← Chapters

အရပ်မျက်နှာ ပေါင်းစုံမှ စုစည်းလာခြင်း

Vol. 10 Ch. 964

အရပ်မျက်နှာ ပေါင်းစုံမှ စုစည်းလာခြင်း

Vol. 10 Ch. 964

“တန်ခိုးရှင် နတ်ဘုရား ဆေးပင် အကြောင်း မင်တို့ ဘာတွေ သိထားလို့လဲ...”

ချန်းဖန်က လူသန်ကြီးအား ကြည့်ကာ မေးလိုက်၏။

အလွှာ ကြီးကြပ်သူက ကြားဝင်ကာ မိတ်ဆက် ပေးလိုက်သည်.

“ဆရာလေးက သူ့ကို မသိဘူး ထင်တယ်... သူက သခင်မလေးကျိရဲ့ ကိုယ်ရံတော် တစ်ယောက် ဖြစ်တဲ့ ကပ္ပတိန်ရွှယ်ပါ... သခင်မလေးကျိက နဂါး သင်္ချိုင်း ကောင်းကင်နယ် ကျိမိသားစုကလေ... ပြောစကားတွေ အရဆို ကျိ မိသားစုရဲ့ ဘိုးဘေး တစ်ယောက်က ကံကောင်းထောက်မစွာနဲ့ နတ်ဘုရား ဆေးပင်ရှိတဲ့ နေရာကို ရှာတွေ့ခဲ့တယ် တဲ့... ဒါပေမဲ့ အဲဒီ ဆေးပင်က ရှေးဟောင်း မိစ္ဆာအင်း အနက်ပိုင်းကို ရောက်နေတဲ့ အပြင် ခေါင်းကိုးလုံး ဖီးနစ်ငှက်ကလည်း စောင့်ရှောက်နေတာတဲ့... သခင်မလေးကျိက အဲဒီ နေရာကို စွန့်စားသွားပြီး ကံစမ်းမလို့ ဖြစ်လိမ့်မယ်”

လူသန်ကြီးကလည်း ခေါင်းညိတ်ကာ ပြောလိုက်သည်။

“အမှန်ပါပဲ... မိတ်ဆွေလေး အနေနဲ့ အတွေ့အကြုံ ရှာဖွေချင်တယ် ဆိုရင် ကျွန်တော်တို့နဲ့ လိုက်ခဲ့တာ အကောင်းဆုံးပါပဲ... နောက်ပြီး အကျိုးအမြတ် အတွက်လည်း မစိုးရိမ်ပါနဲ့... မိတ်ဆွေလေးတို့ ဘာတစ်ခုမှ ရှာမတွေ့ရင်တောင် ဝေစု တစ်ခုကို ရမှာပါ”

“ကောင်းပြီလေ... ဝေစုရမယ် ဆိုရင်တော့ ငါတို့ ဝင်မယ်”

ချန်းဖန်က ခေါင်းညိတ် လိုက်၏။ သူ့အနေဖြင့် ထိုအဖွဲ့ သူတို့အား လာရောက် စည်းရုံးသည့် ရည်ရွယ်ချက်ကို မသိသည့်တိုင် ထည့်၍ မစဥ်းစားချေ။ အကယ်၍ ထိုသူများ သူတို့အား တစ်ခုခု မကောင်းကြံပါက သူ့အနေဖြင့် သတ်ပစ်လိုက်ရုံသာ ဖြစ်သည်။

“ဟင်း... လောဘရဲ့ သားကောင်တွေ...”

အလွှာကြီးကြပ်သူက လူသန်ကြီးနှင့် အတူ ထွက်ခွာသွားသော ချန်းဖန်တို့ နှစ်ယောက်ကို ကြည့်ကာ ခေါင်းအား ခါယမ်း လိုက်သည်။ ထို့နောက် ရုတ်တရက် သူ၏ စိတ်ထဲ၌ လူငယ်နှင့် အတူ ပါလာသည့် ခရမ်းရောင် ဝတ်စုံဝတ် မိန်းကလေး၏ ရုပ်ရည်ကို တစ်နေရာရာတွင် မြင်ဖူးနေသလို သူ ခံစားလိုက်ရ၏။

“အရမ်းလှပတဲ့ ရုပ်ရည်နဲ့ အစစ်အမှန် နဂါးရဲ့ အရှိန်အဝါ... ပြီးတော့ ရွှေဝါရောင် ဆံပင်တွေကို ပိုင်ဆိုင်ထားတယ် ဆိုတော့... သူက ပြန်လည် မွေးဖွားခြင်းဂိုဏ်းရဲ့ နဂါး နတ်မိမယ်လေး များလား... တကယ်လို့ သူက နဂါး နတ်မိမယ်လေး ဆိုရင် ဟိုလူငယ်က...”

