက်နှာမှာ ပုံမှန်အတိုင်းသာ။ သို့သော် တစုံတခု မှားယွင်းနေသကဲ့သို့ စုချန်း ခံစားလိုက်ရ၏။

ဘာမှားယွင်းနေမှန်းတော့ စုချန်း ရေရေရာရာ မပြောနိုင်။ သို့သော် ဆယ်နှစ်စုကြာအောင် ရှီကိုင်းဟွမ်နှင့် ရင်းနှီးလာသည်ဖြစ်၍ တစုံတခု မှားယွင်းနေကြောင်းတော့ စုချန်း အတပ်ပြောနိင်ပေသည်။

"ကြည်လင်မြစ်မြို့တော်မှာ အခြေအနေ ဘယ်လိုရှိသလဲကွ"

ရှီကိုင်းဟွမ်က မေးလိုက်၏။

"ကိစ္စအားလုံးကို ဖြေရှင်းပြီးပါပြီ ဆရာ"

စုချန်းက ပြန်ဖြေလိုက်သည်။

ထို့နောက် သူက ကြည်လင်မြစ်မြို့တော်တွင် ဖြစ်ပျက်ခဲ့သည့် အကြောင်းအရာများကို ရှီကိုင်းဟွမ်အား ပြန်ပြောလိုက်၏။ စုချန်း၏ ရှင်းလင်းမှုမှာ လွန်စွာ အသေးစိတ်ကျလှသည်။ ရှီကိုင်းဟွမ်ကလည်း စုချန်း ပြောပြသမျှကို ဂရုတစိုက်နှင့် နားထောင်နေ၏။

စုချန်းက ခရေစေ့တွင်းကျ ပြောပြပြီးသည့်တိုင် ရှီကိုင်းဟွမ် စကား ပြန်မပြောနိုင်သေး။ စုချန်း ပြောပြခဲ့သည်များအား ပြန်လည်စဥ်းစားနေဟန်ပေါ်၏။ သို့မဟုတ် တခြားကိစ္စတခုကို စဥ်းစားနေခြင်းလည်း ဖြစ်နိုင်၏။

ထိုအခါ စုချန်းက အသံတိုးတိုးနှင့် ခေါ်လိုက်သည်။

"ဆရာ"

"အိုး မင်းလုပ်ခဲ့တာတွေ ကောင်းသားပဲ"

ရှီကိုင်းဟွမ်က ပြန်ပြောလိုက်၏။ စုချန်းက မေးလိုက်ပြန်သည်။

"ဒီနေ့ ဆရာ စိတ်နဲ့ကိုယ်နဲ့ မကပ်သလိုပဲ တခုခုဖြစ်နေဟန်တူတယ်"

ရှီကိုင်းဟွမ် တွေခနဲ ဖြစ်သွား၏။ ပြီးမှ သူက ပြုံးရင်း ပြောလိုက်သည်။

"မင်း သတိထားမိတယ်ပေါ့ အေးလေ မင်းရဲ့ အမြင်က အတော်လေး စူးရှတာကိုး"

"ဘာတွေများ ဒုက္ခတွေ့နေသလဲ ဆရာ ပြောနိုင်ရင် ပြောပြပါလား ကျွန်တော် တခုခု လုပ်ပေးနိုင်တာရှိရင် လုပ်ပေးပါ့မယ်"

ရှီကိုင်းဟွမ် ခေါင်းခါပြလိုက်၏။

"မင်း ဘာမှ မတတ်နိုင်ပါဘူးကွာ မင်း မပြောနဲ့ ကျောင်းအုပ်ကြီးတောင် ဘာမှ မတတ်နိုင်ဘူးကွ"

စုချန်း၏ တကိုယ်လုံး အေးခဲသွား၏။

ရှီကိုင်းဟွမ် ရည်ညွှန်းသည့် ကျောင်းအုပ်ကြီးဟူသည် နဂါးကျောင်းတော်မှ ကျောင်းအုပ်ကြီးကို ရည်ညွှန်းမှန်း စုချန်း သိထားပေသည်။

နဂါးကျောင်းတော်၏ ကျောင်းအုပ်ကြီးယန်ဟူသည် လောင်စန်းနိုင်ငံတွင် ဂုဏ်သတင်းအလွန်ကြီးမားပြီး လူတိုင်း လေးစားရသူ ဖြစ်သည်။ သူ၏ စွမ်းအားကလည်း အတိုင်းအဆ မရှိပေ။ ဤကဲ့သို့သော ပုဂ္ဂိုလ်မျိုးပင် မတတ်နိုင်ဟု ဆိုနေပါကလား။ ရှီကိုင်းဟွမ်၏ ပြသနာက မည်သို့သော ပြသနာမျိုးပေနည်း။

