← Chapters

အပိုင်း (၃)

Vol. 1 Ch. 3

အပိုင်း (၃)

Vol. 1 Ch. 3

ရွှမ်ဝူမြို့

ရှစ်မိသားစုသည် ပိုးထည်နှင့်အဝတ်အစား လုပ်ငန်းကို ပြုလုပ်သည့် မိသားစုဖြစ်၏။ ၎င်းတို့သည် ဧကပေါင်း များစွာ ကျယ်လွန်းသော ပိုးဇာပင်စိုက်ခင်းများကို ပိုင်ဆိုင်ပြီး ပိုးထည်လုပ်ငန်းကို အကြီးအကျယ် ပြုလုပ်သည့် လူများဖြစ်သည်။ အလွန်တရာလည်း ချမ်းသာ ကြွယ်ဝ၏။

ရှစ်မိသားစု၏ သမီးဖြစ်သော ရှစ်ချင်းချင်းသည် ရွှမ်ဝူမြို့၏ ထိပ်တန်းအလှအပ စာရင်းဝင်သူဖြစ်ပြီး သူမသည် ကုချင်း၊ စစ်တုရင်၊ လက်ရေးလှ၊ ပန်းချီပညာတွင် နှံ့စပ် ကျွမ်းကျင်သည်။ ရွှမ်ဝူမြို့တွင်သာမက နုကျင်းစီရင်စု တစ်ခုလုံးတွင်ပင်လျှင် ထူးချွန်သည့် ပညာတတ် သမီးပျိုးတစ်ယောက်အဖြစ် နာမည်ကျော်ကြားသည်။

အသက် ဆယ့်ငါးနှစ်တွင် သူမသည် သူမ၏အဖေကို ကူညီကာဖြင့် စီးပွားရေးလုပ်ငန်း တစ်ခုလုံးကို စီမံ ခန့်ခွဲနိုင်ခဲ့၏။ အလွန်တော်လွန်းပြီး လုပ်နိုင်ကိုင်နိုင်စွမ်း ရှိသည့် မိန်းမကလေးတစ်ယောက်လည်း ဖြစ်၏။ ထို့အပြင် အထက်တန်းအရာရှိများ၏ သမီးများ၊ တော်ဝင်မိသားစုများ၏ သမီးများနှင့် မိတ်ဆွေ အပေါင်းအသင်း ဖွဲ့ထားသေး၏။ ထိုအရာကပင်လျှင် ရှစ်မိသားစုကို အထက်တန်းစား မိသားစုအဖြစ် နာမည် ကျော်ကြားစေခဲ့၏။

သာမန်ကုန်သည်မိသားစုဆီမှသည် နုကျင်းစီရင်စု တစ်ခုလုံးတွင် အထက်တန်းစား မိသားစုတစ်ခုအဖြစ် ကျော်ကြားလာခဲ့ခြင်းမှာ သူမ၏ ပေါင်းသင်းဆက်ဆံရေး ကြွယ်ဝမှုကြောင်းလည်း ဖြစ်သည်။ ထို့ကြောင့် အလွန်လှပသည့်အပြင် ပါရမီထူးချွန်ပြီး ချမ်းသာကြွယ်ဝသော မိန်းကလေးသည် လူငယ်ပေါင်းများစွာတို့၏ အိမ်မက်ချစ်သူ ဖြစ်လာခဲ့သည်။

သူမသည် အိမ်ပါသမက်အဖြစ် တစ်စုံတစ်ယောက်ကို လက်ထပ်မည် ဆိုလျှင်တောင်မှ ရှမ့်လန်ကဲ့သို့သော ရူးကြောင်ကြောင် လူမျိုးကို လက်ထပ်လိမ့်မည် မဟုတ်ချေ။ ရှမ့်လန်သည် ချောမောသည် ဆိုလျှင်တောင်မှ ဦးနှောက်က ညံ့ဖျင်း တုံးအလွန်းသည် မဟုတ်ပါလား။ ၎င်းနှင့် ရှစ်ချင်းချင်း တို့သည် ကမ္ဘာခြားသလိုပင် ဝေးကွာလွန်းလှ၏။ အတူတကွ တည်ရှိဖို့ ဆိုသည်မှာ မဖြစ်နိုင်ချေ။

