ကြည်လင်မြစ်မြို့တော်မှ ထွက်ခွာပြီ
Vol. 51 Ch. 505
နွေဦးဟူသည်ကား ကြည်လင်မြစ်မြိို့တော်တွင် အလုပ်အရှုပ်ဆုံး ရာသီ ဖြစ်သည်။
ဤရာသီရောက်ပြီဆိုလျင် အေးခဲနေသော ရေခဲများ အရည်ပျော်သွားပြီး မြစ်လမ်းကြောင်း ပြန်ပွင့်သွားပြီ ဖြစ်လေရာ အရောင်းအဝယ်နှင့် ကုန်သွယ်မှုများ ဝက်ဝက်ကွဲအောင် လုပ်ဆောင်ကြသော ကာလ ဖြစ်သည်။
တော်ဝင်မျိုးနွယ်စု မဟာမိတ်အဖွဲ့များလည်း ပြိုကွဲသွားပြီ ဖြစ်သဖြင့် လင်းယွမ်စိမ့်တောရှိ ပင်လယ်ဓားပြများ၏ လှုပ်ရှားမှုမှာလည်း ရပ်ဆိုင်းသွားပြီ ဖြစ်သည်။
ပင်လယ်ဓားပြအဖွဲ့များအနက် တတိယမြစ်တပ်ဖွဲ့တော့ ကျန်နေသေး၏။ သို့သော် ၎င်းတို့သည် ယခင်ကကဲ့သို့ ကုန်စည်လှေများအား လုယူခြင်း မရှိတော့။ ထိုအစား သူတို့က အစောင့်အရှောက်ခသာ ကောက်ယူကြလေသည်။ အလွန်နည်းပါးလှသော အစောင့်အရှောက်ခကြောင့် လှေတိုင်းလိုလိုသည် တတိယမြစ်တပ်ဖွဲ့၏ စောင့်ရှောက်မှုကို ခံယူလိုလာကြ၏။
ကြည်လင်မြစ်မြို့တော်ရှိ တခြားစီးပွားရေးလုပ်ငန်းများမှာလည်း ထို့အတူပင်။ ကြည်လင်ခြင်းအဖွဲ့နှင့် တစ္ဆေကျားအဖွဲ့သည် မြို့တော်၏ မြေအောက်လောကကို အလုံးစုံ ချုပ်ကိုင်လိုက်ပြီး အုပ်ချုပ်ရေးပုံစံအသစ်တခုကို တည်ထောင်လိုက်ကြ၏။
ဤအချက်ကြောင့် ကြည်လင်မြစ်မြို့တော်၏ စီးပွားရေးလုပ်ငန်းများသည် အထူးပင် ဖွံ့ဖြိုးတိုးတက်လာ၏။ နှစ်အနည်းငယ်အတွင်း လုပ်ငန်းများအားလုံး နှစ်ဆနီးပါး ဖြစ်လာလေသည်။
တကယ်တော့ ၎င်းမှာ ယန်သုံးပါးဆေးကြောင့် မြို့တော်အတွင်း စီးပွားလာရှာသူ အထူးတလည်များပြားလာခြင်းနှင့်လည်း သက်ဆိုင်နေသလို မြို့တော်၏ အခြေအနေ တည်ငြိမ်လာခြင်းကြောင့် စီးပွားရေး ရွှေ့ပြောင်းလုပ်ကိုင်လာသူ များပြားခြင်းနှင့်လည်း သက်ဆိုင်ပေသည်။
မည်သို့ဆိုစေ မဟာမိတ်အဖွဲ့ ပြိုကွဲသွားပြီး နောက်ပိုင်းလေးနှစ်ကာလသည် ကြည်လင်မြစ်မြို့တော်၏ အကောင်းဆုံး နှစ်ကာလများဟု သတ်မှတ်နိုင်ပေသည်။ မြို့တော်တဝှမ်းတွင် ရောင်းဝယ်ဖောက်ကားသူ များပြားလာပြီး ရွှေ့ပြောင်းလုပ်သားများလည်း အထူးပင် တိုးပွားလာ၏။
သို့သော် ဤယနေ့တွင်တော့ ကြည်လင်မြစ်မြို့တော်တဝှမ်းလုံးသည် အထူးပင် တိတ်ဆိတ်ငြိမ်သက်လျက်ရှိ၏။
