← Chapters

အစစ်အမှန် နဂါး အသွင်ပြောင်းခြင်း ကိုးမျိုး

Vol. 10 Ch. 962

အစစ်အမှန် နဂါး အသွင်ပြောင်းခြင်း ကိုးမျိုး

Vol. 10 Ch. 962

ရက်အနည်းငယ်ကြာမြင့်သည် အထိ လူများသည် အခြေတည် ဝိညာဥ် အဆင့်ကို သတ်ဖြတ်ကာ ဟန်ရှုံး သတ်မှတ်ချက် နံပါတ်တစ် ဖြစ်လာသည့် ချန်းဖန်၏ အကြောင်းကို ပြောဆို နေကြတုန်း ဖြစ်သည်။ ထျန်းဟောင်ဂြိုဟ်၌ ထိုမျှ ကြီးကျယ်သော သတင်း မပေါ်သည်မှာ ကြာမြင့်လှပြီ ဖြစ်သည်။ ၎င်းသည် လူတိုင်း၏ ပုံဖော်နိုင်စွမ်းထက်ပင် ကြီးကျယ်နေ၏။

အချို့လူများက ချန်းဖန်မှာ တောင်တန်း အင်ပါယာ၏ ကောင်းကင် သားတော် တစ်ယောက် ဖြစ်လိမ့်မည် ဟု ခန့်မှန်းကြသည်။ အချို့ကမူ ချန်းဖန်မှာ ကောင်းကင်အရှင် တထျန်း၏ မျိုးဆက် ဖြစ်လိမ့်မည် ပြောဆိုကြ၏။

တစ်ချိန်တည်း၌ အချို့သော လူများက ချန်းဖန်မှာ ထျန်းဟောင်ဂြိုဟ်ရှိ ကျင့်ကြံသူများကို စိန်ခေါ်ရန် အခြား ဂြိုဟ်တစ်ခုမှ လာရောက်သည့်သူ ဟု ပြောကြ၏။ သို့သော်လည်း မည်သည့် ဂြိုဟ်မှ ဖြစ်ကြောင်းကိုမူ မညါသူမျှ မသိကြချေ။ ပင်လယ်ပြာဂြိုဟ်၊ ကောင်းကင် ဝံပုလွေဂြိုဟ်၊ နတ်ဘုရား လက်နက်ဂြိုဟ်၊ အရှေ့ဂြိုဟ် စသည်တို့ထဲမှ တစ်ခုခု ဖြစ်နိုင်သည် ဟုသာ ပြောဆိုကြ၏။

မည်သည့်နေရာလာ၍ မည်သူပင် ဖြစ်စေကာမူ ချန်းဖန်မှာ အလွန် ကျော်ကြား နေခဲ့ပြီ ဖြစ်လေသည်။ အလွန် ဝေးလံ ခေါင်ဖျားသည့် မြေရိုင်းနယ်များမှ ကျင့်ကြံသူများ ပင်လျှင် သူ့အား သိကြ၏။

ချန်းဖန်၏ ကျော်ကြားလာခြင်းနှင့် အတူ ကျူးဝမ် မျိုးနွယ်မှာလည်း မြင့်တက် လာခဲ့သည်။ ချီ သန့်စင်ခြင်း အဆင့် ကျင့်ကြံသူများ အပါအဝင် ကျူးဝမ် မျိုးနွယ်ဝင်တိုင်းမှာ အခြားလူများ၏ တလေးတစား ဆက်ဆံခြင်းအား ခံလာကြရ၏။

ထိုအရာကား ကောင်းကင် အရှင် တစ်ပါး၏ စွမ်းအားပင် ဖြစ်လေသည်။ မည်မျှ နိမ့်ကျသော မိသားစု၊ မျိုးနွယ် ဖြစ်ပါစေ ကောင်းကင်အရှင် တစ်ပါးကို မွေးထုတ်ပြီးသည်နှင့် ထျန်းဟောင်ဂြိုဟ်၏ ထိပ်ဆုံး နေရာသို့ ရောက်ရှိ သွားစမြဲ ဖြစ်သည်။

