ဆေးဝါးအသစ်များ
Vol. 51 Ch. 503
အချိန်မှာ မနက်ခင်း ဖြစ်သည်။ ကောင်းကင်သည် ထွန်းလင်းတောက်ပနေ၏။
စုချန်း၏ မျက်လုံးအစုံမှာ မျက်ရည်များနှင့် စိုစွတ်နေ၏။ ရှီကိုင်းဟွမ်၏ စကားသံများကား သူ့အာရုံတွင် ပဲ့တင်ထပ်လျက်ရှိလေသည်။
စုချန်းသည် မျက်ရည်များအား ခပ်ကြမ်းကြမ်း ပွတ်သုတ်လိုက်၏။ ထို့နောက် စမ်းသပ်ခန်းအတွင်းသို့ ဝင်ရောက်သွားလေသည်။
ထိုနေ့မှစ၍ စုချန်းတွင် သုတေသန ခေါင်းစဥ်သစ်တခု ထပ်ရလာ၏။ ၎င်းမှာ သွေးဗီဇမလိုပဲ အလင်းတုန်ခါခြင်းနယ်ပယ်အား ဝင်ရောက်ရညမည့် နည်းလမ်းတရပ်ကို တီထွင်ဖန်တီးရန်ပင် ဖြစ်လေသည်။
တကယ်တော့ ပထမအလွှာသုံးလွှာနှင့် အလင်းတုန်ခါခြင်းနယ်ပယ်အကြား ကွာဟချက်မှာ နည်းနည်းနောနော မဟုတ်။ များစွာ ကွဲပြားခြားနားလှသည်။
ချီစုဆောင်းခြင်းနယ်ပယ်၊ သွေးဆူပွက်ခြင်းနယ်ပယ်နှင့် ယန်ဖွင့်လှစ်ခြင်းနယ်ပယ်ဟူသည်ကား လူတယောက်၏ ရုပ်ပိုင်းဆိုင်ရာ ပုန်းကွယ်နေသော ပါရမီများကို ဖော်ထုတ်ပြီး ၎င်း၏ မူလစွမ်းအင် ထိန်းချုပ်နိုင်စွမ်းကို မြင့်မားလာစေရန် ဖန်တီးရခြင်း ဖြစ်သည်။
သို့သော် အလင်းတုန်ခါခြင်းနယ်ပယ်သို့ ဝင်ရောက်ခြင်းဟူသည်ကား တမျိုးတဖုံ ခြားနားသွားခဲ့လေပြီ။ အကြောင်းမှာ ၎င်းသည် လူတယောက်၏ အသက်ဓာတ် အတိုင်းအဆမရှိ တိုးပွားလာခြင်းကို ကိုယ်စားပြုနေသောကြောင့်ပင်။
အလင်းတုန်ခါခြင်းနယ်ပယ်သို့ ဝင်ရောက်နိုင်ရန် မရှိမဖြစ် လိုအပ်သောအရာမှာ ကြာပန်းအုတ်မြစ်များ ဖန်တီးရန်ပင် ဖြစ်သည်။
ကြာပန်းအုတ်မြစ်ဟူသည်ကလည်း လူတယောက်၏ မူလစွမ်းအင်နှင့် ၎င်းကိုယ်တွင်းရှိ သွေးဗီဇ ၊ ဤနှစ်ရပ် ပေါင်းစပ်မှသာ ဖြစ်ပေါ်လာနိုင်၏။
၎င်းမှာ ထိုလူ၏ ကိုယ်တွင်းဝယ် အင်္ဂါအသစ်တခု ဖြစ်ပေါ်လာသည်နှင့် တူ၏။ ထိုအင်္ဂါ၏ အဓိကတာဝန်မှာ ထိုလူ၏ မူလစွမ်းအင် သုံးစွဲနိုင်သော စွမ်းရည်ကို တိုးမြင့်လာစေရန်နှင့် မူလစွမ်းအင်ကို ပိုမို ထိန်းချုပ်လာနိုင်စေရန်ပင် ဖြစ်သည်။ ရလဒ်မှာ ထိုလူ၏ အင်အားသည် ကြောက်စရာကောင်းလောက်အောင် အတိုင်းအဆမရှိ တိုးပွားလာခြင်းပင်။
ကြာပန်းအုတ်မြစ်ဖန်တီးရန် ပထမဆုံးခြေလှမ်းအနေနှင့် ထိုလူသည် ၎င်း၏ မူလစွမ်းအင်နှင့် သွေးဗီဇစွမ်းအင်များ ပြည့်လျမ်းနေသော မူလစွမ်းအင်သမုဒ္ဒရာတွင် ရိုးစင်းသော ပုံစံတခု ဖန်တီးရန် လိုအပ်၏။ ဤလုပ်ငန်းစဥ်ကြီးတခုလုံးသည် အလွန်ရှုပ်ထွေးပြီး တိကျသော လုပ်ငန်းစဥ်မျိုးသာ မရှိပါက အန္တရာယ်လည်း များလှပေသည်။
လက်ရှိတွင် စုချန်း၏ အဆင့်အတန်းမှာ အလင်းတုန်ခါခြင်းနယ်ပယ်ပညာရှင် မဟုတ်သေး။ ထို့ကြောင့် သူ့အတွက် သွေးဗီဇမလိုပဲ အလင်းတုန်ခါခြင်းနယ်ပယ်သို့ ဝင်ရောက်နိုင်မည့် နည်းစနစ်တရပ် လိုအပ်နေ၏။ ဤရည်မှန်းချက်အတွက် စုချန်း ကြုံတွေ့ရသည့် အခက်အခဲများမှာ စကားလုံးများနှင့် ဖော်ပြရန်ပင် ခက်ခဲလှပေသည်။
သူ အောင်မြင်နိုင်ပါမည်လော....
မအောင်မြင်နိုင်စရာတော့ မရှိ။
လျို့ဝှက်ဆန်းကြယ်မှုများဟူသည် အမြဲလိုပင် တည်ရှိနေတတ်သည် မဟုတ်ပါလား။ စာမတတ်သူများသည် ထိပ်သီးပညာရှိများကို မွေးထုတ်ပေးနိုင်၏။ ကြက်ကလေးတကောင်ကို သတ်ပစ်ရန် အားမရှိသူများသည် စွမ်းအားကြီးသူများအား အနိုင်ရသွားနိုင်၏။ ကမ္ဘာလောကကြီးဟူသည် လျို့ဝှက်ဆန်းကြယ်မှုများ၊ မဖြစ်နိုင်သော အရာများနှင့်သာ ပြည့်လျှမ်းနေသည် မဟုတ်ပါလား။
သို့သော် စုချန်းသည် အလင်းတုန်ခါခြင်းနယ်ပယ်ပညာရှင်ပင်လျင် မဖြစ်သေးရာ ထိုနယ်ပယ်ထဲသို့ ဝင်ရောက်နိုင်မည့်နည်းလမ်းကို မည်သို့ တီထွင်နိုင်အံ့နည်း။ မဖြစ်နိုင်စရာတော့ မရှိပေ။ အကြောင်းမှာ စုချန်းတွင် ရှီကိုင်းဟွမ်၌ပင် မရှိသည့် အားသာချက်တရပ် ရှိနေသောကြောင့်ပင်။
ထိုအားသာချက်မှာကား စုချန်း၏ ပရမတ်မျက်လုံးများပေတည်း။
အနှီ ပရမတ်မျက်လုံးများကြောင့်ပင် အရာဝတ္တုများ၏ အတွင်းသား သရုပ်သကန်အပေါ် စုချန်း၏ နားလည်နိုင်စွမ်းသည် များစွာ တိုးပွားလာ၏။
ဥပမာပေးရလျင် ကြာပန်းအုတ်မြစ်ဟူသည် မူလစွမ်းအင်နှင့် သွေးဗီဇစွမ်းအင်ကို ပေါင်းစပ်ထားခြင်း ဖြစ်သည်။ ဤနေရာတွင် သွေးဗီဇစွမ်းအင်၏ တကယ့် အနှစ်သာရမှာ ပရမတ်အမှုန်အဆင့်တွင် မူလစွမ်းအင်အား ထိန်းချုပ်နိုင်ခြင်းပင် ဖြစ်သည်။ ထို့ကြောင့် သွေးဗီဇမလိုအပ်ပဲ အလင်းတုန်ခါခြင်းနယ်ပယ်ကို ဝင်ရောက်နိုင်မည့် နည်လမ်းကို ဖန်တီးနိုင်ရန် စုချန်းအနေနှင့် သွေးဗီဇနေရာတွင် ပရမတ်အမှုန်များ၏ ဂုဏ်သတ္တိနှင့် အစားထိုးရန် လိုအပ်၏။ ထို့ကြောင့် ပရမတ်အမှုန်များ၏ သဘောသဘာဝနှင့် အသုံးပြုပုံကို စုချန်းသည် ယခုထ်ိ ပို၍ နားလည်လာအောင် လေ့လာရပေအုံးမည်။
