ထာဝရ ကက်ပီးယပ်စ်
Vol. 51 Ch. 504
"သိပ်အများကြီးတော့ ပြောစရာမရှိပါဘူးရှင် ဒီလိုရှင့် ကျွန်မတို့ အဖွဲ့အစည်းဟာ လွန်ခဲ့တဲ့ နှစ်တွေက အလွန်ရှေးကျတဲ့ နေရာတချို့ကို ရှာဖွေတွေ့ရှိခဲ့တယ်"
ညကစ္ဆေက လက်ပိုက်ရင်း ပြောလိုက်၏။
"ကျုပ် ထင်ပါတယ်လေ"
စုချန်းက ပုံမှန်လေသံနှင့် ပြောလိုက်သည်။
နောက်ပိုင်းနှစ်များအတွင်း ရှင်သန်ခြင်းကျောင်းတော်သည် အကြမ်းဖက်လုပ်ရပ်များ လုပ်ဆောင်ခြင်းမရှိသည့် ကျန်အချိန်များတွင် ရတနာများကိုသာ လိုက်လံရှာဖွေနေခဲ့ကြ၏။ သို့သော် ထိုလုပ်ရပ်နှစ်မျိုးမှာလည်း တမျိုးနှင့် တမျိုး ဆက်စပ်မှုရှိသည်ဟု ဆိုနိုင်ပေသည်။
ဥပမာအနေနှင့် ရှင်သန်ခြင်းကျောင်းတော်က ယွဲ့ဝူချိအား လုပ်ကြံသတ်ဖြတ်ပြီး ဝိညာဥ်မြုပ်နှံခြင်းတံခါးပေါက်အား ဖွင့်လှစ်ခဲ့ခြင်းမှာ အလောင်းကောင်ဝိညာဥ်ပန်းများကြောင့်သာ ဖြစ်သည်။ ၎င်းတို့အနေနှင့် ထိုပန်းများကို ဆေးဝါး အမြောက်အများ ထုတ်လုပ်ရာတွင် အသုံးချနိုင်၏။ သို့မဟုတ်ပါက ၎င်းတို့ကို ရောင်းချပြီး ငွေရှာနိုင်၏။ လူအမြောက်အများကို သတ်ပစ်ရာတွင်လည်း အသုံးပြုနိုင်ပေသည်။
၎င်းမှာ ယခုမှ ပေါ်ပေါက်လာသည့် သဘောတရားအသစ်မဟုတ်။ အရာရာတိုင်း၏ နောက်ကွယ်တွင် မူလကတည်းက တည်ရှိနေသည့် အခြေခံသဘောတရားသာ ဖြစ်သည်။
ရှင်သန်ခြင်းကျောင်းတော်သည်လည်း ထိုသဘောတရားနှင့် ကင်းလွတ်နေခြင်း မရှိ။
ထို့ကြောင့် ညတစ္ဆေက နောက်ထပ် လျှို့ဝှက်နေရာတချို့ကို ရှာတွေ့သည်ဟု ပြောသောအခါ စုချန်းက မအံ့သြခြင်းပင်။ ညတစ္ဆေအနေနှင့် တခြားအကြောင်းအရာတခုကို ပြောဆိုမှသာ စုချန်းက အံ့သြမိကောင်း အံ့သြမိပေလိမ့်မည်။
စုချန်းက မေးလိုက်၏။
"အဲဒီနေရာကို ဝင်ဖို့ ဝိညာဥ်ပြောင်းလဲခြင်းဆေးကို ဘာကြောင့် ခင်ဗျားတို့ လိုတာလဲ"
"ဘာကြောင့်လဲဆိုတော့ အဲဒီ လျှို့ဝှက်နေရာမှာ ပညာရှင်တယောက် ရှိနေလို့ပေါ့ရှင်"
ညတစ္ဆေ၏ စကားကြောင့် စုချန်း အလွန်အမင်း အံ့သြသွား၏။
သိပ်မကြာမီ ညတစ္ဆေ၏ ရှင်းပြမှုကြောင့် သူမ၏ စကားမှာ ဘာကိုဆိုလိုကြောင်း စုချန်း နားလည်သဘောပေါက်သွားလေသည်။
