အပိုင်း (၂)
Vol. 1 Ch. 2
“ဘာဖြစ်တာလဲ။ ငါ အစိတ်စိတ် အပိုင်းပိုင်း ပေါက်ကွဲသွားခဲ့တာ မဟုတ်ဘူးလား” ရှမ့်လန်သည် မျက်လုံးကို ဖွင့်လိုက်သည့်အချိန်မှာတော့ မရင်းနှီးသည့် ပတ်ဝန်းကျင် တည်နေရာသို့ ရောက်ရှိနေကြောင်း အတည်ပြု လိုက်မိ၏။ သူသည် သပ်ရပ်စွာ ဖန်တီးထားသည့် ကြီးမားနွေးထွေးသော အိပ်ရာပေါ်သို့ ရောက်ရှိနေ၏။
မဟော်ဂနီ အသားများနှင့် ဖန်တီးပြုလုပ်ထားသည့် အိပ်ရာတစ်ခုဖြစ်ပြီး အနီးပတ်ဝန်းကျင်တွင် ဖယောင်းတိုင် တစ်တိုင် ထွန်းထား၏။ အသေးစိတ် အချက်အလက်ကို ကြည့်ရှုရမည်ဆိုလျှင် ချမ်းသာသည့် မိသားစုဖြစ်ကြောင်း ထင်ရှားလွန်းနေသည်။
ပိုမို၍ အရေးကြီးမားသည်မှာ အခန်းထဲတွင် ရှိနေသည့် အရာအားလုံးသည် ရှေးဆန်လွန်းပြီး ခေတ်သစ် ကမ္ဘာမြေ၏ အိမ်ပုံစံမျိုး မဟုတ်ကြောင်း သူ သတိပြုလိုက်မိသည်။ သူသည် သူဝတ်ဆင်ထားသည့် အဝတ်ကို ငုံ့ကာ ကြည့်ရှုလိုက်၏။ ထိုအရာသည် ပိုးထည်နှင့် ပြုလုပ်ထားသည့် အရာဖြစ်၏။ သို့ပေမဲ့ ကမ္ဘာမြေတွင် ဝတ်ဆင်သည့် ပုံပန်းသွင်ပြင်မျိုး မဟုတ်ချေ။ ရုပ်ရှင်ဇာတ်လမ်းထဲတွင် မြင်ရသည့်အတိုင်း ရှေးဝတ်စုံများကို ဝတ်ဆင် ထားသည်နှင့်ပင် ဆင်တူ၏။
အိပ်ရာ၏ နောက်ဘက်တွင်တော့ ကြီးမားလွန်းသည့် မှန်ကြီးတစ်ချပ် ရှိနေ၏။ မှန်သည် သေချာ ရှင်းရှင်းလင်းလင်း မမြင်ရပေ။ အဘယ်ကြောင့်ဆိုသော် ကြေးမှန်ကြီး ဖြစ်နေသောကြောင့်ပင်။
ရှမ့်လန်သည် မနည်း ကြိုးစားကာဖြင့် ထရပ်လိုက်၏။ သူသည် ခန္ဓာကိုယ်တွင် ရှိနေသည့် သတ္တိများကို စုစည်းကာဖြင့် မှန်ရှေ့ဆီသို့ မနည်း လျှောက်လှမ်းလိုက်သည်။
ဤအရာမှာ သူ၏အပြစ် မဟုတ်ချေ။ သူ၏ မျက်နှာသွင်ပြင်သည် ဆိုးရွားလွန်းသည့် အရာတစ်ခု ဖြစ်ခဲ့၏။ ထို့ကြောင့် သူသည် မှန်ကြည့်သည့်အချိန်တိုင်း အိမ်မက်ဆိုးများ မက်သလို ခံစားခဲ့ရ၏။ မှန်ရှေ့သို့ သွားပြီးနောက် ရှမ့်လန်သည် သူ၏မျက်နှာကို သူကြည့်ပြီး ကြက်သေ သေသွားခဲ့သည်။ မျက်ရည်များသည် မျက်လုံးအိမ်ထဲမှ ကျဆင်းလာခဲ့၏။