ဤသည်မှာ သွေးဗီဇမလိုအပ်ပဲ အလင်းတုန်ခါခြင်းနယ်ပယ်သို့ ဝင်ရောက်နိုင်ရန် စုချန်း ရွေးချယ်ထားသည့် နည်းဗျူဟာဟုလည်း ဆိုနိုင်၏။
အချိန်များ လျင်မြန်စွာ ကုန်ဆုံးနေ၏။
တနှစ်ဟူသော အချိန်မှာ ဘာမှမကြာလိုက်ဟု ထင်ရလေသည်။
ပြီးခဲ့သော နှစ်တွင် စုချန်းသည် ဝေပိုင်တယောက် အလင်းတုန်ခါခြင်းနယ်ပယ်သို့ ပြန်လည်ဝင်ရောက်ရာတွင် အကူအညီပေးနိုင်မည့် ဆေးတဖုံကို အောင်မြင်စွာ ဖော်စပ်နိုင်ခဲ့၏။ တဖက်တွင်လည်း ဝေပိုင်ကို အစမ်းသပ်ခံအဖြစ် အသုံးချခြင်းအားဖြင့် သူ၏ အလင်းတုန်ခါခြင်းနယ်ပယ်အပေါ် နားလည်နိုင်စွမ်းမှာ ပို၍ မြင့်မားလာလေသည်။ အနည်းဆုံးတော့ သူသည် ကြာပန်းအုတ်မြစ် ဖြစ်ပေါ်လာပုံကို ကျကျနန နားလည်သွားခဲ့လေပြီ။
အတိအကျ ပြောရလျင် ကြာပန်းအုတ်မြစ် ဖန်တီးသည့် လုပ်ငန်းစဥ်ကြီးတခုလုံးကို စုချန်း နားလည်သဘောပေါက်သွားပြီဟု ဆိုနိုင်၏။ သို့သော် သွေးဗီဇစွမ်းအင်နေရာတွင် အစားထိုးနိုင်မည့် နည်းလမ်းကို ရရှိရန်တော့ များစွာ အလှမ်းဝေးနေသေး၏။
အလင်းတုန်ခါခြင်းနယ်ပယ်ပညာရှင်ဘဝသို့ ပြန်ရောက်သွားသည်နှင့် တံခါးပိတ်လေ့ကျင့်မည်ဟု ကြေငြာပြီး ဝေပိုင် လူကြားထဲသို့ ပြန်ထွက်မလာတော့။
၎င်းမှာ မိမိ၏ အစမ်းသပ်ခံအဖြစ် မလုပ်ချင်တော့၍ ရှောင်တိမ်းခြင်းပင် ဖြစ်ကြောင်း စုချန်းကလည်း ကောင်းစွာ သဘောပေါက်လေသည်။
ဝေပိုင် မရှိသော်လည်း စုချန်း၏ သုတေသနက လမ်းဆုံလမ်းခွသို့ ရောက်ရှိနေခဲ့လေပြီ။ သို့သော် နောက်သုံးနှစ်အတွင်းတွင် လက်တွေ့စမ်းသပ်မှုအနည်းငယ်သာ ဆောင်ရွက်နိုင်ခဲ့၍ စုချန်း၏ သုတေသနက သိပ်တိုးတက်လာသည်ဟုတော့ မဆိုသာချေ။
အချိန်သုံးနှစ်မှာ မြန်မြန်ဆန်ဆန်ပင် ကုန်ဆုံးသွား၏။
စုချန်း ကြည်လင်မြစ်မြို့တော်သို့ ရောက်လာသည်မှာ ဆယ်နှစ်တင်းတင်းပင် ပြည့်သွားခဲ့လေပြီ။
