နတ်ဘုရားတို့၏ နယ်မြေ
Vol. 10 Ch. 966
တစ်ချိန်တည်း၌ ရှေးဟောင်း မိစ္ဆာအင်း အတွင်း၌ ပြင်းထန်သော တိုက်ပွဲ တစ်ခု ဖြစ်ပေါ်နေသည်။
“ယား…”
မူလ အဆင့် မိစ္ဆာ စစ်သည် တစ်ယောက်က ၎င်း၏ ကြေးရောင် စစ်သုံးဓားကို ကိုင်ကာ ရှုနအား အကြိမ်ကြိမ် ခုတ်ပိုင်းနေသည်။ ထိုမိစ္ဆာ စစ်သည်သည် အနက်ရောင် အကြေးခွံ သံချပ်ကာ တစ်ခုကို ဝတ်ဆင်ထားကာ လင်းနို့တောင်ပံနှစ်ခုကို ပိုင်ဆိုင်ထား၏။
“ကူညီကြပါဦးရှင်…”
ရှုနမှာ ရန်သူ၏ တိုက်ခိုက်မှုများကို သူမ၏ အနီရောင် လက်ကောက်ဖြင့် ခုခံရင်း နောက်သို့ အကြိမ်ကြိမ် ဆုတ်ခွာနေရသည်။ အကူအညီသာ မရပါက မကြာခင် ထိုမိစ္ဆာ စစ်သည်၏ ဓားချက်က သူမအား ပိုင်းဖြတ် သွားတော့မည် ဖြစ်သည်။
သို့သော် အခြား ကျင့်ကြံသူများမှာလည်း ကိုယ်စီ အသက်လု နေကြရရာ သူမအား လှည့်ပင် မကြည့်အားကြချေ။ ရှုယုံပင်လျှင် ဘာလုပ်ပေးရမှန်း မသိခဲ့ချေ။
“ဟူး…”
ရှောင်မန်က ရွှေရောင် အလင်းတန်း တစ်ခု အဖြစ် ပျံသန်းကာ ရှုန၏ နံဘေးသို့ ရောက်ရှိသွား၏။
“ဘုန်း…”
သူမက လက်သီးအား ထိုးလိုက်ရာ မိစ္ဆာ စစ်သည်မှာ ပေါက်ကွဲကာ ချက်ချင်း သေဆုံး သွားသည်။
“အစွမ်းထက်လိုက်တာ…”
စီမာတိုင်နှင့် အခြားလူများမှာ ရှောင်မန်၏ အစွမ်းကို ကြည့်ကာ အံ့အားသင့် သွားကြသည်။
သူတို့သည် ရှောင်မန်ကို ရုပ်ဖျက်ထားသော ရွှေအမြုတေ အဆင့် တစ်ယောက်ဟုပင် တွေးလိုက်မိကြ၏။ တိုက်ပွဲ အတွင်း၌ ထိုမိန်းကလေးကား စစ်မြေပြင် တစ်ခုလုံးကို ပြေးလွှားကာ မိစ္ဆာ အများစုကို တစ်ယောက်တည်း သတ်ဖြတ်ခဲ့သည်။ ထိုကဲ့သို့သော စွမ်းအားမျိုးက မူလ အဆင့်၏ အကန့်အသတ်ထက် ကျော်လွန်နေသည် မဟုတ်ပါလား။
“မဆိုးဘူး…”
ချန်းဖန်က ခေါင်းညိတ် ပြလိုက်သည်။
သူသည် တစ်ချိန်လုံး ယာဥ်ပျံတစ်ခုပေါ်တွင်သာ ပျင်းရိစွာ ထိုင်နေခဲ့ခြင်း ဖြစ်၏။ ထိုယာဥ်ပျံ အနားသို့ ကပ်လာသည့် မိစ္ဆာတိုင်းမှာလည်း သူ၏ နောက်ရှိ အနက်ရောင် တွင်းနက် ခြောက်ခု၏ စုပ်ယူ စားသောက်ခြင်းကို ခံလိုက်ရစမြဲ ဖြစ်၏။ ရွှေအမြုတေ အဆင့် မိစ္ဆာ ဗိုလ်ချုပ်များပင် ထိုတွင်းနက်များ၏ စုပ်ယူမှုကို လွန်ဆန်နိုင်ခြင်း မရှိခဲ့ချေ။
