← Chapters

ရှေးဟောင်း မိစ္ဆာအင်း

Vol. 10 Ch. 963

ရှေးဟောင်း မိစ္ဆာအင်း

Vol. 10 Ch. 963

ထျန်းဟောင်ဂြိုဟ်၏ တားမြစ်နယ်မြေ ကိုးခုအနက် တစ်ခု ဖြစ်သော ရှေးဟောင်း မိစ္ဆာအင်းမှာ အလွန် အန္တရာယ်များသော နေရာ တစ်ခု အဖြစ် ထင်ရှား၏။

အင်းသည် အလွှာကြီး ကိုးခု ပါဝင်ကာ ရှေးဟောင်း မိစ္ဆာတို့၏ နယ်မြေနှင့် ချိတ်ဆက် ထားသည်။ အလွှာကြီး တစ်ခုတွင် အလွှာငယ် ကိုးခု ထပ်မံ ပါဝင်ရာ စုစုပေါင်း အလွှာကိုးဆယ် အထိ ရှိသည်ဟု ဆိုနိုင်သည်။

ရှေးဟောင်း မိစ္ဆာအင်း အတွင်း၌ ဘီလျံနှင့်ချီသည့် မိစ္ဆာ စစ်သားများ၊ နတ်ဆိုး ဗိုလ်ချုပ်များ တည်ရှိသည်။ အင်း၏ အနက်ပိုင်း၌ ဆိုလျှင် နတ်ဆိုး အရှင်များပင် ရှိသည်ဟု ဆိုကြသည်။

ဒဏ္ဍာရီများ အရဆိုလျှင် လွန်ခဲ့သည့် နှစ်တစ်သိန်း၌ ကောင်းကင်အရှင် တထျန်းသည် ရှေးဟောင်း မိစ္ဆာ ဘုရင်နှင့် ထိုနေရာ၌ တိုက်ခိုက်ခဲ့ပြီး ထိုဆန်းကြယ်သော အင်းကို ဖြစ်ပေါ်စေခဲ့သည်ဟု ဆိုကြသည်။

သို့သော်လည်း ချန်းဖန်မှာမူ ရှေးဟောင်း မိစ္ဆာအင်းကို မြင်ပြီးနောက် ထိုကောလဟာလများမှာ အမှန်တကယ် မဟုတ်ကြောင်း သေချာ သွားခဲ့သည်။

“ဒါကြီးက ရှေးဟောင်း မိစ္ဆာအင်းလား... ဘယ်လောက် အထိတောင် ရှည်တာလဲ...”

ရှောင်မန်မှာ အဆုံးမဲ့ ရှေးဟောင်း မိစ္ဆာအင်းကို ကြည့်ကာ မျက်လုံးများ ပြူးကျယ် သွား၏။

ရှေးဟောင်း မိစ္ဆာအင်းကား ကြီးမား ရှည်လျားသည့် ချောက်ကြီး တစ်ခု အသွင် တည်ရှိသည်။ ၎င်း၏ အကျဥ်းမြောင်းဆုံး အပိုင်း ပင်လျှင် မိုင်တစ်ထောင်ခန့် ကျယ်ဝန်းကာ အကျယ်ဆုံး အပိုင်းမှာမူ မိုင်တစ်သောင်းခန့် ကျယ်ဝန်းသည်။ ၎င်း၏ အရှည်မှာမူ ခန့်မှန်း၍ပင် မရနိုင်ချေ။

“ငါကြားတာတော့ ရှေးဟောင်း မိစ္ဆာအင်းက မိုင်ပေါင်း သန်းချီ ရှည်လျားပြီး ကောင်းကင် နယ်မြေ သုံးခုနဲ့ ဆက်စပ်နေတယ်တဲ့... အဲဒီ နယ်သုံးနယ်မှာ နေထိုင်ကြတဲ့ ကျင့်ကြံသူတွရဲ့ အဓိက အလုပ်က ရှေးဟောင်း မိစ္ဆာအင်းထဲမှာ ရှိတဲ့ မိစ္ဆာတွေကို ဖမ်းပြီး သတ်တာပဲ... မိစ္ဆာနှိမ် ကောင်းကင်ဂိုဏ်း ဆိုရင် ရွှေအမြုတေ အဆင့် နတ်ဆိုး ဗိုလ်ချုပ်တွေကိုတောင် သတ်နိုင်စွမ်း ရှိကြတယ်”

