အပိုင်း (၁)
Vol. 1 Ch. 1
လောကကြီးရှိလူများသည် ရုပ်ရည်အသွင်အပြင်ကိုသာ ဦးစားပေးကြ၏။ ရုပ်ဆိုးသော လူတစ်ယောက်သည် ပိုက်ဆံမရှိသည်ဆိုပါက ရည်းစားရရှိရန် အခွင့်အရေးပင် ရှိလိမ့်မည် မဟုတ်ချေ။ ချမ်းသာသည့် လူတစ်ယောက် ဖြစ်သည်ဆိုလျှင်တောင်မှ ရုပ်ဆိုးသော လူတစ်ယောက် ဖြစ်နေပါက မည်သည့် မိန်းကလေးမှ လက်ခံလိမ့်မည် မဟုတ်ချေ။
ရှမ့်လန်သည် ရည်းစားရရန် အခွင့်အရေး လုံးဝမရှိသော အလွန်တရာ ရုပ်ဆိုးလှသည့် လူတစ်ယောက်ပင် ဖြစ်၏။
ဟုတ်ပေသည်။ ရှမ့်လန်သည် ရုပ်ဆိုးစွာဖြင့် မွေးဖွားခဲ့သည့် လူတစ်ယောက် မဟုတ်ချေ။ သူသည် အလွန့် အလွန်ကို ချောမောခဲ့ဖူးသည်။
မိန်းကလေးများသည် သူ့အား မူလတန်းကတည်းက ချစ်ခင် နှစ်သက်ခဲ့ကြ၏။ ထိုသူမတို့သည် သူ၏ နောက်သို့ အဆက်မပြတ် လိုက်ခဲ့ကြ၏။ သူ၏ စိတ်ထဲ၌ ပြင်းပြင်းထန် လေ့လာသင်ယူချင်စိတ် တစ်ခုတည်း သာ ရှိသည်ဆိုလျှင်တောင်မှ ဤမိန်းကလေးများသည် သူ့ကို တောက်လျှောက် စိတ်အနှောက်အယှက် ပေးခဲ့ကြ၏။
မိန်းကလေးပေါင်းများစွာတို့ဆီမှ ရည်းစားစာများသည် သူ့ဆီမှတဆင့် ဆရာများ၏ လက်ထဲသို့ ထပ်တလဲလဲ ရောက်ရှိခဲ့၏။ ချစ်ခင်မြတ်နိုးသောကြောင့် ပေးလာကြသည့် ချောကလက်များသည် သူ၏အဆောင်တွင် နေထိုင်ကြသည့် သူငယ်ချင်းယောက်ျားလေးများ အဆာပြေစားရန် အစားအစာ ဖြစ်လာခဲ့၏။ မိန်းကလေးများ သေသေချာချာ ခေါက်ပေးခဲ့သည့် ကိုးရာကိုးဆယ့်ကိုးခုသော ကြိုးကြာ စက္ကူရုပ်များ သည်လည်း အမှိုက်ပုံးထဲသို့ ရောက်ရှိခဲ့သည်။
သူ့အနေနှင့် ငယ်ရွယ်စဉ်ကတည်းက မိန်းကလေးပေါင်း မြောက်များစွာတို့၏ ချစ်ခင်နှစ်သက်ခြင်းကို ခံခဲရ့သည် ဆိုသော်လည်း သူ့မိဘများ၏ ဆုံးမစကားကို နားထောင်ကာဖြင့် မည်သည့် မိန်းကလေးကိုမှ တွဲသွားတွဲလာ ပြုလုပ်ခဲ့ခြင်း မရှိခဲ့ချေ။ မိန်းကလေးများနှင့် ခပ်ဝေးဝေး နေထိုင်ခဲ့ပြီး သူ၏ တာဝန်သည် ပြင်းပြင်းထန်ထန် စာကြိုးစားရန်ပင်။