သာမန်အခြေအနေတွင် ဆိုပါက ရှစ်ချင်းချင်းသည် ရှမ့်လန်ကဲ့သို့သော လူကို တစ်ချက်ကလေးမှပင် လှည့်ကြည့်လိမ့်မည် မဟုတ်ချေ။ သို့ပေမဲ့ မည်သူက ထင်မှတ်မည်နည်း။

လွန်ခဲ့သည့် တစ်နှစ်တုန်းက ရှစ်ချင်းချင်းသည် ရုတ်တရက် ဆိုသလိုပဲ အပြင်းအထန် ဖျားနာခဲ့သည်။ သူဌေးကြီးရှစ်သည် မြို့ထဲတွင် ရှိနေသည့် သမားတော်ပေါင်း မြောက်များစွာကို ပင့်ဖိတ်ကာ ကုသခဲ့၏။ သို့ပေမဲ့ သူမကို ပျောက်ကင်းအောင် မည်သူမှ မကုသနိုင်ခဲ့ချေ။ သူမသည် သေမလိုပင် ဖြစ်လာခဲ့၏။

ထိုအချိန်မှာတော့ ပရောဟိတ်ဆရာတစ်ယောက်သည် ရှစ်မိသားစုဆီသို့ ရောက်ရှိလာခဲ့ပြီး ရှစ်ချင်းချင်းမှာ သာမန်နေမကောင်းခြင်း မဟုတ်ဘဲ ပြုစားခံရခြင်းဖြစ်ကြောင်း ပြောဆိုခဲ့သည်။ ရှစ်မိသားစု အနေနှင့် ၎င်းတို့၏ သမီးကို ကယ်တင်နိုင်ရန် နည်းလမ်းတစ်ခုသာ ရှိ၏။ ထိုအရာသည် တစ်စုံတစ်ယောက်နှင့် အိမ်ထောင်ပြုပြီး လက်ရှိခံစားနေရသော ကံကြမ္မာဆိုးများကို သားမက်ထံ ပေးပို့လိုက်ရန်ပင်။

ဟုတ်ပေ၏။ ရှစ်မိသားစုသည် ထိုအရာကို မယုံကြည်ခဲ့ချေ။ သို့ပေမဲ့ ရှစ်ချင်းချင်း သေဆုံးခါနီး အချိန်သို့ ရောက်သည့်အချိန်မှာတော့ အနည်းဆုံး စိတ်ပြေလက်ပျောက်ဖြင့် ကြိုးစားကြည့်ရန် စဉ်းစားခဲ့ကြ၏။ ထို့ကြောင့် ရှစ်ချင်းချင်းသည် အိမ်ပါသမက်ကို လက်ထပ်မည်ဖြစ်ကြောင်း နုကျင်းစီရင်စု တစ်ခုလုံးသို့ ကြေညာခဲ့သသည်။

ယခင်တုန်းကဆိုလျှင် လူငယ်လူရွယ်ပေါင်း မြောက်များစွာတို့သည် ရှစ်ချင်းချင်းကို လက်ထပ်နိုင်ရန်အတွက် အလုအယက် ရောက်ရှိလာမှာ သေချာ၏။ ရှစ်ချင်းချင်း သေဆုံးသွားခဲ့မည် ဆိုလျှင်တောင်မှ ရှစ်မိသားစုသည် ချမ်းသာလွန်း၏။ ထို့ကြောင့် ဤသမက်နေရာသို့ ရရှိရန် လူပေါင်းများစွာတို့က တိုက်ခိုက်လုယက်ကြမည် မဟုတ်ပါလား။