ကျိုးကျူရှင်းက ရှင်းပြလိုက်သည်။

သူသည် ရှေးဟောင်း မိစ္ဆာအင်းသို့ တစ်ကြိမ်မက ရောက်ဖူးသော်လည်း ထိုနေရာသို့ နောက်တစ်ကြိမ် ပြန်ရောက်သည့် အခါတိုင်း အံဩရစမြဲ ဖြစ်သည်။

“မိုင်သန်းချီ ဟုတ်လား... ကောင်းကင်အရှင် တထျန်းက အရမ်း အစွမ်းထက်တာပဲ... သူက ဒီလောက် ကြီးမားတဲ့ အင်းကြီးကိုတောင် ဖန်တီးနိုင်စွမ်း ရှိတယ်... သမီးလည်း သူ့လို အစွမ်းထက်လာရင် ကောင်းမှာပဲ”

ရှောင်မန်က ပြောလိုက်၏။ သူမ၏ လက်ထဲရှိ ချီလင်ပေါက်စကလည်း ထောက်ခံဟန် ခေါင်းညိတ် လိုက်သည်။

တစ်ချိန်တည်း၌ ရှောင်မန်မှာ အနည်းငယ် စိုးရိမ် နေမိ၏။ ကောင်းကင် အရှင် တထျန်း ပင်လျှင် ထိုမျှ အစွမ်းထက်သော ကျင့်ကြံသူ ဖြစ်နေပြီ ဖြစ်သည်။ ဤသို့ဆိုလျှင် တောင်တန်း အင်ပါယာမှာ မည်မျှ အထိ ကြောက်မက်ဖွယ် ကောင်းနေမည်နည်း။

“ဒီအင်းက သူတို့ရဲ့ စစ်ပွဲကြောင့် ဖြစ်လာတာ မဟုတ်ဘူး... ဝိညာဥ် ဖြစ်တတည်ခြင်း အဆင့်တွေက ဒီလောက် ကြီးမားတဲ့ အင်းကို တိုက်ပွဲ အတွင်း ဖန်တီးနိုင်တဲ့ အထိ အစွမ်း မထက်ကြဘူး... ထျန်းဟောင်ဂြိုဟ်ရဲ့ ဝိညာဥ် ဖြစ်တည်ခြင်း အဆင့်တွေ ဆိုရင် ပိုပြီးတောင် မဖြစ်နိုင်သေးတယ်...”

ချန်းဖန်က ရုတ်တရက် ပြောလိုက်သည်။

“ဟမ်...”

ကျိုးကျူရှင်းနှင့် ရှောင်မန်တို့က ချန်းဖန်အား နားမလည်စွာ ကြည့်လိုက်ကြသည်။

“ကောင်းကင် အရှင် တထျန်းက လုပ်တာ မဟုတ်ဘူး ဆိုရင် ဘယ်သူ လုပ်တာလဲ...”

ရှောင်မန်က မျက်တောင်ကို တဖျပ်ဖျပ် ခပ်ရင်း မေးလိုက်၏။

ချန်းဖန်က ဘာမှ ပြန်မပြောပဲ မျက်မှောင်ကိုသာ ကြုတ် လိုက်၏။ သူ့တွင် ထိုမေးခွန်း အတွက် အဖြေ မရှိချေ။

“ခုမှ သတိရတယ်... ကျုပ် မိစ္ဆာ အကျဥ်းထောင်ကို ပထမဆုံး အကြိမ် ရောက်ဖူးတုန်းက လူအို ကျင့်ကြံသူကြီး တစ်ယောက်နဲ့ ဆုံတွေ့ခဲ့တယ်... သူ ပြောပုံ အရဆို ဒီမိစ္ဆာအင်းက ရှေးဟောင်း မိစ္ဆာတွေ ထျန်းဟောင်ဂြိုဟ်ကို မကျူးကျော်ခင်တည်းက ရှိခဲ့တာတဲ့... လွန်ခဲ့တဲ့ နှစ်သိန်းပေါင်းများစွာတုန်းက ဓားအလင်း တစ်ခုဟာ ထျန်းဟောင်ဂြိုဟ်ပေါ် ကျရောက် လာခဲ့တယ်တဲ့... အဲဒီ ဓားအလင်းက လမ်းကြောင်း တစ်လျှောက်မှာ ရှိတဲ့ ကောင်းကင်ဂိုဏ်းတွေကို ဖျက်ဆီးပြီး ဒီအင်းကြီးကို ဖြစ်တည်လာစေခဲ့တယ်တဲ့”

