အပိုင်း (၄)
Vol. 1 Ch. 4
ဆယ့်ငါးမိနစ်ခန့်ကြာသော် သမားတော် တစ်ယောက်သည် အခန်းတွင်းသို့ ဝင်ရောက်လာခဲ့၏။ ၎င်းအား အိမ်စေကြီးရှစ်က ခေါ်ဆောင်လာခဲ့ခြင်းဖြစ်၏။ ၎င်းသည် ရှမ့်လန်၏ မျက်လုံးများကို သေသေချာချာ စစ်ဆေးပြီးနောက် ရှမ့်လန်၏ သွေးကြောများကိုလည်း ဆက်လက် စစ်ဆေးခဲ့သည်။
အချိန်အနည်းငယ် ကြာမြင့်ပြီးနောက် ၎င်းသည် အံ့အားတသင့်ဖြင့် ပြောဆိုလိုက်၏။ “တကယ့်ကို ထူးဆန်းတာပဲ။ ပြင်းပြင်းထန်ထန် နေမကောင်း ဖြစ်နေတာပါ။ သေတောင် သေခါနီးနေပြီ။ ဘယ်လိုဖြစ်ပြီးတော့ ဒီလို ထူးဆန်းတဲ့ နည်းလမ်းမျိုးနဲ့ ပြန်ကောင်းလာရတာလဲ”
အိမ်စေကြီးက ပြောဆိုလိုက်သည်။ “သမားတော်လီ... ရှမ့်လန် ပြန်ပြီးကောင်းလာတယ်ဆိုတာ သေချရဲ့လား”
“အင်း.. သူတကယ် အဆင်ပြေတယ်။ အသက်အန္တရာယ် လုံးဝမရှိတော့ဘူး” သမားတော်လီက ပြောလိုက်၏။
အိမ်စေကြီးရှစ်သည် ပြုံးကာ ချီးကျူးလိုက်သည်။ “သမားတော်လီရဲ့ ဆေးစွမ်းရည်က တကယ့်ကို ကောင်းမွန်လွန်းတာပဲ”
သမားတော်လီသည် ခဏလောက် တွန့်ဆုတ်ပြီးသည့်နောက် ပြောဆိုလိုက်၏။ “ဒါက တိုက်ဆိုင်မှုတစ်ခုပါပဲ”
အိမ်စေကြီးရှစ်က ပြောလိုက်သည်။ “ရှမ့်လန်.. ဒါဆိုရင်လည်း သေသေချာချာ အနားယူတော့”
ပြီးနောက် ၎င်းသည် သမားတော်လီနှင့်အတူ အခန်းထဲမှ ထွက်ခွာသွား၏။
ရှမ့်လန်သည် အိပ်ယာထဲမှ ထထိုင်ပြီး မှန်ရှေ့သို့ သွားရောက်ကာ မတ်မတ်ရပ်လိုက်၏။ သူ၏ ခန္ဓာကိုယ်အသစ်ကို သေသေချာချာ ကြည့်ရှုစစ်ဆေးနေခြင်းပင်။ သူသည် တကယ်ပင် ချောမောလွန်းလှ၏။ အားနည်းနေသည့် ပုံပန်းသွင်ပြင်မျိုး ရှိနေသော်လည်း ငယ်ရွယ်တောက်ပမှုများနှင့် ပြည့်နှက်လျက်ရှိသည်။
ယခင်က ရှမ့်လန်သည် အလွန်တရာ ချောမောခဲ့သည် ဆိုသော်လည်း ၎င်း၏ မျက်လုံးများသည် အသက်ကင်းမဲ့ သလိုဖြစ်နေပြီး ခန္ဓာကိုယ်အမူအရာများကလည်း လေးကန်လွန်းခဲ့သည်။ ၎င်းကို ကြည့်ရသည်မှာ လက်ရာ သေသပ်လှပသော ပန်းပုရုပ်ကြီးတစ်ခု ထောင်ထားသကဲ့သို့ပင်။
သို့ပေမဲ့ လက်ရှိအခြေအနေမှာတော့ ရှမ့်လန်၏ မျက်လုံးများသည် စိတ်အားတက်ကြွမှုများနှင့် ပြည့်နှက်လျက် ရှိနေ၏။ ၎င်း၏ အမူအရာ တစ်ခုလုံးသည်လည်း နက်ရှိုင်းပြီး ခန့်မှန်းရခက်လာခဲ့၏။ ယခင်နှင့် မတူညီတော့ပေ။ ၎င်းသည် ပြန်လည်မွေးဖွားလာခဲ့ပြီ ဖြစ်၏။
