အခြေတည် ဝိညာဉ် အဆင့်များ စုစည်းမှု
Vol. 10 Ch. 965
ရှေးဟောင်း မိစ္ဆာအင်း၏ ဝင်ပေါက်ကို ဖြတ်ကျော်ပြီးနောက် ချန်းဖန်တို့သည် ၎င်း၏ ပထမ အလွှာသို့ ရောက်ရှိ လာခဲ့ကြ၏။ ရှေးဟောင်း မိစ္ဆာအင်း အတွင်းရှိ လောကကား အပြင် ကမ္ဘာနှင့် လုံးလုံး ကွာခြားလှသည်။ ထူးဆန်းသော ကျောက်တုံးများ နေရာ အနှံ့ ကြဲပြန့် နေသည်မှ အပ ကမ္ဘာတစ်ခုလုံးမှာ ကျိုးပဲ့ကာ အရိုင်းဆန် နေသည်။
ချန်းဖန်သည် ထိုနေရာ၌ အပင် တစ်ပင်၊ နှစ်ပင် ကိုသာ တွေ့ရှိရ၏။ သို့သော်လည်း ထိုအပင်များမှာ အနက်ရောင် အကြေးခွံများနှင့် ဖုံးလွှမ်းေသာ အသားစား အပင်များပင် ဖြစ်သည်။ ၎င်းတို့သည် အခွင့်ရသည်နှင့် ကျင့်ကြံသူများကို သတ်ဖြတ်ကာ သွေးများကို စုပ်ယူကြ၏။
ချန်းဖန်တို့ အဖွဲ့သည် ရှေ့သို့ ဆက်လက် ချီတက်ကြရာ ပိုမို များပြားသော အပင်များကို တွေ့မြင်လာကြရသည်။ တစ်ခဏ ကြာပြီးနောက် သူတို့သည် မိစ္ဆာ သားရဲ အချို့ကိုပင် တွေ့မြင်လာရ၏။
“အားလုံးပဲ ဂရုစိုက်ကြပါ... ကျုပ်တို့တွေ ရှေးဟောင်း မိစ္ဆာအင်းထဲကို ရောက်နေပါပြီ... နောက်ပြီး ဒီအထဲမှာ ပေါက်ရောက်နေတဲ့ သက်ရှိတွေကို အတတ်နိုင်ဆုံး ရှောင်ကွင်းကြပါ... မြက်ပင်တစ်ပင်ကတောင် ရုတ်တရက် ဓားတစ်ချောင်း ဖြစ်သွားပြီး ခင်ဗျားတို့ကို သတ်ပစ်လိမ့်မယ်”
ကောင်းကင် ဗိုလ်ချုပ်ဟူက သတိပေး လိုက်သည်။
နေ့တစ်ဝက် မကျိုးခင်မှာပင် သူတို့ အဖွဲ့သည် မကြာခဏ ဆိုသလို မိစ္ဆာငယ်လေးများနှင့် ရင်ဆိုင် တွေ့လာကြရသည်။ သို့သော်လည်း သူတို့ အဖွဲ့သည် ရင်ဆိုင်ရသော မိစ္ဆာ မှန်သမျှကို အလွယ်တကူပင် သတ်ဖြတ် ပစ်နိုင်ခဲ့သည်။
တိုက်ပွဲ အနည်းငယ် အပြီးနောက် အဖွဲ့ဝင်များ အားလုံးသည် အတွေ့အကြုံ ပြည့်ဝသော ဗိုလ်ချုပ်ဟူကို ခေါင်းဆောင် အဖြစ် စတင် ယူဆ လာကြသည်။
ချန်းဖန်တို့မှာမူ ထိုအဖွဲ့နှင့် သိပ်မရောယှက်ပဲ နောက်ခပ်လှမ်းလှမ်းမှသာ လိုက်ပါလာ၏။
“အကို... သမီး ဒီနေရာကို သိပ်မကြိုက်ဘူး... နေရာတိုင်းမှာ အန္တရာယ် အငွေ့အသက်တွေ ပြည့်နေသလို ခံစားနေရတယ်... နောက်ပြီး ကျင့်ကြံရတာ ဘယ်လိုမှ အဆင်မပြေဘူး”
ရှောင်မန်က ခပ်တိုးတိုး ပြောလိုက်သည်။
“အင်း... ဟုတ်တယ်... ဒီနေရာက မိစ္ဆာချီတွေနဲ့ ပြည့်နေတာ... ဝိညာဥ်ချီက မရှိသလောက် ရှားတယ်”
ချန်းဖန်က ခေါင်းညိတ်လိုက်သည်။
သို့သော်လည်း သူ့အတွက်မူ မည်သည့် အခက်အခဲမျှ မရှိချေ။ သူသည် အိမ်သို့ ပြန်ရောက်လာသည့် လူတစ်ယောက် အလား သက်တောင့်သက်သာ ဖြစ်မှုကိုသာ ခံစားနေရသည်။ အနက်ရောင် တွင်းပေါက်ကြီး ခြောက်ခုသည် သူ၏ နောက်၌ ဖြစ်ပေါ်နေကာ မိစ္ဆာချီများကို အငမ်းမရ စုပ်ယူနေ၏။
များစွာသော ကျင့်ကြံသူများသည် ချန်းဖန်အား ကြောက်ရွံ့သည့်ဟန် ကွက်ကြည့်၊ ကွက်ကြည့် လုပ်နေကြ၏။
ငါးခုမြောက် အလွှာ...