အလွှာ ကြီးကြပ်သူ၏ မျက်လုံးများမှာ ရုတ်ချည်းပင် ပြူးကျယ် သွား၏။ ထို့နောက် သူက အချိန် မဆွဲတော့ပဲ ကြီးကြပ်သူချုပ်၏ ရုံးခန်းသို့ သုတ်ခြေတင် တော့သည်။

...

ချန်းဖန်တို့သည် ကျိမိသားစု စခန်းချသော နေရာသို့ ရောက်ရှိသည်နှင့် လူအတော်အတန် စုံလင်နေသည်ကို တွေ့လိုက်ရသည်။ ထိုအထဲမှ အားလုံးလိုလိုမှာ အမြုတေ ဖွဲ့စည်းခြင်း အဆင့်များ၊ ရွှေအမြုတေ အဆင့်များ ဖြစ်ကြပြီး အချို့ဆိုလျှင် ရွှေအမြုတေ ထိပ်ဆုံး အဆင့်များ ဖြစ်ကြသည်။ သူတို့ကား ကျိမိသားစု ငှားယမ်းထားသည့် လူများပင် ဖြစ်ကြသည်။

“ကပ္ပတိန်ရွှယ်... ပြန်လာပြီလား... သခင်မလေးက ရှင့်ကို မျှော်နေတာ”

အစေခံမလေး တစ်ယောက်က ရောက်လာကာ နှုတ်ဆက်လိုက်၏။

ကပ္ပတိန်ရွှယ်က ချန်းဖန်အား တောင်ပန်စကား ပြောကာ အစေခံ မလေးနှင့် အတူ ခပ်သုတ်သုတ် ထွက်သွားသည်။ ချန်းဖန်က ရှောင်မန်နှင့် ကျိုးကျူရှင်းတို့ကို ခေါ်ကာ စခန်း၏ ထောင့်တစ်နေရာ၌ နေရာယူ လိုက်ကြ၏။

“အကို... ဘာလို့ သူတို့နဲ့ လိုက်ဖို့ ဆုံးဖြတ်လိုက်တာလဲ... ကိုယ့်ဘာသာကိုယ် သွားလည်း ရတာကို”

ရှောင်မန်က နတ်ဘုရား စိတ်အာရုံဖြင့် ဆက်သွယ်ကာ မေးလိုက်၏။

“အရင်ဆုံး သူတို့နဲ့ အတူ ရတနာ ရှိတဲ့ နေရာကို လိုက်သွားကြမယ်လေ... ပြီးမှ အဖွဲ့ထဲက ထွက်ပြီး ကိုယ်ဘာသာ လှုပ်ရှားတာပေါ့”

ချန်းဖန်က ပြန်ပြောလိုက်သည်။

တစ်ချိန်တည်း၌ ချန်းဖန်မှာ တွေးနေမိသည်။ ကျိ မိသားစု၏ ဘိုးဘေးသည် ဖီးနစ်ငှက်မှာ နတ်ဘုရား ဆေးပင်ကို စောင့်ရှောက်နေသည်ဟု တွေးနေပုံ ပေါ်သည်။ သို့သော်လည်း အမှန်တကယ်တွင်မူ ဖီးနစ်ငှက်မှာ အစောင့်အရှောက် မဟုတ်ချေ။ ၎င်းက ကိုယ်တိုင် နတ်ဘုရား ဆေးပင် ဖြစ်သည်။ ထိုကဲ့သို့သော ဆေးပင်မျိုးကို ခေါင်းကိုးလုံး ဖီးနစ် နတ်ဘုရား ဆေးပင်ဟု ခေါ်ကြသည်။