သူ၏ မျက်နှာသွင်ပြင်သည် ဖြူဖတ်ဖြူလျော်နှင့် ပိန်ပိန်ပါးပါး ဖြစ်လို့နေသည် ဆိုလျှင်တောင်မှ မယုံကြည် နိုင်အောင် ချောမောလို့ နေ၏။ ရှစ်ဆယ်ရာခိုင်နှုန်း သို့မဟုတ် ကိုးဆယ်ရာခိုင်နှုန်းလောက်သည် မျက်နှာ မပျက်စီးခင်က ရှမ့်လန်၏ မျက်နှာသွင်ပြင်နှင့် ဆင်တူနေသည်။
ရှမ့်လန်သည် သေချာသည့် အရာတစ်ခုကို သိရှိခဲ့၏။ သူသည် ဝိညာဉ်ကူးပြောင်း ရောက်ရှိခဲ့ခြင်းဖြစ်၏။ သူ၏ ဝိညာဉ်သည် ဤထူးဆန်းသည့် လောကဆီသို့ ဝိညာဉ်ကူးပြောင်းခဲ့၏။
အချိန်အတော် ကြာမြင့်ခဲ့ပြီဖြစ်၏။ ချောမောသည့်မျက်နှာ ..... ထိုအရာကို သူ ပြန်လည်ရရှိခဲ့လေပြီ။ ဝမ်းသာလွန်းသောကြောင့် သူသည် မျက်ရည်များပင် ကျလို့နေသည်။
ရှမ့်လန်သည် မှန်ထဲတွင် ရှိနေသည့် သူ၏ မျက်နှာကို သေသေချာချာ ကြည့်ရှုလိုက်၏။ ကောင်းကင်သည် သူ့ကို ဘဝအသစ်တစ်ခု ပေးအပ်ခဲ့ပြီ ဖြစ်၏။ သို့ပေမည့် ချောမောသည့်မျက်နှာကို ပြန်လည်ရရှိခဲ့ပြီ ဆိုလျှင်တောင်မှ မရင်းနှီးသည့် လောကကြီး တစ်ခုသို့ ရောက်ရှိနေ၏။
မည်သို့ပင်ဆိုစေကာမူ သူ့အတွက် အဆင်ပြေသည်။ ယခင်ဘဝက သူ၏မိဘများသည် သေဆုံးခဲ့ပြီဖြစ်သောကြောင့် သူ့၌ တွယ်တာစရာဟူ၍ ဘာတစ်ခုမှ ရှိသည် မဟုတ်ချေ။ ထို့ကြောင့် ဘဝသစ် တစ်ခုကို ရရှိခြင်း ဆိုသည်မှာ အလွန်တရာ ကောင်းမွန်သည့်အရာပင်။ ထို့အပြင် ဝိညာဉ်ကူးပြောင်း ရောက်ရှိလာချင်းချင်းမှာပဲ ရှမ့်လန်၏ ဆန္ဒတစ်ဝက်သည် ပြည့်စုံခဲ့ပြီ ဖြစ်သည်။
သူ၏ ချောမောသည့် မျက်နှာကို ပြန်လည်ရရှိရန် ဆုတောင်းသည် ပြည့်စုံသွားခဲ့၏။ သူ၏ ခန္ဓာကိုယ်သည် အလွန်တရာ အားနည်းပြီး သေးသွယ်လွန်းသည် ဆိုလျှင်တောင်မှ သူက ခွင့်လွှတ်ထားနိုင်၏။ လက်ကျန် ဆန္ဒများ ပြည့်စုံရန်အတွက်တော့ သူသည် ကျိန်းသေပေါက် မိမိဘာသာ ကြိုးစားရပေလိမ့်မည်။
လက်ရှိအချိန်မှာတော့ ရှုပ်ထွေးလွန်းသည့် သတင်းအချက်အလက်များသည် သူ၏စိတ်ထဲသို့ ဝင်ရောက်လာခဲ့၏။ ဤအရာမှာ မူလခန္ဓာကိုယ်ပိုင်ရှင်၏ မှတ်ဉာဏ်များပင် ဖြစ်၏။
..........
