အပိုင်း (၆)
Vol. 1 Ch. 6
သူသည် မသေချင်သေးကြောင်း အော်ဟစ်လိုက်သည်။ သို့ပေမည့် ပါးစပ်အား အဝတ်ဖြင့် စည်းနှောင်ထားသည်မို့ မည်သည့်အသံမှ မထွက်နိုင်ချေ။ ထို့ကြောင့် တဝူးဝူးသာ အသံထွက်၏။
တစ်ဖက်လူများသည် သူ ဘာအော်အော် ဂရုစိုက်သည် မဟုတ်ချေ။ ထို့ကြောင့် ရှမ့်လန်သည် အဖွဲ့ခေါင်းဆောင် အား သေသေချာချာ စူးစိုက်ကာ ကြည့်ရှုလိုက်သည်။
ထိုလူသည် အသက်သုံးဆယ်နီးပါးခန့်ရှိပြီး မျက်နှာပေါ်တွင် အမာရွတ်နှစ်ခုရှိ၏။ မျက်နှာသွင်ပြင် တစ်ခုလုံးသည် အေးစက်လျက် ရှိနေပြီး မျက်လုံးများမှာ ကြမ်းကြုတ်ကာ ရက်စက်လွန်းလှ၏။ ထို့အပြင် ကောင်းမွန်သည့် ချပ်ဝတ်တစ်ခုကိုလည်း ဝတ်ဆင်ထားသေး၏။
ရှမ့်လန်သည် ဤရက်စက်လှသည့်လူကို ကောင်းကောင်း သိရှိ၏။ အဘယ်ကြောင့်ဆိုသော် အကြိမ်ပေါင်းများစွာ မြင်ဖူးခဲ့သောကြောင့်ပင်။ ဤလူ၏ နာမည်သည် ထျန်းဟန်ဖြစ်ပြီး ၎င်းသည် မိုင်တစ်ရာပတ်လည် အတွင်း၌ ကျော်ကြားသည့် လူဆိုးဂိုဏ်းခေါင်းဆောင် တစ်ယောက်လည်း ဖြစ်၏။ ၎င်း၏ အမိန့်အောက်တွင် ပြုမူ လှုပ်ရှားကြသည့် လူဆိုးလူသွမ်း တစ်ရာကျော် တည်ရှိပြီး ၎င်းတို့သည် လောင်းကစားအိမ်များ၊ ပြည့်တန်ဆာ အိမ်များနှင့် မကောင်းမှုကိစ္စရပ်များကို ပွင့်ပွင့်လင်းလင်း ပြုလုပ်ကြသည်။
ဤလူသည် ကြမ်းတမ်းပြီး ရက်စက်လွန်း၏။ လူမည်မျှ သတ်ခဲ့ကြောင်း မည်သူမှ မသိနိုင်ချေ။ ၎င်း၌ တခြားသော တရားဝင် နာမည်တစ်ခုရှိ၏။ ထိုအရာသည် ရွှမ်ဝူမြို့၏ အရပ်သား ကာကွယ်ရေး ခေါင်းဆောင်ပင် ဖြစ်၏။ ထိုလူသည် ရှမ့်လန်အား တွင်းထဲသို့ တွန်းချလိုက်၏။ ပြီးနောက် မြေမြှုပ် သတ်ဖြတ်ရန် စတင်ကာ ကြိုးစား၏။
သာမန်လူများသည် ထိုကဲ့သို့ ပြုမူဆက်ဆံခံရပါက ကျိန်းသေပေါက် အော်ဟစ်ငိုယိုကာဖြင့် သေးများပင် ထွက်ကျမှာ သေချာ၏။ သို့ပေမဲ့ ရှမ့်လန်မှာတော့ တိတ်ဆိတ်ငြိမ်သက်စွာ တည်ရှိနေ၏။ ပထမဦးဆုံး သူသည် ထျန်းဟန်၏ မျက်နှာကို သေသေချာချာ ကြည့်ရှု၏။ ပြီးသည့်နောက် ထျန်းဟန်၏ ခန္ဓာကိုယ်အား ခေါင်းအစ၊ ခြေအဆုံး သေသေချာချာ ကြည့်သည်။