သူတို့သည် ရှေးဟောင်း မိစ္ဆာအင်း အနက်ပိုင်းသို့ ပို၍ ဆင်းသည်နှင့် ပိုမို များပြားသော မိစ္ဆာ စစ်သည်များကို တွေ့လာကြရသည်။ အလွှာ သုံးဆယ်ကျော်သို့ အရောက်၌ နတ်ဆိုး ဗိုလ်ချုပ်များကို တွေ့မြင်ရသည့် အကြိမ်ရေမှာ ပို၍ စိပ်လာခဲ့၏။
“ဘုန်း…”
ရွှေအမြုတေ အဆင့် ဗိုလ်ချုပ် တစ်ယောက်က သူစီးလာသည့် မြင်းကို ကျိန်စာ တစ်ခုဖြင့် မန်းမှုတ်ကာ စစ်သုံး ပုဆိန်ရှည်ကြီး အဖြစ် ပြောင်းလဲ လိုက်၏။ ထို့နောက် သူက ထိုလက်နက်ကို ဆွဲကိုင်ကာ ကျင့်ကြံသူ ခြောက်ယောက်ကို တစ်ပြိုင်နက်တည်း သတ်ဖြတ် ပစ်လိုက်သည်။ မကြာခင်မှာပင် သူသည် တိုက်ခိုက်လာသော အစီအရင်များအောက်၌ သေသွားရသည့်တိုင် မသေခင် လူသား ကျင့်ကြံသူများကို အတော်အတန် ထိခိုက်သည် အထိ ခုတ်ထစ် သတ်ဖြတ်နိုင်ခဲ့သည်။
သို့သော်လည်း ထိုအရာက အစမျှသာ ဖြစ်၏။ သူတို့သည် ရှေ့သို့ ခရီးဆက်သည်နှင့် အမျှ ပိုမို များပြားသော နတ်ဆိုး ဗိုလ်ချုပ်များနှင့် တွေ့ဆုံ လာရသည်။ ၎င်းတို့၏ တိုက်ခိုက်မှုများ အောက်တွင် များစွာသော အဆင့်နိမ့် ကျင့်ကြံသူများမှာ ယင်ကောင်များ ကဲ့သို့ တဖွဲဖွဲ ကြွေလွင့် နေခဲ့ပြီ ဖြစ်လေသည်။
“သောက်ချီးပဲ… မရောက်သေးဘူးလားကွာ…”
စီးမာတိုင်က ကျိန်ဆဲလိုက်၏။
သူတို့သည် တိုက်ပွဲများ အလယ်၌ အသက်ရှင်သန်နိုင်ရန် ခက်ခဲစွာ ကြိုးစား နေရသည်။ အကယ်၍ ရှောင်မန်ကသာ ကာကွယ် မပေးပါက သူတို့ ခြောက်ယောက် တစ်ဖွဲ့လုံးမှာ သေဆုံး၍ပင် နေလောက်ပြီ ဖြစ်သည်။
အားလုံးရုန်းကန် နေရချိန်၌ ချန်းဖန်မှာမူ ယာဥ်ပျံပေါ်တွင် သက်တောင့်သက်သာ ရှိနေဆဲ ဖြစ်သည်။ သူသည် အစီအရင် တစ်ခုကိုပင် ခင်းကျင်းကာ မိစ္ဆာချီများနှင့် မိစ္ဆာ စစ်သည်များကို စုပ်ယူ ဝါးမျိုကာ ကျင့်ကြံနေခဲ့၏။
“ငါတို့ ကြာကြာ တောင့်မခံနိုင်တော့ဘူး… ကောင်းကင် ဗိုလ်ချုပ်ဟူနဲ့ သခင်မလေးကျိ တို့ကို ငါတို့ နောက်ပြန်ဆုတ်နိုင်မလား မေးသင့်တယ်…”