ကျိုးကျူရှင်းက ဆက်ပြောလိုက်သည်။

“အဲဒီ လူအိုကြီး ပြောပုံ အရဆို အဲဒီ ဓားချက်ကို ခုတ်ခဲ့တာက နယ်ခြားက နတ်တစ်ပါးတဲ့... ဒါပေမဲ့ သူ ဘယ်က လာတယ် ဆိုတာ ဘယ်သူမှ မသိကြဘူး...”

“နယ်ခြားက နတ်တစ်ပါး...”

ချန်းဖန်က တိတ်တဆိတ် ရေရွတ် လိုက်သည်။

သို့သော်လည်း ထိုအရာကား လွန်ခဲ့သည့် နှစ်ပေါင်းသိန်းချီက ဖြစ်ပျက်ခဲ့သော ကိစ္စ ဖြစ်ရာ သူတို့က လျှင်မြန်စွာပင် မေ့ပစ်လိုက်သည်။ ထို့နောက် သူတို့သည် ရှေးဟောင်း မိစ္ဆာအင်း အထက်မှ ဖြတ်ကာ ပျံသန်းရင်း အတွင်းရှိ မိစ္ဆာချီများကို အကဲခတ် လိုက်ကြ၏။

“ဟူး...ဟူး...”

မိစ္ဆာခြောက်ပါး ကျင့်စဥ်က အလိုအလျောက် နိုးထလာ၏။ မိစ္ဆာ ခြောက်ကောင်မှာ ချန်းဖန်၏ နောက်၌ ပေါ်လာကာ မိစ္ဆာချီများကို စတင် စုပ်ယူသည်။ တစ်ခဏ အတွင်းမှာပင် သူတို့၏ ပုံသဏ္ဌာန်များသည် ပို၍ သိပ်သည်းကာ ထင်ရှားလာ၏။

“ဒီနေရာက မိစ္ဆာ ကျင့်စဥ်တွေ ကျင့်ကြံဖို့ တကယ်ကို နေရာကောင်း တစ်ခုပဲ... ငါသာ ဒီနေရာမှာ နေပြီး မိစ္ဆာခြောက်ပါး ကျင့်စဥ်ကို ကျင့်ကြံရင် ခြောက်လအတွင်း အထွတ်အမြတ် ရွှေအမြုတေကို အောင်မြင်သွားမှာ သေချာတယ်”

ချန်းဖန်က တွေးလိုက်၏။

ရှေးဟောင်း မိစ္ဆာအင်း အတွင်း၌ သူတို့ အပြင် များစွာသော အလင်းများမှာ အရပ်မျက်နှာ အနှံ့ ဦးတည် သွားလာနေကြသည်။ ထိုအလင်းများကား ထျန်းဟောင်ဂြိုဟ် အနှံ့ရှိ ကောင်းကင်ဂိုဏ်းများမှ ကျင့်ကြံသူများပင် ဖြစ်သည်။ ရှေးဟောင်း မိစ္ဆာအင်းကား နောက်ဆုံး၌ ဖွင့်ခဲ့ပြီ ဖြစ်ရာ မရေမတွက်နိုင်သော လူငယ်များမှာ ရှေးဟောင်း မိစ္ဆာတို့၏ စွမ်းအားနှင့် ကျင့်ကြံရန် ရောက်ရှိ လာကြခြင်း ဖြစ်ပေသည်။

ရှေးဟောင်း မိစ္ဆာအင်းသည် အလွန် ကြီးမားလှရကား ထျန်းဟောင်ဂြိုဟ်၏ အပြင်ဘက်မှပင် တွေ့မြင်နိုင်သည်။  အင်းတစ်ခုလုံးကို ဖြတ်သန်း၍ အထူး သတ်မှတ်သော နေရာအချို့လည်း ရှိသေး၏။

ထိုနေရာများမှာ မိစ္ဆာချီ အထူထပ်ဆုံးသော နေရာများ ဖြစ်ကာ ရှေးဟောင်း မိစ္ဆာများ အများဆုံး ထွက်ပေါ်လာတတ်သည့် နေရာများလည်း ဖြစ်သည်။ မိစ္ဆာနှိမ်ဂိုဏ်းသည် ထိုကဲ့သို့သော နေရာ အများစုကို လွှမ်းခြုံထားသည်။