မှန်၏ရှေ့တွင် နာရီဝက်လောက်ကြာအောင် ကိုယ့်ကိုယ်ကိုယ် စိမ်ပြေနပြေ ကြည့်ရှုပြီးနောက် ရှမ့်လန်သည် စားပွဲရှေ့၌ သွားရောက်ကာ ထိုင်လိုက်၏။ ပြီးနောက် စာအုပ်တစ်အုပ်ကို ကောက်ယူကာ ဖတ်ရှုနေမိသည်။
ဟုတ်ပေ၏။ တကယ်တမ်းမှာတော့ စာဖတ်နေခြင်း မဟုတ်ပေ။ စာဖတ်နေခြင်းသည် အယောင်ပြ သက်သက်သာ ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် သူသည် မေးခွန်းတစ်ခုကို စဉ်းစားနေသောကြောင့်ပင်။
သူ၏ ခေါင်းထဲတွင် ဘာရှိနေသနည်း။
ရှမ့်လန်နှင့် ပတ်သက်သည့် မှတ်ဉာဏ်များနှင့်အတူ တခြားသောအရာများလည်း တည်ရှိနေလေ၏။ သူ၏ ဦးခေါင်းထဲတွင် Window 10 Computer တစ်ခု တည်ရှိနေကြောင်း အံ့အားသင့်ဖွယ် ရှာဖွေတွေ့ရှိခဲ့ရ၏။
ထိုအရာ .... ထိုအရာသည် အံ့အားသင့်စရာ ကောင်းလွန်းလှ၏။ ဤကွန်ပြူတာကို သူ အလွန်ရင်းနှီးသည်။ ဤကွန်ပျူတာသည် သူ၏ ယခင်ဘဝမှ ကွန်ပြူတာလည်းဖြစ်၏။ များပြားလွန်းသည့် သတင်းအချက်အလက်များ၊ စာအုပ်များ၊ ဂိမ်းများ၊ ရုပ်ရှင်များ စသည်ဖြင့် အရာအားလုံး ပြည့်နှက်လျက် ရှိနေသည့် သူ၏ ကွန်ပျူတာပင်။
မော်ဒန်ခေတ်တွင် ရှမ့်လန်သည် နေ့စဉ်နေ့တိုင်း ခွဲစိတ်မှုများကိုသာ ပြုလုပ်ခဲ့၏။ သူ၏ဘဝသည် တကယ်ပင် ပျင်းရိစရာ ကောင်းလွန်းခဲ့၏။ ထို့အပြင် အာဖရိက၏ ဒေသ အစိတ်အပိုင်း တော်တော်များများတို့သည် အင်တာနက်လိုင်း မကောင်းချေ။ ထို့ကြောင့် ရှမ့်လန်သည် စာအုပ်များ၊ သတင်းအချက်အလက်များ အားလုံးကို Download ဆွဲကာဖြင့် သိမ်းဆည်းခဲ့ရ၏။ ထို့ကြောင့် သူ၏ကွန်ပျူတာ၌ တကယ့်ကို များပြားသည့် သတင်းအချက်အလက်များ ပါဝင်နေလေသည်။
ရှမ့်လန်အတွက် တကယ်ပင် ဇိမ်ခံ၍ ရနိုင်သည့် အရာပင် ဖြစ်လို့နေ၏။ ရှမ့်လန်သည် ကွန်ပြူတာထဲရှိ စာအုပ် တစ်အုပ်ကို ကောက်ကာ ဖွင့်လိုက်၏။ အံ့အားသင့်စရာပင် သူ၏ ဦးနှောက်ထဲတွင် ရှိနေသည့် ကွန်ပျူတာသည် တကယ်ပင် အလုပ်လုပ်၍ ရနေ၏။ ကွန်ပြူတာသည် အင်တာနက်မလိုဘဲ AI နှင့်လည်း ချိတ်ဆက်ထားသေးသည်ကို အံ့အားသင့်စွာ သိရှိခဲ့ရ၏။
ထိုတင်မကသေးချေ။ ရှမ့်လန်သည် ထူးခြားသည့် အရာတစ်ခုကို ခံစားနေမိသည်။။ ထိုအရာသည် သူ၏ ဦးခေါင်းဆီမှ မဟုတ်ချေ။ သူ၏ မျက်လုံးဆီမှဖြစ်သည်။