ဤနေရာသည် ထူးဆန်းသည့် လောကကြီးတစ်ခုဖြစ်၏။ သို့ပေမဲ့ သူရင်းနှီးနှင့်နေသည်။ အဘယ်ကြောင့် ဆိုသော် ရှေးတရုတ်ပြည်နှင့် ဆင်တူလွန်းသောကြောင့်ပင်။ တူညီသည့် ယဉ်ကျေးမှု ဓလေ့ထုံးစံရှိပြီး တူညီသည့် ဘာသာစကားကို ပြောဆိုသည့် တူညီသည့် လူများ နေထိုင်ရာနေရာပင်။ ကမ္ဘာမြေနှင့် မတူညီသည်မှာ ပုံပန်းသွင်ပြင်ပင်။ လောကကြီး၏ အကျယ်အဝန်းသည် ကျယ်ပြောကာ ကြီးမားလွန်းလှသည်။
ဤလောကကြီးသည် လေးအုပ်၊ ငါးကျမ်းဆိုသော ရှေးသူတော်စင်ကြီး ကွန်ဖြူရှပ်၏ ပညာရေးကို အဓိကထားကာ သင်ယူကြ၏။ ထိုအရာသည် တရုတ်လူမျိုးများ၏ အခြေခံလည်း ဖြစ်ခဲ့သည် မဟုတ်ပါလား။ သို့ပေမဲ့ တရုတ်ပြည်ကဲ့သို့ နိုင်ငံမျိုးလည်း မဟုတ်ချေ။ ဤနေရာတွင် ချင်နိုင်ငံတော်၊ ဟန်နိုင်ငံတော်၊ ကျင်းနိုင်ငံတော် စသည်ဖြင့် မရှိပေ။
လောကထဲရှိ နိုင်ငံများသည်လည်း အလွန်တရာ ကြီးမားသည်။ ထိုသို့ဆိုလျှင်တောင်မှ တရုတ်နိုင်ငံနှင့် တူညီသည့် မူလအရင်းအမြစ် ယဉ်ကျေးမှုမျိုးကိုတော့ ပိုင်ဆိုင်လို့နေခဲ့၏။
ရှမ့်လန်သည် သူ၏ မှတ်ဉာဏ်များကို သေသေချာချာ ပြန်လည် ကြည့်ရှုစစ်ဆေးလိုက်၏။ လောကကြီး၏ သမိုင်းကိုပြောရမည်ဆိုလျှင် လူသားများ ဖြစ်တည် လာခဲ့ပြီးသည့်နောက် လေးအုပ်၊ ငါးကျမ်းဆိုသည့် ပညာရေးသည် အားလုံးသောသူတို့ အလေးထားကာဖြင့် လေ့လာသင်ယူရသည့် ပညာရေး ဖြစ်လို့လာခဲ့သည်။
လောကကြီးထဲတွင် ဤအရာထက် ပိုမိုကာ မြင့်မားသည့် ပညာရေးဟူ၍ မရှိတော့သလိုပင်။ ထိုတင်သာမက ဤလောကကြီးတွင်လည်း သိုင်းပညာ ရှိ၏။ ရှေးတရုတ်ပြည်ထက်ပင် ပိုမိုကာ ရှေးဆန်သော တိုက်ခိုက်ရေး နည်းစနစ်များကို ပိုင်ဆိုင်သည်ဟု ပြောဆိုရပေမည်။
လက်ရှိ ရှမ့်လန် နေထိုင်သည့် တည်နေရာသည် တော်ဝင်ရင်အင်ပါယာ ပိုင်ဆိုင်ရာနေရာဖြစ်၏။ အလွန်ကြီးမားသည့် အင်ပါယာကြီးတစ်ခုဖြစ်ပြီး စတုရန်းမီတာ ဆယ့်လေးသန်းကျော် ကျယ်ဝန်းသည်။ ရှေးတရုတ်ပြည်ကြီးထက်ပင် ပိုမိုကာ ကြီးမား၏။ ဗဟိုအုပ်ချုပ်ရေး အာဏာနှင့်အတူ ပြည်နယ်အသီးသီးကို အုပ်ချုပ်ထားနိုင်သည်။
...........