သူ၏ အကြည့်များသည် တကယ်ပင် ထူးဆန်းလွန်းချေ၏။ သူသည် X-Ray အမြင်ကို အသုံးပြုကာဖြင့် တစ်ဖက်လူကို ကြည့်ရှုနေခြင်းပင်။ ဤကဲ့သို့သော အကြည့်သည် တစ်ဖက်လူများကို ကြက်သီးမွေးညှင်းများပင် ထစေခဲ့၏။
ထျန်းဟန်သည် သူ၏ စပ်စုလိုစိတ်များကို မည်သို့မှ မထိန်းနိုင်ချေ။ ထို့ကြောင့် လက်ကိုဆန့်ကာ တားဆီးလိုက်၏။ ချက်ချင်းဆိုသလိုပဲ သူ၏လူများသည် မြေတွင်းဖို့နေရာမှ ရပ်တန့်လိုက်၏။ ထျန်းလန်သည် ရှမ့်လန်၏ ရှေ့သို့ ရောက်ရှိလာခဲ့ပြီး ရှမ့်လန်၏ ပါးစပ်အား စည်းနှောင်ထားသော အဝတ်များကို ချွတ်ပေးလိုက်၏။ ထို့နောက် မေးမြန်းလိုက်သည်။ “မင်း ငါ့ကို ဘာကြည့်နေတာလဲ”
ရှမ့်လန်က ပြောလိုက်၏။ “ခင်ဗျားရဲ့ ကိုယ်ထဲမှာ အပ်တစ်ချောင်းရှိတယ်။ ခင်ဗျား ဒါကို မထုတ်ဘူးဆိုရင် အသက် အန္တရာယ်ရှိလိမ့်မယ်”
သူ လိမ်ခြင်း မဟုတ်ချေ။ တကယ်ပင် ထျန်းဟန်၏ ခန္ဓာကိုယ်ထဲတွင် အပ်တစ်ချောင်း တည်ရှိနေ၏။ အလွန် သေးသွယ်လွန်းသည့် ငွေအပ်တစ်ချောင်းဖြစ်ပြီး အဆုတ်၏ အစွန်းနားတွင် ရှိနေ၏။ X-Ray အမြင်သာ တည်ရှိနေသည် မဟုတ်ပါက ထိုအရာကို မြင်နိုင်လိမ့်မည် မဟုတ်ချေ။
ရှမ့်လန်၏ စကားကို ကြားရသည့်အချိန်မှာတော့ ထျန်းဟန်သည် မည်သို့မှ မနေနိုင်ဘဲ တုန်လှုပ်သွားခဲ့သည်။
ရှမ့်လန်က ဆက်ပြောလိုက်၏။ “ခင်ဗျားအဆုတ်ရဲ့ အဓိက သွေးကြောထဲမှာ အပ်က ရှိနေတယ်။ ခင်ဗျား ဒါကိုသာ မထုတ်ဘူးဆိုရင် အပ်ကြောင့်ဖြစ်လာတဲ့ ဒဏ်ရာရဲ့ သွေးတွေက ခင်ဗျား ဦးနှောက်ထဲကို စိမ့်ဝင်သွားလိမ့်မယ်။ ဒါဆိုရင် ခင်ဗျား သေလိမ့်မယ်”
ထျန်းဟန်သည် ပိုမိုကာ တုန်လှုပ်သွားခဲ့၏။ သူသည် မယုံကြည်နိုင်သလိုပင် ဖြစ်လို့နေသည်။ “မင်း ဘယ်လို သိတာလဲ”