ထို့ကြောင့် သူအကောင်းဆုံး ကြိုးစား၍ အာရုံစူးစိုက်ကာ ကြည့်ရှုလိုက်၏။ သူ၏ မျက်လုံးရှေ့တွင် ရှိနေသည့် အရာများသည် အံ့အားသင့်စရာ ပြောင်းလဲသွားခဲ့၏။ သာမန်လူများ မြင်ရသည့် လောကကြီး မဟုတ်သကဲ့သို့ပင်။ သူသည် အံဆွဲထဲတွင် ရှိနေသည့် ကတ်ကြေးကို မြင်ရ၏။ ရေကန်ထဲတွင် ရှိနေသော ရေများကိုပင် မြင်ရ၏။ အိုးထဲတွင် တည်ရှိနေသည့် ဘွန်ဇိုင်း ပန်းပင်၏ အမြစ်ကိုပင် ထင်ထင်ရှားရှား မြင်နေရ၏။
ဟုတ်ပေ၏။ သူသည် အရာအားလုံးကို ထွင်းဖောက်ကာ မြင်နိုင်စွမ်းရှိ၏။ သို့ပေမဲ့ မြို့ပြ ရှန်းရှစာအုပ်များ မှာကဲ့သို့ အမျိုးသမီးများ၏ အဝတ်အစားများကို ထွင်းဖောက်ကာ မြင်နိုင်စွမ်းရှိသည့် အမြင်မျိုး မဟုတ်ချေ။ နှမျောစရာပင်။ သို့ပေမည့် X-Ray အမြင်မျိုး ဖြစ်လို့၏။ ဆေးရုံထဲတွင်ရှိတတ်သည့် X-Ray စက်ကဲ့သို့ပင် လူ၏ခန္ဓာကိုယ်၊ သွေးကြောများ၊ အတွင်းအင်္ဂါ အစိတ်အပိုင်းများကို မြင်ရသည့် အမြင်မျိုး ဖြစ်၏။ အဝတ်အစားများကို ထွင်းဖောက်ကာ မြင်ရသည့် တဏှာရူးဆန်ဆန် အမြင်မျိုး မဟုတ်ချေ။
ရှမ့်လန်သည် ဗုံးပေါက်ကွဲစဉ်က သူ၏ အနီးအနားတွင် ရှိနေသည့် Laptop နှင့် X-Ray စက်ကြီးကို ပြန်လည်ကာ မြင်ယောင်လာမိ၏။ လက်ရှိအချိန်မှာတော့ သူသည် ထိုအရာများနှင့်အတူ ဝိညာဉ်ကူးပြောင်းကာ ရောက်ရှိခဲ့ခြင်း ဖြစ်၏။ မှော်ဆန်လွန်းလှ၏။ သို့ပေမဲ့ ဝိညာဉ်ကူးပြောင်းချိန်တွင် ပိုမိုကာ ထူးဆန်းသည့် အရာများ ပါလာသင့်သည် မဟုတ်ပါလား။ အဘယ်ကြောင့် X-Ray စက်ကြီးနှင့် Laptop တစ်လုံးက ပါလာခဲ့သနည်း။
ထိုအချိန်မှာပဲ အခန်း၏ တံခါးက ပွင့်လာခဲ့၏။ မွှေးပျံ့သည့် လေပြည်ညှင်းများ တိုက်ခိုက်လာခဲ့ပြီး နူးညံ့ကြင်နာသည့် အသံတစ်ခု ထွက်ပေါ်လာသည်။
“ရှမ့်လန်... ပြန်နေကောင်းသွားပြီလား။ ကျွန်မ အရမ်း ပျော်တာပဲ”
ရှမ့်လန်သည် မည်သို့မှ မနေနိုင်ဘဲ ခေါင်းလှည့်ကာ ကြည့်ရှုလိုက်၏။ ပထမဦးဆုံး သူသည် အရိုးခြောက်ကြီး၊ သွေးကြောများနှင့် ကိုယ်တွင်းအင်္ဂါ အစိတ်အပိုင်းများသာ တည်ရှိနေသည့် အမျိုးသမီးတစ်ယောက် သူ့ဆီ ပြေးလာကြောင်း မြင်လိုက်ရ၏။