ရှစ်မိသားစုအနေဖြင့် ရှစ်ချင်းချင်း လက်ထပ်ရန်အတွက် သမက် တစ်ယောက် ရှာဖွေခြင်းဆိုသည်မှာ ထိုသမက်ဆီသို့ မကောင်းသည့် ကံကြမ္မာဆိုးများ ပေးပို့ရန်ဖြစ်၏။ ဤသတင်းက စီရင်စု တစ်ခုလုံးသို့ ပျံ့နှံ့သွားခဲ့ပြီး ဖြစ်၏။

လှပမှုနှင့် ငွေကြေးကို လူတိုင်းက ချစ်ခင်နှစ်သက်၏။ သို့ပေမဲ့ အသက်သည် ပိုမိုကာ အရေးကြီးသည် မဟုတ်ပါလား။ ကံကြမ္မာဆိုးများကို လက်ခံရယူခဲ့ပြီးနောက် မည်ကဲ့သို့ ဆက်လက် နေထိုင်မည်နည်း။ လူငယ်သူရဲကောင်းများသည် ရှစ်ချင်းချင်းကို နှစ်သက်သည်ဆိုလျှင်တောင်မှ ရှစ်ချင်းချင်း၏ အိမ်တံခါးဝဆီသို့ မလာခဲ့ချေ။

လွန်ခဲ့သည့် နှစ်နှစ်တုန်းက ရှမ့်လန်သည် သူမကို အမှတ်မထင် တွေ့ဆုံခဲ့ရဖူး၏။ တခြားသော လူငယ် လူရွယ်များနည်းတူပင် သူသည် ရှစ်ချင်းချင်းကို နှစ်သက်ခဲ့၏။ ရှမ့်လန်သည် သူမကို နတ်ဘုရားမတစ်ပါး အဖြစ် သတ်မှတ်ခဲ့၏။ ကျောင်းမှ ထုတ်ပယ်ခံရပြီး အိမ်သို့ပြန်ရောက်ပြီးနောက် နေ့စဉ်နေ့တိုင်း မြေပေါ်တွင် သစ်သားတစ်ချောင်းနှင့် စာများ ရေးသားလျက် ရှိနေသလို ပုံများရေးဆွဲခဲ့၏။ ထိုအရာအားလုံးသည် ရှစ်ချင်းချင်းကို ချစ်မြတ်နိုးကြောင်းနှင့် ရှစ်ချင်းချင်း၏ မျက်နှာကို ရေးဆွဲနေခြင်းပင်။

ရှစ်ချင်းချင်း အပြင်းအထန် နေမကောင်းဖြစ်ပြီး ကံကြမ္မာဆိုးများ လွှဲပြောင်းပေးနိုင်ရန် အမျိုးသား တစ်ယောက်ကို လက်ထပ်ဖို့ လိုအပ်နေသည်ဆိုသော သတင်းကို ကြားရချိန်မှာတော့ ရှမ့်လန်သည် တစ်ချက် ကလေးမှ တွန့်ဆုတ်မနေခဲ့ချေ။ ရှစ်မိသားစုဆီသို့ အပြေးအလွှားနှင့် ရောက်ရှိလာခဲ့၏။ သူသည် ရှစ်ချင်းချင်းကို လက်ထပ်ရန် ဆုံးဖြတ်ခဲ့၏။ သို့ပေမည့် သူ၏ မိဘများနှင့် တိုင်ပင်ခဲ့ခြင်း မရှိချေ။ မိမိ စိတ်သဘောအတိုင်း ပြုလုပ်ခဲ့ခြင်းဖြစ်သည်။