ရှီကိုင်းဟွမ်က စကားဆက်လိုက်ပြန်၏။

"လာမဲ့ ရက်အနည်းငယ်အတွင်းမှာပဲ ကျုပ် ရွှေရောင်ခံတပ်ကို သွားရလိမ့်မယ်"

"ရွှေရောင်ခံတပ် ဟုတ်လား"

စုချန်း ကြောင်သွား၏။

"ဘာအတွက်လဲ ဆရာ"

ရွှေရောင်ခံတပ်ဟူသည် သတ်ဖြတ်သူများနှင့် လူသားများအကြားမှ ရှေ့တန်းမျက်နှာစာ ဖြစ်သည်။ ဤနေရာမျိုးကို ရှီကိုင်းဟွမ် အဘယ်ကြောင့် သွားရမည်နည်း။

"ကိစ္စကတော့ စစ်မှုထမ်းဖို့ပဲကွ ခံတပ်မှာ လုံခြုံရေးအလွန်တင်းကျပ်တယ် ညဖက်အလစ်ဝင်တိုက်ခံရမှာကို ကာကွယ်တဲ့အနေနဲ့ ဘယ်သူမှ အိပ်မက်နယ်ပယ်ထဲ ဝင်လို့မရဘူး ဒီတော့ ကျုပ်နဲ့ မင်းနဲ့ နောက်ထပ် မကြာမန တွေ့နေဖို့ အခွင့်အရေး မရှိတော့ဘူး"

"စစ်မှုထမ်းဖို့ ဟုတ်လား"

စုချန်း ထိုင်နေရာမှ ဝုန်းခနဲ ထရပ်လိုက်၏။

"ဆရာဟာ နိုင်ငံအတွက် နယ်စပ်မှာ နှစ်ပေါင်းများးစွာ တာဝန်ထမ်းဆောင်ခဲ့ပြီးပြီ ဒီအချိန်ကြီးကျမှ စစ်မှုထမ်းစရာ လိုသေးလို့လား"

"သူတို့ဘက်ကတော့ အကြောင်းပြချက် ပေးတာပေါ့ကွာ အပေါ်ယံ အကြောင်းပြချက်ပဲ ဆိုပါတော့ အဲဒီ အကြောင်းပြချက်ကတော့ ကျုပ်ဟာ နဂါးကျောင်းတော်မှာ နေထိုင်ပေမဲ့ ဆရာတယောက်ရဲ့ တာဝန်ကို မကျေလို့ ဒီလောက်နှစ်တွေအကြာကြီးမှာ တပည့် လက်မခံခဲ့လို့ပဲ ဒီအကြောင်းပြချက်ကလဲ မှားတယ်လို့တော့ ပြောလို့မရဘူး"

"ဒါပေမဲ့ ဆရာဟာ ကျွန်တော့ကို တပည့်အဖြစ် လက်ခံခဲ့တာပဲလေ"

"တပည့်တယောက်တလေလောက် လက်ခံတာနဲ့ ကျုပ်တာဝန် ကျေတယ်လို့ ဆိုနိုင်ပါ့မလားကွ"

စုချန်း ကြောင်သွား၏။

ရှီကိုင်းဟွမ်၏ စကားက မှန်လှသည်။ တကယ်တော့ ဆရာဟူသည် ဆရာသာ ဖြစ်သည်။ ဆရာဖြစ်လျင် ဆရာတယောက်၏ တာဝန်တော့ ကျေပြွန်ရပေမည်။ ဆရာတယောက်၏ တာဝန်မှာ တပည့်များအား ပညာသင်ကြားပေးရန် ဖြစ်သည်။ ဆယ်စုနှစ်များစွာအတွင်း တပည့်တယောက်သာ မွေးခဲ့သော ဆရာအနေနှင့် အဘယ်မှာ ဆရာတယောက်၏ တာဝန်ကို ကျေပြွန်နိုင်အံ့နည်း။

"ထားပါတော့ တကယ့် အကြောင်းပြချက်ကကော ဘာတဲ့လဲ ဆရာ"

စုချန်းက မေးလိုက်ပြန်၏။

ဆယ်စုနှစ်များစွာအတွင်း ဆရာတယောက်၏ တာဝန် မကျေပြွန်ခဲ့သည့်တိုင် ရှီကိုင်းဟွမ်အား မည်သူမှ တွန်းအားမပေးခဲ့ချေ။ ယခုမှ စစ်မှုထမ်းရန် တွန်းအားပေးလာခြင်းမှာ အလကားသက်သက်မဟုတ်။ နောက်ကွယ်တွင် တကယ့်အကြောင်းပြချက် ရှိနေရပေအုံးမည်။

"သွေးဗီဇမလိုပဲ ယန်ဖွင့်လှစ်ခြင်းနယ်ပယ်ကို ဝင်ရောက်နိုင်မဲ့ နည်းလမ်းကို တီထွင်လိုက်တာ ဘယ်သူမှန်း သူတို့ သိကုန်ကြလို့ပေါ့ကွာ"

ရှီကိုင်းဟွမ်၏ စကားကြောင့် စုချန်း၏ ရင်ထဲတွင် အေးခနဲ ဖြစ်သွား၏။

နောက်ဆုံးတော့ သူတို့ သိကုန်ကြပြီကိုး...