ဤအရာသည် ထျန်းဟန်၏ မိန်းမပင် မသိသော လျှို့ဝှက်ချက် ဖြစ်၏။ ဤကြောင်တောင်တောင် အရူးကဲ့သို့သော ကောင်သည် သိရှိလို့နေ၏။ ထိုအရာမှာ အမှန်ပင် ထူးဆန်းလွန်း၏။ ယုတ္တိမတန်လှချေ။
ရှမ့်လန်က ပြောလိုက်၏။ “ကျုပ် ဒါကို ထုတ်ပေးနိုင်တယ်”
ထျန်းဟန်သည် ရှမ့်လန်ကို အချိန်အတော်ကြာ ကြည့်ရှုပြီး ပြောလိုက်သည်။ “မင်းကို လူတိုင်းက အရူးလို့ ပြောကြတယ်။ ဒါပေမဲ့ မင်းကို ကြည့်ရတာ အရူးနဲ့ မတူပါလား”
ရှမ့်လန်က ပြောလိုက်၏။ “ဒီအပ်ကို ထုတ်ကိုထုတ်မှဖြစ်မယ်။ မဟုတ်ရင် ခင်ဗျား ကျိန်းသေပေါက် သေသွား လိမ့်မယ်။ ကျုပ် ခင်ဗျားကို ကူပြီး ထုတ်ပေးနိုင်တယ်။ ဒါပေမဲ့ အခြေအနေက”
“ငါ မင်းအသက်ကို ချမ်းသာပေးရမယ် မဟုတ်လား”
ထျန်းဟန်က ပြောလိုက်သည်။ “မင်းကိုသတ်ဖို့ အမိန့်ပေးတဲ့လူက ဘယ်သူလဲဆိုတာကော မသိချင်ဘူးလား”
ရှမ့်လန်သည် ခေါင်းကို ခါယမ်းလိုက်၏။ “ဘယ်သူလဲဆိုတာ ကျုပ် မေးနေဖို့တောင် မလိုပါဘူး”
ထျန်းဟန်၏ မျက်လုံးများက ကျဉ်းမြောင်းသွားခဲ့၏။ ပြီးသည့်နောက် ပြောလိုက်သည်။ “မင်းက ရူးနေတဲ့လူတစ်ယောက် မဟုတ်ဘူးပဲ”
ပြီးသည့်နောက် သူသည် ခေါင်းကို ခါယမ်းကာ ပြောလိုက်၏။ “ဒါပေမဲ့ အားနာပါတယ်။ ငါ မင်းကို အခွင့်အရေး မပေးနိုင်ဘူး”
ရှမ့်လန်၏ မျက်လုံးများက ကျဉ်းမြောင်းသွားခဲ့၏။ ဤကိစ္စသည် လွယ်လွယ်ကူကူဖြင့် ပြီးမြောက်သွားလိမ့်မည်ဟု သူ ထင်မှတ်ခဲ့၏။ တစ်စုံတစ်ယောက်သည် ထျန်းဟန်အား ငွေပေးကာဖြင့် သူ့ကို သတ်ဖြတ်ရန် စေခိုင်းခဲ့သည် ဆိုလျှင်တောင်မှ အသက်ထက်ပိုမိုကာ အရေးကြီးသည့်အရာက မည်သည့်အရာ ဖြစ်သနည်း။
ပိုက်ဆံသည် အသက်ထက် ပိုမိုကာ အရေးကြီးနေသည်လား။
ရှမ့်လန်သည် ထျန်းဟန်၏ အသက်ကို ကယ်တင်ပေးမည်ဟု ပြောဆိုခဲ့၏။ ထိုအရာကို ကျိန်းသေပေါက် သဘောတူညီသင့်သည် မဟုတ်ပါလား။ အဘယ်ကြောင့် တစ်ဖက်လူသည် သူ့ကို လက်လွှတ်မပေးရန် ဆုံးဖြတ်ခဲ့ရသနည်း။