“သောက်ကျိုးနည်း”
သူသည် မျက်လုံးများကို ပေကလပ်၊ ပေကလပ် ပြုလုပ်ပြီး သူ၏ X-Ray အမြင်ကို ဖယ်ရှားလိုက်၏။ ပြီးနောက် သာမန်အမြင်များဖြင့် ပြန်လည်ကာ ကြည့်ရှုလိုက်သည်။
သို့နှင့် ရှမ့်လန်သည် အလွန်တရာ လှပသည့် အမျိုးသမီးတစ်ယောက်ကို မြင်လိုက်ရ၏။ သေချာပေသည်။ တစ်သန်းတွင် တစ်ယောက်သာ တည်ရှိမည့် အလှပဂေးမျိုးပင်။ မျက်နှာသွင်ပြင် တစ်ခုလုံးသည် ဆေးရေး ပန်းချီထဲတွင် တည်ရှိနေသည့် အလှပဆုံးသော အမျိုးသမီးတစ်ယောက်၏ ပုံပန်းသွင်ပြင်မျိုးပင်။ သူမ၏ အသားအရေသည် တကယ်ပင် လှပလွန်းပြီး အိထွေးနေမည့် အရာမျိုးကဲ့သို့ပင်။
နုကျင်းစီရင်စု တစ်ခုလုံး၌ နေထိုင်သည့် လူငယ်လူရွယ်ပေါင်း များစွာတို့သည် သူမကို ချစ်ခင် နှစ်သက်ကြသည် ဆိုခြင်းမှာ အံ့အားသင့်စရာ မဟုတ်ချေ။ ဤအမျိုးသမီး၏ အလှ၊ ခန္ဓာကိုယ် အသွင်အပြင် နှင့် လှုပ်ရှားမှု အမူအရာ ... အရာအားလုံးတို့သည် အံ့ချီးဖွယ်ရာပင်။
ယခင် ရှမ့်လန်သည် သူမကို တစ်ကြိမ်မြင်ဖူးပြီးနောက် မိမိအသက်ကို စတေးပြီး သူမ၏ အသက်ကို ကယ်တင်ရန် စိတ်ဆုံးဖြတ်ခဲ့ခြင်းမှာ အံ့အားသင့်စရာ မဟုတ်တော့ချေ။ သူမသည် တစ်သန်းတွင် တစ်ယောက်သာ ပေါ်ပေါက်လာခဲ့သည့် အလှပဂေး တစ်ယောက်တင်သာ မကပေ။ အလွန် ကြည့်ကောင်းသည့် ခန္ဓာကိုယ် အချိုးအစား ကိုလည်း ပိုင်ဆိုင်သည်။
ခန္ဓာကိုယ်ဆီမှ ပညာတတ် အမျိုးသမီးတစ်ယောက်၏ ဟန်ပန်အမူအရာမျိုး ထွက်ပေါ်နေ၏။ သူမသည် ကုန်သည် မိသားစုဆီမှ မွေးဖွားလာခဲ့သည့် သမီးတစ်ယောက်နှင့် မတူချေ။ ချမ်းသာသည့် သမိုင်းနောက်ခံကို ပိုင်ဆိုင်သည့် တော်ဝင်သမီးပျိုတစ်ယောက်နှင့်ပင် ပိုမိုတူညီနေ၏။ ဟုတ်ပေသည်။ ဤအမျိုးသမီးသည် ရှမ့်လန်၏ မိန်းမ ရှစ်ချင်းချင်းပင် ဖြစ်၏။
ရှမ့်လန်ကို ပထမဦးဆုံး မြင်ရသည့် အချိန်မှာတော့ ရှစ်ချင်းချင်းသည် အနည်းငယ် ကြောင်အသွား၏။ သူမသည် အနည်းငယ်လည်း အံ့အားသင့်လို့သွားသည်။
အဘယ်ကြောင့်ဆိုသော် ရှမ့်လန် ပြောင်းလဲသွားခဲ့ကြောင်း သူမ သတိပြုမိသောကြောင့်ပင်။ ရှမ့်လန်၏ မျက်နှာသည် ယခင်အတိုင်းပင်။ သို့ပေမဲ့ မျက်နှာပေါ်တွင် ထင်ပေါ်လျက် ရှိနေသည့် ဟန်ပန်၊ ကိုယ်နှုတ် အမူအရာ .... အားလုံးတို့သည် အလုံးစုံ ခြားနားလျက် ရှိနေ၏။