တကယ်တော့ ထိုသို့ သိသွားခြင်းမှာ ဘာမှ အံ့သြစရာမရှိပေ။

ကိုင်းဟွမ်ကောင်းကင်ဘုံနည်းစနစ်တွင် ရှီကိုင်းဟွမ်၏နာမည် ပါနေသည် မဟုတ်ပါလား။ ထို့ပြင် အိပ်မက်နယ်ပယ်အတွင်းရှိ တိမ်တိုက်လင်းနို့၏ ရဲတိုက်သည် နဂါးကျောင်းတော်၏ နယ်နိမိတ်အတွင်းတွင် ရှိနေ၏။ ထို့ပြင် ရှီကိုင်းဟွမ်၏ ဗီဇ၊ တခြားသဲလွန်စများကို ထည့်သွင်းစဥ်းစားလိုက်သောအခါ အဖြေမှာ မပေါ်မရှိပေ။

"ဒီတော့ သူတို့ ဆရာ့ကို စပြီး တိုက်ခိုက်ကြပြီပေါ့"

စုချန်း၏ လေသံမှာ တင်းမာအက်ကွဲနေ၏။

"ဒီလောက်လဲ အသည်းအသန် ဖြစ်နေစရာ မလိုသေးပါဘူးကွာ"

ရှီကိုင်းဟွမ်က ရယ်မောရင်း ပြောလိုက်၏။

"တနေ့မှာ ဒီလို အခြေအနေမျိုးနဲ့ ကြုံလာရမယ်ဆိုတာ ကျုပ်တို့ တွေးထားပြီးသားပဲ မဟုတ်လား တကယ်တော့ တော်ဝင်မျိုးနွယ်စုတွေဟာ သွေးဗီဇမပါပဲ ယန်ဖွင့်လှစ်ခြင်းနယ်ပယ်ကို ဝင်ရောက်နိုင်မဲ့နည်းလမ်း ကျုပ်တို့ ရှာတွေ့သွားလို့ သွေးပျက်ကုန်တာ မဟုတ်ဘူးကွ ဒါပေမဲ့ သွေးဗီဇမလိုပဲ သွေးဆူပွက်ခြင်းနယ်ပယ်ကို ဝင်ရောက်မဲ့နည်းလမ်းနဲ့ ယန်ဖွင့်လှစ်ခြင်းနယ်ပယ်ကို ဝင်ရောက်မဲ့နည်းလမ်းတွေကို ကျုပ်တို့ ရှာတွေ့သွားတာဟာ ကြားထဲမှာအချိန်ဘယ်လောက်မှ မကြာလိုက်ဘူးလေ ဒါက သူတို့ကို စိတ်ပူသွားစေတယ်ကွ"

စုချန်း ချက်ချင်းပင် နားလည်သဘောပေါက်သွား၏။

"သွေးဗီဇမလိုအပ်ပဲ အလင်းတုန်ခါခြင်းနယ်ပယ်ကို ဝင်ရောက်နိုင်မဲ့နည်းလမ်း ကျွန်တော်တို့ ရှာတွေ့သွားမှာကို သူတို့ မလိုလားဘူးပေါ့နော် ဆရာ"