ဖြစ်နိုင်သည်မှာ တစ်ခုတည်း ရှိ၏။ ထျန်းလန်အနေနှင့် သူ၏ ခန္ဓာကိုယ်ထဲတွင် ရှိနေသည့် ငွေအပ်ကို မထုတ်ယူချင်သောကြောင့် မဟုတ်ပေ။ သူ၏ ခန္ဓာကိုယ်ထဲသို့ အပ်စိုက်ခဲ့သူသည် သူ ခုခံ၍ မရနိုင်သည့် တစ်စုံတစ်ယောက် ဖြစ်သောကြောင့်သာ ဖြစ်ပေလိမ့်မည်။ ဤအရာ၏ နောက်ကွယ်တွင် ဇာတ်ကြောင်းကြီး တစ်ခု တည်ရှိနေမှာ သေချာ၏။
သို့ပေမဲ့ ပြဿနာတစ်ခုကလည်း တည်ရှိနေသေး၏။ တစ်ဖက်လူ အပ်ကို မထုတ်ချင်ပါက ရှမ့်လန်သည် အံ့အားသင့်စရာ သမားတော် စွမ်းရည်ကို အသုံးပြု၍ မရနိုင်တော့ချေ။ ထို့ကြောင့် သူ၏ အလဲအလှယ်ကိစ္စသည် အောင်မြင်တော့မည် မဟုတ်ချေ။
ထျန်းဟန်က ပြောလိုက်သည်။ “မင်းရဲ့ ညီလေးက ငါတို့ကို ပိုက်ဆံတွေ အကြွေးတင်နေသေးတယ်”
“ညီငယ်လေးက အကြွေးတွေ တင်နေတယ် ဟုတ်လား”
“လွန်ခဲ့တဲ့ သုံးလတုန်းက မင်းရဲ့အဖေ ဒဏ်ရာရခဲ့တယ်။ ဒါကြောင့် သူ့ကိုကယ်ဖို့ဆိုပြီးတော့ မင်းရဲ့ ညီငယ်လေးက ငါ့ဆီကနေပြီးတော့ ရွှေဒင်္ဂါးဆယ်ပြားကို ချေးယူခဲ့တယ်။ အခု အတိုးနဲ့ဆိုရင် ရွှေဒင်္ဂါးက တစ်ရာတောင် ဖြစ်သွားခဲ့ပြီ”
ဤအရာသည် တကယ်ပင် များပြားလွန်းသည့် အတိုးနှုန်းပင် ဖြစ်၏။ သုံးလအတွင်း အတိုးပေါ် အတိုးဆင့်ကာဖြင့် ဆယ်ဆတိတိ ပွားများခဲ့၏။ သို့ပေမဲ့ ရှမ့်လန်သည် လက်တလော အခြေအနေ၌ အတိုးဆိုသည်ကို စိတ်မဝင်စားချေ။ သူ၏အဖေ ဒဏ်ရာကိုသာ စိတ်ဝင်စား၏။
သူ ရှစ်မိသားစု၏ သမီးနှင့် လက်ထပ်ပြီးနောက် သူ၏အဖေသည် ရှစ်မိသားစု ဆီသို့ လာရောက်ကာဖြင့် ပြောဆိုခဲ့၏။ ရှမ့်လန်ကို အိမ်ကို ခေါ်ဆောင်သွားခွင့်ပေးရန် တောင်းဆိုခဲ့၏။ အဆုံးသတ်မှာတော့ ရှစ်မိသားစု ကျွေးကျွန်များ၏ မောင်းထုတ်ခြင်းကို ခံရသည်သာမက ပြင်းပြင်းထန်ထန် ဒဏ်ရာ ရရှိအောင်လည်း ရိုက်နှက်ခဲ့သေးသည်။