ထိုကဲ့သို့သော အခြေအနေမျိုးသည် အသက် ဆယ့်ရှစ်နှစ် ပြည့်ပြီးသည်ထိသာ ကြာရှည်ခံခဲ့၏။ ထိုနှစ် အတွင်းမှာတော့ သူသည် မြို့ရှိ အကောင်းဆုံးသော ဆေးတက္ကသိုလ်တစ်ခု၏ ကျောင်းသားတစ်ယောက် ဖြစ်ခဲ့၏။ ထိုအချိန်အထိ သူသည် လူပျိုစစ်တစ်ယောက်သာ ဖြစ်နေသေး၏။ ပထမဦးဆုံး အနမ်းကိုပင် မရရှိ ခဲ့သေးချေ။ မည်သည့် မိန်းကလေး၏ လက်ကိုမှ မကိုင်ခဲ့ဖူးဘူးဟု ပြောဆိုမည်ဆိုလျှင် ပိုမိုကာ မှန်ကန်ပေ လိမ့်မည်။
တစ်နေ့မှာတော့ အမှတ်မထင် ဆိုသလိုပဲ အဆောင်၌ အတူနေထိုင်သည့် အခန်းဖော်၏ ကွန်ပျူတာထဲရှိ အပြာဇာတ်ကားများကို ကြည့်ရှုမိခဲ့ပြီး ရည်းစားထားချင်သည့် စိတ်ဆန္ဒများ ဖြစ်တည်လာခဲ့၏။ ရည်းစားထားခြင်း ဆိုသည်မှာ သူ့အတွက် အလွန်လွယ်ကူသည့်အရာ ဖြစ်၏။
အဘယ်ကြောင့်ဆိုသော် သူသည် ရုပ်ရည်ချောမောသည်သာမက အလွန်အမင်း ထူးချွန်သောကြောင့်ပင်။ အလွန်လှပပါသည်ဆိုသော မိန်းကလေးတစ်ယောက်ကို လက်ညိုးထိုးကာဖြင့် ရည်းစားအဖြစ် ထားရှိနိုင်စွမ်း ရှိနေသည့် လူပင်။
မှန်ပေ၏။ ချောမောပါသည် ဆိုသော တစ်စုံတစ်ယောက်ကို ခေါင်းခေါက်ကာ ရွေးချယ်လိုက်ရုံပင်။ သူသည် ဆယ့်ရှစ်နှစ်သာ ရှိသေး၏။ ထို့ကြောင့် ဆန့်ကျင်ဘက်လိင်အပေါ် စိတ်ဝင်စားဖို့ ဆိုသည်မှာ ခက်ခဲသည့်အရာ မဟုတ်ချေ။ အငြင်းခံရဖို့ ဖြစ်နိုင်ဖွယ်ရာလည်း မရှိချေ။
ရှမ့်လန်သည် အလွန်ချောမောလွန်း၏။ သူ၏ ချစ်ရေးဆိုမှုကို ရရှိခဲ့သည့် တစ်စုံတစ်ယောက်သည် ငြင်းပယ်နိုင်လိမ့်မည် မဟုတ်ချေ။ သို့ပေမဲ့ ထိုကဲ့သို့ အချောဆုံး တစ်စုံတစ်ယောက်ကို ရွေးချယ်ပြီး ရည်စားထားရန် စဉ်းစားနေသည့် အခြေအနေမျိုးတွင် ဆိုးရွားလွန်းလှသော မတော်တဆမှု တစ်ခု ဖြစ်ပေါ်ခဲ့၏။ စမ်းသပ်မှု တစ်ခုကို ပြုလုပ်နေရင်း ရုတ်တရက် စမ်းသပ်သည့် ဆေးရည်ပုလင်းသည် ပေါက်ကွဲသွားခဲ့သည်။
များပြားလွန်းသည့် အက်စစ်များသည် သူ၏ မျက်နှာပေါ်သို့ ရောက်ရှိခဲ့ရုံတင်သာမက သူ၏ ရင်ဘတ် တစ်ဝက်လောက် ကိုပင် ကျွမ်းလောင်စေခဲ့၏။ သူ၏ ချောမောလှပါသည်ဆိုသော မျက်နှာသည် ပျက်စီး သွားခဲ့၏။ သူသည် နတ်သားအဖြစ်မှသည် မိစ္ဆာတစ်ကောင်အဖြစ်သို့ ပြောင်းလဲသွားခဲ့၏။