ဟုတ်ပေ၏။ သူ၏ မိဘများနှင့် ညီငယ်လေးသည် ထိုအရာကို သဘောမတူခဲ့ချေ။ ထို့ကြောင့် ရှစ်မိသားစု ဆီသို့ ရောက်ရှိလာခဲ့ပြီး တားဆီးရန် ကြိုးစားခဲ့၏။ သို့ပေမဲ့ နောက်ကျသွားခဲ့ပြီ ဖြစ်သည်။ ရှမ့်လန် သည် သတိလစ် မေ့မျောကာဖြင့် အိပ်ယာထဲ လဲလျက်ရှိနေသည့် ရှစ်ချင်းချင်းနှင့် လက်ထပ်ခဲ့ပြီးဖြစ်၏။

ထိုသို့ဆိုလျှင်တောင်မှ သူ၏မိဘနှင့် ညီငယ်လေးသည် ရှမ့်လန်ကို အိမ်သို့ ပြန်ခေါ်သွားရန် ကြိုးစားခဲ့ကြ၏။ နောက်ဆုံးမှာတော့ ရှစ်မိသားစုတွင် ရှိနေသည့် အစောင့်အရှောက်များ၏ ဝိုင်းဝန်းကန်ကျောက် နှင်ထုတ်ခြင်းကိုသာလျှင် ခံခဲ့ရသည်။

ထိုအချိန်တုန်းက ရှစ်မိသားစု၏ အိမ်စေကြီးသည် ရှမ့်လန်၏ အဖေအား ရွှေဒင်္ဂါး ငါးဆယ်တိတိ ပေးအပ်ခဲ့၏။ သို့ပေမဲ့ သူ၏အဖေသည် ထိုအရာများ အားလုံးကို ပြန်လည်ကာ ပစ်ပေးခဲ့၏။ သူ၏ သားကို ရောင်းချပြီး ရရှိသည့် ငွေကြေးကို သူ ဘယ်တော့မှ ယူလိမ့်မည် မဟုတ်ချေ။

ဤနည်းလမ်းဖြင့် ရှမ့်လန်သည် ရှစ်မိသားစု၏ သမက်တော် ဖြစ်လာခဲ့၏။ ဆင်းရဲလွန်း၊ ဦးနှောက်မှတ်ဉာဏ် နည်းပါးလွန်းသည့် လူချောတောသားတစ်ယောက်သည် ချမ်းသာသည့် မိသားစုထဲသို့ ရောက်ရှိခဲ့ပြီဖြစ်၏။

ဟုတ်ပေသည်။ ရှမ့်လန်သည် ရှစ်မိသားစု၏ သမက်တော် ဖြစ်လာခဲ့ခြင်းမှာ ဂုဏ်ယူလောက်စရာ မဟုတ်သလို ချမ်းသာကြွယ်ဝသွားခြင်းလည်း မရှိချေ။ သူ၏အိမ်မက်ချစ်သူ ဖြစ်သော ရှစ်ချင်းချင်းကို ကယ်တင်ရန် အသက်အသေခံ၍ လက်ထပ်ခဲ့ခြင်းသာ ဖြစ်သည်။

လက်ထပ်ပြီးနောက် ကံကြမ္မာဆိုးများကို ရရှိမည်ဆိုခြင်းသည် အလုံးစုံသော ပေါက်ပန်းလေးဆယ်များဟု သူက ထင်မှတ်ခဲ့၏။ သူ၏ ဉာဏ်ရည်ကလည်း နိမ့်ပါးခဲ့သည် မဟုတ်ပါလော။ သို့ပေမည့် ထူးဆန်းသည့် အရာမျိုး ဖြစ်လာခဲ့၏။ လက်ထပ်ပွဲပြီးသည့်နောက် ရှစ်ချင်းချင်းသည် တကယ်ပင် သတိ ပြန်လည်လာခဲ့၏။ သူမသည် ပိုမိုကာပင် ချောမောလာခဲ့သေး၏။