နောက်ထပ် တလအကြာတွင်တော့ စုချန်း၏ တာဝန်မှာ ပြီးဆုံးခြင်းသို့ ရောက်သွား၏။ သူ့အနေနှင့် ကြည်လင်မြစ်မြို့တော်မှ ထွက်ခွာရန် အချိန် ကျရောက်လာခဲ့လေပြီ။
ဤယနေ့တွင် စုချန်းသည် ခြံဝင်းထဲတွင် အနားယူနေ၏။ သူသည် ရှေ့နောက်လွှဲယမ်းနေသော ကုလားထိုင်ပေါ်တွင် ထိုင်ပြီ မျက်လုံးအစုံကို မှိတ်ကာ မျက်နှာသို့ လေတိုးနေသော အရသာကို ခံစားလျက်ရှိသည်။
ထိုအချိန်မှာပင် စုချန်း၏ နှလုံးသားသည် ဆတ်ခနဲ တုန်လှုပ်သွား၏။ ထို့နောက် သူက ပြောလိုက်သည်။
"ထွက်လာစမ်း"
မည်သည့်လှုပ်ရှားမှုမှ ပေါ်ပေါက်လာခြင်းမရှိ။
စုချန်း သက်ပြင်းချလိုက်သည်။ ထို့နောက် ထိုင်ရာမှ ထပြီ တောင်တုငယ်အနီးသို့ သွားကာ တစုံတရာကို လက်နှင့် ဖမ်းဆွဲလိုက်၏။
"ဟေ့ ဟေ့ ရှင် ကျွန်မနားရွက်ကို နာအောင်မဆွဲနဲ့လေ"
လက်စသတ်တော့ ညတစ္ဆေပေတကား။
စုချန်းက ညတစ္ဆေကို လွှတ်ပေးရင်း ပြောလိုက်၏။
"ခင်ဗျားကို ထွက်လာပါလို့ ကျုပ် ပြောသားပဲ ဘာလို့ မထွက်လာတာတုန်း"
"အိုး ဒါကတော့ ရှင် ကျွန်မကို စတာထင်နေတာကိုး"
စကားဆုံးသည်နှင့် ညတစ္ဆေက အနီးရှိ ခုံတလုံးတွင် ဝင်ထိုင်ကာ ပန်ကန်ပြားအတွင်းရှိ အနီရောင်မြွေနဂါးသီး တလုံးကို ပလုပ်ပလောင်းနှင့် ကောက်ဝါးလိုက်၏။
စုချန်းက သူမကို ဂရုမစိုက်တော့ပဲ ရှေးနည်းအတိုင်း ဇိမ်ခံနေပြန်သည်။
ညတစ္ဆေကား နောက်ထပ် အနီရောင်မြွေနဂါးသီးနှစ်လုံးကို တလက်စတည်း ကောက်ဝါးလိုက်ပြန်၏။ ထို့နောက် စားရသည်ကို အားမရသေးဟန်ဖြင့် သူမက ပြောလိုက်သည်။
"အိုး စားလို့ကောင်းလိုက်တာရှင် နည်းနည်း ထပ်ကျွေးစမ်းပါအုံး"
"အနီရောင်မြွေနဂါးသီးဆိုတာ သတ်ဖြတ်သူတွေရဲ့ နယ်မြေမှာပဲ ပေါက်ရောက်ပြီး အလွန်ရှားတယ်ဗျ ခင်ဗျား ခု မြင်နေရတဲ့အသီးတွေက ဝမ်တောက်ရှန်း ကျုပ်အတွက် ပေးလိုက်တဲ့ လက်ဆောင်ပဲ တိမ်တိုက်ကျားသစ်နဲ့ တခြားလူတွေကို ပေးပြီး ကျုပ်အတွက် ခြောက်လုံးပဲ ချန်ထားတာ ကျုပ် သုံးလုံး စားလိုက်ပြီ ခင်ဗျား ခု စားလိုက်တာ နောက်ဆုံးကျန်တဲ့ သုံးလုံးပဲ"
ထိုစကားကို ကြားသည်နှင့် ညတစ္ဆေ အားရဝမ်းသာ ရယ်မောလိုက်၏။
"ဒါဆို ကျွန်မ ရောက်လာတာ ချိန်သားကိုက်ပဲနဲ့ တူတယ် ကျွန်မသာ အချိန်မီ ရောက်မလာရင် ဒီအသီးတွေ ကုန်သွားလောက်ရောပေါ့"