မည်သူမှသည် သူ့ကို ဒုတိယအကြိမ် ပြန်လည်လှည့်ကြည့်ရန် မရဲလောက်အောင်အထိ သူ ရုပ်ဆိုးခဲ့၏။ သူသည် မြင်မြင်ဖူးသမျှသော ရုပ်ဆိုးပါသည်ဆိုသော လူတစ်ယောက်ထက် ပိုမိုကာ ရုပ်ဆိုးသေး၏။ အားလုံးသော သူတို့ကို အိမ်မက်ဆိုးများ ပေးနေသကဲ့သို့ပင်။
ရှမ့်လန်သည် အားလုံးသော မိန်းကလေးများ၏ ချစ်ခင်နှစ်သက်ခြင်းကို ခံနေရသည့် အချိန်မှ ကြောက်ရွံ့ခြင်းကို ခံနေရသည့် အဖြစ်သို့ ရောက်ရှိသွားခဲ့၏။ မည်သည့် မိန်းကလေးမှသည် သူ၏ မျက်နှာကို နှစ်စက္ကန့်ထက် ပိုကြာအောင် မကြည့်ရဲခဲ့ချေ။ ထို့ကြောင့် သူသည် ရည်းစားထားရန် အခွင့်အရေးကို ဆုံးရှုံးခဲ့ရ၏။
ငယ်ရွယ်စဉ်အခါက ဆရာကျိုးသည် တိရစ္ဆာန်လောကဆိုသည့် အကြောင်းအရာကို သင်ကြားပြသပေးခဲ့၏။ နွေဦးရာသီသည် တိရစ္ဆာန်များ မိတ်လိုက်သည့် ရာသီဖြစ်၏။ တိရစ္ဆာန်များသည် မိတ်လိုက်ရန်အတွက် ၎င်းတို့၏ ဘဝတလျှောက်လုံး ယှဉ်ပြိုင်တိုက်ခိုက်နေရသည် ဆိုသော ခံစားချက်ကို သူ ရရှိခဲ့ဖူး၏။ ထိုအကြောင်းအရာနှင့် ပတ်သက်၍ လူငယ်လေး ရှမ့်လန်သည် အပြင်းအထန်ပင် လှောင်ပြောင်ခဲ့ဖူးသည်။
သို့ပေမဲ့ အရွယ်ရောက်လာပြီးနောက် သဘာဝ၏ အစစ်အမှန်တရားကို သူက ကောင်းကောင်း နားလည်ခဲ့၏။ တိရစ္ဆာန်များတင်သာမက လူသားများသည်လည်း မိတ်လိုက်ရမှာပင်။
ရှမ့်လန်သည် သူ၏ ချောမောသည့် အသွင်သဏ္ဍာန်ကို ဆုံးရှုံးသွားခဲ့ပြီ ဖြစ်၏။ ထို့ကြောင့် အမျိုးသမီးများ၏ အလေးပေးမှုကို ခံရရန်အတွက် ဂုဏ်သိက္ခာ ကြီးမားသည့် လူတစ်ယောက်ဖြစ်ရန် လမ်းစဉ်ကို ရွေးချယ်ခဲ့၏။
ဘွဲ့ရခဲ့ပြီးသည့်နောက် သူသည် ဆေးပညာအား ဆက်လက် လေ့လာခြင်း မပြုခဲ့ချေ။ ထို့အတူ ဆေးရုံ တစ်ခုခုတွင် ပညာသင်ယူရင်းနှင့် ဆေးကုသခြင်းကိုလည်း မပြုလုပ်ခဲ့ပေ။ ထိုအစား အလွန် ခက်ခဲသည့် ရှေ့တန်း တည်နေရာဆီသို့ ထွက်ခွာခဲ့သည်။