ဤကိစ္စရပ်သည် ရှစ်မိသားစု တစ်ခုလုံးအတွက် ပျော်ရွှင်စရာကိစ္စရပ်မျိုး ဖြစ်၏။ သို့ပေမဲ့ ရှမ့်လန်သည် နာမည်ကောင်း မရရှိခဲ့ချေ။ သေးငယ်သည့် ခြံဝန်းလေးထဲတွင် နေ့စဉ်နေ့တိုင်း နေထိုင်ပြီး စာရေးလိုက်၊ ပုံဆွဲလိုက်သာ ပြုလုပ်နေခဲ့ရသည်။

ရှစ်မိသားစု၏ သူ့အပေါ် ထားရှိသည့် စိတ်နေစိတ်ထားသည် အလွန်ပင် ရှုပ်ထွေးလွန်း၏။ ရှစ်ချင်းချင်း ပြန်လည်ကာ ကောင်းမွန်လာခဲ့ပြီး အားလုံးသောသူတို့ကို ပျော်ရွှင်စေခဲ့သည်။ သို့ပေမဲ့ ညံ့ဖျင်းပြီး ဆင်းရဲလွန်းလှသည့် တောသားတစ်ယောက်ဖြစ်သော ရှမ့်လန်ကို မည်သူကမှ ဂရုမစိုက်ချေ။

ရှမ့်လန်ဆိုသည်မှာ ရှစ်ချင်းချင်း၏ လက်ချောင်းတစ်ချောင်းကို ပိုင်ဆိုင်ရန် ထိုက်တန်သည့် လူ မဟုတ်ပေ။ ရလဒ်အားဖြင့် ရှစ်မိသားစုထဲတွင် ရှိနေသည့် ကျေးကျွန်များ၊ အိမ်စေများတို့သည် တစ်ယောက်ပြီး တစ်ယောက် ရှမ့်လန် အကြောင်း မကောင်းစကားကိုသာ ပြောဆိုတော့သည်။ ဟုတ်ခြင်း၊ မဟုတ်ခြင်းက အဓိက မကျချေ။ ရှမ့်လန့်ကို ချိုးချိုးဖဲ့ဖဲ့ ပြောလိုက်ရရင်ကို စိတ်အာသာပြေကြ၏။

ထိုသို့သော စကားလုံးများသည် ရှမ့်လန်အတွက် ဆိုးရွားသည့် အိမ်မက်ဆိုးကဲ့သို့ပင်။ အစေခံများ၏ အထင်အမြင်သေးစွာ ကြည့်ရှုသည့် အကြည့်များသည် ရှမ့်လန်အတွက် ထူးမခြားနားသည့် အကြည့်များ ဖြစ်လာခဲ့၏။ အစေခံများ ပေးပို့ခဲ့သည့် အစားအစာများ သည် တစ်နေ့ထက်တစ်နေ့ ပိုမိုကာ ဆိုးရွားလာခဲ့၏။ ပထမ အေးစက်သည့် ဟင်းပွဲများကို ရရှိခဲ့ပြီး နောက်ပိုင်းတွင် ပုတ်သိုးနေသည့် ဟင်းပွဲများကိုပါ ရရှိခဲ့သည်။

ရှမ့်လန်သည် ဆင်းရဲသည်ဆိုသော်လည်း သူ၏မိဘများသည် သူ့ကို ငယ်ရွယ်စဉ်ကတည်းက အကောင်းမွန်ဆုံးသော အရာများကိုသာ ကျွေးမွေးခဲ့၏။ ချမ်းသာသည့် ရှစ်မိသားစုထဲသို့ ရောက်ရှိလာပြီးနောက် သူစားရသည့် အစားအစာများသည် သူ၏အိမ်တွင် စားရသည့် အစားအစာ များထက်ပင် ပိုမိုကာ ဆိုးရွားနေခဲ့၏။