ထိုအချိန်တုန်းက ရှမ့်လန်သည် စဉ်းစားတွေးခေါ်နိုင်စွမ်း မရှိသည့် အရူးတစ်ယောက်သာဖြစ်၏။ ထို့ကြောင့် ဤအကြောင်းအရာများကို မသိရှိခဲ့ချေ။ တကယ်ပင် ရှမ့်လန်သည် သုံးစား၍မရသည့် လူတစ်ယောက် ဖြစ်ခဲ့၏။ ရှစ်ချင်းချင်းကဲ့သို့ မိန်းမတစ်ယောက်ကို နှစ်သက် သဘောကျပြီးနောက် မိဘအရင်းများကိုပင် ဂရုစိုက်ခြင်း မရှိခဲ့ချေ။ ဤကဲ့သို့သော ရူးကြောင်ကြောင် ကောင်မျိုးသည် အဘယ်ကြောင့် မိဘများ၏ ချစ်ခြင်းမေတ္တာနှင့် ထိုက်တန်နေရသနည်း။
“ဘာလို့လဲဆိုတော့ မင်းရဲ့မိသားစုက ပိုက်ဆံ မပေးနိုင်ဘူးလေ။ ဒီတော့ ငါ မင်းကို အသက်ရှင်ရက် မြေမြှုပ်ပစ်ရမယ်။ တခြား ဘာမှ ထပ်လုပ်စရာ မရှိဘူး။ နားလည်တယ် ဟုတ်လား” ထျန်းဟန်က ပြောလိုက်၏။
“ဟုတ်ပြီ။ ငါတို့ မင်းရဲ့အိမ်ဆီကို သွားမယ်။ ပြီးတော့ မင်းရဲ့ ညီငယ်နဲ့ မင်းရဲ့မိဘတွေကိုလည်း သတ်ပစ်မယ်” ထျန်းဟန် ဘာကိုပြောဖို့ ကြိုးစားနေကြောင်းကို ရှမ့်လန်က ကောင်းကောင်း နားလည်သည်။
တစ်စုံတစ်ယောက်သည် ထျန်းဟန်ကို ငွေကြေးပေးကာဖြင့် ဤကဲ့သို့သော အရာမျိုးကို ပြုလုပ်ရန် စေခိုင်းခဲ့ခြင်းဖြစ်၏။ သို့ပေမဲ့ လိုအပ်သည်မှာ အကြောင်းအရင်း ဖြစ်၏။ တစ်စုံတစ်ယောက်ကို သတ်ဖြတ်ဖို့ ဆိုလျှင် လုံလောက်သည့် အကြောင်းအရင်း တည်ရှိရပေမည်။ ထို့ကြောင့်ပင်လျှင် ထျန်းဟန်သည် အကြောင်းပြချက်ကို ရှာဖွေခဲ့ခြင်း ဖြစ်၏။
“မင်းနဲ့ ငါ့ရဲ့ကြားမှာ ဘာရန်ငြှိုးမှ မရှိဘူး။ ပြီးတော့ သတင်းတွေက ပြောသလို မင်းက ရူးကြောင်ကြောင် လူမျိုးလည်း မဟုတ်ဘူး”
ထျန်းဟန်က ပြောလိုက်၏။ “ဒါပေမဲ့ ငါမင်းကို သတ်ရအုံးမှာပဲ။ အားနာပါတယ်”
ပြီးသည့်နောက် ရုတ်တရက် ထရပ်ကာ ပြောလိုက်သည်။ “အင်း… သူ့ကို အရင်သတ်လိုက်"
“ကောင်းပါပြီ”
နောက်လိုက်တစ်ယောက်သည် အရှေ့ဆီသို့ လှမ်းတက်ပြီး ဓားကို ဆွဲထုတ်လိုက်၏။ ပြီးနောက် ရှမ့်လန်၏ ပခုံးပေါ်သို့ ဓားတင်လိုက်၏။
သူသည် တစ်ဖက်လူကို သတ်ဖြတ်ပစ်ရန် အဆင်သင့် ဖြစ်လို့နေသည်။
“နေအုံး”