သူသည် ဆယ်နှစ်တိတိ နယ်စပ်တည်နေရာတွင် နေထိုင်ပြီး လူပေါင်းများစွာတို့၏ အသက်ကို ကယ်တင်ခဲ့၏။ ရေတွက်လို့ မရအောင် များပြားလှသည့် ဂုဏ်ပြုခံ ဆုတံဆိပ်များကို ရရှိခဲ့၏။ သို့ပေမဲ့ မည်သည့် မိန်းမမှသည် သူ့အား မကြိုက်မနှစ်သက်ခဲ့ချေ။
သူ့အနေနှင့် မလုံလောက်သေးဟု ခံစားမိခဲ့၏။ ထို့ကြောင့် ပိုမိုတောက်ပရန် ထပ်မံကာ ကြိုးစားခဲ့၏။ ပိုမိုမြင့်မြတ်သည့် ယောက်ျားတစ်ယောက်အဖြစ် နေထိုင်ခွင့်ရရန် သူက ဆုံးဖြတ်ခဲ့သည်။ အလွန် မြင့်မြတ် လှသည့် ယောက်ျားတစ်ယောက်၏ ဂုဏ်ပုဒ်များကို ရရှိသည်ဆိုပါက သူ၏ ရုပ်ဆိုးမှု၊ သူ၏ ကြောက်မက် ဖွယ်ရာ ကောင်းသည့် မျက်နှာကို မေ့လျော့ပြီး မိန်းကလေးများသည် သူ့ကို ရွေးချယ်မည် မဟုတ်ပါလော။
သို့နှင့် သူသည် အလွန် အန္တရာယ်များပြီး ခက်ခဲလှပါသည်ဆိုသော အာဖရိကကို ရွေးချယ်ကာ သွားခဲ့၏။ ထိုဆိုးရွားလှသည့် စစ်ပွဲများ ဖြစ်ပွားနေသော နိုင်ငံတွင် နေထိုင်ခဲ့ပြီး သူသည် ရှေ့တန်း၏ စစ်ဆေးရုံတွင် မနားမနေ အလုပ်ကြိုးစားခဲ့၏။
ဆယ်နှစ်တိတိ နေထိုင်ခဲ့ပြီးနောက် သူသည် ဂုဏ်ပြုဆုတံဆိပ်ပေါင်းများစွာကို ထပ်မံ ရရှိခဲ့၏။ အရာအားလုံး သည် တံခါးပိတ် ဆွေးနွေးခြင်းကို ခုံမင်သည့် ကုလသမဂ္ဂမှ ပေးအပ်ခဲ့သည့် ဆုတံဆိပ်များပင် ဖြစ်သည်။
နေ့စဉ်နေ့တိုင်း ဆိုသလိုပဲ သူသည် လူသားများကို ကုသပေးခဲ့၏။ နေ့စဉ်နေ့တိုင်း ဆိုသလိုပဲ ခွဲစိတ်မှုများကို ပြုလုပ်ခဲ့၏။ သူသည် နောက်တန်းတွင်ရော၊ ရှေ့တန်းတွင်ပါ နာမည်ကျော်ကြားသည့် ဆရာဝန်တစ်ယောက် ဖြစ်လာခဲ့၏။
အရာအားလုံးကို စွန့်လွှတ်စတေးပြီးသည့်နောက် သူသည့် တကယ့်ကို ကြီးကျယ် မြင့်မြတ်လှသည့် ဂုဏ်သိက္ခာတရားများကို ပိုင်ဆိုင်ခဲ့သည့် လူသားတစ်ယောက် ဖြစ်လာခဲ့၏။ သူ၏ ဆိုးရွားလွန်းလှသည့် ရုပ်ရည်သည် မဂ္ဂဇင်းပေါင်းများစွာ၊ သတင်းစာပေါင်းများစွာတို့၏ ခေါင်းစည်း သတင်းတွင် ပါဝင်လာခဲ့၏။ သူ မိန်းကလေးများ နှင့် တွေ့ဆုံခဲ့သည်။ သို့ပေမဲ့ မည်သည့် မိန်းကလေးမှသည် သူ့ကို မကြိုက်နှစ်သက်ခဲ့ချေ။