သို့သော်လည်း အိုမင်းသည့် ကျင့်ကြံသူ အချို့မှာမူ အတွေးများ နေကြသည်။

“ကျူးဝမ် မျိုးနွယ်နဲ့ တောင်တန်း အင်ပါယာမှာ ကမ္ဘာ မကျေရန်ငြိုးတွေ ရှိတယ်မလား… အဲဒါက တောင်တန်း အင်ပါယာကို စစ်ကြေညာ သလို ဖြစ်မှာ စိုးရိမ်မိတယ်”

ထိုထိုအဖြစ်အပျက်မှာ နှစ်ပေါင်း ထောင်ချီ ကြာမြင့်ခဲ့ပြီ ဖြစ်သည့်တိုင် အချို့မှာ ယနေ့တိုင် မှတ်မိနေဆဲ ဖြစ်သည်။ ယခုတွင်လည်း ကျူးဝမ် မျိုးနွယ်ဝင် ချန်းပေ့ရွှမ်းသည် ထျန်းဟောင်ဂြိုဟ်၏ ကောင်းကင် ဥပဒေကို ထပ်မံ ချိုးဖောက်ကာ ဆေးနတ်ဘုရား မင်းသားကို သတ်ဖြတ် ပစ်ခဲ့ပြန်သည်။

လူတိုင်းသည် အထွတ်အမြတ် ကောင်းကင်နယ်ကို စောင့်ကြည့် နေကြ၏။ သူတို့သည် ထျန်းဟောင်ဂြိုဟ်ကို နှစ်ပေါင်း တစ်သိန်းကျော် စိုးမိုးခဲ့သည့် တောင်တန်း အင်ပါယာ မည်ကဲ့သို့ တုန့်ပြန်မည်ကို စိတ်ဝင်စား နေကြသည်။

ထျန်းဟောင်ဂြိုဟ်ကား ငြိမ်းချမ်းခဲ့သည်မှာ နှစ်ပေါင်း ထောင်ချီ ကြာမြင့်ခဲ့ပြီ ဖြစ်လေသည်။ သို့သော်လည်း ယခုတွင်မူ ပဋိပက္ခ တစ်ခုသည် တတိတိ မြင့်တက်နေကာ ကမ္ဘာမကြေ စစ်ပွဲ တစ်ခုကို အစပျိုး နေခဲ့ပြီ ဖြစ်လေသည်။

…

“အကို… ဘယ်ကို သွားကြမှာလဲ… ကျူးဝမ် မျိုးနွယ်တွေ ရှိတဲ့ နေရာကို ပြန်မှာလား…”

ရှောင်မန်က မေးလိုက်၏။

သူမသည် ကလေးသာသာ ကောင်မလေး ဖြစ်သည်။ သို့ဖြစ်ရာ အချိန်ကြာမြင့်စွာ ကွဲကွာနေသည့် သူမ၏ မွေးရပ်မြေ ပေ့ဟန်နယ်ကို လွမ်းဆွတ် နေခဲ့ပြီ ဖြစ်၏။ ယခု အချိန်၌ အိမ်နီးနားချင်းများ၊ အကြီးအကဲများနှင့် အဘိုးကြီးတင်းတို့ ဘာလုပ် နေကြသည်ကို သူမ သိလိုသည်။

“မပြန်သေးဘူး… ငါတို့ အရင်ဆုံး ရှေးဟောင်း မိစ္ဆာအင်းကို သွားကြမယ်”