ချန်းဖန်တို့သည် ရက်ပေါင်း အတန်ကြာ ပျံသန်းပြီးနောက် ကြီးမားသော မြို့ကြီး တစ်မြို့သို့ ရောက်ရှိ လာခဲ့သည်။ မရေမတွက်နိုင်သော အစီအရင်များ၊ သင်္ကေတများသည် မြို့ရိုး တစ်လျှောက်၌ လင်းလက် တောက်ပနေ၏။ မြို့ရိုး နံရံအား အနီးကပ် ကြည့်ပါက သွေးများ စွန်းထင်းနေသည်ကို တွေ့မြင်နိုင်သည်။

“ဒီမြို့တော်က မိစ္ဆာ အကျဥ်းထောင် ကောင်းကင်နယ်ရဲ့ မြို့တော်ပဲ... မိစ္ဆာနှိမ် ကောင်းကင်ဂိုဏ်းကြီး အခြေစိုက်တဲ့ မြို့တော်ဆိုလည်း ဟုတ်တယ်”

အတွေ့အကြုံရှိသော ကျိုးကျူရှင်းက ရှင်းပြလိုက်၏။

“မိစ္ဆာနှိမ် ကောင်းကင်ဂိုဏ်းကြီးက ဂိုဏ်းတစ်ဂိုဏ်း ဆိုတာထက် စစ်စခန်း တစ်ခုလို့ ပြောရင် ပိုမှန်လိမ့်မယ်... သူတို့ရဲ့ သာမန် တပည့်တွေက စစ်သားတွေ၊ အကြီးအကဲတွေက ဗိုလ်ချုပ်တွေ၊ ဂိုဏ်းချုပ်နဲ့ မဟာ အကြီးအကဲတွေက စစ်ဦးစီးချုပ်တွေပေါ့... သူတို့ရဲ့ အလုပ်က ရွှေအမြုတေ အဆင့် နတ်ဆိုး ဗိုလ်ချုပ်တွေကို သတ်ဖြတ်ဖို့ပဲ"

“အဲ့လိုလား...”

ချန်းဖန်က ခေါင်းညိတ် လိုက်၏။

ထျန်းဟောင်ဂြိုဟ် တစ်ခုလုံးကား မိစ္ဆာနှိမ် ကောင်းကင်ဂိုဏ်းကို ကျေးဇူး တင်သင့်သည်။ သူတို့ကြောင့်သာ မဟုတ်ပါက ရှေးဟောင်း မိစ္ဆာများမှာ လူသားတို့၏ နေရပ်များသို့ ဝင်ရောက် ဖျက်ဆီး နေလောက်ပြီ ဖြစ်သည်။ ယနေ့ခေတ်များ၌ ထျန်းဟောင်ဂြိုဟ် ငြိမ်းချမ်းနေရခြင်းမှာ သူတို့၏ ကြိုးစား အားထုတ်မှုများကြောင့် ဖြစ်၏။

“မြို့ထဲကို ဝင်ပြီး ရှေးဟောင်း မိစ္ဆာအင်း အကြောင်း စုံစမ်းကြရအောင်... ငါတို့တွေ အင်းထဲကို မဆင်းခင် ကြိုတင် ပြင်ဆင်ထားတာ ကောင်းတယ်”

ချန်းဖန်၊ ရှောင်မန်နှင့် ကျိုးကျူရှင်းတို့မှာ အလင်းတန်းများ အဖြစ် ပြောင်းလဲကာ မြို့အတွင်း ဝင်ရောက် သွားကြ၏။

မြို့အတွင်း ဝင်ရောက်ပြီးနောက် ထိုမြို့တော်၏ လေထုမှာ အခြားမြို့များနှင့် လုံးဝ ခြားနားကြောင်း သူတို့ သတိ ပြုမိလိုက်ကြသည်။ မြို့တော် အတွင်းရှိ ကျင့်ကြံသူတိုင်းသည် သံချပ်ကာ ဝတ်စုံများကို ဆင်မြန်းထားကြ၏။  သူတို့၏ မျက်နှာများက လေးနက်နေကာ ခြေလှမ်းများကလည်း သွက်လက်နေ၏။ သူတို့၏ ပုံစံက အမြဲတမ်း အရေးပေါ် အခြေအနေကို ရင်ဆိုင်နေရ သလိုပင်။