မြင်းတကောင်ကထားသော ရထားလုံးတစင်းသည် မြို့တော်၏ ရှည်လျားသော လမ်းမအတိုင်း တအိအိ မောင်းနှင်လျက်ရှိသည်။
ရထားလုံးပေါ်တွင် စုချန်းတယောက် အခန့်သား ထိုင်လျက်ရှိသည်။ လမ်း၏ တဖက်တချက်တွင် ရပ်တန့်ကာ သူ့အား စောင့်မျှော်နေသော လူများအား စုချန်း တွေ့နေရ၏။
ဤယနေ့သည်ကား စုချန်း တရားဝင်အစိုးရအရာရှိအဖြစ် တာဝန်ထမ်းဆောင်ခဲ့သည့် နောက်ဆုံးနေ့ပင် ဖြစ်သည်။
မူလဗျူရိုမှ မထွက်ခွာမီ သူ့တံဆိပ်အား လွှဲအပ်ပေးနိုင်ရန် မနက်စောစောတည်းက စုချန်း နိုးနေခဲ့၏။ ယခုတော့ သူသည် ရထားလုံးပေါ်တွင် ထိုင်လျက်သား ရှိနေခဲ့လေပြီ။ ရထားလုံးမောင်းသူမှာလည်း သံမဏိ ဖြစ်နေ၏။
ထိုသတင်းကို ကြားသိသော မြို့သူမြို့သားတိုင်းလိုလိုသည် စုချန်းအား တွေ့ဆုံရန် တယောက်ပြီးတယောက် ပေါက်ချလာ၏။
မည်သူတဦးတယောက်မှ ငိုကြွေးနေခြင်းမရှိ။ သူတို့အားလုံး စုချန်း၏ ထွက်ခွာခန်းကို တိတ်တဆိတ်ပင် ငေးကြည့်လျက်ရှိသည်။ သူတို့၏ မျက်လုံးထဲတွင်တော့ စုချန်း ထွက်ခွာသွားမည်ကို မလိုလားသော အရိပ်အယောင်များ ယှက်သန်းနေ၏။
ရထားလုံးသည် တရွေ့ရွေ့နှင့် မြို့တော်၏ ဂိတ်တံခါးဝသို့ ရောက်ရှိလာ၏။
ထိုနေရာတွင် အန်းစီယွမ် အဆင်သင့် စောင့်ဆိုင်းလျက်ရှိသည်။ သူ့ဦးခေါင်းမှာ နေရောင်တွင် ပြောင်လက်တောက်ပနေ၏။ သူ့အပြုံးမှာ နွေးထွေးလှသည်။ မည်သို့ဆိုစေ အန်းစီယွမ်ကား အလွန်ကြည့်ကောင်းသော လူတယောက်မှန်း သံသယဖြစ်နေစရာမလို။
ဂိတ်တံခါးဝသို့အရောက်တွင် ရထားလုံး ရပ်တန့်သွားသည်။ ရထားလုံးပေါ်မှ စုချန်း ဆင်းလာ၏။ ထို့နောက် သူက အန်းစီယွမ်ကို ဦးညွှတ်ပြီး ပြောလိုက်သည်။
"မြို့တော်အရှင်သခင်ကိုယ်တိုင် ကျုပ်ကိုတွေ့ဖို့ ဒီကို ရောက်လာတယ်ပေါ့ စုချန်း နည်းနည်း ရင်ထိတ်သွားပြီ"
အန်းစီယွမ်က စုချန်း၏ ပုခုံးကို ခင်မင်ရင်းနှီးစွာ ပုတ်ရင်း အားရပါးရ ရယ်မောကာ ပြောလိုက်သည်။
"မူလဗျူရိုအကြီးအကဲစု မင်းဟာ အင်မတန်အလားအလာရှိတဲ့ လူငယ်လေးပဲ ဆယ်နှစ်ဆိုတဲ့ အချိန်တိုလေးအတွင်းမှာ မင်းဟာ ကြည်လင်မြစ်မြို့တော်တခွင်က ပေါင်းပင်တွေကို အမြစ်ကနေ လှန်ထုတ်ပြီး ရှင်းလင်းနိုင်ခဲ့တယ် မြို့တော်ကိုလဲ သာယာဝပြောလာအောင် ဆောင်ရွက်ပေးနိုင်ခဲ့တယ် တကယ်လို့ အကြီးအကဲစုသာ ဒီမြို့မှာ ဆက်နေမယ်ဆိုရင် မြို့သူမြို့သားတွေအဖို့ အင်မတန်မှကို ကံထူးတာပဲလို့ ဆိုရမယ် ခက်တာက မင်းဟာ အင်မတန်မှ ကြီးကျယ်ခမ်းနားတဲ့ အိပ်မက်တခုနောက်ကို လိုက်နေသူ ဖြစ်နေတယ် လူသားနယ်ပယ်ရဲ့ မဖြစ်စလောက် ကိစ္စလေးတွေက မင်းအတွက် ဝန်ထုပ်ဝန်ပိုးသဖွယ် ဖြစ်နေခဲ့တယ် ဒီအတွက် ကျုပ်တို့အနေနဲ့ မင်းကို တွန်းအားပေးနေလို့လဲ အလကားပဲလေ ဘာပဲဖြစ်ဖြစ် မင်းရဲ့ ဆန္ဒတွေ အမြန်ဆုံး ပြီးမြောက်အောင်မြင်ပါစေလို့ ကျုပ် လေးလေးနက်နက်ကြီး ဆုတောင်းပေးလိုက်ပါတယ်ကွာ မင်းရဲ့ ရည်မှန်းချက်တွေ အောင်မြင်သွားရင် ဒီမြို့ကို တခေါက်လောက် အလည်လာဖို့တော့ မင်း မမေ့နဲ့နော်"
စုချန်း ရယ်မောလိုက်၏။
"ရည်မှန်းချက်တွေ သေချာပေါက်အောင်မြင်မယ်လို့တော့ ကျုပ် မပြောရဲပါဘူး မြို့တော်အရှင်သခင် ဒါပေမဲ့ ကျုပ်အနေနဲ့ ဒီကို ပြန်လာမှာတော့ သေချာနေပါတယ်ခင်ဗျာ ဘာကြောင့်လဲဆိုတော့ ကျုပ်သာ ဒီမြို့က ထွက်သွားတာ ကျုပ်ရဲ့ မိသားစုတွေက ဒီမှာပဲကိုးဗျ ကျုပ်ရဲ့စုအိမ်တော် ကျုပ်ရဲ့ဆိုင်တွေ ကျုပ် သူငယ်ချင်းတွေ အားလုံး ဒီမှာပဲလေဗျာ မြို့တော်အရှင်သခင်ကို ကျုပ် တည့်တည့်ပဲ ပြောပါရစေ ဒီမှာရှိတဲ့ ကျုပ်ရဲ့ အရင်းအမြစ်တွေ မိတ်ဆွေတွေ အားလုံးဟာ ဆယ်နှစ်တိုင်တိုင် တိုက်ပွဲဝင်ပြီးမှ ရလာတဲ့ အရာတွေပဲ ဒါတွေကို ကျုပ် အလွယ်တကူ မစွန့်ပစ်န်ိုင်ပါဘူးဗျာ ဒါတွေ အထိအခိုက်မရှိရလေအောင် စောင့်ရှောက်ပေးဖို့လဲ မြို့တော်အရှင်သခင်ကို ကျုပ်က အကူအညီတောင်းချင်ပါတယ်"
အန်းစီယွမ် ရယ်မောလိုက်၏။
"စိတ်ချစမ်းပါ ညီလေးစု ကျုပ်ဟာ အလုပ်လုပ်တိုင်းမှာ အမြဲတစေ ဖြောင့်ဖြောင့်မတ်မတ် လုပ်တတ်ပြီး တာဝန်ယူမှု တာဝန်ခံမှု အပြည့်ရှိသူပါ ကျုပ်အနေနဲ့ မင်းရဲ့စီးပွားရေးလုပ်ငန်းတွေ ထာဝရ အောင်မြင်ပါမယ်လို့တော့ ကတိမပေးနိုင်ဘူး ဒါပေမဲ့ မင်းသူငယ်ချင်းတွေ ကျန်းကျန်းမာမာနဲ့ ရှိနေရမယ်လို့တော့ အာမခံနိုင်တယ် ကျုပ်ကတိပေးတယ်ကွ ကျုပ် အကောင်းဆုံး လုပ်ပါ့မယ် ဘာမှ ဆိုးဆိုးဝါးဝါး ဖြစ်မလာစေရဘူးကွ မင်းရဲ့ စီးပွာရေးလုပ်ငန်းတွေ မိတ်ဆွေတွေ အနာဂတ်မှာ ဘာဖြစ်လာမယ်ဆိုတာကတော့ မင်းအပေါ်မှာပဲ အဓိက မူတည်နေတယ်"
"ဒီလောက်ဆိုရင် ကျုပ်အတွက် လုံလောက်ပါပြီဗျာ"
"မင်းလဲ ကျုပ်ဆိုလိုရင်းကို သဘောပေါက်သားပဲကွ"
စကားဆုံးသည်နှင့် အန်းစီယွမ် အော်ဟစ်ရယ်မောလိုက်ပြန်၏။
သူတို့နှစ်ယောက် အတန်ကြာအောင် စကားပြောဆိုပြီးနောက် စုချန်းတို့၏ ရထားလုံးသည် ဂိတ်ပေါက်မှ ထွက်ခွာသွား၏။ အန်းစီယွမ်သည်လည်း လာရာလမ်းအတိုင်း ပြန်သွားလေသည်။
မြို့ပြင်တွင် ဝန်ဝေစင်း၊ကောက်လုံနှင့် ကျန်းစီချွေ့တို့ အသင့်စောင့်ဆိုင်းလျက်ရှိသည်။
စုချန်း၏ ရထားလုံး ရောက်လာသည်ကို မြင်သည်နှင့် ဝန်ဝေစင်းနှင့် ကောက်လုံက ပြိုင်တူဦးညွတ်ရင်း နှုတ်ခွန်းဆက်လိုက်ကြသည်။
"မူလဗျူရိုအကြီးအကဲစု"
"ကျုပ်ဟာ မူလဗျူရိုရဲ့ အကြီးအကဲ မဟုတ်တော့ဘူး သာမာန်လူတယောက် ဖြစ်သွားပြီ ခင်ဗျားတို့အနေနဲ့ ကျုပ်ကို သခင်လေးစုလို့ ခေါ်နိုင်တယ်"
စုချန်းက အေးဆေးတည်ငြိမ်သော လေသံနှင့် ပြန်ပြောလိုက်၏။
"ကျုပ် ဒီက ထွက်သွားပြီးတာနဲ့ မြို့တော်က အခြေအနေတွေဟာ မြန်မြန်ဆန်ဆန်ပဲ ပြောင်းလဲသွားလိမ့်မယ် ဒီပြောင်းလဲမှုက ကြည်လင်ခြင်းအဖွဲ့ တစ္ဆေကျားအဖွဲ့ကိုပါ သေချာပေါက် ရိုက်ခတ်လာလိမ့်မယ် အန်းစီယွမ်ဟာလဲ သေချာပေါက် အင်အားကြီးလာလိမ့်မယ် မင်းတို့ကို ကျုပ် အကြံတခုပေးခဲ့မယ် ဒီအကြံကို မင်းတို့ လိုက်နာဖို့ ကျုပ် မျှော်လင့်တယ်...အန်းစီယွမ်နဲ့ အတိုက်အခံ သွားမလုပ်ကြနဲ့ သူ့ကို အတိုက်အခံ သွားလုပ်ရင် ရထားလုံးကို ရပ်တန့်ဖို့ ကြိုးစားတဲ့ ခြင်တကောင်ဟာ ဘီးလုံးအောက်မှာ ပြားချပ်သွားရသလိုပဲ မင်းတို့အဖွဲ့နှစ်ဖွဲ့ တစစီ အမဲဖျက်ခံရလိမ့်မယ်"
ဝန်ဝေစင်းနှင့် ကောက်လုံတို့ တယောက်မျက်နှာကို တယောက် စိုက်ကြည့်ကာ ပြိုင်တူ ပြောလိုက်ကြ၏။
"မင်းသားလေးစုရဲ့ အကြံကို ကျုပ်တို့ လိုက်နာပါမယ်ဗျာ"
လိုက်နာမည်သာ ပြောလိုက်သည်။ ၎င်းတို့၏ ရင်ထဲတွင် အန်တုလိုစိတ်များ ဖြစ်နေကြောင်း လေသံကို နားထောင်ရုံမျှနှင့် စုချန်း သဘောပေါက်လိုက်၏။
သို့သော် သူ ဘာမှ ထပ်မပြောတော့။
လူဆိုသည်မှာ ကိုယ်ရွေးထားသည့်လမ်းကို ကိုယ်တိုင်သာ လျှောက်လှမ်းရမည် ဖြစ်သည်။ တပါးသူ ဝင်လျှောက်ပေး၍ မရ။ လူဆိုသည်မှာ ကိုယ့်ကံကြမ္မာကို ကိုယ်တိုင်သာ ဖန်တီးရမည် ဖြစ်သည်။ သူများက ဖန်တီးပေး၍ မရ။