စီနီယာ ကျင့်ကြံသူ တစ်ယောက်က အကြံပြုလိုက်၏။
များစွာသော လူများက ထိုအရာကို သဘောတူကြသည်။ သူတို့သည် နတ်ဘုရား စိတ်အာရုံဖြင့် ဆက်သွယ်၍ တောင်းဆိုကြသော်လည်း တုန့်ပြန်မှုက စိတ်ပျက်စရာသာ ဖြစ်နေခဲ့သည်။
“သောက်ချီးပဲကွာ…”
ကျင့်ကြံသူများက ကျယ်လောင်စွာ အော်ဟစ် ဆဲလိုက်ကြသည်။
“ငါတို့က အခု အလွှာ ၃၅ ကို ရောက်နေပြီ… ဆက်သွားရင်လည်း သေဖို့ပဲ ရှိတယ်… ပြန်လှည့်ရင်လည်း ဘယ်လိုမှ လုံခြုံမှာ မဟုတ်ဘူး”
စီမာတိုင်မှာ ဒေါသထွက်နေ၏။ သို့သော်လည်း သူ့အနေဖြင့် မည်ကဲ့သို့ လုပ်နိုင်မည်နည်း။ ရှေ့သို့ဆက်၍ တက်ရန်မှ လွဲ၍ အခြား ရွေးချယ်စရာ မရှိခဲ့ချေ။
“ဟမ်…”
ရုတ်တရက် ချန်းဖန်မှာ မျက်မှောင်ကြုတ်သွား၏။
“တူ… တူ…”
ရုတ်တရက် ကျွဲချို မှုတ်သံနှင့် အတူ မိစ္ဆာ စစ်သည် အုပ်စုကြီးမှာ ဆူနာမီ လှိုင်းလုံးများ ကဲ့သို့ သူတို့ထံ အရပ်မျက်နှာ ပေါင်းစုံမှ ပြေးဝင်လာ၏။ ထိုအုပ်စုကြီးကား ပရမ်းပတာ ချီတက်လာခြင်းမျိုး မဟုတ်ပဲ ငွေရောင် ဝတ်စုံဝတ် မိစ္ဆာ ဗိုလ်ချုပ်တစ်ရာ၏ ဦးဆောင်မှု အောက်၌ ဝင်္ကပါ ဖွဲ့စည်းကာ တိုက်ခိုက်လာကြခြင်း ဖြစ်သည်။
“အဲဒါက မိစ္ဆာမျိုးနွယ်ရဲ့ စစ်ဝင်္ကပါ မလား… အဲဒီ ဝင်္ကပါက အလွှာ ငါးဆယ်ကျော်မှ ပေါ်လာတတ်တာ မဟုတ်ဘူးလား… ဘာလို့ ဒီနေရာမှာ ပေါ်လာရတာလဲ”
စီမာတိုင်၏ မျက်နှာက ရုတ်ချည်း ဖြူရော်ကျ သွား၏။ ချန်းဖန်၏ အမူအရာသည်ပင် လေးနက် သွားသည်။ ထိုဝင်္ကပါ၏ စွမ်းအားမှာ ကောင်းကင်အရှင် တစ်ပါး နီးပါးရှိရာ သူ့အတွက်ပင် ရင်ဆိုင်ရန် လွယ်ကူသော အရာ မဟုတ်ချေ။
“ဘုန်း…”
မိစ္ဆာ စစ်ဝင်္ကပါက စတင် စီးနင်းကာ တိုက်ခိုက်၏။ တစ်ခဏအတွင်းမှာပင် များစွာသော အဆင့်နိမ့် ကျင့်ကြံသူများမှာ သေဆုံးသွားကြသည်။
“ကောင်းကင် ဗိုလ်ချုပ်ဟူ… ကယ်ပါဦး…”