သူမသည် ရှမ့်လန်၏ အရှေ့၌ သွားရောက်ကာ ထိုင်လိုက်၏။ သူမ၏ ခါးကျဉ်းကျဉ်းလေးနှင့် တင်အလှတို့သည် ထင်းစွာဖြင့် ပေါ်ပေါက်လာသည်။
“ရှမ့်လန်... ရှင် ပြန်ကောင်းသွားပြီလား။ ကောင်းကင်က လူကောင်းတွေ ကူညီတယ်ဆိုတာ အမှန်ပါပဲလား” ရှစ်ချင်းချင်းသည် ကြင်နာစွာ ပြောဆိုလိုက်၏။
“အင်း” ရှမ့်လန်က ခွန်းတုံ့ပြန်လိုက်သည်။
ရှစ်ချင်းချင်းသည် ခဏလောက် တိတ်ဆိတ်ငြိမ်သက်သွား၏။ ပြီးနောက် ဆက်လက်ကာ ပြောဆိုလိုက်၏။ “ဒီရက်ပိုင်းအတွင်းမှာ ရှင့်ရဲ့ မိဘတွေက အကြိမ်ပေါင်းများစွာ အိမ်ကိုလာခဲ့တာလေ။ သူတို့ ရှင့်ကို အရမ်းလွမ်းနေ လောက်ပြီနဲ့တူတယ်။ ရှင့်အမေက အကြိမ်ပေါင်းများစွာ ကျွန်မရှေ့မှာ ဒူးထောက်တောင်းပန်ခဲ့သေးတယ်။ ရှင့်ကို ပြန်ပေးဖို့ အတင်းတောင်းဆိုခဲ့တာ။ သနားစရာ မိဘတွေပဲ”
“အင်း”
ရှမ့်လန်သည် အထဲတွင် တည်ရှိနေသည့် အဓိပ္ပာယ်များကို သေသေချာချာ သိရှိ၏။ သို့ပေမဲ့ သူသည် ဘာမှ မသိရှိသလို ဟန်ဆောင်လျက် ရှိနေ၏။ ဤပုံပန်းသွင်ပြင်သည် ရှစ်ချင်းချင်းတစ်ယောက် ရှမ့်လန်ကို မြင်ရသည့် ပုံမှန် အမူအရာပင် ဖြစ်သည်။
ရှမ့်လန်၏ တုံ့ပြန်မှု နှေးကွေးနေသည်ကို မြင်ရသည့်အချိန်မှာတော့ ရှစ်ချင်းချင်းသည် အနည်းငယ် ကြောင်အအ ခံစားနေမိ၏။ သူမသည် ဤကဲ့သို့သော စကားလုံးများကို သာမန်ဉာဏ်ရည်ရှိသည့် တစ်စုံတစ်ယောက်ကို ပြောဆိုမည်ဆိုပါက တစ်ဖက်လူသည် အချိန်တော်တော်ကြာကတည်းက နားလည်နှင့်ပြီး ဖြစ်ပေလိမ့်မည်။ သို့ပေမဲ့ သူ၏ ရှေ့တွင်ရှိသည့် ရှမ့်လန်မှာတော့ ကြောင်အအဖြင့် မည်သည့် တုံ့ပြန်မှုမှ မပြုလုပ်သေးချေ။
ဘန်း
ထိုအချိန်မှာပဲ အခန်း၏ တံခါးက ရုတ်တရက် ပွင့်သွား၏။ ခန့်ညား ချောမောသည့် ရုပ်ရည်သွင်ပြင်နှင့် လူငယ် တစ်ယောက်သည် တိုက်ရိုက်ဆိုသလိုပဲ အခန်းထဲသို့ ဝင်ရောက်လာ၏။ ထိုသူ၏ ရှစ်ချင်းချင်း၏ အနောက်တွင် အသာရပ်ပြီးသည့်နောက် သူမ၏ ဆံနွယ်များကို နမ်းရှုံ့လိုက်၏။ ပြီးနောက် နှာခေါင်းရှုံ့ကာ ပြောဆိုလိုက်၏။ “ဒီကောင်က ငကြောင်လေ .... မင်း သူ့ကို ဒီလိုစကားတွေ ပြောနေတော့ကော သူ နားလည်မှာမလို့လား။”