ထိုကဲ့သို့သော ဆေးပင်မျိုးမှာ အလွန် ရှားပါးပြီး တွေ့ရန် ခက်ခဲသည်။ ထို့ကြောင့်ပင် ထျန်းဟောင်ဂြိုဟ်သားများမှာ ထိုဆေးပင်အား မကြားဖူးကြခြင်း ဖြစ်နိုင်ပေသည်။ ချန်းဖန်သည် ဆေးပညာ အစည်းအရုံးထဲရှိ စာအုပ်များ၊ မှတ်တမ်းများ အားလုံးကို ဖတ်ခဲ့သည့်တိုင် ခေါင်းကိုးလုံး ဖီးနစ် နတ်ဘုရား ဆေးပင် အကြောင်းကို မတွေ့ခဲ့ရချေ။

“အဲဒါသာ တကယ်ကြီး ခေါင်းကိုးလုံး ဖီးနစ် နတ်ဘုရား ဆေးပင် ဆိုရင် ငါ နတ်ဘုရား စက်ဝန်းရဲ့ သတ္တမ အသွင်ပြောင်းခြင်း အထိတောင် အောင်မြင် သွားနိုင်တယ်”

ချန်းဖန်က တွေးလိုက်၏။

တစ်ချိန်တည်း၌ လူအုပ်မှာလည်း ဆူညံစွာ စကားပြော နေကြသည်။

“ဟေ့လူ... အဲဒီမှာ နတ်ဘုရား ဆေးပင် တကယ် ရှိတယ်လို့ ခင်ဗျား ထင်လား...”

လူငယ် ကျင့်ကြံသူ တစ်ယောက်က စိတ်ဝင်တစား မေး၏။

“စောက်အဓိပ္ပာယ် မရှိတာကွာ... ရှေးဟောင်း မိစ္ဆာအင်းမှာ နတ်ဘုရား ဆေးပင် ပေါ်မလာတာ နှစ်ထောင်ချီ နေပြီ... ငါ့အထင် ကျိမိသားစုက သက်သက် ကံစမ်းတာပဲ နေမှာပါ... နတ်ဘုရား ဆေးပင် တစ်ခုက အဲ့လောက် ပေါနေရင် သူတို့ အစောတည်းက ယူပြီးပြီပေါ့”

အခြား ကျင့်ကြံသူ တစ်ယောက်က အာကျယ် အာကျယ် ပြောလိုက်၏။

“နတ်ဘုရား ဆေးပင်ကို တွေ့တွေ့၊ မတွေ့တွေ့ ကိစ္စ မရှိဘူး... သူတို့ ပေးတဲ့ လုပ်အားခနဲ့တင် ဒီခရီးကို ငါတို့ လိုက်ရတာ တန်နေပြီ”

ဝတ်စုံနက်ဝတ် အဘိုးအို တစ်ယောက်က ဆိုလိုက်၏။

“ဟုတ်တယ်...”

လူတိုင်းက သဘောတူဟန် ခေါင်းညိတ်လိုက်ကြသည်။

လူအများ ထွေရာလေးပါး ပြောဆို နေကြချိန်မှာပင် သခင်မလေးကျိမှာ ရောက်ရှိလာ၏။ သူမကား အသက် သုံးဆယ်ပြည့်ပြီးပြီ ဖြစ်သည့်တိုင် ဆယ်ကျော်သက် တစ်ယောက် ကဲ့သို့ နုပျိုနေသည်။ သူမသည် ရွှေအမြုတေ အစောပိုင်း အဆင့် အရှိန်အဝါကို ထုတ်ဖော်ထား၏။

သို့သော်လည်း ချန်းဖန်မှာမူ ထိုမိန်းကလေးမှာ ဤနေရာသို့ ရောက်ရှိနေသည့် ရွှေအမြုတေ အဆင့် အားလုံးထက် ပို၍ အစွမ်းထက်ကြောင်း ချက်ချင်းပင် သိရှိ လိုက်သည်။

“အားလုံးကို နှုတ်ဆက်ပါတယ်ရှင်... ရှင်တို့ အားလုံး ဒီခရီးရဲ့ ရည်ရွယ်ချက်ကို သိပြီး ဖြစ်မယ်လို့ ကျွန်မ ထင်ပါတယ်... ဒီခရီးစဥ် ပြီးဆုံးတာနဲ့ ရှင်တို့ တစ်ယောက်ချင်းဏိကို ဝိညာဥ် ကျောက်တုံး တစ်သန်းစီ ပေးဖို့ ကျွန်မ စီစဥ် ထားပါတယ်”

သခင်မလေးကျိက ဆိုလိုက်သည်။

“သခင်မလေး... ကျုပ်တို့ လမ်းမှာ တစ်ခုခု ဖြစ်ရင်ရော...”