များစွာသော ကျင့်ကြံသူများက နောက်သို့ တရစပ် ဆုတ်ရင်း အော်ဟစ် အကူအညီတောင်း၏။ သို့သော်လည်း စိတ်ပျက်စရာပင် ကောင်းကင် ဗိုလ်ချုပ်ဟူနှင့် အခြား စွမ်းအားမြင့် ရွှေအမြုတေ အဆင့် ကျင့်ကြံသူများမှာ သူတို့အား ပစ်ကာ ရှေးဟောင်း မိစ္ဆာအင်း အနက်ပိုင်းသို့ တိုးဝင်သွားကြသည်။
“သူတို့က ထွက်ပြေးသွားတာလား… ဒါဆို ငါတို့ကို ဘာအတွက် ငှားခဲ့သေးလဲ… မိစ္ဆာတွေကို အစာကျွေးဖို့ သက်သက်လား”
စီမာတိုင်နှင့် အခြား အဆင့်နိမ့် ကျင့်ကြံသူများမှာ စိတ်ဓာတ်များ အဆုံးတိုင် ကျဆင်း သွားကြသည်။ သူတို့၏ ခြေလက်များကား ဆက်လက်တိုက်ခိုက်ရန်ပင် အားမရှိတော့ပဲ ပျော့ခွေ ကုန်ကြပြီ ဖြစ်လေသည်။
“လောကကြီးမှာ တရားတယ် ဆိုတာ ဘာရှိလဲ…”
ချန်းဖန်က စီမာတိုင်တို့၏ မျှော်လင့်ချက်မဲ့နေသော မျက်ဝန်းများကို ကြည့်ကာ သက်ပြင်းတစ်ချက် ချလိုက်၏။
“ငါနောက်က လိုက်ခဲ့ကြ…”
ချန်းဖန်က မိစ္ဆာခြောက်ပါး ကျင့်စဥ်အား အသက်သွင်း လိုက်ရာ မိစ္ဆာ ခြောက်ကောင်မှာ ထွက်ပေါ်လာ၏။ ၎င်းတို့က ရှေးဟောင်း မိစ္ဆာ တပ်များ အတွင်းသို့ ပြေးဝင်ကာ တိုက်ခိုက်ကာ သွေးလမ်းတစ်ခုအား ဖန်တီးကြသည်။
“သွားကြမယ်…”
ချန်းဖန်က ရှောင်မန်နှင့် ကျိုးကျူရှင်းတို့အား ဆွဲကာ ထိုလမ်းကြောင်း အတိုင်း ပျံသန်း လိုက်သည်။ စီမာတိုင်နှင့် အခြား ကျင့်ကြံသူ အချို့ကလည်း သူတို့၏ နောက်သို့ လိုက်ကြ၏။ သို့သော်လည်း ကျင့်ကြံသူ အများစုမှာမူ မိစ္ဆာ ပင်လယ်၏ ဝါးမျိုမှုကို ခံလိုက်ကြရကာ ထာဝရ ပျောက်ကွယ် သွားကြရတော့သည်။
“ဟူး… ဟူး…”
စီမာတိုင်တို့သည် အစွမ်းကုန်သော အမြန်နှုန်းကို ထုတ်ဖော်ကာ ချန်းဖန်၏ နောက်မှ ပြေးလိုက် လာခဲ့၏။ သူတို့ကား ဘယ်ဆီဘယ်ဝယ် ရောက်သည်ကိုပင် မသိနိုင်ကြတော့ချေ။ သူတို့ သိသည့် တစ်ခုတည်းသော အရာက ချန်းဖန်၏ နောက်မှ လိုက်ရန် ဖြစ်သည်။ ထိုအရာက သူတို့ အသက်ရှင်နိုင်သည့် တစ်ခုတည်းသော မျှော်လင့်ချက်လည်း ဖြစ်၏။
“ဟူး… ဟူး…”