ရှင်သန်ခြင်းကျောင်းတော်မှ ရှာတွေ့ခဲ့သည့် လျှို့ဝှက်နေရာဟူသည်မှာ ဝိညာဥ်မြုပ်နှံခြင်းတံခါးပေါက်ကဲ့သို့ နှစ်သန်းနှင့်ချီကြာအောင် လူမသ်ိ သူမသိ တည်ရှိနေခဲ့သော နေရာမျိုး မဟုတ်။ ၎င်းသည် လွန်ခဲ့သော နှစ်ထောင်ချီအကြာ အလင်းနတ်ဘုရားမင်းဆက်ခေတ်က တည်ရှိခဲ့သော ရဲတိုက်သာ ဖြစ်သည်။ နှစ်ထောင်ပေါင်းများစွာကြာအောင် မပျက်မစီးပဲ တည်ရှိနေနိုင်ခဲ့သောကြောင့် ထိုရဲတိုက်သည်ပင် ရှေးဟောင်းရတနာတမျိုး ဖြစ်လာသော သဘောပင်။
လွန်ခဲ့သော နှစ်များစွာက အနှီရဲတိုက်သည် မျိုးဆက် တဆက်ပြီးတဆက် လက်ပြောင်းလက်လွှဲလုပ်ခြင်းကို ခံခဲ့ရ၏။ လက်ရှိတွင် ထိုရဲတိုက်ကို ပိုင်ဆိုင်ထားသူမှာကား ပေါလ် ဟု အမည်ရသော သဲမျိုးစိတ် ခေါင်းဆောင်တဦးပင် ဖြစ်သည်။
သဲမျိုးစိတ် ဟူသည်ကား တောင်ရိုးကမ်းပါးနှင့် လမင်းစန္ဒာမျိုးစိတ်များကဲ့သို့ပင် အရေအတွက်အနည်းငယ်သာရှိသည့် မျိုးစိတ်များ ဖြစ်ပြီး ၎င်းတို့ကို လူသားမျိုးစိတ်အထဲမှာပင် ထည့်သွင်းသတ်မှတ်လေ့ရှိသည်။
သို့သော် သဲမျိုးစိတ်များသည် လူသားများနှင့် လုံးဝဥသုံ ထပ်တူညီနေသည်တော့ မဟုတ်ပေ။
ငြိမ်းချမ်းရေးအတွက်သော်လည်းကောင်း၊ ချွေးသိပ်သည့်အနေနှင့်လည်းကောင်း လူသားများသည် အရေအတွက်နည်းပါးသည့် မျိုးစိတ်ငယ်များအတွက် ပိုင်နက်နယ်မြေတချို့ကို ခွဲဝေပေးထားခဲ့၏။ ထိုမျိုးစိတ်ငယ်များထဲတွင် သဲမျိုးနွယ်စုများက ကံကောင်းသည်ဟု ဆိုနိုင်၏။ အကြောင်းမှာ ၎င်းတို့သည် တောင်ရိုးကမ်းပါးမျိုးစိတ်များကဲ့သို့ ပိုင်နက်နယ်မြေမရှိသည့် ရေမျောကမ်းတင်များ မဟုတ်ပဲ ချောက်နက်ကျွန်းတွင် အထီးကျန်ငန်းခံတပ်ဟူသော ပိုင်နက်နယ်မြေတခုကို ပိုင်ဆိုင်ထားကြလေသည်။
ပေါလ်ကား ထိုခံတပ်ကို အုပ်ချုပ်သူ ဖြစ်သည်။
တနည်းအားဖြင့် သူသည် သဲမျိုးစိတ်တခုလုံး၏ အုပ်ချုပ်သူလဲ ဖြစ်နေ၏။
ရှင်သန်ခြင်းကျောင်းတော်၏ စုံစမ်းစစ်ဆေးမှုအရ တချိန်က ထိုရဲတိုက်၏ အရှင်သခင်မှာ ဝိညာဥ်မျိုးစိတ်ဝင် တဦး ဖြစ်ခဲ့ပြီး ၎င်းသည် ရဲတိုက်ထဲတွင် အမွေအနှစ်များစွာ ထားရစ်ခဲ့သည် ဟူ၏။ ထိုအမွေအနှစ်များမှာလည်း ထုတ်ယူသုံးစွဲခြင်းမရှိသေးပဲ လက်ရှိအချိန်တွင် ရဲတိုက်ထဲတွင် ရှိနေသေးကြောင်း သိရှိရလေသည်။