ပြီးနောက် ထိုလူသည် ရှမ့်လန်ကို မောက်မာကြီးစွာဖြင့် လှမ်းကြည့်ရင်း အထင်အမြင်သေးသလို ပြောလိုက်သည်။ “ငါ့နာမည်က ကျန်းကျင်း။ မင်း မသေသေးဘူးဆိုတော့ အရမ်းကောင်းတယ်။ အခု မင်း ... မင်းရဲ့တောမှာရှိတဲ့ ခွေးအိမ်လေးဆီ ပြန်တော့”
ရှမ့်လန်သည် မည်သို့မှ မနေနိုင်တော့ဘဲ ဤသာမန်ထက်ပိုကာ ချောမောသည့် ကျန်းကျင်းကို စူးစိုက် ကြည့်ရှုလိုက်၏။ သူ၏ မျက်နှာပေါ်တွင် မည်သည့် ခံစားချက်မှ မရှိချေ။
ကျန်းကျင်းက ပြောလိုက်၏။ “ဒီစကားလုံးကိုတောင် နားမလည်ဘူးလား။ ဒါဆိုရင် ပိုပြီး ရှင်းရှင်းလင်းလင်း ငါပြောမယ်။ မင်း... ဆင်းရဲသားတစ်ကောင်က ရှစ်မိသားစုထဲကို ဘယ်လိုဖြစ်ပြီး ဝင်လာတာလဲ။ အခု ချင်းချင်းရဲ့ ခန္ဓာကိုယ်မှာရှိတဲ့ ကံကြမ္မာဆိုးတွေ အကုန်လုံးက ပျောက်ကွယ်သွားခဲ့ပြီ။ ဒီတော့ မင်းက သူမရဲ့ လက်ချောင်း တစ်ချောင်းကိုတောင် ထိုက်တန်တာ မဟုတ်ဘူး။ ရှစ်မိသားစုကနေ ထွက်ခွာသွားသင့်ပြီ။ အခု အချိန်ကစပြီး ချင်းချင်းက မင်းနဲ့ ဘာမှမဆိုင်တော့ဘူး။ သူမက ငါ့ကို လက်ထပ်တော့မယ်။ နားလည်ပြီလား”
ရှမ့်လန်သည် မည်သို့မှ မနေနိုင်ဘဲ ရှစ်ချင်းချင်းကို လှမ်းကာ ကြည့်ရှုလိုက်၏။ သူ၏ မှတ်ဉာဏ်ထဲတွင် ရှိနေသည့် ဤအမျိုးသမီးသည် ပြည့်စုံသည့် အမျိုးသမီးဖြစ်သည်။
ရှစ်ချင်းချင်း၏ မျက်လုံးများသည် ချာချာ်လည်သွား၏။ သူမ၏ ရှေ့တွင် ရှိနေသည့် အခြေအနေကို ကောင်းကောင်း နားလည်၏။ ရှမ့်လန်နှင့်ပတ်သက်သည့် သူမ၏ လင်မယား ဆက်ဆံရေးကို ပညာသားပါပါ ဖြတ်တောက်ပစ်ရန် ရည်ရွယ်ထားခြင်းဖြစ်သည်။ သို့ပေမဲ့ ကျန်းကျင်းသည် တံခါးကို အတင်းတွန်းဖွင့်ကာဖြင့် ဝင်ရောက် ပြောဆိုခဲ့၏။
ရှမ့်လန်၏ မျက်လုံးများသည် ရှစ်ချင်းချင်း၏ လှပသည့် မျက်နှာပေါ်သို့ ရောက်ရှိနေ၏။ သူသည် သူမဆီမှ တိကျသည့် အဖြေတစ်ခုကို လိုချင်မိသည်။
အသက်ကို ပြင်းစွာ ရှူရှိုက်ပြီးနောက် ရှစ်ချင်းချင်းသည် နူးညံ့ကြင်နာသည့် လေသံဖြင့် ပြောလိုက်၏။ “ရှမ့်လန်... ရှင်က တကယ့်ကို ကြင်နာတတ်တယ်။ ဒါပေမဲ့ ကျွန်မ တောင်းပန်ပါတယ်။ ကျွန်မတို့က တစ်ယောက်နဲ့ တစ်ယောက် လိုက်ဖက်ညီတဲ့ လူတွေ မဟုတ်ဘူး”