အသက်လေးဆယ် ရောက်သည်အထိ သူသည် တစ်ယောက်တည်းသာ နေထိုင်ခဲ့ရ၏။ သူ၏ မိဘများ သေဆုံး သွားခဲ့သည့် အချိန်မှာတော့ သူသည် ပိုမိုကာ အထီးကျန်လာခဲ့၏။ တစ်နေ့ကို ဆယ်နာရီကျော်ကြာ အလုပ် လုပ်လျက် ရှိနေ၏။ လူပေါင်းများစွာကို ကယ်တင်ခဲ့ပြီး ဒဏ်ရာရရှိသည့် လူပေါင်းများစွာကို ခွဲစိတ်ခဲ့၏။ ထိုလုပ်ငန်းစဉ်သည် သူ၏ အလေ့အကျင့်ပင် ဖြစ်လာခဲ့သည်။
သူ၏ ခေါင်းဆောင်သည် သူ့အတွက် စိုးရိမ်ပူပန်ခဲ့ကြ၏။ ထို့ကြောင့် သူ၏ မင်္ဂလာကိစ္စကို ဖြေရှင်းနိုင်ရန် အလို့ငှာ လှပသော ဒေသခံ မိန်းကလေး သူနာပြုတစ်ယောက်ကို ရှာဖွေပေးခဲ့၏။ သူနာပြုမလေးသည် အလွန်ကို ရိုးရှင်းပြီး လှပ၏။ ရှမ့်လန်ကိုလည်း အထင်ကြီးစိတ်ရှိသည့် မိန်းကလေး တစ်ယောက်ဖြစ်၏။
ဤခေတ်ကြီးထဲတွင် ကုန်ဈေးနှုန်းများသည် အလွန်တရာ ကြီးမားလွန်းသည်။ ထို့ကြောင့် အိမ်တစ်ဆောင်၊ မီးတစ်ပြောင်နှင့် နေထိုင်ရန်ဆိုသည်မှာ ခက်ခဲလှ၏။ သူနာပြုမလေးသည် သူမ၏ မိသားစုကို ထောက်ပံ့ရန် အတွက် ခက်ခဲသည့် အခြေအနေဖြင့် ရုန်းကန်နေခဲ့ရသည်။ ထို့ကြောင့် ရှမ့်လန်နှင့် လက်ထပ်ရန် သဘောတူညီခဲ့ခြင်းဖြစ်သည်။
အသက် လေးဆယ့်ငါးနှစ် အရွယ်သို့ ရောက်သည့်အချိန်မှာတော့ ရှမ့်လန်သည် လက်ထပ် မင်္ဂလာပွဲကို ကျင်းပရန် စီစဉ်ရပြီဖြစ်သည်။ လက်ထပ်ပွဲ မတိုင်ခင် တစ်ပတ်အလိုမှာတော့ သူနာပြုမလေးသည် ရှမ့်လန်ဆီသို့ ရောက်ရှိလာခဲ့ပြီး ရှမ့်လန်၏ အရှေ့တွင် ဒူးထောက်ကာဖြင့် ငိုကြွေးလျက် ရှိနေ၏။
“တောင်းပန်ပါတယ်။ တောင်းပန်ပါတယ်။ ကျွန်မ မလုပ်နိုင်တော့ဘူး။ မလုပ်နိုင်တော့ဘူး။ နေ့စဉ်နေ့တိုင်း အိမ်မက်ဆိုးတွေတောင် မက်ခဲ့ပါတယ်”
ရှမ့်လန်သည် မျက်ရည်များဖြင့် ပြည့်နှက်လျက်ရှိနေသည့် သူနာပြုမိန်းကလေး၏ မျက်နှာကိုကြည့်ရှုလိုက်၏။ သူ၏ နှုတ်ခမ်းများသည် တဆတ်ဆတ်နှင့် တုန်ယင်လျက် ရှိနေ၏။ ထို့ကြောင့် သူက ခေါင်းညိတ်ကာ ပြောဆိုလိုက်သည်။ “ကျုပ် နားလည်ပါပြီ”
သူနာပြုမလေးသည် ထိုစကားကို ကြားရသည့် အချိန်မှာတော့ ပိုမိုကာ ဝမ်းနည်းပက်လျက်ဖြင့် ငိုယိုလျက် ရှိနေ၏။ “ဒါပေမဲ့.. ဒါပေမဲ့”