ရှမ့်လန်က အော်ဟစ်လိုက်၏။ “ကျုပ်ကို သတ်ဖို့အတွက် တစ်စုံတစ်ယောက်က ခင်ဗျားကို ဘယ်လောက် ပေးခဲ့တာလဲ။ ကျုပ် ခင်ဗျားကို ဆယ်ဆ ပြန်ပေးမယ်။ ရွှေဒင်္ဂါး တစ်ထောင်ဆိုရင်ကော”
ပြောပြောပြီးချင်း ထိုသူ၏ လက်ထဲတွင် ရှိနေသောဓားသည် ရှမ့်လန်၏ လည်ဂုတ်နှင့် သုံးလက်မ အကွာ၌ ရပ်တန့်သွားခဲ့သည်။
ထျန်းဟန်သည် တကယ်ပဲ အံ့အားတသင့် ဖြစ်သွား၏။ ဤရှမ့်လန်သည် ရူးကြောင်ကြောင် လူတစ်ယောက် မဟုတ်ချေ။ တကယ်ပင် ဉာဏ်ကောင်းလို့ နေခဲ့၏။ စကားလုံး အနည်းငယ် ပြောဆိုရင်းမှ တဆင့် ခိုင်းစေသူသည် သူ့အား ရွှေဒင်္ဂါးတစ်ရာ ပေးခဲ့ကြောင်းကိုပင် သိရှိလို့ နေ၏။
“အင်း… ငါ တကယ် အထင်ကြီးမိတယ်”
ထျန်းဟန်က ပြောလိုက်သည်။ “တကယ့်ကို အထင်ကြီးစရာပဲ။ ဒါပေမဲ့ မင်းရဲ့ မိသားစုက မင်းကို ကောင်းကောင်းမွန်မွန် ကျွေးဖို့တောင် ဆင်းရဲကြတယ် မဟုတ်လား။ မင်းရဲ့ အဖေက အိပ်ယာထဲမှာ လဲနေတယ်။ မင်းရဲ့ ညီငယ်လေးက ခြေကျိုးနေတယ်။ ရွှေဒင်္ဂါးတစ်ပြားကိုတောင် မထုတ်ပေးနိုင်ဘူး။ ဘယ်လိုဖြစ်ပြီးတော့ ရွှေဒင်္ဂါးတစ်ထောင် ကို ထုတ်ပေးနိုင်မှာလဲ”
အရာအားလုံးတို့သည် ယခင် ရှမ့်လန်ကြောင့် ဖြစ်ခဲ့ခြင်းပင်။ ရှမ့်လန်၏ ဆိုးရွားမှုနှင့် အသိအမြင် မိုက်မဲမှုသည် ရှစ်မိသားစု၏ ရက်စက်မှုကြားထဲသို့ ရောက်ရှိသွားခဲ့၏။ ထို့ကြောင့်ပင်လျှင် သူ၏ အဖေနှင့် ညီငယ်လေးတို့သည် ပြင်းပြင်းထန်ထန် ဒဏ်ရာ ရရှိခဲ့ပြီး အန္တရာယ်တွင်းသို့ပင် သက်ဆင်းခဲ့ရ၏။
ဤလောကကြီးထဲ၌ ရွှေဒင်္ဂါးတစ်ထောင်နှင့် လိုက်ဖက်ညီသည့် အရာဆိုသည်မှာ မည်မျှရှိသနည်း။ သာမန် မိသားစုအနေနှင့် တစ်နှစ်လုံး ကြိုးစားပမ်းစား အလုပ်လုပ်မည် ဆိုလျှင်တောင်မှ ရွှေဒင်္ဂါးနှစ်ပြားကို ရရှိရန် မလွယ်ကူချေ။ တကယ့်ကို ရက်စက်လွန်းလှသည့် နည်းလမ်းများကို အသုံးပြုကာ ရှာဖွေမည် ဆိုလျှင်တောင်မှ ရွှေဒင်္ဂါး နှစ်ထောင်ကို ရရှိဖို့ဆိုသည်မှာ အလွန်အမင်း ခက်သည့်အရာမျိုးပင်။