မကြာခင်မှာပင် သူတို့သည် ကြီးကျယ်ခမ်းနားသော နန်းတော်ကြီး တစ်ခု၏ အရှေ့သို့ ရောက်ရှိလာ၏။ ထိုနန်းတော်၏ အရှေ့တွင်မူ “ဗြဟ္မာ့ နန်းတော်” ဟု ရေးထိုးထားသော ကျောက်တိုင်တစ်ခုကို တွေ့ရသည်။

“ဗြဟ္မာ့ နန်းတော်က ဒီမှာလည်း ရှိတာလား...”

ချန်းဖန်က ရေရွတ်လိုက်၏။ သို့သော်လည်း နာမည်ကြီး စီးပွားရေး လုပ်ငန်းများမှာ နေရာ အနှံ့ဖြန့်ကျက် တည်ရှိနေတတ်ကြရာ ထိုအရာက သိပ်မထူးဆန်းချေ။

ချန်းဖန်က ရှောင်မန်ကို ခေါ်ဆောင်ကာ ဗြဟ္မာ့ နန်းတော်အတွင်း ဝင်လာခဲ့သည်။ ဗြဟ္မာ့ နန်းတော်သည် ချင်းဟယ် မျှော်စင်လောက် မကြီးကျယ်သည့်တိုင် သတင်း အချက်အလက်မှာမူ အတော်အတန် စုံလင်ပေသည်။

ဗြဟ္မာ့ နန်းတော်တိုင်း၏ ဖွဲ့စည်းပုံမှာ တူညီရာ ချန်းဖန်တို့မှာ မကြာခင်မှာပင် အလွှာ ကြီးကြပ်သူထံသို့ တန်းတန်းမတ်မတ်ပင် ရောက်ရှိသွားသည်။

“ငါတို့ ရှေးဟောင်း မိစ္ဆာအင်း အလွှာကိုးဆယ် စလုံးနဲ့ ပတ်သက်တဲ့ အချက်အလက်တွေ၊ မြေပုံတွေ အားလုံး လိုချင်တယ်... အထူးသဖြင့် ကောင်းကင်ဆေးပင်တွေ၊ နတ်ဘုရား ဆေးပင်တွေ တည်ရှိတဲ့ နေရာတွေ အကြောင်း ရရင် ပိုကောင်းတယ်”

ချန်းဖန်က ပြောလိုက်သည်။

ကြီးကြပ်သူက ချန်းဖန်အား စေ့စေ့စပ်စပ် အကဲခတ်ကာ ဆိုလိုက်၏။

“စိတ်မကောင်းပါဘူး... ကျုပ်တို့က အလွှာသုံးဆယ် အထက် အချက်အလက်တွေကို သာမန်လူတွေကို မရောင်းပါဘူး... ဆရာလေး အနေနဲ့ အဲဒီ အချက်အလက်တွေ လိုချင်ရင် ကြီးကြပ်သူချုပ်ရဲ့  ခွင့်ပြုချက်ကို အရင် ရယူဖို့ လိုအပ်ပါတယ်...”

ရှေးဟောင်း မိစ္ဆာအင်း ပေါ်လာချိန်မှ စ၍ မည်သူမျှ အလွှာ ခုနစ်ဆယ်ထက် ပို၍ မသွားခဲ့ဖူးချေ။ သာမန် ကျင့်ကြံသူများ၏ အကန့်အသတ်မှာ အလွှာ သုံးဆယ် ဖြစ်သည်။ ရွှေအမြုတေ အဆင့် ကျင့်ကြံသူများ ပင်လျှင် အလွှာ ငါးဆယ် အထိသာ သွားနိုင်ကြသည်။ ထျန်းဟောင်ဂြိုဟ် တစ်ခုလုံး၌ အခြေတည် ဝိညာဥ် အဆင့် ကျင့်ကြံသူများ သာလျှင် အလွှာ ခြောက်ဆယ်၊ ခုနစ်ဆယ် အထိ သွားနိုင်ကြသည်။

“ငါ သဘောပေါက်ပြီ...”