ချန်းဖန်က ပြောလိုက်၏။

ယခု အချိန်၌ တောင်တန်း အင်ပါယာမှာ သူ့အား သတိထးမိ နေလောက်ပြီ ဖြစ်သည်။ ချန်းဖန် အနေဖြင့် သူတို့ မည်ကဲ့သို့ တုန့်ပြန်မည်ကို သေချာ မသိချေ။ သို့ဖြစ်ရာ သူ့အနေဖြင့် စစ်ပွဲ အတွက် ကြိုတင် ပြင်ဆင် ထားသင့်ပေသည်။ တောင်တန်း အင်ပါယာ ဘက်မှ စတင် မတိုက်ခိုက်လျှင်ပင် သူသည် ကျူးဝမ် မျိုးနွယ် အတွက် သူတို့အား ကျိန်းသေ ပြန်၍ လက်စားချေမည် ဖြစ်သည်။

ထိုမတိုင်ခင် သူ့အနေဖြင့် “မိစ္ဆာ ခြောက်ပါး ကျင့်စဥ်ကို အောင်မြင်ထားရန် လိုအပ်ပေသည်။ အကယ်၍ နတ်ဘုရား စက်ဝန်း၏ အသွင်ပြောင်းခြင်း ကိုးခု စလုံး မအောင်မြင်လျှင်ပင် အနည်းဆုံး ခြောက်ခု ခုနစ်ခုလောက် အောင်မြင်ထားသင့်သည်။

တောင်တန်း အင်ပါယာမှာ ပြန်လည် မွေးဖွားခြင်းဂိုဏ်း မဟုတ်ချေ။ သူတို့ကား ဝိညာဥ် ဖြစ်တည်ခြင်း အဆင့် ကျင်ကြံသူကိုပင် ပိုင်ဆိုင်ခဲ့သည်။ ယခု အခြေအနေ၌ သူတို့ မည်မျှ အစွမ်းနေဆဲ ဖြစ်သည်ကို မည်သူမျှ မသိကြချေ။ အကယ်၍ ကောင်းကင် အရှင် တထျန်းက နတ်ဘုရား အစီအရင်များ၊ လျှို့ဝှက် ရတနာများ ထားခဲ့လျှင်ပင် ချန်းဖန် အနေဖြင့် အခက်တွေ့ ရလိမ့်မည် ဖြစ်သည်။

“အမ ဝူဟွာတို့ ထွက်သွားတော့ ပျင်းစရာ ကောင်းလိုက်တာ… ရှောင်ဟိုင်လေးရေ နင်ပဲ ကျန်တော့တယ်”

ရှောင်မန်က ချီလင် ပေါက်စကို ချီကာ ပွတ်သပ်ပေးရင်း ပြောလိုက်သည်။

လွန်ခဲ့သည့် ရက်ပိုင်းကပင် လင်းဝူဟွာတို့ သုံးယောက်သည် ချန်းဖန်တို့နှင့် လမ်းခွဲရန် ဆုံးဖြတ်ခဲ့သည်။ သူတို့သည် ထျန်းဟောင်ဂြိုဟ် အနှံ့ ခြေဆန့်ကာ  မိမိ ကိုယ်ပိုင် စွမ်းအား တိုးတက်ရေးကို အာရုံစိုက် လိုကြသည်။ မည်သို့ပင် လုံခြုံသည် ဆိုစေ ချန်းဖန်၏ ကာကွယ်မှုအောက်တွင် ဆက်လက် နေထိုင်ပါက သူတို့ အတွက် အတွေ့အကြုံ ရှာဖွေရန် အခွင့်အရေးများ လွဲချော် သွားလိမ့်မည် ဖြစ်သည်။

“သူတို့ ဆုံးဖြတ်တာ မှန်ပါတယ်… ငါက သူတို့ကို အမြဲတမ်း ကာကွယ် မပေးနိုင်ဘူးလေ… နင်လည်း သူတို့လို အသက် ကြီးလာရင် တစ်ယောက်ယောက်ကို လက်ထပ်ပြီး ကိုယ်ပိုင် ဘဝကို လျှောက်လှမ်းရမှာပဲ မလား”