ရှမ့်လန် နေထိုင်ရာနိုင်ငံသည် ဗဟိုရွှဲ့ပြည်နယ်၏ တောင်ဘက်ပိုင်းတွင် တည်ရှိသည့် ကြီးမားသော ပြည်နယ်ကြီးတစ်ခု ဖြစ်၏။ ရွှဲ့ပြည်နယ်၌ စီရင်စုပေါင်း သုံးခုတိတိရှိပြီး နိုင်ငံပေါင်း လေးဆယ့်ငါး နိုင်ငံနှင့် စတုရန်းမီတာ သုံးသိန်းကိုးသောင်းကျော်သော မြေတည်နေရာရှိသည်။ လူဦးရေသည် ဆယ်သန်းနီးပါးခန့်ပင် ရှိ၏။
နင်ကလန်သည် ရွှဲ့ပြည်နယ်ကို နှစ်ပေါင်းလေးရာကျော် အုပ်စိုးခဲ့၏။ ရှမ့်လန် နေထိုင်ရာ တည်နေရာသည် ရွှဲ့ပြည်နယ်၏ ထျန်းလန်စီရင်စု၊ လုကျန့်နိုင်ငံ၊ ရွှမ်ဝူမြို့ပင် ဖြစ်လေ၏။ သူပိုင်ဆိုင်ရာ ခန္ဓာကိုယ်၏ မူလပိုင်ရှင် နာမည်သည် ရှမ့်လန် ပင်ဖြစ်သည်။
ပို၍ အရေးကြီးမားသည်မှာ ၎င်းတို့နှစ်ယောက်သည် ခုနှစ်ဆယ် ရာခိုင်နှုန်းမှ ရှစ်ဆယ်ရာခိုင်နှုန်းနီးပါး တူညီသည့် လူများ ဖြစ်နေခြင်းမှာ။ ဤအရာမှာ တိုက်ဆိုင်မှု ဖြစ်ပုံမပေါ်ချေ။ အလွန်ရှုပ်ထွေးသည့် အကြောင်းအရာများ ပါဝင်နေမှာ သေချာ၏။ သို့ပေမဲ့ ဘာမှန်း သေသေချာချာ မသိချေ။
ဤခန္ဓာကိုယ်၏ မှတ်ဉာဏ်များကို သေသေချာချာ ကြည့်ရှုပြီးနောက် ၎င်းသည် အလွန်ဆိုးရွားသည့် အခြေအနေသို့ ရောက်ရှိနေကြောင်း ရှမ့်လန်က နားလည်လိုက်မိ၏။
ရှမ့်လန်သည် ရွှမ်ဝူမြို့၊ မေပယ်သစ်ရွက်ရွာ၌ ကြီးပြင်းခဲ့၏။ သူ၏ မိသားစုများသည် ရွာ၏အပြင်တွင် နေထိုင်သည့် လူများဖြစ်ပြီး ရှမ့်လန် နှစ်နှစ်သားအရွယ်ရောက်ချိန်၌ ဤရွာသို့ ရွေ့ပြောင်းရောက်ရှိလာခဲ့ခြင်းဖြစ်၏။ သူ၏ မိဘများသည် သာမန်ကျလွန်းသည့် လယ်သမားများဖြစ်သည်။
လုကျန့်နိုင်ငံသည် တောင်များ၊ ချောင်းများနှင့် ပြည့်နှက်နေသောကြောင့် လယ်လုပ်စားရန် လယ်ကွက်ဆိုသည်မှာ အလွန် နည်းပါး၏။
ရှမ့်လန်တို့ မိသားစု လေးယောက်သည် လယ်လုပ်စားရန် တောင်စောင်းပေါ်တွင် ရှိနေသည့် မြေနေရာ၌ စိုက်ပျိုး စားသောက်ကြသည်။ သူ၏မိဘများသည် အလွန် ဇွဲကောင်းကောင်းနှင့် ကြိုးစားခဲ့ကြသည် ဆိုလျှင်တောင်မှ တစ်နှစ်တာ ဝင်ငွေသည် အရမ်းနည်းပါး၏။ သူ့ကို မနည်းလောက်ငှအောင် ကျွေးမွေးခဲ့ရသည်။
လယ်သမားမိသားစုတွင် မွေးဖွားခဲ့ပြီး သူသည် မိသားစု၏ တစ်ဦးတည်းသော သားတစ်ယောက် မဟုတ်ချေ။ သို့ပေမဲ့ သူငယ်ရွယ်စဉ်ကတည်းက မိဘများသည် သူ့ကို အလွန်တရာ ချစ်မြတ်နိုးခဲ့၏။ တစ်ချက်ကလေးမှပင် မဆူငေါက်ခဲ့ချေ။ အလုပ်လုပ်ဖို့ဆိုလျှင် ဝေလာဝေးပင်။ တစ်ချက်ကလေးမှပင် မခိုင်းခဲ့ချေ။