"အဲဒီထဲမှာ အမွေအနှစ်တွေ ရတနာတွေ ကျန်နေသေးကြောင်း ခင်ဗျားတို့ ဘယ်လိုလုပ် သိသွားတာလဲ"
စုချန်းက မေးခွန်းထုတ်လိုက်၏။
"ကျွန်မတို့ ဒီသတင်းကို ဝိညာဥ်မျိုးစိတ်ဝင်ဆီကနေ ရခဲ့တာပဲ"
ညတစ္ဆေက ပြန်ဖြေလိုက်သည်။
ရှင်သန်ခြင်းကျောင်းတော်သည် လွန်ခဲ့သည့်နှစ်တချို့က ဝိညာဥ်မျိုးစိတ်ဝင်တချို့နှင့် တိုက်ပွဲဖြစ်ပွားခဲ့၏။ ထိုတိုက်ပွဲတွင် ရှင်သန်ခြင်းကျောင်းတော်ဘက်မှလည်း အဖွဲ့ဝင်တချို့ ဆုံးရှုံးခဲ့ရလေသည်။ နောက်ဆုံးတွင် အဆိုပါ ဝိညာဥ်မျိုးစိတ်ဝင်များသည် ထို အနောက်လ်ိုင်နာရဲတိုက်အား ပစ်မှတ်ထားနေကြောင်း သူတို့ သိလာရ၏။
ဆက်လက်၍ စုံစမ်းလိုက်သောအခါ အနောက်လိုင်နာရဲတိုက်ကို တချိန်က ဝိညာဥ်မျိုးစိတ်များ ပိုင်ဆိုင်ခဲ့ကြောင်း၊ အဆိုပါ ရဲတိုက်ထဲတွင် လက်ရှိအချိန်ထိ မထုတ်ယူရသေးသော ရတနာများ ကျန်သေးကြောင်း သူတို့ သိရှိလာတော့သည်။
အဆိုပါ ဝိညာဥ်မျိုးစိတ်များသည် တချိန်က သူတို့ ပိုင်ဆိုင်ခဲ့ဖူးသည့် ရတနာများအား ပြန်လည်ရယူနိုင်ရန် ကြိုစားအားထုတ်နေသည့် သဘောပင်။
မရေမတွက်နိုင်သော ဝိညာဥ်မျိုးစိတ်များနှင့် ရင်ဆိုင်အပြီးတွင်တော့ အနှီ ရတနာများသည် အတော်ပင် တန်ဖိုကြီးမားလိမ့်မည် ဖြစ်ကြောင်း ရှင်သန်ခြင်းကျောင်းတော်အနေနှင့် သဘောပေါက်လာ၏။
"အဲဒီ ဝိညာဥ်မျိုးစိတ်ဝင်တွေကကော ရဲတိုက်ထဲမှာ ရတနာတွေ ကျန်ရစ်ခဲ့ကြောင်း ဘယ်လိုလုပ် သိသွားသလဲ"
စုချန်းက မကျေနပ်နိုင်သေးပဲ မေးခွန်းထုတ်လိုက်ပြန်၏။
"ဝိညာဥ်မျိုးစိတ်တွေဆိုတာ သီးခြားစီ နေထိုင်ကြတဲ့ ဓလေ့ရှိတယ် တယောက်နဲ့ တယောက် အဆက်အစပ် မရှိကြဘူး ဒါကြောင့် အဲဒီရဲတိုက်ထဲမှာ ရတနာတွေ ကျန်ရစ်ခဲ့ကြောင်း အရင်ပိုင်ရှင်က ဝိညာဥ်မျိုးစိတ်ဝင်တဦး ဖြစ်နေသည့်တိုင် သူတို့အနေနဲ့ သိဖိုအလွန်ခဲ့တယ် သူတို့ဟာ သတင်းအချက်အလက်တွေကို လက်ဆင့်ကမ်းတတ်တဲ့ မျိုးစိတ်တွေမှ မဟုတ်တာပဲ"
"ဒါကတော့ အဲဒီရဲတိုက်ရဲ့ ပိုင်ရှင်ဖြစ်ခဲ့ဖူးတဲ့ ဝိညာဥ်မျိုးစိတ်ဝင်ဟာ ကက်ပီးယပ်စ် ဖြစ်နေလို့ပေါ့ရှင်"
"ဘာ ဘာ ခင်ဗျား ဘာပြောလိုက်တယ်"
ထိုစကားကြောင့် စုချန်း ထိုင်နေရာမှာ ဖြုန်းခနဲ ထရပ်လိုက်၏။