ချန်းဖန်က မိန်းကလေး၏ ဆံပင်များကို ဖွပေးရင်း ပြောလိုက်၏။

“သမီး ဘယ်သူ့ကိုမှ လက်မထပ်ဘူး… အကို့ ဘေးမှာပဲ အမြဲနေမယ်”

ရှောင်မန်က ခိုင်မာစွာ ဆိုလိုက်သည်။

ချန်းဖန်က ဘာမှ ပြန်မပြောတော့ပဲ ပြုံးရုံသာ ပြုံးနေလိုက်၏။ အနာဂတ်၌ သူ ကျင်လည်မည့် လောကမှာ ထျန်းဟောင်ဂြိုဟ် မဟုတ်သလို ကမ္ဘာဂြိုဟ်လည်း မဟုတ်ချေ။ စကြဝဠာ၏ အတွင်း အကျဆုံး နေရာရှိ ကျယ်ပြောသော ကျင့်ကြံခြင်း လောကသာလျှင် ဖြစ်သည်။

ထိုနေရာ၌ သူ၏ ဂိုဏ်းတူ ညီအကိုများ၊ သူ အတိတ်ဘဝ၌ အနိုင်ယူခဲ့သည့် ရန်သူများစွာ ရှိသည်။ ထိုနေရာနှင့် နှိုင်းယှဥ် ရပါက ထျန်းဟောင်ဂြိုဟ်မှာ အလွန် သေးငယ် လှသည်။ ဝိညာဥ် ဖွဲ့စည်းခြင်း အဆင့် တစ်ယောက်ပင် မရှိ‌သော ဤနေရာ၌ မြောက်ပိုင်း ကောင်းကင် အရှင်သခင် အနေဖြင့် မည်ကဲ့သို့ ထာဝရ နေနိုင်ပါမည်နည်း။

သို့သော်လည်း ရှောင်မန်မှာ သူ ပြန်လည် မွေးဖွားပြီးနောက် ဆုံခဲ့ဖူးသည့် လူများ အနက် ပါရမီ အရှိဆုံး ဖြစ်သည်။

“ဟုတ်သားပဲ… နင် ငါနဲ့ လိုက်ချင်ရင် ပြန်လည် မွေးဖွားခြင်းဂိုဏ်းက သင်ပေးသမျှ ကျင့်စဥ်တွေ အားလုံးကို မေ့ပစ်လိုက်တော့… အခြေခံ ကောင်းကောင်း မတည်ဆောက်နိုင်ရင် အနာဂတ်မှာ တာအို ရရှိခြင်း အဆင့်ကို ဘယ်လိုမှ ရောက်နိုင်မှာ မဟုတ်ဘူး”

ချန်းဖန်က လေးနက်စွာ ပြောလိုက်၏။

မိန်းကလေးမှာ ချန်းဖန်၏ စကားကို သိပ်နားမလည်ချေ။ သူမ အတွက် အခြေတဘ် ဝိညာဥ် အဆင့် ပင်လျှင် အလွန် ကြီးကျယ်နေပြီ ဖြစ်သည်။ တာအို ရရှိခြင်း အဆင့် ဟူသော အကြောင်းအရာကို သူမ ကြားပင် မကြားဖူးချေ။ သို့သော်လည်း သူမက တုန့်ဆိုင်းခြင်း မရှိပဲ ခေါင်းညိတ်၏။

“ဟုတ်…”

မြင်းရထားကား မိစ္ဆာ အကျဥ်းထောင် ကောင်းကင်နယ်သို့ ဦးတည်ကာ ပြေးလွှားနေ၏။ မြင်းရထား အတွင်းတွင်မူ ချန်းဖန်သည် ရှောင်မန်၏ ကျင့်ကြံခြင်းကို လမ်းညွှန် ပေးနေခဲ့သည်။