လူအုပ်ထဲမှ တစ်ယောက်က အော်ဟစ်ကာ မေးလိုက်သည်။

သခင်မလေးကျိက ပေါ့ပေါ့ပါးပါးပင် အဖြေ ပေးလိုက်၏။

“ကျွန်မ မိသားစု ရတနာကို ဒီခရီး အတွက် ယူဆောင်လာပါတယ်... အဲဒီ ရတနာက ဘယ် မိစ္ဆာ ဗိုလ်ချုပ်ကို မဆို သတ်ဖြတ်နိုင်စွမ်း ရှိပါတယ်... ဒါပေမဲ့ ကံဆိုးပြီး မိစ္ဆာ စစ်ဦးစီးတွေနဲ့ တွေ့ရင်တော့... အင်း... နောက်ကျတဲ့ ခြေထောက် သစ္စာဖောက်ပေါ့ရှင်”

“ဟား...ဟား...”

ကျင့်ကြံသူများမှာ ရယ်မော လိုက်ကြ၏။

များသောအားဖြင့် အခြေတည် ဝိညာဥ် အဆင့် မိစ္ဆာ စစ်ဦးစီးများမှာ ရှေးဟောင်း မိစ္ဆာအင်း၏ အနက်ဆုံး အပိုင်းများတွင်သာ ရှိနေတတ်ကြသည်။ အလွန် ကံဆိုးသည့် ကျင့်ကြံသူများ သာလျှင် သူတို့နှင့် တွေ့ဆုံ ရတတ်ခြင်း ဖြစ်ပေသည်။

ရုတ်တရက် အသက်လတ် ကျင့်ကြံသူ တစ်ယောက်က ချန်းဖန်တို့အား လက်ညိုးထိုးလိုက်ရင်း...

“သခင်မလေး... သူတို့ သုံးယောက်က မူလ အဆင့်တွေ မလား... အားနည်းတဲ့ အဖော် တစ်ယောက် ရှိတာက အစွမ်းထက် ရန်သူ တစ်ယောက်ကို ရင်ဆိုင်ရတာထက် ပိုပြီး အန္တရာယ် များတယ် တဲ့... သူတို့ကို အဖွဲ့ထဲ ထည့်မှာ သေချာရဲ့လား...”

အသက်လတ်လူ၏ စကားကြောင့် သခင်မလေးကျိမှာ ချန်းဖန်တို့အား လှည့်ကြည့်လိုက်၏။ မူလအဆင့် သာသာရှိသော ချန်းဖန်တို့၏ အရှိန်အဝါကို ခံစားမိသည်နှင့် သူမက ခေါင်းအား ခါယမ်းလိုက်သည်။

ကပ္ပတိန်ရွှယ်က ရှေ့သို့ ကပျာကယာ တက်လာတာ ပြောလိုက်၏။

“သခင်မလေး... ကျင့်ကြံသူချန်းတို့ကို ကျွန်တော် ဖိတ်ခေါ်ထားတာပါ... သူတို့က သာမန် မူလအဆင့်တွေထက် ပိုပြီး အစွမ်းထက်ကြပါတယ်”

မိန်းကလေးကျိမှာ အနည်းငယ် အခက်တွေ့ သွားဟန်ရ၏။ ကပ္ပတိန်ရွှယ်မှာ သူမ အယုံကြည်ရဆုံး သက်တော်စောင့် ဖြစ်သည်။ သို့ဖြစ်ရာ သူမမှာ ကပ္ပတိန်ရွှယ်အား လူအများရှေ့၌ အရှက်ရသည့် အဖြစ်မျိုး မဖြစ်စေလိုချေ။

ချန်းဖန်က အသက်လတ်လူအား ကြည့်ကာ မျက်ခုံးပင့် လိုက်၏။

“ကြည့်ရတာ မင်းက ငါ့စွမ်းအားကို သံသယ ဖြစ်နေတဲ့ပုံပဲ...”

“ငါက အားလုံး ကောင်းဖို့ အတွက် ပြောတာပါ...”