မိသားစုသည် အလွန် ဆင်းရဲမွဲတေသည် ဆိုလျှင်တောင်မှ သူ၏ မိဘများသည် သူ့အား ကျောင်းသို့ ပို့ပေးခဲ့၏။ ကျောင်းတော်သားတစ်ယောက် ဖြစ်လာရန် တွန်းအားပေးခဲ့၏။ သို့ပေမဲ့ သူသည် တကယ်ကို မိုက်မဲလွန်းခဲ့သည်။ ဆယ်နှစ်တိတိ လေ့လာခဲ့ပြီးသည့်နောက် သူသည် စာလုံးပေါင်း တစ်ထောင်ကျော်အောင်ပင် မှတ်မိခဲ့ခြင်း မရှိချေ။
သူ့အနေနှင့် ပျင်းရိလွန်းလှသောကြောင့် မဟုတ်ပေ။ ထို့အပြင် သူသည် တကယ့်ကို ဇွဲကောင်းကောင်းနှင့် ကြိုးစားခဲ့၏။ အဘယ်ကြောင့်ဆိုသော် မမှတ်မိရသနည်းဆိုသော် သူ၏ မှတ်ဉာဏ်မှာ ဆိုးရွားလွန်း နေသောကြောင့်ပင်။ မှတ်ဉာဏ်သည် နိမ့်ပါးလွန်းသောကြောင့် စကားပြောဆိုရာတွင်လည်း အမြှီးအမောက် မတည့်ချေ။ ချောမောသည့် မျက်နှာတစ်ခုမှလွဲ၍ ရှမ့်လန်းသည် တကယ့်ကို အသုံးမဝင်သည့် လူတစ်ယောက် ကဲ့သို့ပင်။ မိုင်ရာနှင့်ချီသည့် အကွာအဝေးအတွင်းတွင် အမှိုက်ဟု မကောင်းသည့် နာမည်ဖြင့် ကျော်ကြားသည်။
သူ၏ ညီငယ်လေး ရှမ့်ကျန်သည် ဆင်းရဲသည့် လူတစ်ယောက်ဖြစ်၏။ နှစ်အနည်းငယ်လောက် သိုင်းပညာကို လေ့လာသင်ယူပြီးသည့်နောက် သူသည် ကျိန်းသေပေါက် လူဆိုးလူသွမ်းတစ်ဦး ဖြစ်လာခဲ့၏။
ဟုတ်ပေသည်။ လူဆိုးလူသွမ်းတစ်ယောက်သည် ဘာလုပ်နိုင်မည်နည်း။ သို့ပေမဲ့ သူ၏ ညီငယ်လေးသည် လူဆိုးလူသွမ်း တစ်ယောက် ဖြစ်နေသည် ဆိုလျှင်တောင်မှ ဆိုးယုတ်သည့် လူတစ်ယောက် မဟုတ်ချေ။ လူဆိုးလူသွမ်း များထဲတွင် ဆိုလျှင်တောင်မှ ၎င်းသည် ဘာတစ်ခုမှ အရာမရောက်သည့် လူတစ်ယောက်ဟု သတ်မှတ်ရပေလိမ့်မည်။
သူ၏ မိဘများသည် တဖြည်းဖြည်း ပိုမိုကာ အိုမင်းလာခဲ့၏။ မိသားစု၏ အခြေအနေက ဆိုးသထက် ဆိုးလာ ခဲ့သည်။ သူ့ကို ကျွေးမွေးရန်ပင် မနည်းကို ခြစ်ကုတ်စုဆောင်းခဲ့ရ၏။ ယခုနှစ်၌ သူသည် ဆယ့်ရှစ်နှစ် ပြည့်သွားခဲ့၏။ ဆယ်နှစ်နီးပါး ရွာကျောင်းတွင် လေ့လာ သင်ယူခဲ့သော်လည်း သူ၏ မှတ်ဉာဏ် နှင့် ဗဟုသုတသည် ညံ့ဖျင်းလွန်းခဲ့သည်။ သူနှင့်အတန်းတူအားလုံးသည် စာမေးပွဲ ဖြေဆိုပြီး အောင်မြင်သွားခဲ့သည် ဆိုသော်လည်း သူသည် အတန်းမတတ်နိုင်ခဲ့ချေ။