ယခု တစ်ကြိမ်တွင် ချန်းဖန်သည် ရှောင်မန်အား အစစ်အမှန် နတ်ဘုရား ကျင့်စဥ်တစ်ခု ဖြစ်သည့် “အစစ်အမှန် နဂါး နတ်ဘုရား ကျင့်စဥ်” ကို လက်ဆင့်ကမ်း ပေးခဲ့သည်။ ထိုကျင့်စဥ်သည် စကြဝဠာ အတွင်းရှိ နဂါး ဘုရင် ကျင့်ကြံခဲ့သော ကျင့်စဥ် ဖြစ်သည်။ ၎င်းတွင် အသွင်ပြောင်းခြင်း ကိုးခု ပါဝင်၏။ နဂါးသွေးကို ပိုင်ဆိုင်ထားသည့် ကျင့်ကြံသူများသည် အသွင်ပြောင်းခြင်း ကိုးခုကို ကျော်ဖြတ် ပြီးသည်နှင့် အစစ်အမှန် နဂါး ဖြစ်လာနိုင်ကြသည်။

အစစ်အမှန် နဂါးသည် ထိပ်တန်း ကောင်းကင် သားရဲ ဖြစ်ကာ ခွန်ပန်၊ ရွှမ်ဝူ၊ ဖီးနစ်ငှက် စသည့် တာအို ရရှိခြင်း အဆင့် ကောင်းကင်ညသားရဲကြီးများနှင့်ပင် ယှဥ်၍ တိုက်ခိုက်နိုင်သည်။ ၎င်းက သာမန် ကောင်းကင် သားရဲလေးများ အနေဖြင့် နှိုင်းယှဥ်နိုင်သော အရာ မဟုတ်ချေ။

“ဝှစ်...”

ချန်းဖန်က ရှောင်မန်၏ ခန္ဓာကိုယ်ထဲရှိ ရွှေရောင် စွမ်းအားကို ဆွဲထုတ် ပစ်လိုက်၏။ ရှောင်မန်၏ ခန္ဓာကိုယ်က တဆတ်ဆတ် တုန်ရီသွားသည်။ ထိုအရာက သူမ လေးနှစ်တိုင်တိုင် ကျင့်ကြံထားခဲ့သော အမတေ ချီများဖြစ်ရာ မည်ကဲ့သို့ မနာကျင်ပဲ နေပါမည်နည်း။ သို့သော်လည်း ရှောင်မန်ထံမှ ငြီးငြူသံ တစ်ခုပင် ထွက်မလာခဲ့ချေ။

“ဟူး... ဟူး...”

ထိုဖြစ်စဥ်သည် သုံးရက် တိုင်တိုင် ကြာမြင့်ခဲ့ပြီး အဆုံးသတ်သော အချိန်၌ ရှောင်မန်၏ ကျင့်ကြံခြင်း အဆင့်မှာ ချီသန့်စင်ခြင်း အဆင့်ထိ ပြန်လည် ပြုတ်ကျ သွားခဲ့ပြီ ဖြစ်သည်။

သို့သော်လး သူမက နာကျင်မှုကို လျစ်လျူကာ ချန်းဖန် လက်ဆင့်ကမ်း ပေးသည့် အစစ်အမှန် နဂါး ကျင့်စဥ် ပထမ အသွင်ပြောင်းခြင်းကို စတင် ကျင့်ကြံလိုက်သည်။

ချန်းဖန်က ခေါင်းညိတ်လိုက်၏။ ကျယ်ပြန့်လှသော စကြဝဠာ အတွင်း၌ ပါရမီရှင်များနှင့် နတ်ဘုရား ကျင့်စဥ်များမှာ မရှားပါးလှချေ။ အတိတ်ဘဝ၌ ချန်းဖန်သည် ထောင်ချီသော ပါရမီရှင်များနှင့် စုံစည်းခဲ့ဖူးသည်။ သို့သော်လည်း အဆုံး၌ ထိုအထဲမှ အနည်းငယ် သာလျှင် တာအို ရရှိခြင်း အဆင့်ကို ရောက်ရှိခဲ့သည်။