"ကက်ပီးယပ်စ် ဟုတ်လား ထာဝရကက်ပီးယပ်စ် လား"
"ဝိညာဥ်မျိုးစိတ်တွေထဲမှာ ဒီလိုနာမည်မျိုး တခြားဘယ်သူ ရှိနေလို့လဲရှင်"
ညတစ္ဆေက ဘာမှမထူးခြားသည့် ဟန်ပန်နှင့် ပြောလိုက်၏။
"သူပဲ သိပ်သေချာတာပေါ့"
စုချန်း၏ စိတ်ဝင်စားမှုကား အထွတ်အထိပ်သို့ ရောက်သွားလေပြီ။ သူ့နှလုံးသားမှာကား တဒိန်းဒိန်းနှင့် ခုန်နေ၏။
ကက်ပီးယပ်စ်ဟူသည်မှာ မည်သူနည်း။
ကက်ပီးယပ်စ်ဟူသည် သာမာန်ဝိညာဥ်မျိုးစိတ်ဝင် မဟုတ်။ ဝိညာဥ်မျိုးစိတ်ကြီးတခုလုံး၏ ဒုတိယခေါင်းဆောင်ပင် ဖြစ်လေသည်။
ဘယ်တော့မှ အိုမင်းမသွားသည့် ၎င်းတို့စွမ်းရည်ကြောင့် ဝိညာဥ်မျိုးစိတ်များတွင် နှစ်ပေါင်း ထောင်သောင်းချီကာလအတွင်း ခေါင်းဆောင်သုံးဦးသာ ပေါ်ထွန်းခဲ့လေသည်။
ထိုခေါင်းဆောင်သုံးဦးမှာ အမတ အာခီးလီးစ်၊ ထာဝရ ကက်ပီးယပ်စ် နှင့် ညဏ်ကြီးရှင် မီးနီးလပ်စ် တို့ပင် ဖြစ်သည်။
ကက်ပီးယပ်စ်သည် ထိုသုံးယောက်အနက် ဒုတိယခေါင်းဆောင်ဖြစ်ပြီး ဝိညာဥ်မျိုးစိတ်အတွက် မရေမတွက်နိုင်သော လုပ်ဆောင်ချက်များကို ဆောင်ရွက်ခဲ့သူ ဖြစ်သည်။ သူနှင့်ပတ်သက်သော ဇာတ်လမ်းပေါင်းများစွာမှာလည်း ပြောမဆုံးပေါင်တောသုံးထောင်ပင် ဖြစ်သည်။
ဝိညာဥ်မျိုးစိတ်များနှင့် ပတ်သက်၍ ၎င်း၏ အကြီးမားဆုံး ဆောင်ရွက်ချက်မှာကား ရောင်ခြည်ဖြာထွက်ခြင်း စီမံကိန်းပင်တည်း။
ကြယ်စုနှစ်သစ် ၈၃၀၀ခုနှစ်တွင် ဝိညာဥ်မျိုးစိတ်များ၏ မူလစွမ်းအင် သတ္တုတွင်း ပေါက်ကွဲပျက်စီးသွား၏။ ထိုဖြစ်ရပ်ကြောင့် မျိုးဆက်ပွာကျောင်းတော်မှာလည်း ပျက်စီးသွားပြီး မွေးဖွားခြင်းမိခင်များမှာလည်း ပြင်းပြင်းထန်ထန် ဒဏ်ရာရှိသွားလေသည်။ ထိုဖြစ်ရပ်ကြောင့် ဝိညာဥ်မျိုးစိတ်ဝင်များသည် မြေကြီးအောက် အနက်ရှိုင်းဆုံးနေရာများတွင်သာ သွားရောက်နေထိုင်ကြပြီး အနက်ရောင်ဝိညာဥ်မျိုးစိတ်များအဖြစ် ပြောင်းလဲသွားကြကုန်၏။ နောက်ပိုင်းတွင် အနက်ရောင်ဝိညာဥ်မျိုးစိတ်များမှပင် အုပ်စုနှစ်စု ကွဲထွက်သွားပြီး တစုမှာ အနက်ရောင်ဝိညာဥ်မျိုးစိတ်များအဖြစ်နှင့် မြေကြီးအောက်မှာပင် ဆက်လက်နေထိုင်ခဲ့ကြလေသည်။ ကျန်တစုမှာကား ကျန်ရစ်သော မွေးဖွားခြင်းမိခင်များကို အသုံးပြုကာ ဝိညာဥ်မျိုးစိတ်ဝင်များ မျိုးဆက်ပွားနိုင်အောင် ဆက်လက်ကြိုးပမ်းဆောင်ရွက်ကြလေသည်။ သို့သော် ၎င်းတို့၏ မျိုးဆက်ပွားခြင်းလုပ်ငန်းစဥ်ကား အပြည့်အဝ အလုပ်ဖြစ်သည်ဟု မဆိုနိုင်။ အလုပ်မဖြစ်သည့်အပြင် ထပ်မံမွေးဖွားလာသည့် ဝိညာဥ်မျိုးစိတ်များသည် ယခင် ဝိညာဥ်မျိုးစိတ်များထက် များစွာ အင်အားနည်းနေ၏။
အင်အားနည်းသလို ၎င်းအား အစားထ်ိုးဖြည့်ဆည်းပေးနိုင်မည့် နည်းလမ်း မရှိသောအခါ ဝိညာဥ်မျိုးစိတ်များသည် တဖြည်းဖြည်း လုံးလုံးပါးလာတော့သည်။
ကြယ်စုနှစ်သစ် ၉၆၀၀ခုနှစ်တွင်တော့ ထိပ်တန်းဝိညာဥ်မျိုးစိတ်ဝင်တဦးဖြစ်သူ ကေ့စ်သည် ၎င်း၏ နာမည်ကို ကက်ပီးယပ်စ်ဟု ပြောင်းလဲလိုက်ပြီး သိပ်မကြာမီ ၎င်းသည် ဝိညာဥ်မျိုးစိတ်အကြီးအကဲများ အုပ်စုဝင်တယောက် ဖြစ်လာ၏။
ထိုနှစ်မှာပင် ကက်ပီးယပ်စ်သည် ရောင်ခြည်ဖြာထွက်ခြင်းနှင့် ပတ်သက်သည့် အဆိုတခုကို တင်သွားခဲ့၏။ သူ မျှော်လင့်ထားသည်မှာကား မူလစွမ်းအင်၏ ရောင်ခြည်ဖြာထွက်ခြင်းဆိုင်ရာ ဥပဒေသများကို စိတ်ဝိညာဥ်ပြောင်းလဲခြင်းကိရိယာများအပေါ် အသုံးချကာ တခြားမျိုးစိတ်များအား ဝိညာဥ်မျိုးစိတ်များအဖြစ် ပြောင်းလဲပစ်ရန်ပင် ဖြစ်သည်။
သာမာန်အချိန်တွင် ထိုအဆိုမှာ မုချ အငြင်းပယ်ခံရမည် ဖြစ်သော်လည်း မျိုးဆက်ပွားကျောင်းတော် ပျက်စီးသွားပြီး တဖြည်းဖြည်း လုံးလုံးပါးလာသော အခြေအနေကြောင့် ၎င်းကို ကျန်အကြီးအကဲများက လက်ခံလိုက်ကြ၏။
သို့တိုင်အောင် ကက်ပီးယပ်စ်၏ အဆိုကို ဝိညာဥ်မျိုးစိတ်ဝင်တိုင်းက သဘောတူသည်တော့မဟုတ်။ အတော်များများက ဆန့်ကျင်ကန့်ကွက်ခဲ့ကြသေး၏။
မည်သို့ဆိုစေ နောက်ဆုံးတွင်တော့ ကက်ပီးယပ်စ်၏ စီမံကိန်းသည် အရှိန်ပြင်းပြင်းနှင့် ကြီးထွားလာတော့သည်။ ဤသို့နှင့် ဝိညာဥ်မျိုးစိတ်များသည် ကျန်မျိုးစိတ်များကို ဖမ်းဆီးကာ စမ်းသပ်မှုများ ဆောင်ရွက်လာကြ၏။ ထိုကာလမှာကား ခေတ်ဆိုးခေတ်ပျက်ကြီးကို ခေါ်ဆိုနိုင်ပြီး သမိုင်းတွင် ကြေကွဲဖွယ်ရာသမိုင်းအဖြစ်လည်း မှတ်တမ်းတင်ခံခဲ့ရလေသည်။