ခြောက်ခုမြောက် အလွှာ...
ခုနစ်ခုမြောက် အလွှာ...
သူတို့ အဖွဲ့သည် မကြာခင်မှာပင် အလွှာ နှစ်ဆယ် အထိကို ရောက်ရှိ လာခဲ့သည်။ သို့သော်လည်း အလွှာနှစ်ဆယ်မှ စတင်၍ သူတို့သည် ရွှေအမြုတေ အဆင့် မိစ္ဆာ ဗိုလ်ချုပ်များနှင့် စတင် တွေ့ဆုံလာရရာ သူတို့၏ အမြန်နှုန်းမှာလည်း တဖြည်းဖြည်း စတင်ကာ လျော့နည်းလာ၏။
အလွှာ ၂၀ ၌ အမြုတေ ဖွဲ့စည်းခြင်း အဆင့် ကျင့်ကြံသူ အချို့ကို ဆုံးရှုံးပြီးနောက် လူတိုင်းမှာ ပို၍ တိတ်ဆိတ်လာ၏။ သူတို့သည် တစ်ယောက်နှင့် တစ်ယောက် နီးကပ်စွာ ပျံသန်းကာ အလစ်တိုက်ခိုက်မှုများကို နားစွင့် နေကြသည်။
“ဒီနေရာကနေ စပြီး အန္တရာယ် အရမ်းများလာပြီ... မကြာခင် မိစ္ဆာ ဗိုလ်ချုပ်တွေနဲ့ ခဏ ခဏ တွေ့လာရလိမ့်မယ်... အားလုံးပဲ သတိထားကာပါ”
ကျင့်ကြံသူ တစ်ယောက်က သက်ပြင်းတစ်ချက်ချကာ သူ၏ အဖော်များကို ပြောလိုက်သည်။ ထို့နောက် သူက ချန်းဖန် ဘက်သို့ လှည့်ကာ လက်နှစ်ဖက်အား ယှက်လိုက်၏။
“ကျုပ်နာမည်က စီမာတိုင်ပါ... ကျုပ် ခင်ဗျားရဲ့ မိစ္ဆာ ကျင့်စဥ်ကို တကယ်ပဲ အံ့အားသင့်မိပါတယ်... အဲဒီ ကျင့်စဥ်ကို ခင်ဗျား မူလ မိစ္ဆာတွေဆီက သင်ယူလာခဲ့တာလား”
ချန်းဖန်က ခေါင်းအား ခါယမ်း လိုက်သည်။
“ကျုပ် အမှတ်မထင် ရှာတွေ့ခဲ့တာပါ...”