“အင်း… ပိုက်ဆံရဲ့ ပမာဏက အရမ်းကို များတယ်။ မင်း မပေးနိုင်ဘူး” ထျန်းဟန်က ဆက်၍ ပြောလိုက်၏။
ရှမ့်လန်က ပြောလိုက်သည်။ “ဒါပေမဲ့ ခင်ဗျား အလောင်းအစား ပြုလုပ်လို့ ရတယ်လေ။ ခင်ဗျားသာ အောင်မြင်သွားမယ်ဆိုရင် ငွေအများကြီး ရလိမ့်မယ်။ တကယ်လို့ လောင်းကစားပွဲက ကျရှုံးသွားမယ်ဆိုရင် ကျုပ်ကို သတ်ဖြတ်ပစ်ဖို့ဆိုတာ ရက်အနည်းငယ်လောက် နှောင့်နှေးသွားရုံပဲ ရှိမယ်မဟုတ်လား။ ဘာမှ သိသိသာသာ ကွာခြားသွားတာမှ မဟုတ်တာ”
ထျန်းဟန်သည် အနည်းငယ် တွန့်ဆုတ်သွားခဲ့၏။ ရှမ့်လန်အနေနှင့် သတ်မှတ်ထားသည့် ဆယ်ရက်အတွင်း ရွှေဒင်္ဂါးတစ်ထောင်ကို ထုတ်ယူပေးနိုင်သည် ဆိုပါက အကောင်းဆုံးဖြစ်၏။
သို့ပေမဲ့ ရွှေဒင်္ဂါးတစ်ထောင်ကို မည်ကဲ့သို့ ထုတ်ပေးမည်နည်း။ မည်သို့မှ မဖြစ်နိုင်ချေ။
ထို့အပြင် တစ်ဖက်လူသည် သူ၏ ခန္ဓာကိုယ်ထဲတွင် ငွေအပ်တစ်ခု တည်ရှိနေကြောင်းကို သေသေချာချာ သိရှိ၏။ ထိုငွေအပ်သည် သူ၏ အဆုတ်ထဲတွင် ရှိနေသည်ကိုပင် တိတိကျကျ သိရှိနေသည်။ အံ့အားသင့်စရာ ကောင်းလွန်းလှ၏။
ရှမ့်လန်က ပြောလိုက်သည်။ “ဆယ်ရက်အတွင်း ရွှေဒင်္ဂါးတစ်ထောင်”
ထျန်းဟန်သည် ရှမ့်လန်၏ ချောမောသည့် မျက်နှာကို သေသေချာချာ ကြည့်ရှုပြီး ခဏလောက် တုန့်ဆိုင်းနေမိ၏။ အဆုံးမှာတော့ သူက ပြောဆိုလိုက်၏။ “သုံးရက်။ ငါ သုံးရက်ပဲ ပေးနိုင်မယ်”
ရှမ့်လန်သည် နားလည်သွားခဲ့၏။ ထျန်းဟန်နှင့် တစ်ဖက်လူတို့သည် သုံးရက်အတွင်း ကိစ္စရှင်းရန် သဘောတူညီချက်ကို ပြုလုပ်ထားပုံပင်။ သုံးရက်အတွင်း သူ ရှမ့်လန်ကို သတ်ဖြတ်ပစ်နိုင်သည်ဆိုပါက ရွှေဒင်္ဂါး တစ်ရာကို ရပေလိမ့်မည်။
“ကောင်းပြီ။ ဒီကိစ္စ အတည်ဖြစ်ပြီ” ရှမ့်လန်က ပြောဆိုလိုက်၏။
ထျန်းဟန်ကလည်း ပြောလိုက်သည်။ “ဒါဆိုရင် သူ့ကို ဆွဲထုတ်လိုက်ကွာ”