အသက်လတ်လူက ပြန်ပြေလိုက်သည်။ သူသည် အဖွဲ့ထဲ၌ အစွမ်းအထက်ဆုံး ကျင့်ကြံသူများ အနက် တစ်ယောက် ဖြစ်ကာ အဆင့်ခြောက် ရွှေအမြုတေကို ပိုင်ဆိုင်ထားသည်။ သူ၏ နာမည်သည် ကောင်းကင် ဗိုလ်ချုပ်ဟူ ဖြစ်ကာ မိစ္ဆာနှိမ် ကောင်းကင်ဂိုဏ်းဝင် တစ်ယောက် ဖြစ်၏။

“ကောင်းပြီလေ... မင်း မကျေနပ်ရင် စစ်ဆေးနိုင်တယ်”

ချန်းဖန်က ပြုံးလိုက်၏။

“ဟူး...ဟူး...”

ရုတ်တရက် သူ၏ အနောက်၌ အနက်ရောင် တွင်းကြီး ခြောက်ခု ပေါ်လာကာ ကောင်းကင် ဗိုလ်ချုပ်ဟူအား ဖိအားပေးလိုက်၏။

“အာ... သခင်လေးတို့က မိစ္ဆာ ကျောင်းတော်က လာတာလား... တောင်းပန်ပါတယ် ခင်ဗျာ...”

ကောင်းကင် ဗိုလ်ချုပ်ဟူက အံ့အားသင့် သွားကာ ချက်ချင်းပင် တောင်းပန်လိုက်သည်။

အခြားသော လူများကလည်း ချန်းဖန်အား ကြောက်လန့်စွာ ကြည့်လိုက်ကြ၏။ မိစ္ဆာ ကျောင်းတော်သည် ထျန်းဟောင်ဂြိုဟ်ပေါ်တွင်  အလွန် ကျော်ကြားခြင်း မရှိသော်လည်း သူတို့၏ ကျောင်းသားများမှာ ရှေးဟောင်း မိစ္ဆာအင်းနှင့် အလွန် လိုက်လျောညီထွေ ရှိသည်။ ရှေးဟောင်း မိစ္ဆာအင်း အတွင်း၌ သူတို့သည် ကျင့်ကြံခြင်း အဆင့်ကို ကျော်လွန်ကာ ကြောက်မက်ဖွယ် ကောင်းအောင် အစွမ်းထက် လာတတ်ကြသည်။

“ကဲကဲ... အားလုံးပဲ အဆင်သင့် ပြင်ဆင်ထားကြပါရှင်... ညရောက်တာနဲ့ ခရီးကို စမှာ မလို့ပါ”

မိန်းကလေးကျိက ကြေညာလိုက်သည်။

“ကောင်းပါပြီ...”

လူတိုင်းက ခေါင်းညိတ်ကာ ပြင်ဆင်စရာများအား ပြင်ဆင်ရန် လူစုခွဲလိုက်ကြ၏။

တစ်ချိန်တည်း၌ ဆေးဧကရာဇ် ချန်းပေ့ရွှမ်း ရှေးဟောင်း မိစ္ဆာအင်းသို့ ရောက်ရှိနေသည် ဆိုသော သတင်း အပိုင်းအစမှာ ထျန်းဟောင်ဂြိုဟ်၌ စတင်ကာ ပျံ့နှံ့နေခဲ့ပြီ ဖြစ်လေသည်။

...

နောက်တစ်နေ့ နံနက်...

“ဝှစ်...”

ဆေးနတ်ဘုရားဂိုဏ်း ဘိုးဘေး ခန်းမ၏ ဂိတ်တံခါးသည် ပွင့်ဟ လာ၏။ ခါကုန်းနေသည့် အဘိုးအို တစ်ယောက်သည် ထိုတံခါးမှ ထွက်ပေါ်လာသည်။ သူ၏ ခန္ဓာကိုယ်သည် ရွှေရောင်ဖြင့် တောက်ပနေကာ ဗုဒ္ဓ တစ်ပါးအလား ခန့်ညားထည်ဝါနေ၏။

များစွာသော ဆေးနတ်ဘုရားဂိုဏ်း၏ တပည့်များသည် ဘိုးဘေး ခန်းမ အရှေ့တွင် ညီညာစွာ ဒူးထောက် နေကြသည်။

“မြင့်မြတ်တဲ့ ဘိုးဘေး ခင်ဗျား... ဆေးဧကရာဇ်ချန်းကို သတ်ဖြတ်ပြီး ကျုပ်တို့ရဲ့ ဆက်ခံသူ အတွက် လက်စားချေ ပေးပါ”

အဘိုးအိုက ခေါင်းညိတ်လိုက်၏။ ထို့နောက် သူ၏ ခန္ဓာကိုယ်က ရွှေရောင် အလင်းတန်း အဖြစါ ပြောင်းလဲကာ ရှေးဟောင်း မိစ္ဆာအင်း ရှိရာ အရပ်သို့ ထွက်ခွာ သွားတော့သည်။

...