ရှမ့်လန်၏ အသိဉာဏ်သည် နိမ့်ကျလွန်း၏။ ထို့အတူ သူသည် ဖြူစင်ပြီး ဉာဏ်တုံးလွန်း၏။တစ်ချက်ကလေးမှ ပြစ်တင်စကား မဆိုခဲ့ချေ။ အနိုင်ကျင့်ခံရသည် ဆိုလျှင်တောင်မှ ထိုအရာကို သည်းခံကာဖြင့် ငြိမ်ငြိမ်သက်သက် နေထိုင်ခဲ့သည်။

နောက်ပိုင်းမှာတော့ ရှစ်ချင်းချင်းသည် ထိုအရာကို သိရှိခဲ့ပြီး ဒေါသတကြီးဖြင့်‌ ရောက်ရှိလာ၏။ ရှမ့်လန်ကို ဆိုးဆိုးရွားရွား ဆက်ဆံခဲ့ကြသော အစေခံများ အားလုံးကို ရက်ရက်စက်စက် အပြစ်ပေးရန် အမိန့်ချမှတ်ခဲ့၏။ တစ်ယောက်ချင်းစီတိုင်းအား ကြာပွတ်ဖြင့် ဒါဇင်နှင့်ချီကာ ရိုက်ခဲ့၏။ ရှမ့်လန်ကို ထပ်မံ အနိုင်ကျင့်သူ ရှိပါက ရှစ်မိသားစုထဲမှ နှင်ထုတ်မည်ဟုလည်း ကြေညာခဲ့သေး၏။

ထို့ကြောင့် ရှမ့်လန်သည် ကောင်းမွန်သည့် ခြံဝန်းတစ်ခုထဲသို့ ပြန်လည်ရောက်ရှိခဲ့ပြီး နေ့စဉ်နေ့တိုင်း ဆိုသလို ကောင်းမွန်သည့် အစားအသောက်များကို စားခဲ့ရ၏။ တစ်ရက်၊ နှစ်ရက်အတွင်း ရှစ်ချင်းချင်းသည် သူ့ဆီသို့ ရောက်ရှိလာကာ စကားပြောဆိုခြင်းကို ပြုလုပ်၏။ ဤနှစ်ပိုင်းအတွင်းတွင် ရှမ့်လန်သည် သူ့ကိုယ်သူ နတ်ဘုရား တစ်ပါးကဲ့သို့ပင် ထင်မှတ်မှားခဲ့သည်။

သူတို့သည် လပေါင်းများစွာ လက်ထပ်ခဲ့ပြီးပြီ ဖြစ်သော်လည်း အိပ်ယာတစ်ခုတည်းတွင် အတူတကွ နေထိုင်ဖို့ မဆိုနှင့် သူ၏မိန်းမဖြစ်သော ရှစ်ချင်းချင်း၏ လက်ချောင်းလေးကိုပင် မထိတွေ့ခဲ့ဖူးချေ။ ရံဖန်ရံခါ ဆိုသလို သူမကို မြင်ရပြီး သူမ၏ အသံကို ကြားရခြင်းသာရှိ၏။ ထိုအရာကသာလျှင် ရှမ့်လန်အတွက် မယုံကြည်နိုင် လောက်စရာ၊ စိတ်ကျေနပ်စရာ ဖြစ်လို့နေခဲ့၏။

သို့ပေမဲ့ လဝက်ခန့် ကြာမြင့်ပြီးသည့်နောက် ရှမ့်လန်သည် ရုတ်တရက်ဆိုသလိုပဲ ပြင်းပြင်းထန်ထန် နာမကျန်း ဖြစ်လေသည်။