ရှမ့်လန်က ပြောလိုက်သည်။ “ကျုပ်.. ကျုပ်ကြောင့်လို့ ဆရာ့ကို ပြောလိုက်ပါမယ်။ ကျုပ် လက်မထပ်ချင်လို့ ဒီကိစ္စကို ငြင်းပယ်ခဲ့တာပဲ။ ခင်ဗျားနဲ့ ဘာမှမဆိုင်ပါဘူး”
ပြီးနောက် သူနာပြုမလေးသည် သူ့အား ကျေးဇူးတင်စကား အထပ်ထပ် ပြောဆိုပြီး ထွက်ခွာသွားခဲ့၏။ ထို့ကြောင့်ပင်လျှင် ခံစားချက်များနှင့် ထုံထိုင်းသွားခဲ့သော ရှမ့်လန်သည် နှစ်ဆယ့်ခုနှစ်နာရီတိတိ တထိုင်တည်း ခွဲစိတ်မှုပေါင်းများစွာကို ပြုလုပ်ခဲ့၏။ ၎င်းသည် စက်ရုပ်တစ်ရုပ်လိုပင် ခံစားချက် ကင်းမဲ့ လာခဲ့၏။
နှစ်ပေါင်းနှစ်ဆယ်ခန့် ကြာမြင့်ပြီးသည့်နောက် သူသည် ဒဏ်ရာရရှိခဲ့သည့်လူများ၊ သေမလို ဖြစ်နေသည့် လူများအားလုံးကို ကူညီ ကုသပေးခဲ့၏။ နေ့စဉ်နေ့တိုင်းဆိုသလို သူသည် စက်ရုပ်တစ်ရုပ်ကဲ့သို့ ပြုမူ ဆောင်ရွက်ခဲ့၏။ တစ်ချက်ကလေးမှ မနားခဲ့ချေ။
နှစ်ပေါင်းနှစ်ဆယ်အတွင်း သူသည် များပြားလှသည့် ခွဲစိတ်မှုများကို ပြုလုပ်ခဲ့ပြီး တခြားသော ဆရာဝန်များ နှစ်ပေါင်းတစ်ရာကျော်လောက် ပြုလုပ်ရမည့် ခွဲစိတ်မှု အရေအတွက်ကို သူတစ်ယောက်တည်း ပြုလုပ်ခဲ့သည်။ သူ့အနေနှင့် အလွန်ကို ဂုဏ်သိက္ခာကြီးမားသည့် လူသားတစ်ယောက် ဖြစ်လာခဲ့သော်လည်း အမျိုးသမီးများ၏ အလေးပေးမှုများကို မခံရယူခဲ့ရချေ။
သူသည် သူနာပြုမလေးကို အပြစ်မတင်ခဲ့ချေ။ အထီးကျန်ခြင်းကသာလျှင် သူရဲကောင်း ခြင်္သေ့တစ်ကောင်ကို မွေးဖွားပေးနိုင်သည် ဆိုသည့်အကြောင်း နားလည်မိ၏။ သူ၏ မျက်နှာသည် အလွန်တရာ ဆိုးရွားပြီး ကြောက်မက်ဖွယ်ရာ ကောင်းလှ၏။ ဆာလဖျူရစ် အက်စစ်များသည် သူ၏မျက်နှာကို ပြင်းပြင်းထန်ထန် တိုက်စားခဲ့သည် မဟုတ်ပါလား။
ထို့ကြောင့် သူသည် တခြားသော သူများကို မကြောက်လန့်စေချင်တော့ချေ။ သူ၏ ထိတ်လန့်ဖွယ်ရာ ကောင်းသည့် မျက်နှာသွင်ပြင်သည် မိန်းကလေးများကို ကြောက်လန့်စေသောကြောင့် သူ့ကို ချစ်ခင်နှစ်သက်သော အမျိုးသမီးကို ရရှိဖို့ ဆိုသည်မှာ အလွန်တရာ ခက်ခဲလာခဲ့လေ၏။ ထိုသို့ဆိုလျှင်တောင်မှ သူသည် အမျိုးသမီး တစ်ယောက်ကိုတော့ လိုချင်မိ၏။ ထိုအမျိုးသမီးသည် ခြေပြတ်၊ လက်ပြတ် ဖြစ်နေမည် ဆိုလျှင်တောင်မှ သူက ခွင့်လွှတ်ပေး၏။