စုချန်းက ခံစားချက်မရှိသည့် အမူအရာနှင့် ပြောလိုက်သည်။
"ကျုပ် ခင်ဗျားအတွက် သက်သက် ချန်ထားတာပါလေ ခင်ဗျား ကိုယ်ထင်ပြဖို့ အချိန်ကျလာပြီမလား"
"အိုး ဒါဆို ရှင်က ကျွန်မရောက်လာမှာ ကြိုသိနေတဲ့ သဘောပေါ့ ဟုတ်လား ဒါဆို ကျွန်မ ဘာကြောင့် လာရသလဲ အကြောင်းရင်းကိုကော ရှင် သိသလား"
"ခင်ဗျား ဘာကြောင့် လာသလဲတော့ ကျုပ် မသ်ိဘူး ဒါပေမဲ့ ဒီမြို့မှာ ကျုပ်တာဝန် ပြီးသွားပြီဆိုတော့ ကျုပ်ရဲ့ အနာဂတ်စီမံကိန်းနဲ့ ပတ်သက်ပြီး တယောက်ယောက်တော့ ကျုပ်နဲ့လာဆွေးနွေးရမှာပေါ့ မဟုတ်ရင် ကျုပ်တို့ရဲ့ ပူးပေါင်းဆောင်ရွက်မှုက အဆုံးသတ်သွားပြီလို့ အဓိပ္ပာယ်ရောက်သွားမယ်လေ"
"ရှင်က ညဏ်ကောင်းပါတယ်လေ ဒီမြို့မှာ အလုပ်တာဝန် ပြီးဆုံးသွားပြီဆိုတော့ ရှင့်အနေနဲ့ ဘယ်ကို သွားဖို့ စဥ်းစားထားသလဲ ဒါမှမဟုတ် တခုခု လုပ်ဖို့ စဥ်းစားထားတာများ ရှိသလားလို့ ကျွန်မတို့ အကြီးအကဲက သိချင်နေတယ်ရှင့်"
"ခင်ဗျား တကယ် မျှော်လင့်နေတာ ကျုပ် ဘာမှ စဥ်းစားထားတာမျိုး မရှိဘူးဆိုတဲ့ အဖြေကိုမလား"
ညတစ္ဆေ ခေါင်းမော့ရင်း အားရပါးရ ရယ်မောလိုက်၏။
"ရှင်သန်ခြင်းကျောင်းတော်မှာ အလုပ်တခု ရှိတယ် ရှင် လုပ်မှာလား မလုပ်ဘူးလား"
"ဘာအလုပ်မျိုးလဲ"
"ရှင် ကြည်လင်မြစ်မြို့တော်ကို ရောက်ခါစက ကျွန်မ ပြောခဲ့ဖူးတာ တခုရှိတယ် ရှင် မှတ်မိသေးလားမသိဘူး"
စုချန်း ခေတ္တ စဥ်းစားဟန် ပြုလိုက်၏။ ပြီးမှ သူက မှတ်မိလာဟန်ဖြင့် ပြောလိုက်သည်။
"ကျုပ်မှတ်မိပြီ ရှင်သန်ခြင်းကျောင်းတော်ဟာ ဝိညာဥ်တည်ငြိမ်ခြင်းဆေးဝါးတွေ အများအပြား လိုအပ်နေတယ်လို့ ခင်ဗျား ပြောခဲ့တာမလား"
"သိပ်ဟုတ်တာပေါ့"
ညတစ္ဆေက လက်ခုပ်တီးရင်း ထောက်ခံလိုက်၏။
"နောက်ထပ် ဆေးဝါးအသစ်တချို့ ဖန်တီးပေးနိုင်အုံးမလားလို့ ကျွန်မက ရှင့်ကို မေးနေတာ ဟုတ်ပြီလား"
"ဖန်တီးပေးလို့တော့ ရတယ်လေ ဒါပေမဲ့ ယန်သုံးပါးဆေး ရောင်းဝယ်ခဲ့ကတည်းက ကျုပ်နဲ့ ခင်ဗျားတို့အကြား ဘာအကြွေးမှ မရှိတော့ပဲဟာ ကျုပ်က ဘာအတွက် ဆေးဖော်ပေးနေအုံးမှာလဲ"
ညတစ္ဆေက ပြန်ပြောလိုက်၏။