ထိုအနည်းငယ်တိုင်း၌ တူညီသော အကျင့်စရိုက် တစ်ခုရှိပြီး ထိုအကျင့်စရိုက်မှာ စိတ်ဓာတ် ခိုင်မာခြင်းနှင့် မဆုတ်မနစ် ကြိုးစားခြင်းပင် ဖြစ်သည်။

“နင် ငါနဲ့ ဆုံတွေ့ခဲ့ရတာ ကံကောင်းတယ်... ငါလည်း နင့်လို ညီမမျိုး ရထားတာ နည်းတဲ့ ကုသိုလ် မဟုတ်ဘူး”

ချန်းဖန်က ရယ်မောလိုက်သည်။

ရှောင်မန်၏ ကျင့်ကြံမှုသည် နှစ်ပတ် တိုင်တိုင် ကြာမြင့်ခဲ့၏။

ပထမ၌ သူမ အသက်ရှူလိုက်တိုင်း ရွှေရောင် မြူနှင်းများမှာ နဂါး ကဲ့သို့ သူမအား ဝန်းရံလာသည်။ ထို့နောက် မြူနှင်းသည် ပို၍ ထူထပ်လာကာ ဦးချိုများ ပါရှိသော အစစ်အမှန် နဂါး အသွင်သို့ ပြောင်းလဲသည်။ ထိုနဂါးသည် သုံးလက်မမျှသာ ရှည်လျားသေးသည့်တိုင် အစစ်အမှန် နဂါး၏ စွမ်းအားကို သယ်ဆောင်ထား၏။

ရှောင်မန် ကျင့်ကြံနေသည့် အတောအတွင်းမှာပင်...

သူမ၏ ရွှေရောင် ဆံပင်မှာ ပို၍ ထူထပ် တောက်ပလာ၏။ သူမ၏ နဖူးတွင်ဘလည်း ဦးချို နှစ်ခုက အဖုလေးများ သဖွယ် ထွက်ပေါ်လာသည်။ သူမ၏ အရေများတွင်လည်း ရွှေရောင် အကြေးခွံ ကဲ့သို့ အကွက်လေးများ ဖြစ်ပေါ်လာ၏။ သူမ၏ စွမ်းအားမှာလည်း မြင့်မားလာကာ အစစ်အမှန် နဂါး နတ်မိမယ်လေးနှင့် ပို၍ တူလာသည်။

“ဝှစ်...”

ရှောင်မန်၏ မျက်လုံးများက ဖြည်းညင်းစွာ ပွင့်လာ၏။

“ဘုန်း...”

အဆုံးမဲ့ စွမ်းအားက သူမ၏ ခန္ဓာကိုယ်မှ ထွက်ပေါ်လာသည်။ ပတ်ဝန်းကျင် မိုင်တစ်ရာ အတွင်းရှိ သားရဲများမှာ ထိုစွမ်းအားကို ခံစားမိကြရာ တုန်ရီ သွား၏။ ချီလင်ပေါက်စ ပင်လျှင် ကြောက်လန့်ကာ ရထား၏ ထောင့်နေရာသို့ သွား၍ ပုန်းအောင်းသည်။

“အရမ်းကောင်းတယ်... အခု နင့်မှာ အစစ်အမှန် နဂါး သွေးကြောတွေ ရှိလာပြီ… ဒီမတိုင်ခင်တုန်းကလို နဂါးအတု မဟုတ်တော့ဘူး”

ချန်းဖန်က ရယ်မောလိုက်၏။

“အကို...”