ရှမ့်လန်သည် မည်သည့် စကားကိုမှ မဆိုချေ။ သူသည် ချောမောလွန်း၏။ ထို့ကြောင့် တခြားသော အရာများကို ထုတ်ဖော်ပြောဆိုရန် မလိုအပ်ချေ။ ရုပ်ချောရုံဖြင့် အရာအားလုံးကို ဖြေရှင်း၍ ရသည်ဟု သူက ခံယူထားသည်။
ရှစ်ချင်းချင်းက ပြောလိုက်၏။ “ရှင့်ရဲ့မိဘတွေက ရှင့်ကို အရမ်းလွမ်းနေပြီ။ ပြီးတော့ ရှင့်ကို ပြန်ပေးဖို့အတွက် ကျွန်မတို့ကို ထပ်တလဲလဲ လာပြီးတောင်းပန်နေခဲ့တယ်။ ရှင် အိမ်ကိုပြန်ပြီးတော့ သူတို့နဲ့ အတူတူ နေတာ ကောင်းလိမ့်မယ်”
ရှမ့်လန်သည် သူမကို စူးစိုက်ကြည့်နေတုန်းပင်။ မည်သည့်စကားမှ မဆိုချေ။ ရှစ်ချင်းချင်းသည် နှလုံးသားထဲ၌ ဒေါသတရားများ ဖြစ်လာခဲ့၏။ သူမ၏ ရှေ့တွင် ရှိနေသည့် ရှမ့်လန်သည် နဝေတိမ်တောင်နှင့် ဖြစ်လို့နေလေ၏။ သူမသည် ဖြစ်စေချင်သည့် အကြောင်းအရာများကို ရှင်းရှင်းလင်းလင်း ပြောဆိုခဲ့ပြီးသား ဖြစ်သည်။
“ဟမ့်”
သူမ၏ဘေးတွင် ရှိနေသည့် သခင်လေး ကျန်းကျင်းမှာတော့ စိတ်မရှည်တော့ချေ။ အေးစက်စက်ဖြင့် နှာခေါင်းရှုံ့လိုက်၏။
ရှစ်ချင်းချင်းသည် အနည်းငယ် စိတ်မရှည်သလို အကြည့်မျိုးနှင့် သူ့ကို လှမ်းကာ ကြည့်ရှု၏။ ပြီးနောက် တင်းမာခက်ထန်သည့် လေသံဖြင့် ပြောလိုက်သည်။ “ရှမ့်လန်.. ကျွန်မအပေါ်မှာထားတဲ့ ခံစားချက်တွေနဲ့ ပတ်သက်ပြီး ကျွန်မ အရမ်းကို ကျေးဇူးတင်တယ်။ ဒါပေမဲ့ ကျွန်မတို့က တစ်ယောက်နဲ့တစ်ယောက် လိုက်ဖက်ညီတဲ့ လူတွေမဟုတ်ဘူး။ ဒီလိုမျိုး လိုက်ဖက်မညီဘူး ဆိုမှတော့ ရှင် အိမ်ကို ပြန်သင့်နေပြီ။ အခုကစပြီး ကျွန်မတို့က လင်မယားတွေ မဟုတ်တော့ဘူး”
ရှမ့်လန်သည် ရှစ်ချင်းချင်းကို လှမ်းကြည့်လိုက်၏။ ပြီးနောက် ကျန်းကျင်းကို ကြည့်လိုက်၏။ ပြီးနောက် ပြုံးကာ ပြောလိုက်၏။ “ကောင်းပြီ။ ဒါဆိုရင်လည်း အိမ်ကိုသွားမယ်”
ကျန်းကျင်းက နှာခေါင်းရှုံ့လိုက်သည်။ “ပြန်မယ်ဆိုရင် မြန်မြန်ပြန်တော့ ကျက်သရေတုံးတယ်”
ပြီးသည့်နောက် သူသည် ရှစ်ချင်းချင်း၏ သေးငယ်သည့် ခါးလေးကို အသာသိုင်းဖက်ကာဖြင့် အခန်းထဲမှ ထွက်ခွာသွားခဲ့၏။
“နာရီဝက် ကြာပြီးရင် ရှစ်မိသားစုကနေ ထွက်သွားတော့။ ဒါမှမဟုတ်ရင် ဖြစ်လာနိုင်တဲ့ အကျိုးဆက်ကို မင်း ခံနိုင်ရည်ရှိမှာ မဟုတ်ဘူး” ကျန်းကျင်းသည် အပြင်ဘက်ဆီမှ လှမ်းကာ အော်ဟစ်လိုက်သေးသည်။