တပည့်လေးယောက်တို့သည် ရှမ့်လန်အား တွင်းထဲမှ ဆွဲထုတ်လိုက်ကြ၏။ သို့ပေမဲ့ ဤလူများတွင် စာရွက်နှင့် စုတ်တံဟူ၍ ပါမလာခဲ့ချေ။ ထို့ကြောင့် ရှမ့်လန်သည် အဝတ်ဖြူတစ်ခုကို အသာဖြဲယူပြီးနောက် သူ၏ လက်ချောင်းများကို ကိုက်ကာဖြင့် သွေးနှင့် ကတိစကား စာချုပ်ကို ရေးထိုး၏။
သူသည် ထျန်းဟန်ကို ရွှေဒင်္ဂါးတစ်ထောင် အကြွေးတင်ခဲ့၏။
ထိုအရာကို ရေးသားပြီးသည့်နောက် အောက်တွင် သူ၏နာမည်ကို ရေး၏။ ရေးသားနေရင်းမှာပဲ သူသည် စိတ်ထဲမှ ကျိန်ဆိုနေမိသည်။
“ဒါ ဘယ်လိုကိစ္စမျိုးလဲ။ ငါ့ရဲ့အသက်ကို ကယ်တင်ခဲ့တာ ဆေးပညာ မဟုတ်ဘဲနဲ့ ရွှေဒင်္ဂါးတွေ ဖြစ်နေတာကိုး”
ထျန်းဟန်သည် သွေးနှင့်ရေးထားသည့် သဘောတူစာချုပ်ကို ယူဆောင်ပြီးနောက် ရှမ့်လန်အား ခဏလောက် ကြည့်ရှုလိုက်၏။ ဤဒဏ္ဍာရီလာ ရှမ့်လန်သည် အဘယ်သို့ ထုံထိုင်းအနလှသည့် လူတစ်ယောက် ဖြစ်နေသနည်း။
“သုံးရက်အတွင်း ရွှေဒင်္ဂါး တစ်ထောင်ကိုပေး။ မဟုတ်ရင် မင်းရဲ့မိသားစု အားလုံးကို ငါသတ်ပစ်မယ်”
ထျန်းဟန်က ပြောလိုက်၏။ “ဆယ့်သုံး၊ ဆယ့်ကိုး… မင်းတို့နှစ်ယောက် ရှမ့်လန်ကို အိမ်လိုက်ပို့လိုက်။ ပြီးတော့ ဒီသုံးရက်အတွင်း သူနဲ့ ခဏနေကြ”
“ကောင်းပါပြီ” တပည့် နှစ်ယောက်တို့က ပြောဆိုလိုက်သည။
ပြီးနောက် ထျန်းဟန်သည် သူ၏နောက်လိုက် သုံးယောက်တို့နှင့်အတူ ထွက်ခွာသွားခဲ့လေ၏။
“ရှမ့်လန်… မှတ်ထား။ သုံးရက်အတွင်း ရွှေဒင်္ဂါး တစ်ထောင်နော်။ မဟုတ်ရင် မင်းရဲ့မိသားစု တစ်ခုလုံးကို ငါ သတ်ပစ်မယ်”
ထိုသူသည် သူ၏အမြင်မှ ပျောက်ကွယ်သွားခဲ့၏။ သို့ပေမဲ့ ၎င်း၏ အေးစက်စက်အသံသည် ရှမ့်လန်၏ နားထဲတွင် ပဲ့တင်ထပ်လျက် ရှိနေသည်။
“ကိစ္စမရှိဘူး”
ရှမ့်လန်၏ ဦးနှောက်သည် မြန်မြန်ဆန်ဆန် အလုပ်ပေးလျက် ရှိ၏။ မကြာခင်မှာပဲ သူသည် နည်းလမ်းတစ်ခုကို စဉ်းစားမိခဲ့၏။ ငွေအများအပြားကို ရှာဖွေရန် သာမက သူ၏ မိသားစုကို ကာကွယ်နိုင်သည့် နည်းလမ်းပင်။
ပိုမို၍ အရေးကြီးမားသည်မှာ သူသည် ရှစ်မိသားစုကို လက်စားချေရပေမည်။ ခဲတစ်လုံးတည်းနှင့် ငှက်သုံးကောင် ပစ်ရပေမည်။