ရှောင်မန်က သူမ၏ လက်များကို ငုံ့ကြည့်လိုက်၏။

သူမသည် ပထမ အသွင်ပြောင်းခြင်းကို အောင်မြင်ပြီးနောက် မူလ အဆင့်သို့ ပြန်လည် ရောက်ရှိ သွားခဲ့ပြီ ဖြစ်သည်။ သူမသည် ယခုမှ မူလ အစောပိုင်း အဆင့်တွင်သာ ရှိသေးသည့်တိုင် ပြန်လည် မွေးဖွားခြင်းဂိုဏ်းတွင် ကျင့်ကြံစဥ်က ရောက်ရှိခဲ့သော မူလ အလယ်ဆင့်ထက် ပို၍ပင် အစွမ်းထက် နေသေးသည်။

“ရှောင်မန်ရဲ့ ပါရမီက တကယ် ကြောက်ဖို့ကောင်းတာပဲ… အခုမှ မူလ အဆင့်ပဲ ဝင်သေးတာတောင် ရွှေအမြုတေ အဆင့်လို အရှိန်အဝါမျိုး ထွက်ပေါ်နေပြီ”

ကျိုးကျူရှင်းက အံ့အားသင့်စွာ ရေရွတ်လိုက်၏။

“သူ့မှာက အစစ်အမှန် နဂါး နတ်ဘုရား သွေးကြော ရှိတယ်လေ… ခင်ဗျားမှာက ကောင်းကင်မျိုမြွေ သွေးမျိုးဆက်ပဲ ရှိတာ… ဘယ်လိုလုပ်ပြီး အခြေတည် ဝိညာဥ် အဆင့် သားရဲက အစစ်အမှန် နဂါးနဲ့ နှိုင်းယှဥ်လို့ ရမှာလဲ”

ချန်းဖန်က ရှင်းပြလိုက်၏။

ရှောင်မန်၏ ပါရမီကား အလွန်ပင် မြင့်မားလှသည်။ သူမသည် ယခုမှ မူလ အဆင့် အစောပိုင်းတွင်သာ ရှိသေးသည့်တိုင် ရွှေအမြုတေ အဆင့်များကိုပင် ယှဥ်၍ တိုက်ခိုက် နေနိုင်ပြီ ဖြစ်သည်။ အကယ်၍ သူမသာ ရွှေအမြုတေ အဆင့်သို့ ဝင်ရောက်ပြီးပါက အခြေတည် ဝိညာဥ် အဆင့်များနှင့်ပင် နှိုင်းယှဥ်နိုင် လာပေလိမ့်မည်။ ထိုအရာက နဂါးသွေးဖြင့် မွေးဖွားလာသူတို့၏ အားသာချက် ဖြစ်သည်။

“ဒါပေမဲ့ နင်သတိ ထားရမယ့် အချက်တွေ ရှိသေးတယ်… နင်က အခုမှ ပထမ အသွင်ပြောင်းခြင်း အဆင့် ဖြစ်တဲ့ နဂါးသွေး အဆင့်ကိုပဲ အောင်မြင်သေးတာ… အခြား အဆင့် ရှစ်ခုတောင် ကျန်သေးတယ်…  နင့်အနေနဲ့ ထိပ်ဆုံးကို ရောက်ချင်ရင် နတ်ဘုရား သွေးကြော တစ်ခုတည်းကိုပဲ အားပကိုးလို့ မရဘူး… ဒီနေ့က စပြီး ပြင်းပြင်းထန်ထန် ကြိုးစား လေ့ကျင့်ရမယ်”

ချန်းဖန်က ပြောလိုက်၏။

“ဟုတ်…”

ရှောင်မန်က ခေါင်းညိတ်လိုက်၏။

တစ်ချိန်တည်း၌ မြင်းရထားမှာ မိစ္ဆာ အကျဥ်းထောင် ကောင်းကင်နယ် အတွင်း ဝင်ရောက်နေခဲံပြီ ဖြစ်သည်။ ရှေးဟောင်း မိစ္ဆာအင်းမှာ သူတို့နှင့် အလှမ်းမကွာတော့ချေ။

***

All Chapters