“သဘောပေါက်ပါပြီ... ဒါနဲ့ ကျုပ်တို့ အဖွဲ့ငယ် တစ်ဖွဲ့ဖွဲ့ကြရင် ဘယ်လို သဘောရလဲ... ခင်ဗျားတို့ သုံးယောက်ရယ် ကျုပ်တို့ အဖွဲ့ရယ်ပေါ့”
စီမာတိုင်က ဖော်ရွေသော အပြုံးဖြင့် ဆိုလိုက်သည်။
ချန်းဖန်က အကဲခတ်လိုက်ရာ စီမာတိုင်၏ နံဘေး၌ အခြား ကျင့်ကြံသူ ငါးယောက် မတ်တပ်ရပ်နေသည်ကို တွေ့လိုက်ရသည်။ ထိုအုပ်စု၌ ယောက်ျား သုံးယောက်၊ မိန်းကလေး နှစ်ယောက် ပါဝင်၏။
ယောက်ျား သုံးယောက်မှာ စီနီယာ ကျင့်ကြံသူ တစ်ယောက်၊ ထွားကြိုင်းသော ကျင့်ကြံသူ တစ်ယောက်နှင့် လူငယ် တစ်ယောက်တို့ ဖြစ်သည်။ မိန်းကလေး နှစ်ယောက်မှာ ညီအမများ ဖြစ်ဟန်ရကာ နှစ်ယောက် စလုံးမှာ ချောမောလှပ၍ ဆွဲဆောင်မှု ရှိသူများ ဖြစ်သည်။
ထိုအဖွဲ့ထဲရှိ အစွမ်း အထက်ဆုံး ကျင့်ကြံသူမှာ ရွှေအမြုတေ အစောပိုင်း အဆင့်သာ ဖြစ်ကာ အချို့ဆိုလျှင် အမြုတေ ဖွဲ့စည်းခြင်း အဆင့်များ ဖြစ်ကြသည်။ သူတို့၏ ဓမ္မ ရတနာများမှာလည်း ပျော့ညံ့ကာ အစွမ်းကင်းမဲ့ပုံ ပေါ်၏။ သူတို့ကား ဤခရီးကို မက်မောလောက်သော ဆုလာဒ်ကြောင့်သာ လိုက်လာပုံ ရပေသည်။
“ကောင်းပြီလေ...”
ချန်းဖန်က သဘောတူ လိုက်၏။
အတိတ်ဘဝ၌ သူသည် မရေမတွက်နိုင်သော ခါးသီးမှုများကို ကျော်ဖြတ်ခဲ့ရသူ ဖြစ်ရာ သာမန်လူများကို အမြဲတမ်း ကိုယ်ချင်းစာသည်။ မြောက်ပိုင်း ကောင်းကင် ဧကရာဇ် ဘဝ ရောက်ရှိပြီးသည့် အချိန်တွင်ပင် သူသည် သေမျိုး ကမ္ဘာများသို့ သွားကာ အဆင့်နိမ့် ကျင့်ကြံသူများနှင့် စကားစမြည် ပြောလေ့ရှိသည်။
မိတ်ဆက်ပြီးနောက် ညီအမ နှစ်ယောက်၏ နာမည်မှာ ရှုယုံနှင့် ရှုန ဖြစ်ကြောင်း သူတို့ သိလာရ၏။ သူတို့ နှစ်ယောက်သည် မကြာခင်မှာပင် ရှောင်မန်နှင့် အဖွဲ့ကျ သွား၏။
“ကျင့်ကြံသူချန်း... ခင်ဗျား ညီမက ဘယ်လို ကျင့်စဥ်မျိုး ကျင့်ထားတာလဲ... ရှေးဟောင်း မိစ္ဆာကြီးတွေတောင် သူ့ကို ကြောက်တာ ကျွန်တော် သတိထားမိတယ်”
စီနီယာ ကျင့်ကြံသူက ရှောင်မန်အား ကြည့်ကာ အံ့ဩတကြီး မေးလိုက်၏။ သူသည် အစောပိုင်း တိုက်ပွဲတစ်ခု၌ ရှောင်မန်၏ တိုက်ခိုက်ပုံကို မြင်ကတည်းက ထိုမေးခွန်းအား မေးချင်နေခြင်း ဖြစ်သည်။
“ကျုပ်ညီမက နဂါး ဧကရာဇ်ရဲ့ သွေးမျိုးဆက် ပါတယ်လေ...”