ဆွစ်
အဝေးဆီမှ လေချွန်သံကဲ့သို့ အသံတစ်ခု ထွက်ပေါ်လာခဲ့၏။ ပြီးနောက် လေထုထဲတွင် ကြောက်မက်ဖွယ်ရာ ကောင်းသည့် အရှိန်အဟုန်များ ဖြစ်တည်လာခဲ့၏။ ဤအရာသည် ဗုံးတစ်ခု၏ လွင့်စင်လညငဘ်ါ အသံဖြစ်ကြောင်း ရှမ့်လန်က ကောင်းကောင်းသိရှိ၏။ သူသည် ခေါင်းကိုငုံ့ကာဖြင့် အောက်ဆီသို့ ခုန်ဆင်းလိုက်သည်။
သို့ပေမည့် ထိုအရာသည် သူ၏ ခေါင်းတည့်တည့်ဆီသို့ လွင့်ကာ ရောက်ရှိလာခဲ့သည်။ သို့ပေမဲ့ ရှမ့်လန်သည် ရှောင်ရှားခြင်း မရှိသလို၊ တစ်ချက်ကလေးမှ ကြောက်လန့်ခြင်း မရှိခဲ့ချေ။ ထိုအစား သူသည် စိတ်သက်တောင့် သက်သာပင် ခံစားမိနေ၏။
“ငါ အရမ်း ပင်ပန်းနေပြီ။ မိန်းကလေးတစ်ယောက်နဲ့တောင် မအိပ်ရသေးဘဲနဲ့ ငါသေရတော့မှာပဲ။ ဒါ နှမျောစရာပဲ။ ထပ်ပြီးသာ အသက်ရှင်နေထိုင်ရမယ်ဆိုရင် ပိုပြီးတော့ သက်တောင့်သက်သာနဲ့ ဇိမ်ရှိရှိ ဘဝမျိုးကို နေထိုင်ချင်တယ်။ ငါလိုချင်တဲ့ အရာအားလုံး ရရမယ်။ ဘယ်အလုပ်ကိုမှ ကြိုးကြိုးစားစား မလုပ်တော့ဘူး။ တကယ်လို့ နတ်ဘုရားကသာ ငါ့ကို ချောမောတဲ့ မျက်နှာတစ်ခု ပေးမယ်ဆိုရင် ချောပေ့ဆိုတဲ့ မိန်းကလေးတွေကို ယူပြီး ဇိမ်ကျကျ နေမယ်” ရှမ့်လန်သည် နှလုံးသားထဲ၌ တောင်းဆုပြုလိုက်မိသည်။
ဘုန်း ….။
သူခေတ္တနေထိုင်ရာ ဆေးရုံဆီသို့ ဗုံးက ကျဆင်းလာခဲ့၏။ ပြီးနောက် ထိုဗုံးသည် ရှမ့်လန်၏ ဘေးနားတွင် ပေါက်ကွဲသွားခဲ့၏။ ချက်ချင်းဆိုသလိုပဲ သူ၏ ခန္ဓာကိုယ်သည် အစိတ်စိတ် အပိုင်းပိုင်း ဖြစ်လို့သွားခဲ့သည်။ သူ၏ ဘေးတစ်ဖက်တွင်ရှိနေသည့် X-Ray စက်နှင့် Laptop ကြီးသည်လည်း သူ့ကဲ့သို့ပင် ပေါက်ကွဲသွားခဲ့၏။
အလင်း၏ လေပွေကဲ့သို့သော အရာတစ်ခု ဖြစ်တည်လာခဲ့ပြီး အရာအားလုံးသည် တဖြည်းဖြည်း ပျောက်ကွယ် သွားခဲ့၏။ အရာအားလုံးသည် ထိုလေပွေကြီးထဲသို့ စုပ်ယူခြင်း ခံလိုက်ရသကဲ့သို့ပင် တဖြည်းဖြည်း ပျောက်ကွယ်သွားခဲ့လေသည်။