"မှန်တယ် အလင်းတုန်ခါခြင်းနယ်ပယ်ဆိုတာ မူလချီစွမ်းအားပညာရှင်တွေရဲ့ အခြေခံအကျဆုံး အင်အားကို ကိုယ်စားပြုနေတဲ့ မှတ်တိုင်တခုပဲကွ အလင်းတုန်ခါခြင်းနယ်ပယ်ပညာရှင်တွေရဲ့ ၉၀ရာခိုင်နှုန်းကလဲ တော်ဝင်မျိုးနွယ်စုတွေပဲ ဖြစ်နေတာ မင်း တွေ့ရလိမ့်မယ် ကျန်တဲ့ ၁၀ရာခိုင်နှုန်းကလဲ တော်ဝင်မျိုးနွယ်စုတွေ မဟုတ်ပေမဲ့ သာမာန်လူတွေလဲ မဟုတ်ဘူး သူတို့ဟာ သွေးနှောတွေပဲ ဒီလို အခြေအနေမှာ သွေးဗီဇမလိုပဲ အလင်းတုန်ခါခြင်းနယ်ပယ်ကို ဝင်ရောက်မဲ့နည်းလမ်းမျိုးသာ ပေါ်ထွန်းလာရင် သာမာန်လူတွေရဲ့ ကျင့်ကြံခြင်းလမ်းကြောင်းဟာ ရှေ့ကိုအများကြီး ရောက်သွားလိမ့်မယ် ဒါက တော်ဝင်မျိုးနွယ်စုတွေရဲ့ဘဝကို ထိခိုက်လာစေနိုင်တယ်လေကွာ ဒါကြောင့် သူတို့က ကျုပ်ကို စစ်မှုထမ်းခိုင်းစေတာပဲ စစ်မှုထမ်းနေရင် အချိန်မရှိတော့တဲ့အတွက် ကျုပ်အနေနဲ့ ဒီသုတေသနကို ဆက်မလုပ်နိုင်တော့ဘူးဆိုတဲ့ သဘောပေါ့"

"ဒါကြောင့်မို့ သူတို့က ဆရာ့ကို စစ်ထဲပို့လိုက်တာပေါ့ ဟုတ်လား"

"ကျောင်းအုပ်ကြီးကတော့ ကျုပ်ကို ဒီလို ပြောတာပဲ ဘာတွေဆက်ဖြစ်လာမလဲတော့ စောင့်ကြည့်ရမှာပေါ့ကွာ ကျုပ်အနေနဲ့ကလဲ အောင်မြင်မှုမရသေးခင် သူတို့နဲ့ ပြသနာမတက်ချင်ဘူးလေ"

စုချန်း သက်ပြင်းချလိုက်သည်။

တော်ဝင်မျိုးနွယ်စုများဘက်မှ ရှီကိုင်းဟွမ်ကို သတ်ဖြတ်ရန် မကြိုးစားလျင်ပင် လုံလောက်ပြီဟု သူ ယူဆလိုက်လေသည်။

ရှီကိုင်းဟွမ်က စကားဆက်ပြန်၏။

"ကျုပ်အနေနဲ့ကတော့ ဒီသုတေသနကို ဆက်လုပ်နေမှာပဲ ဒါပေမဲ့ အချိန်သိပ်မရတော့တဲ့အတွက် အောင်မြင်နိင်ချေတော့ နည်းသွားပြီ ဒါ့အပြင် ပထမနည်းလမ်းနှစ်မျိုးကို အောင်မြင်အောင် လုပ်နိုင်ခဲ့တာဟာ ကျုပ်အစွမ်း အကုန်ပဲလို့ ကျုပ် ခံစားနေရတယ် ဒါကြောင့် ဒီသုတေသနကို ပြီးဆုံးအောင် မင်းက ဆက်လုပ်ရလိမ့်မယ် အနာဂတ်မှာ ဒီလမ်းကို ပန်းတိုင်ရောက်အောင် ဆက်လျှောက်ဖို့ ကျုပ်အနေနဲ့ မင်းကိုပဲ အားကိုးလိုက်တော့မယ်"

"ဒါပေမဲ့ ဆရာ ကျွန်တော်ဟာ အလင်းတုန်ခါခြင်းနယ်ပယ်ကိုတောင်မှ မရောက်သေးပဲဟာ ဘယ်လိုလုပ်...."

ရှီကိုင်းဟွမ် လက်ကာပြလိုက်၏။

"အတားအဆီးတွေ ရှိနေတယ်ဆိုတာ သေချာပေါက် ကျော်လွှားရမယ်လို့ ဆိုလိုတာပဲကွ မင်းဟာ အလင်းတုန်ခါခြင်းနယ်ပယ်ပညာရှင် မဖြစ်သေးတာနဲ့ပဲ သွေးဗီဇမလိုပဲ အလင်းတုန်ခါခြင်းနယ်ပယ်ကို ဝင်ရောက်နိုင်မဲ့ နည်းလမ်းမျိုး မဖန်တီးနိုင်ဘူးလို့ မဆိုလိုဘူး ခုဆိုရင် မင်းမှာ အစမ်းသပ်ခံအဖြစ်နဲ့ ဝေပိုင် ရှိနေပြီမလား နောက်ဆိုရင် အစမ်းသပ်ခံတွေ ဒီထက်အများကြီး ရလာနိုင်သေးတယ် ကိုယ့်ကိုယ်ကို ယုံကြည်ချက်ထားစမ်းပါ ကောင်လေး ကျုပ်ကတော့ မင်း ဒါကို အောင်မြင်အောင် လုပ်နိုင်မယ်လို့ အပြည့်အဝ ယုံကြည်ထားတယ်"

All Chapters