ချန်ူဖန်က အပြုံးဖြင့် ပြန်ဖြေလိုက်သည်။
“နဂါး ဧကရာဇ်... မထူးဆန်းဘူးပဲ”
လူတိုင်းက တွေးလိုက်ကြ၏။
နဂါးကား စကြဝဠာ တစ်ခုလုံးတွင်ပင် ထိပ်တန်း ကောင်းကင် သားရဲမျိုးနွယ် တစ်ခု ဖြစ်သည်။ အစစ်အမှန် နဂါး၏ သွေးမျိုးဆက် မဆိုထားနှင့် သာမန် မြွေနဂါး တစ်ကောင်၏ သွေးမျိုးဆက် ပါလျှင်ပင် အလွန် အစွမ်းထက်နေပြီ ဖြစ်သည်။
“ဟူး... ငါတို့ကျတော့လည်း ကံဆိုးလိုက်တာ... ငါတို့ မိသားစုက ရွှေအမြုတေ အဆင့် မီးပျံလွှားငှက်ရဲ့ သွေးမျိုးဆက်ပဲ ပါတာလေ... အခု ငါ ဘယ်လောက်ပဲ ကြိုးစား ကြိုးစား ရွှေအမြုတေ အစောပိုင်း အဆင့်က မတက်နိုင်သေးဘူး”
ထွားကြိုင်းသော ကျင့်ကြံသူက သက်ပြင်းချရင်း ပြောလိုက်၏။
“ခင်ဗျားကမှ တော်ပါသေးတယ်ဗျာ... ကျုပ်ဆို အဆင့်နိမ့် ရွှေအမြုတေကို ဖွဲ့စည်းနိုင်ရင်တောင် ကံကောင်းလို့ ပြောရမယ်”
အခြား လူငယ်ကလည်း စိတ်ပျက် အားလျှော့စွာ ဆိုလိုက်သည်။
စီမာတိုင်မှာမူ ဘာမှ မပြောပဲ သက်ပြင်းသာ ချနေခဲ့၏။
ကျင့်ကြံခြင်း ခရီးလမ်းကား အလွန်ပင် ခက်ခဲလှသည်။ အထူးသဖြင့် သူတို့ကဲ့သို့ နောက်ခံ ကောင်းကောင်း မရှိသည့် ကျင့်ကြံသူတို့၏ ဘဝမှာ ပို၍ ခက်ခဲလှ၏။
ချန်းဖန်သည် သူတို့၏ စကားဝိုင်းကို လေးနက်စွာ နားထောင်နေ၏။ ထိုအရာက သူ၏ အတိတ်ဘဝ အစ နေ့ရက်များကို ပြန်လည် သတိရစေသည်။ ထိုစဥ်က သူနှင့် ဖန့်ချုံးသည် လက်ချင်းတွဲကာ အခက်အခဲများစွာကို ဖြတ်ကျော်ခဲ့သည်။ သူတို့သည် အသုံးမဝင်သော ဆေးအချို့ အတွက် အသက်ကို လောင်းကြေးထပ်ကာ လုယက်ခဲ့ရသည်။ ထိုဒုက္ခသုက္ခများ အကြား၌ ဖန့်ချုံးသည် သူ့အား ကာကွယ်ရန် အသက်ကိုပင် စွန့်လွှတ်ခဲ့ရသည်။
“အတိတ်က နှစ်ငါးရာ ကြာပြီး အဖြစ်အပျက်တွေတောင် တစ်ပတ်လည်ပြီးပြီ... ငါ ဘာလို့ မမေ့နိုင်သေးတာလဲ... ရှောင်ချုံးရေ ခုချိန် နင် ဘာတွေများ လုပ်နေမလဲ”
ချန်းဖန်က ကောင်းကင်သို့ မော့ကြည့်ကာ ရေရွတ်လိုက်၏။
“ငါ ကမ္ဘာက ထွက်လာခဲ့တာ နှစ်တွေ တော်တော်ကြာခဲ့ပြီပဲ... ဒီတစ်ခေါက် ပြဿနာတွေ ပြီးရင်တော့ ငါ ပြန်ဖို့ ကြိုးစားရမယ်”
ချန်းဖန်က သက်ပြင်းတစ်ချက် ချလိုက်သည်။
“ဘုန်း...”
ရုတ်တရက် ကျယ်လောင်သော အသံတစ်ခု ထွက်ပေါ်လာ၏။
“ဘာဖြစ်တာလဲ...”