ရှစ်ချင်းချင်းသည် သမားတော်ပေါင်း မြောက်များစွာကို ခေါ်ယူကာ ကုသစေခဲ့၏။ သို့ပေမဲ့ ထူးခြား မလာခဲ့တော့ချေ။ မည်ကဲ့သို့သော ဖျားနာမှုမျိုးဖြစ်ကြောင်း မည်သူမှ သေသေချာချာ မသိရှိချေ။ နေ့စဉ်နေ့တိုင်း ဆိုသလိုပဲ ရှမ့်လန်သည် တဖြည်းဖြည်း အားနည်းလာခဲ့၏။ သေဆုံးတော့မည့် အခြေအနေမျိုးသို့ပင် ရောက်ရှိလာခဲ့၏။ ယနေ့အချိန်မှာတော့ နောက်ဆုံးထွက်သက်ကို ခက်ခက်ခဲခဲ ရှူနေရ၏။

ထို့ကြောင့်ပင်လျှင် တခြားသောလောကတွင် ရှိနေသည့် ရှမ့်လန်သည် ဝိညာဉ်ကူးပြောင်းကာဖြင့် ဤခန္ဓာကိုယ်ထဲသို့ ရောက်ရှိလာခဲ့ခြင်း ဖြစ်၏။ သူ၏ဘဝသည် အစကနေ အဆုံးထိ ဆိုးရွားခဲ့လေသည်။

………….

ရှမ့်လန်သည် စိတ်ထဲတွင် ကြိတ်ကာ သက်ပြင်းချလိုက်၏။ သူ၏စိတ်ထဲတွင် တခြားသောအရာများ တည်ရှိလို့ နေ၏။ သို့ပေမဲ့ စိတ်ထဲတွင် ဘာတွေ ဖြစ်နေသည်ကိုတော့ သေသေချာချာ ရှာဖွေအဖြေထုတ်နိုင်ခြင်း မရှိခဲ့ချေ။

ထိုအချိန်မှာပဲ အပြင်ဘက်ဆီမှ ခြေသံများ ထွက်ပေါ်လာခဲ့လေ၏။

“ဒီအမှိုက်က သေသင့်နေပြီလေ။ ဘယ်လိုဖြစ်ပြီးတော့ သေမလို အခြေအနေကနေ ရက်ပေါင်းများစွာ ကြာအောင် တောင့်ခံနေရတာလဲ။”

“သေသွားရင်ကောင်းမယ်။ ဒါမှ ကျုပ်တို့မိသားစုရဲ့ သခင်မလေးကိစ္စက မနှောင့်နှေးတော့မှာ မဟုတ်လား”

“ဒါအမှန်ပဲ။ ဒီလို အသုံးမဝင်တဲ့ အမှိုက်တစ်ကောင်ကြောင့် သခင်မလေးရဲ့ လက်ထပ်ပွဲက နှောင့်နှေးနေတာလေ။ ဒီလို ကလေကချေမျိုးနဲ့ လက်ထပ်လိုက်ရတာ နစ်နာမှုပဲ”

“ဘာပဲပြောပြော အခုအချိန်ဆိုရင်တော့ သေလောက်ပါပြီ”

“အင်း.. သေသွားမယ်ဆိုရင်တောင် ထိုက်တန်ပါတယ်။ ဘာလို့လဲဆိုတော့ ကျုပ်တို့ရဲ့ သခင်မလေးက ကောင်းကင်ပေါ်က နတ်သမီးတစ်ပါးလိုပဲ။ ဒီလို မိန်းကလေးမျိုးက နေ့စဉ်နေ့တိုင်း သူ့ဆီလာပြီး ကောင်းကောင်းမွန်မွန် စကားပြောနေတယ်ဆိုတော့ ကြံဖန်ဂုဏ်ယူပြီး သေရင်တောင် သေပျော်နေပြီ”

“ကျုပ်တို့ သခင်မလေးက တကယ့်ကို ကြင်နာတတ်တယ်။ စိတ်ပိုင်းဆိုင်ရာအရ ကြပ်မပြည့်တဲ့ လူမျိုးကိုတောင်မှ တစ်နေ့ နာရီဝက်လောက် အချိန်ကုန်ခံ စကားပြောပေးနေတယ်”