"ရှင်ပြောတာ မှန်ပါတယ် ရှင်သန်ခြင်းကျောင်းတော်အပေါ်မှာ ရှင် အကြွေးမရှိတော့ပါဘူး ဒါကြောင့် ရှင်က ဆေးဖော်ပေး ကျွန်မတို့က ပြန်ဝယ်မယ် စျေးနှုန်းက ညှိုနှိုင်းလို့ရပါတယ် ခုနောက်ပိုင်း ကျွန်မတို့အဖွဲ့အစည်းကလဲ အတော်လေး ချမ်းသာလာပြီရှင့်"
တကယ်တော့ ရှင်သန်ခြင်းကျောင်းတော် ချမ်းသာလာခြင်းမှာ စုချန်းကြောင့်ပင် ဖြစ်ကြောင်း ညတစ္ဆေ မေ့နေဟန်တူ၏။
စုချန်း ရယ်မောလိုက်ပြန်သည်။
"မင်းတို့ကို ကြည့်ရတာ အဲဒီဆေးတွေ အတော်ကို လိုအပ်နေဟန်ပေါ်တယ်"
"အခြေအနေက ရှင်ထင်တာထက် ရှုပ်ထွေးတယ်ရှင့် ကျွန်မတို့အဖွဲ့ ရင်ဆိုင်နေရတဲ့ ပြသနာတွေကလဲ သိပ်မသေးဘူး ဒီအတွက် ကျွန်မတို့မှာ ဝိညာဥ်ပြောင်းလဲခြင်းဆေးနဲ့ ဝိညာဥ်တည်ငြိမ်ခြင်းဆေးတို့ အရေးတကြီး လိုအပ်နေတယ် ဒီဆေးတွေ ဖော်စပ်ဖို့အတွက်ကလဲ အလောင်းကောင်ဝိညာဥ်ပန်း လိုတယ်လေ ဒါပေမဲ့ ရှင်သိတဲ့အတိုင်း ရာသီဥတုကလဲ အင်မတန် နေလို့ထိုင်လို့ကောင်းနေတယ် လူတွေ အစုလိုက်အပြုံလိုက်သေတာလဲ သိပ်မရှိဘူးဆိုတော့ ဒီပန်းတွေကို ကျွန်မတို့ အတော်ကို ခက်ခက်ခဲခဲ လိုက်ရှာနေရတယ် ရလာတဲ့ ပန်းလေး နည်းနည်းပါးပါးကလဲ အသုံးမကျတဲ့ အဂ္ဂိရတ်ပညာရှင်တွေကြောင့် ပျက်စီးကုန်တယ် ဒီမှာတင် အကြီးအကဲက စိတ်ပူလာပြီး ရှင့်ကို လာရှာခိုင်းတာပဲ ဒီလို ဆေးဝါးမျိုးတွေကို အချိန်တိုအတွင်း ပမာဏအများကြီး ဖန်တီးပေးနိုင်မဲ့လူဆိုလို့ ရှင်ပဲရှိတာကိုး"
စုချန်း မျက်မှောင်ကုတ်လိုက်၏။
"ဒီတော့ ခင်ဗျားတို့မှာရွေးချယ်စရာဆိုလို့ ကျုပ်မှတပါး အခြားမရှိတော့ဘူးပေါ့ သဘောကတော့ ကျုပ်အနေနဲ့ ဒီအတွက် ငွေကြေးများများစားစား တောင်ခံလို့ရသွားပြီပေါ့"
ညတစ္ဆေသည် သူမ၏ ပါးစပ်ကို လက်ဝါးနှင့် ဖြတ်ခနဲ အုပ်လိုက်၏။
"ဒီတခါလဲ ကျွန်မ လိုအပ်တာထက် ပိုပြောမိသွားပြန်ပြီနဲ့ တူတယ်"
စုချန်းက နှစ်သိမ့်လိုက်၏။
"စိတ်မပူပါနဲ့လေ ဒါကို ကျုပ် လက်ခံတယ်ဆိုတာ ခင်ဗျားနဲ့ ကျုပ်အကြားက ပတ်သက်မှုကြောင့်ပဲ တခြားလူသာဆိုရင် ကျုပ် သေချာပေါက် ငြင်းမှာပဲဗျ ဒီတော့ သင့်တော်မဲ့စျေးနှုန်းကို စဥ်းစားလို့ရအောင် ခင်ဗျားတို့ ဘာလုပ်ဖို့ စီစဥ်နေသလဲဆိုတာ ခုထက်ပိုပြီး နည်းနည်း အသေးစိတ် ကျုပ်ကို ပြောပြစမ်း"