လူတိုင်းက အဝေးသို့ လှမ်းငေးလိုက်ကြသည်။
***
ထိုအချိန် ရှေးဟောင်း မိစ္ဆာအင်း၏ အပြင်ဘက်၌ များစွာသော ကျင့်ကြံသူများသည် ကောင်းကင်သို့ မော့ကြည့်နေကြ၏။ သူတို့၏ စိတ်ထဲတွင်မူ တူညီသော စကားလုံး တစ်ခုက ခုန်ပေါက်နေ၏။
“ကောင်းကင်အရှင်...”
ထျန်းဟောင်ဂြိုဟ်ပေါ်၌ အခြေတည် ဝိညာဥ် အဆင့်မှာ လက်တစ်ဆုပ်စာသာ ရှိသည်။ သူတို့သည် များသောအားဖြင့် တံခါးပိတ် တရား ကျင့်ကြံခြင်း၊ စကြဝဠာ အတွင်း လှည့်လည် သွားလာခြင်းများ ပြုလုပ် နေတတ်ကြကာ လူမြင်ကွင်းသို့ ထွက်ပေါ်လာလေ့ မရှိကြချေ။ သို့သော်လည်း အဘယ်ကြောင့် ရှေးဟောင်း မိစ္ဆာအင်း၌ တစ်ယောက် ပေါ်လာရသနည်း။
သူတို့တွေးနေစဥ်မှာပင် ပိုမို များပြားသော အလင်းများမှာ ကောင်းကင်ထက်၌ ပေါ်လာခဲ့၏။
“တစ်...”
“နှစ်...”
“သုံး...”
“ ... “
“ဘာတွေဖြစ်နေတာလဲ... အခြေတည် ဝိညာဥ် အဆင့်တွေ အများကြီးပါလား...”
လူတိုင်းမှာ ဒူးများတုန်သည် အထိ ကြောက်လန့် အံ့အားသင့် သွားကြတော့၏။
***
မိစ္ဆာ အကျဥ်းထောင် မြို့တော်…
ကြီးမားသည့် ဘုရားကျောင်းကြီး တစ်ခုထဲ၌ အကြီးအကဲ သုံးယောက်သည် မျက်လုံးမှိတ်ကာ တရားထိုင်နေကြ၏။ ခန့်မှန်း၍ မရနိုင်သော စွမ်းအားများသည် သူတို့၏ ခန္ဓာကိုယ်ကို ဖြတ်သန်းကာ ဖြည်းညင်းစွာ စီးဆင်းနေသည်။
ရုတ်တရက် ဘယ်ဘက် အစွန်ရှိ အကြီးအကဲ၏ မျက်လုံးမှာ ပွင့်လာ၏။
“မဟူရာ မိစ္ဆာ၊ ရွှမ်ဟောင်၊ ဓားရူး၊ ကောင်းကင် အရှင် အနီရောင် နဂါးနဲ့… နောက်ဆုံး တစ်ယောက်က… သူ့ရဲ့ စွမ်းအားက ရွှေအမြုတေ တစ်ယောက်ထက် အဆ တစ်သောင်းလောက် ပိုသာနေပါလား… အဲဒါက ဆေးနတ်ဘုရားဂိုဏ်းရဲ့ ဘိုးဘေး ဖူတူ မလား… ဟုတ်တယ် သူပဲ… ချန်းပေ့ရွှမ်းတော့ ဒုက္ခရောက်ပြီ”
ညာဘက် အစွန်ရှိ ပလ္လင်၌ ထိုင်နေသော အမျိုးသမီး ကျင့်ကြံသူ၏ မျက်လုံးများမှာလည်း ပွင့်ဟ လာ၏။
“ဂိုဏ်းတူ အကိုကြီး… ငါတို့တွေ သူတို့ကို တားရမလား… သူတို့က ငါတို့ ပိုင်နက်တည်းကို ခွင့်မတောင်းပဲ ကျူးကျော်နေတာ…”
အလယ် ပလ္လင်၌ ထိုင်နေသော အကြီးအကဲက ခေါင်းခါ လိုက်သည်။
“လွှတ်ထားလိုက်… သူတို့က ငါတို့ကို ရန်ပြုဖို့ လာတာ မဟုတ်ဘူး…”
ထို့နောက် သူတို့ သုံးယောက်မှာ မျက်လုံများကို ပိတ်ကာ ပြန်လည် ငြိမ်သက် သွားကြတော့၏။
***