ရှစ်ချင်းချင်းသည် ရှမ့်လန်အား မည်သူမှ အနိုင်မကျင့်ရန် အမိန့်ပေးခဲ့ဖူး၏။ အနိုင်ကျင့်သည့် မည်သူ့ကိုမဆို ရှစ်မိသားစုမှ နှင်ထုတ်မည်ဟုလည်း ပြောဆိုခဲ့ဖူး၏။ ထို့ကြောင့် ကျေးကျွန်နှင့် အိမ်စေများသည် ရှမ့်လန်ကို အနိုင်မကျင့်ရဲတော့ချေ။ သို့ပေမဲ့ ဤရက်ပိုင်းအတွင်း ရှမ့်လန် တစ်ယောက် သေဆုံးတော့မည်ဖြစ်ကြောင်း မြင်ရချိန်မှာ‌တော့ သူတို့၏ သတ္တိများသည် ပိုမိုကာ အားကောင်းလာခဲ့၏။

ကျေးကျွန်များသည် တံခါးကို ဖွင့်လိုက်၏။ နာရီဝက်ခန့် အချိန်ယူပြီးနောက် သူတို့သည် ရှမ့်လန်၏ ခန္ဓာကိုယ် ကို လာရောက် စစ်ဆေးခြင်းဖြစ်သည်။

“သွားကြည့်လိုက် …. သေသွားပြီလား၊ မသေသေးဘူးလား ဆိုတာကို”

အိမ်ခန်းထဲသို့ ဝင်ရောက်ပြီးနောက် အိမ်စေသည် နှာခေါင်းကို အသာပိတ်ကာဖြင့် ပြောလိုက်၏။ နောက်တစ်စက္ကန့် အတွင်းမှာပဲ အိမ်စေတစ်ယောက် အံ့အားသင့်စွာဖြင့် ထကာ အော်ဟစ်လိုက်၏။ သူသည် မယုံကြည်နိုင်စွာဖြင့် ရှမ့်လန်ကို လှမ်းကာ ကြည့်ရှုလိုက်သည်။

လွန်ခဲ့သည့် နာရီဝက်တုန်းက ရှမ့်လန်သည် သေဆုံးခါနီး အခြေအနေသို့ ရောက်ရှိနေပြီဖြစ်ကြောင်း သူ သေသေချာချာ သိ၏။ သို့ပေမဲ့ လက်ရှိအခြေအနေမှာတော့ မသေဆုံးသည့်အပြင် အိပ်ယာပေါ်တွင် ခပ်မတ်မတ် နှင့် ထိုင်လျက် ရှိနေသည်ကို မြင်ရ၏။ ခန္ဓာကိုယ်သည် အားနည်းလျက် ရှိနေသည် ဆိုလျှင်တောင်မှ စွမ်းအင်များနှင့် ပြည့်နှက်နေသည့် ပုံပင်။

“မင်း.. မင်း မသေသေးဘူးလား” ထိုအိမ်စေသည် အံ့အားတသင့်ဖြင့် ထကာ မေးမြန်းလိုက်၏။

“အင်း.. ကျုပ် မသေသေးဘူး” ရှမ့်လန်က ပြောလိုက်သည်။

အိမ်စေသည် ရှမ့်လန်၏ မျက်နှာကို အံ့အားသင့်စွာဖြင့် စူးစိုက်ကြည့်မိနေ၏။ အချိန်ခဏကြာပြီးသည့်နောက် ဦးဆောင်လာသည့် အိမ်စေက ပြောလိုက်၏။ “မြန်မြန်သွား။ သခင်ကြီးနဲ့ သခင်မလေးကို သွားပြော။ ရှမ့်လန် မသေသေးဘူးလို့”

ပြီးသည့်နောက် အစေခံနှင့် ကျေးကျွန်များတို့သည် အလျင်အမြန်ဖြင့် ထွက်ခွာသွားခဲ့ကြသည်။

All Chapters