၎င်းတို့အနေနှင့် အန်းစီယွမ်အား အန်တုရန် ဆုံးဖြတ်ထားပြီးပါက စုချန်း ဝင်ပြောနေ၍ ဘာထူးတော့မည်နည်း။
အန်းစီယွမ်ဘက်ကလည်း သူ့သူငယ်ချင်းများ ကျန်းကျန်းမာမာ ရှိရမည်ဟု ကတိပေးလိုက်၏။ ထို့ကြောင့် သေစေနိုင်လောက်သော အပြစ်မျိုး မကျူးလွန်မိပါက အန်းစီယွမ်က ဝန်ဝေစင်းတို့အား သတ်လိမ့်မည်မဟုတ်။
ထို့နောက် စုချန်းက ကျန်းစီချွေ့အား လှမ်းကြည့်လိုက်ပြန်၏။ ထိုအချိန်မှာပင် ကျန်းစီချွေ့က ပြောလိုက်သည်။
"တတိယမြစ်တပ်ဖွဲ့ကို ကျုပ် ဟုန်ဖေးလက်ထဲ ထည့်ပေးလိုက်ပြီ ဟန်းယင်က အကြောင်းကြားလာတယ် သူ ဒုက္ခရောက်နေလို့ ကျုပ်ကို လာပြီးကူညီပါတဲ့"
"အိုး ဂုဏ်ယူပါတယ်ကွာ"
စုချန်းက ရယ်မောရင်း ပြောလိုက်၏။
ဤအတိုင်းဆိုလျင် ကျန်းစီချွေ့အပေါ် ဂျီဟန်းယင်၏ အမြင် ပြောင်းလဲသွားပြီဖြစ်ကြောင်း သိသာနေ၏။
"ဒါတွေအားလုံးဟာ မင်း ကျေးဇူးကြောင့်ပါကွာ မင်းကြောင့် ကျုပ်အပေါ် ဟန်းယင်ရဲ့အမြင်ကို ပြောင်းလဲနိုင်ခဲ့ပြီ"
"ခင်ဗျား ကျုပ်ကို ကျေးဇူးမတင်ရင်လဲရတယ် အဲဒီ မူလကျောက်တုံး ဆယ်မီလျံပဲ ပြန်ပေးရင် ရပါပြီ"
"အိုး နေပါစေကွာ ကျေးဇူးပဲတင်ပါတယ် ကျေးဇူတင်ရတာ ပိုပြီး စျေးသက်သာတယ်"
ထို့နောက် သူတို့နှစ်ယောက်သည် တယောက်မျက်နှာကို တယောက်ကြည့်ကာ အားရပါးရ ရယ်မောလိုက်ကြ၏။
စုချန်းက မေးလိုက်ပြန်သည်။
"ဒါနဲ့ ကျားသစ်ရော ဘယ်ရောက်နေသလဲ"
ကျန်းစီချွေ့က ဟက်ခနဲ ရယ်မောလိုက်၏။
"သစ်ပင်နောက်မှာ ရှိပါလေရဲ့ဗျာ မင်းက သူ့ကို မစောင့်ဘူးဆိုလို့ စိတ်ဆိုးနေလေရဲ့"
ထိုအချိန်ထိ ကြည်လင်မြစ်မြို့တော်ရှိ တိမ်တိုက်ကျားသစ်၏ တာဝန်မှာ မပြီးဆုံးသေးချေ။ တိမ်တိုက်ကျားသစ်၏ သဘောမှာ သူတာဝန်ပြီးဆုံးသည်ထိ စုချန်းက သူ့အား စောင့်ဆိုင်းနေစေလို၏။ သို့မှသာ သူတို့နှစ်ယောက် အတူတကွ ထွက်ခွာသွားနိုင်မည် မဟုတ်ပါလား။
တိမ်တိုက်ကျားသစ်၏ ကလေးဆန်လှသော လုပ်ရပ်ကြောင့် စုချန်း ရယ်ချင်ပက်ကျိ ဖြစ်သွား၏။ ထိုအခါ သူက ကျယ်လောင်စွာ အော်ဟစ်ပြောဆိုလိုက်သည်။
"ကျားသစ် မင်းကို ကျုပ် ပြောထားပြီးသားမလား ကျုပ်မှာ အရေးတကြီး လုပ်စရာရှိနေလို့ မင်းကို စောင့်မနေနိုင်ပါဘူးဆိုတာလေ မင်းတာဝန်ပြီးသွားတော့မှ မိုးထိမြို့တော်ကို လိုက်လာလို့ မရဘူးလား"