ပြောရမည်ဆိုလျှင် တခြားသောသူများသည် ကောလိပ်သို့ သွားရောက်နိုင်သည့် အခြေအနေမျိုးသို့ ရောက်ရှိခဲ့ကြသော်လည်း သူသည် အထက်တန်းမှ မကျော်သေးဟု ပြောဆိုရပေမည်။ ကျောင်းအတွက်လည်း တကယ့်ကို ရှက်ရွံ့စရာကောင်းသည့် ကိစ္စမျိုးဖြစ်ခဲ့သည်။
သူ၏ မိဘနှင့် သူ၏ညီငယ်လေးတို့သည် သူ၏ ကျောင်းစရိတ်ကို ထောက်ပံ့နိုင်ရန်အတွက် အပြင်ဘက်သို့ထွက်ကာ ပြင်းပြင်းထန်ထန် အလုပ်ကြိုးစားခဲ့၏။
သို့ပေမည့် ကျောင်းတွင် ရှိနေသည့် ဆရာများသည် သူ့ကို သင်ပြပေးရန် စိတ်ဆန္ဒ မရှိတော့ချေ။ အဘယ်ကြောင့်ဆိုသော် သူသည် အလွန်တရာ ညံ့ဖျင်းလွန်းသောကြောင့်ပင်။ အချိန်အကြာကြီး သင်ယူခဲ့သည်ဆိုသော်လည်း တစ်ခုလေးမှ မမှတ်မိခဲ့ချေ။ မည်သို့မှ ပုံသွင်းထုဆစ်၍ မရနိုင်သည့် သစ်သားခြောက်ကြီး ကဲ့သို့ပင်။ ထို့ကြောင့် သူသည် ကျောင်းမှ ထုတ်ပယ်ခြင်းကို ခံခဲ့ရသည်။
ယခု သူ အရွယ်ရောက်လာခဲ့၏။ ထို့ကြောင့် အလုပ်လုပ်ရန် အချိန်အခါ သင့်နေပြီ ဖြစ်သည်။ အိမ်သို့ ပြန်ကာ လယ်လုပ်မည်ဆိုပါက အသက်ရှင် ရပ်တည်နိုင်ပေလိမ့်မည်။ သို့ပေမဲ့ သူသည် ငယ်ရွယ်စဉ်ကတည်းက သူ့မိဘ များ၏ ဖူးဖူးမှုတ် အလိုလိုက်ခြင်းကို ခံခဲ့ရ၏။ ပခုံးပေါ်သို့ မည်သည့်ပစ္စည်းကိုမှ တင်ကာ လမ်းလျှောက်ဖူးသူ မဟုတ်ချေ။ ထို့ကြောင့် အားအင်မရှိဟုပင် သတ်မှတ်ရပေလိမ့်မည်။ ထင်းခုတ်ဖို့ မပြောနှင့် ထင်းတစ်ချောင်းကိုပင် မသယ်ဖူးချေ။ မည်သည့် အလုပ်ကိုမှ လုပ်နိုင်သည့် လူတစ်ယောက် မဟုတ်ပေ။
အိမ်သို့ ပြန်ရောက်ပြီးနောက် သူသည် သစ်သားချောင်း တစ်ချောင်းကို ယူကာဖြင့် မြေပြင်တွင် လျှောက်ခြင်းရင်း နေ့ရက်တိုင်းကို ကုန်ဆုံးခဲ့သည်။ အိမ်၌ နေထိုင်ရင်း ဇိမ်ကျကျဖြင့် အသက်ရှင် နေထိုင်ခဲ့၏။ သူ၏ မိဘများသည် သူ့ကို မငြိုငြင်ခဲ့ချေ။ အလွန်ပင် ဂရုစိုက်ခဲ့၏။
သူ၏ ညီငယ်လေးသည် လူဆိုးလူသွမ်းတစ်ယောက် ဖြစ်သည်ဆိုလျှင်တောင်မှ သူ့ကို ကောင်းကောင်းမွန်မွန် ဆက်ဆံ၏။ နေ့စဉ်နေ့တိုင်း သွေးထွက်နေသည့်နှာခေါင်း၊ ဖူးယောင်လျက် ရှိနေသည့် မျက်နှာသွင်ပြင်နှင့်အတူ ရှာဖွေရရှိခဲ့သည့် အကြွေစေ့များကို ယူဆောင်ကာဖြင့် အိမ်သို့ ပြန်လာတတ်၏။ သူ၏ အသုံးမဝင်သည့် အစ်ကိုအား ကျွေးမွေး စောင့်ရှောက်ရသည့်အတွက် အပြစ်တင်စကားဟူ၍ တစ်ချက်ကလေးမှ မပြောခဲ့ချေ။