ချန်းဖန်က ခေါင်းညိတ်လိုက်၏။ ထို့နောက် သူက သူ မည်သူ ဖြစ်ကြောင်း ဖွင့်ပြောရန် စဥ်းစား လိုက်သည်။ ဗြဟ္မာ့ နန်းတော်သည် ကောင်းကင် အရှင်ချန်းကို ဆန့်ကျင် ဝံ့လိမ့်မည် မဟုတ်ချေ။

ချန်းဖန်က သူ့ကိုယ်သူ မိတ်ဆက်ရန် ဟန်ပြင်လိုက်စဥ်မှာပင် နောက်မှ အသံတစ်ခုကို ကြားလိုက်ရသည်။

“မိတ်ဆွေလေး... မင်းတို့တွေ ရှေးဟောင်း မိစ္ဆာအင်းထဲကို ဝင်ကြမလို့လား... အဲဒါဆို ငါတို့ အဖွဲ့ထဲ ဝင်လို့ရတယ်နော်... ငါတို့မှာ ရှေးဟောင်း မိစ္ဆာအင်းနဲ့ ပတ်သက်တဲ့ အချက်အလက်တွေ အစုံရှိတယ်... နောက်ပြီး အဖွဲ့နဲ့ ဆိုတော့ တစ်ယောက်ကို တစ်ယောက် စောင့်ရှောက်လို့ ရတာပေါ့”

ချန်းဖန်တို့အား စကားပြောလိုက်သူမှာ အနီရောင် သံချပ်ကာ ဝတ်ဆင်ထားသည့် လူသန်ကြီး တစ်ဦး ဖြစ်သည်။ သူ၏ အရှိန်အဝါသည် မီးကဲ့သို့ တောက်လောင်နေ၏။ သူ၏ မုတ်ဆိတ်များ၊ ဆံပင်များသည် အနီရောင် ဖြစ်ကာ သူ၏ မျက်လုံးဆံများ ပင်လျှင် နီရဲနေသည်။ သူသည် ရွှေအမြုတေ အလယ်ဆင့် တစ်ယောက် ဖြစ်၏။

“မလိုပါဘူး...”

ချန်းဖန်က ငြင်းဆန်လိုက်သည်။

“သေချာပြန်ပြီး စဥ်းစားသင့်တယ်နော်... ဘာမှ မသိပဲ ရှေးဟောင်း မိစ္ဆာအင်းထဲ ဝင်မယ် ဆိုရင် ရွှေအမြုတေ အထွတ်အထိပ် တစ်ယောက်တောင် အလွှာသုံးဆယ်ထက် ပိုပြီး သွားနိုင်မှာ မဟုတ်ဘူး... အခန့်မသင့်ရင် အသက်တောင် ဆုံးရှုံး သွားနိုင်တယ်”

လူသန်ကြီးက ဆိုလိုက်၏။

သူ၏ အမြင်အရ ဆိုလျှင် ချန်းဖန်တို့ နှစ်ယောက်မှာ မူလ အဆင့်တွင်သာ ရှိသေးသည့်တိုင် သူတို့၏ အရှိန်အဝါမှာမူ အလွန် ထက်မြက်သည်။ ထိုကဲ့သို့သော လူငယ်များမှာ များသော အားဖြင့် ပါရမီ မြင့်မားကာ အင်အားကြီး နောက်ခံကို ပိုင်ဆိုင် တတ်ကြသည်။ သို့ဖြစ်ရာ လူသန်ကြီးမှာ ထိုအခွင့်အရေးကို အလွတ်မပေးပဲ ဆုပ်ကိုင်လိုခြင်း ဖြစ်၏။

ချန်းဖန်က ငြင်းဆန်ရန် ပြင်လိုက်စဥ် မှာပင် အလွှာ ကြီးကြပ်သူက လူသန်ကြီးအား နှုတ်ဆက် လိုက်၏။

“ကပ္ပတိန်ရွှယ်ပါလား... ခင်ဗျားတို့ သခင်မလေးက ရှေးဟောင်း မိစ္ဆာအင်းကို ဝင်ပြီး တန်ခိုးရှင် နတ်ဘုရားဆေးပင်ကို ရှာမလို့ဆို... အဲဒီ အတွက် လူစု နေတာလား”

“နတ်ဘုရား ဆေးပင်...”

ထိုနာမည်ကြောင့် ချန်းဖန်မှာ စိတ်ဝင်စား သွား၏။

***

All Chapters