ထိုကဲ့သို့သော မြင်ကွင်းမျိုးက ဆေးနတ်ဘုရား ဂိုဏ်း တစ်ခုတည်းတွင်သာ ဖြစ်ပွားသွားခဲ့ခြင်း မဟုတ်ချေ။ ကုန်းစွန်း မိသားစု ပိုင်နက်၊ ကောင်းကင် ကျောက်စိမ်း ကျောင်းတော်၊ ပြန်လည် မွေးဖွားခြင်းဂိုဏ်းတို့တွင်ပါ ဖြစ်ပျက် သွားခဲ့ခြင်း ဖြစ်၏။

...

ထိုအချိန် လျှို့ဝှက်သော နေရာ တစ်ခု၌ လူအို ကျင့်ကြံသူကြီး တစ်ဦးသည် ခေါင်းအား ခါယမ်းနေ၏။ သူက လက်တစ်ဖက်ဖြင့် သံလိုက်အိမ်မြှေင် တစ်ခုကို ကိုင်ကာ အခြား တစ်ဖက်ဖြင့် ကလေးမလေး တစ်ယောက်ကို ချီပိုးထားသည်။

“ဒီဂြိုဟ်ပေါ်မှာ ဖောက်ပြန်ခြင်းတွေ ဖြစ်နေပြီ... သေမျိုး တစ်ယောက်က မသေခြင်းတရားကို နှစ်တစ်သောင်း ကျင့်ကြံမှ ရရှိနိင်တယ်... ဒါပေမဲ့ အခြေတည် ဝိညာဥ် အဆင့် တစ်ယောက်က ရွှေအမြုတေ အဆင့်ကို အနိုင် မယူနိုင်တော့ဘူး... ရှက်ဖို့ကောင်းလိုက်လေခြင်း... သူတို့ရဲ့ ဂုဏ်တွေ သိက္ခာတွေက ဘယ်ရောက်သွားပြီလဲ... ဒီလိုဂြိုဟ်စုတ် ဂြိုဟ်ပြတ်လေးမှာ သင့်တော်တဲ့ အခိုက်အတန့်မျိုး ရှာတွေ့လိမ့်မယ်လို့ ထင်မထားဘူး...”

“အဘိုး... ဘာက သင့်တော်တဲ့ အခိုက်အတန့်မျိုးလဲ...”

ကလေးမလေးက မေးလိုက်သည်။

သူမသည် အသက် ခုနစ်နှစ်၊ ရှစ်နှစ်ခန့်သာ ရှိကာ ဂါဝန်ကို ဝတ်ဆင်ထား၏။ သို့သော်လည်း အံ့အားသင့်စရာ ကောင်းလောက်အောင်ပင် သူမမှာ မူလ ဝိညာဥ် အဆင့်သစို့ ရောက်ရှိနေခဲ့ပြီ ဖြစ်လေသည်။

“အဲဒါက ထိပ်တန်း လျှို့ဝှက်ချက်ကွ... ပြောပြလို့ မရဘူး...”

အဘိုးအိုက ခေါင်းအား ခါယမ်း လိုက်၏။

အကယ်၍ တစ်စုံတစ်ယောက်ကသာ မြင်နိုင်ပါက ထိုအဘိုးအိုမှာ ခြေတစ်လှမ်းလျှင် ကီလိုမီတာ တစ်ထောင်နှုန်းဖြင့် ရွေ့လျားနေသည်ကို အံ့အားသင့်စွာ တွေ့မြင်ရလိမ့်မည် ဖြစ်သည်။ သူ၏ လက်ထဲရှိ သံလိုက်အိမ်မြှောင်မှာမူ ရှေးဟောင်း နတ်ဆိုးအင်း ရှိရာ အရပ်သို့ ညွှန်ပြနေခဲ့လေ၏။

***

All Chapters