နောက်ဆုံး ချန်းဖန် ရပ်လိုက်သော အခါတွင်မှ စီမာတိုင်တို့မှာ အရှိန်သတ် လိုက်ကြသည်။ သူတို့က နောက်သို့ ပြန်ကြည့်လိုက်ကြရာ မိစ္ဆာ စစ်တပ်မှ ဘေးကင်းရာ တစ်နေရာသို့ ရောက်ရှိလာကြောင်း သိလိုက်ရ၏။ ထိုအခါမှ သူတို့မှ သက်ပြင်းချနိုင်တော့သည်။
“ဟူး… နောက်ဆုံးတော့ အသက်ရှင်ပြီ”
သူတို့ အဖွဲ့ထဲမှ စီနီယာ ကျင့်ကြံသူက နေရာတွင်ပင် ထိုင်ချရင်း အသက်အား ပြင်းစွာ ရှူလိုက်သည်။
ချန်းဖန်က တစ်ချက် စစ်ဆေး ကြည့်လိုက်ရာ စီမာတိုင်၊ ရှု ညီအမ၊ စီနီယာ ကျင့်ကြံသူနှင့် အခြား လက်တစ်ဆုပ်စာသာ သူနှင့် အတူ ပါလာကြောင်း တွေ့လိုက်ရ၏။ ထွားကြိုင်းသော ကျင့်ကြံသူနှင့် လူငယ် ကျင့်ကြံသူတို့ကိုမူ မတွေ့ရတော့ချေ။
“ကျိမိသားစုက တကယ် ရက်စက်တာပဲ…”
ချန်းဖန်က သက်ပြင်းတစ်ချက် ချကာ ခေါင်းအား ခါယမ်းလိုက်၏။
“ကျွန်တော်တို့ကို ကယ်ခဲ့တဲ့ အတက် ကျေးဇူးတင်ပါတယ် ကျင့်ကြံသူချန်း… ခင်ဗျားသာ မပါရင် ကျုပ်တို့ သေနေလောက်ပြီ”
စီမာတိုင်က ဦးညွှတ်ကာ ဆိုလိုက်၏။ အခြားသော ကျင့်ကြံသူများကလည်း ရှောင်မန်နှင့် ချန်းဖန်တို့အား ကျေးဇူးတင် စကား ဆိုကြသည်။ အထူးသဖြင့် ရှုညီအမဆိုလျှင် ရှောင်မန်အား ဖက်၍ပင် နမ်းရှုံ့ နေကြ၏။
“ကျုပ်တို့ အခုတော့ အသက်ရှင်သွားပြီ… ဒါပေမဲ့ အိမ်ကို ဘယ်လို ပြန်ကြမလဲ”
တစ်ယောက်က စိတ်ဓာတ်ကျစွာ မေးလိုက်၏။ သူ၏ မေခွန်းက လူတိုင်ူ၏ အပျော်များကို ပျက်စီး သွားစေသည်။
ယခု၌ သူတို့ကား မိစ္ဆာအင်း၏ အနက်ပိုင်းသို့ ရောက်ရှိနေပြီ ဖြစ်သည်။ အကယ်၍ ပြန်ပါက လမ်းတွင် ရှေးဟောင်း မိစ္ဆာများနှင့် ထပ်မံ ဆုံတွေ့ရဦးမည် ဖြစ်သည်။
ထိုအတွေးက စီမာတိုင်၏ မျက်နှာကို ဖြူရော် သွားစေ၏။
“ဘာမှ စိုးရိမ် မနေကြနဲ့… ဟိုကို ကြည်လိုက်စမ်း”
ရုတ်တရက် ချန်းဖန်က ကောင်းကင်သို့ မော့ကြည့်ရင်း ဆိုလိုက်၏။
လူတိုင်းက လိုက်လံကြည့်လိုက်ကြရာ အရောင် တဖိတ်ဖိတ် တောက်ပနေသည့် အလွန် နှစ်မြို့ဖွယ် ကောင်းသော ကုန်းမြေ တစ်ခုကို တွေ့လိုက်ကြရသည်။
“ဘုရားရေ…”
ရှောင်မန် ပင်လျှင် ပါးစပ် အဟောင်းသား ဖြစ်သွား၏။
“အဲဒါက နတ်ဘုရားတွေ နေတဲ့ နေရာများလား…”
***