ဤမှတ်ဉာဏ်များ ပြန်လည်ပေါ်ပေါက်လာသည့် အချိန်မှာတော့ ရှမ့်လန်၏ နှလုံးသားတစ်ခုလုံးသည် နွေးထွေးသလို ခံစားလိုက်မိ၏။ ဤခန္ဓာကိုယ်ပိုင်ရှင်သည် ဦးနှောက်ကောင်းမွန်ခြင်း မရှိသည် ဆိုလျှင်တောင်မှ ကြည်နူးဖွယ်ရာ စိတ်အခံနှင့် မိသားစုကို ပိုင်ဆိုင်သည်။
ဆန်ဖြူသည် တကယ့်ကို ဈေးကြီး၏။ ပြောင်းဆန်မှာမူ ဈေးပေါသည်။ မိသားစုသည် ဆန်များကို ရောင်းချကာဖြင့် ပြောင်းဆန်များကို ဝယ်ယူ စားသောက်တတ်၏။ ထိုသို့ဆိုလျှင်တောင်မှ သူစားရန် ဆန်ဖြူကို ချန်ထားတတ်သည်။
ရှမ့်လန်သည် ငယ်ရွယ်စဉ်တည်းက နေ့စဉ်နေ့တိုင်း ဆန်ဖြူကို စားသုံးခဲ့၏။ သူ၏ မိဘနှင့် ညီငယ်လေးတို့မှာမူ ဆန်ပြုတ်ကိုသာလျှင်သောက်၍ အသက်ရှင်ခဲ့ကြ၏။
သူ၏အဖေသည် အမဲလိုက်ရင်း ယုန်များကို ရရှိတတ်သည်။ ထိုအရာကို ဈေးသို့ သွားရောက်ရောင်းချတတ်၏။ သို့ပေမဲ့ ယုန်ခြေထောက်ကိုတော့ ရှမ့်လန်စားဖို့အတွက် အမြဲတမ်း ချန်ထားတတ်သည်။
သူ၏ညီငယ်လေး ရှမ့်ကျန်သည် သူစားသုံးနေသည်ကို ကြည့်ရှုရင်း အခန်းထောင့် တစ်နေရာတွင် ထိုင်ကာ သရေယိုနေတတ်၏။ သူ၏မိဘများသည် တကယ်ပင် သူ့အား ချစ်မြတ်နိုးခဲ့၏။ ရတနာတစ်ပါးကဲ့သို့ပင် ကျွေးမွေး စောင့်ရှောက်ခဲ့သည်။ သို့ပေမဲ့ သူ၏ ညီငယ် ရှမ့်ကျန်ကိုတော့ မျက်နှာလွှဲခဲပစ် မွေးမြူခဲ့ကြ၏။
ရှမ့်လန်သည် ဦးနှောက်မကောင်းသောကြောင့် ရံဖန်ရံခါဆိုသလို အနိုင်ကျင့်ခြင်းကို ခံရ၏။ သို့ပေမဲ့ သူ၏ ညီငယ်ဖြစ်သော ရှမ့်ကျန်သည် သူ့ကို ကာကွယ်ရင်း တခြားသောသူများနှင့် အကြိမ်ပေါင်းများစွာ တိုက်ခိုက်ခဲ့ရ၏။ ဤအရာသည် တကယ့်ကို နွေးထွေးစရာကောင်းသည့် အရာမျိုးပင်။
လက်ရှိအချိန်တွင် သူ၏ မှတ်ဉာဏ်များသည် ပြန်လည်ကောင်းမွန်လာခဲ့သည်။ သူ၏ မိဘများသည် အလွန် ဆင်းရဲသည် ဆိုလျှင်တောင်မှ သူက ပျော်ရွှင်မိသည်။
သို့ပေမဲ့ ရှမ့်လန်သည် ဆင်းရဲနေသည် ဆိုပါက အဘယ်ကြောင့် ဤကဲ့သို့ ခမ်းနားသည့် အိပ်ခန်းထဲသို့ ရောက်ရှိနေရသနည်း။
အဘယ်ကြောင့်ဆိုသော် သူသည် အလွန် ချမ်းသာသည့် မိန်းမတစ်ယောက်ကို လက်ထပ်ခဲ့သောကြောင့်ပင်။ တိတိကျကျ ပြောရမည်ဆိုလျှင် သူသည် ချမ်းသာသည့် မိသားစုထဲသို့ သားမက်တစ်ယောက်အဖြစ် ရောက်ရှိခဲ့ခြင်းပင်။