ကြယ်စုနှစ်သစ်၁၃၀၀၀ခုနှစ်တွင်တော့ ဆိုင်းလင့်ဟု အမည်ရသည့် ငယ်ရွယ်သော ဝိညာဥ်မျိုးစိတ်ဝင်တဦးသည် အလွန်အရေးကြီးသော ရှာဖွေတွေ့ရှိချက်တခုကို မတော်တဆ တွေ့သွား၏။ ၎င်းမှာ စမ်းသပ်မှုရှုံးနိမ့်ကာ မပြောင်းလဲပဲ ကျန်နေသည့် အခြားမျိုးစိတ်ဝင်တဦးသည် အသက်ရှင်လျက်ရှိနေပြီး ၎င်းကို သူက စိတ်စွမ်းအင်ဖြင့် အလွယ်တကူ ထိန်းချုပ်၍ ရနေခြင်းပင်။ နောက်ပိုင်းတွင် ၎င်းအစမ်းသပ်ခံသည် ဆိုင်းလင့်၏ ကျေးကျွန် ဖြစ်လာ၏။ ပို၍ အရေးကြီးသည်မှာကား ထိုကျေးကျွန်သည် ဘယ်တော့မှ မပြောင်းလဲတော့ပဲ ဆိုင်းလင့်၏ ကျေးကျွန်အဖြစ် ထာဝရ တာဝန်ထမ်းဆောင်သွားခြင်းပင်။
ထိုအခါ စိတ်ဝိညာဥ်ပြောင်းလဲခြင်းကိရိယာကို အသုံးပြု၍ တခြားမျိုးစိတ်များအား အလွယ်တကူ ထိန်းချုပ်၍ ရကြောင်း ဆိုင်းလင့် သဘောပါက်သွား၏။
ထိုတွေ့ရှိမှုကြီးသည် ဝိညာဥ်မျိုးစိတ်တခုလုံးအား လမ်းဆုံလမ်းခွဆီသို့ ပို့ဆောင်ပေးလိုက်၏။ ကက်ပီးယပ်စ်၏ ရောင်ခြည်ဖြာထွက်ခြင်းစီမံကိန်းသည်လည်း စိတ်ဝိညာဥ်ကျေးကျွန် အများအပြား ထုတ်လုပ်ရာ စီမံကိန်းအဖြစ် တဖြည်းဖြည်း ပြောင်းလဲသွားတော့သည်။
ထိုနေ့ ထိုအချိန်မှစ၍ ဝိညာဥ်မျိုးစိတ်များ၏ ဝိညာဥ်ကျေးကျွန်များ အပြိုင်းအရိုင်း ပေါ်ပေါက်လာလေရာ မူလကမ္ဘာကြီးတခုလုံးကို တုန်လှုပ်ခြောက်ခြားသွားစေ၏။ ထိုအချက်သည်ပင် ဝိညာဥ်မျိုးစိတ်များအား တခြားမျိုးစိတ်များက မုန်းတီးနေရခြင်း၏ အကြောင်းရင်းတရပ် ဖြစ်လာတော့သည်။
ယခုတော့ အနောက်လိုင်နာရဲတိုက်၏ မူလပိုင်ရှင်သည် ကက်ပီးယပ်စ်ဖြစ်ကြောင်း၊ ရဲတိုက်ထဲတွက် ကက်ပီးယပ်စ်၏ အမွေအနှစ်များ ကျန်နေသေးကြောင်း ရှင်သန်ခြင်းကျောင်းတော်က ရှာဖွေတွေ့ရှိသွားခဲ့လေပြီ။
သို့သော် ရဲတိုက်ကို လိုချင်ရင် လက်ရှိရဲတိုက်၏ အရှင်သခင်ဖြစ်သူ ပေါလ်ကို လစ်လျူရှုထား၍ မရပေ။
"ဒီတော့ ခင်ဗျားတို့ရဲ့ အစီအစဥ်က သဲမျိုးနွယ်စုခေါင်းဆောင် ပေါလ် ပိုင်ဆိုင်တဲ့ ရဲတိုက်ထဲက ကက်ပီးယပ်စ် ကျန်ခဲ့တဲ့ ရတနာတွေကို ရှာဖို့ပဲပေါ့ ဟုတ်လား"
"ဟုတ်တယ်"
ညတစ္ဆေက ပြန်ဖြေလိုက်၏။
"ဒါဆိုရင်လဲ ခင်ဗျားတို့ မှားနေတာတခုကို ကျုပ် ပြန်ပြင်ပေးမယ် ခု ခင်ဗျားတို့ဟာက လျှို့ဝှက်ရတနာတွေကို တူးဖော်တာဆိုရင် ဒီလို ခေါ်တာ မှားနေတယ်ဗျ"
"ရှင်က ဘယ်လိုခေါ်ချင်လို့လဲ"
"ဓားပြတိုက်တာ လို့ ခေါ်ချင်တယ်"