နောက်ဆုံးတော့ တိမ်တိုက်ကျားသစ်တယောက် သစ်ပင်နောက်ကွယ်မှ ထွက်လာ၏။ သူက စုချန်း၏ မျက်နှာကို စူးစိုက်ကြည့်ရင်း ပြောလိုက်သည်။
"ကျုပ်က မင်း ကျုပ်ကို မစောင့်လို့ စိတ်ဆိုးနေတာ မဟုတ်ဘူး အာရုံတခုရနေလို့ ဒီတခေါက် မင်း အင်မတန်ကြီးမားတဲ့ အန္တရာယ်နဲ့ ရင်ဆိုင်ရလိမ့်မယ်လို့ ကျုပ် ထင်နေတယ် ဒါကြောင့် ကျုပ် တာဝန်ပြီးတဲ့အထိ စောင့်နေပါလို့ ပြောနေတာ"
စုချန်း ပြုံးလိုက်၏။
"ဒီလောကကြီးမှာ အန္တရာယ်မရှိတဲ့နေရာဆိုတာ ရှိကောရှိလို့လားကွာ ကျုပ်တဲ့ဟာ ချီစွမ်းအားပညာရှင်တွေဆိုတာ မင်း မမေ့ပါနဲ့ အန္တရာယ်နဲ့ အမြဲတစေ မျက်နှာချင်းဆိုင်နေရတယ်ဆိုတာကိုက ကျုပ်တို့ဘဝပဲလေ ပြီးတော့ အန္တရာယ်အများဆုံး နေရာတွေမှာမှ ဆုတံဆိပ်တွေ ရရှိနိုင်တယ်လို့ ဆိုထားတယ်မလား"
တိမ်တိုက်ကျားသစ် ခေတ္တစဥ်းစားလိုက်၏။ ထို့နောက် စုချန်းဆီသို့ လျှောက်လာပြီး လက်ကမ်းပေးရင်း ပြောလိုက်သည်။
"ဒါဆိုလဲ မင်း ကံကောင်းပါစေကွာ"
ထို့နောက် သူတို့သုံးယောက်သည် ထိုနေရာမှာပင် အချိန်အတော်ကြာအောင် စကားပြောဆိုနေကြပြီး နောက်ဆုံးတွင် လမ်းခွဲလိုက်ကြ၏။
စုချန်းလည်း ရထားလုံးပေါ်သို့ တက်လိုက်၏။ သံမဏိလည်း အလိုက်တသိပင် ရထားလုံးကို စတင်မောင်းနှင်လိုက်လေသည်။
မြို့နှင့် အတော်ပင် အလှမ်းဝေးသော နေရာသို့ အရောက်တွင် စုချန်းက ဆန့်ကျင်ဘက်ရထားလုံးနံရံကို မေးငေါ့ရင်း ပြောလိုက်သည်။
"ခင်ဗျား ထွက်လာလို့ရပါပြီဗျာ"
တခစ်ခစ် ရယ်မောသံနှင့်အတူ ညတစ္ဆေ ပေါ်လာ၏။
"ရှင့်မှာ သူငယ်ချင်းကောင်းတွေ ရှိနေတာပဲ သူတို့ ရှင့်အတွက်လဲ စိတ်ပူနေကြတယ် ဒါပေမဲ့ ဘာမှစိတ်ပူနေစရာ မလိုပါဘူးလေ ရှင်သန်ခြင်းကျောင်းတော်နဲ့ဆိုရင် ရန်စွယ်မှန်သမျှ သုတ်သင်ရှင်းလင်းပြီး ဖြစ်သွားလိမ့်မယ်"
"တကယ့် အန္တရာယ်က ရှင်သန်ခြင်းကျောင်းတော်ဆီကနေ ပေါ်ထွက်လာရင်ကောဗျာ"
ညတစ္ဆေ ကြောင်သွား၏။ ပြီးမှ သူမက ရယ်မောလိုက်သည်။
"ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲရှင်"
"ကျုပ်က စကားအဖြစ် ပြောတာပါလေ ကဲ သွားကြစို့"
"သွားကြမယ်"
ညတစ္ဆေ၏ အသံမှာ စိတ်လှုပ်ရှားမှုများနှင့် ပြည့်လျှမ်းနေ၏။
(တတိယတွဲ ဒီနေရာမှာ ပြီးပါပြီ ပုံ စာရေးသူ)