အပိုင်း (၇)
Vol. 1 Ch. 7
ပိုက်ဆံရှာဖွေခြင်းနှင့် ရှစ်မိသားစုကို လက်စားချေခြင်းသည် အလွန်အရေးကြီးသည့် ကိစ္စဖြစ်၏။ သို့ပေမဲ့ သူ အိမ်သို့ အရင်ဆုံးရောက်အောင် ပြန်မှ ဖြစ်ပေမည်။ သူ၏ အဖေသည် ပြင်းပြင်းထန်ထန် ဒဏ်ရာရရှိထား၏။ သူ၏ ညီငယ်လေးသည်လည်း ခြေကျိုးနေသည်။
အိမ်ကို အမြန်ဆုံး ပြန်ရောက်ကာ ကုသမှု ပြုလုပ်ပေးမှ ဖြစ်ပေလိမ့်မည်။ သူ၏မိသားစုသည် သူ့ကို မမြင်တွေ့ခဲ့ရသည်မှာ သုံးလနီးပါးခန့် ကြာမြင့်ခဲ့ပြီဖြစ်၏။ ထိုသူတို့ သူ့အား မည်မျှ လွမ်းဆွတ်နေမည်နည်းကို သူ သိချင်မိ၏။
“သွားကြစို့ ရှမ့်လန်”
ထျန်းဟန်၏ တပည့်များဖြစ်သော ဆယ့်သုံးနှင့် ဆယ့်ကိုးတို့က ပြောလိုက်၏။ “မင်းကို ငါတို့ ကျောပိုးပြီး သွားရမှာလား”
၎င်းတို့နှစ်ယောက်သည် ရှမ့်လန်ကို တစ်ချိန်လုံး စောင့်ကြည့်လျက် ရှိနေ၏။ မျက်စိရှေ့မှ ပျောက်သွားရန် အခွင့်အရေး တစ်ချက်ကလေးမှ မပေးခဲ့ချေ။ ရှမ့်လန်သည် ခန္ဓာကိုယ်ကို အပျင်းကြော ဆန့်ပြီးနောက် အိမ်ဆီသို့ ဆက်လက်ကာ လျှောက်သွားလိုက်သည်။
ရွှဲ့ပြည်နယ်သည် တော်ဝင်ရင်နိုင်ငံတော်၏ အရှေ့တောင်ဘက်ပိုင်းတွင် တည်ရှိ၏။ တောင်ကုန်းများ ပေါများသည့် တည်နေရာလည်းဖြစ်၏။ တောင်များသည် မမြင့်မားချေ။ သို့ပေမဲ့ တောင်အရေအတွက် မှာတော့ များပြားလွန်း၏။ နေထိုင်ရန် ခက်ခဲသည့် နယ်မြေဒေသတစ်ခုဖြစ်သော်လည်း လမ်းများကို သေသေချာချာ ဖောက်လုပ်ထား၏။
တောရွာမှ လမ်းများဖြစ်သော်လည်း လေးမီတာနီးပါးခန့် ကျယ်ပြော၏။ ထို့အပြင် လမ်းများမှာ ချောမွေ့ပြီး သပ်ရပ်စွာ ဖန်တီးထား၏။ ဤအရာမှာ ရှေးခေတ် တရုတ်ပြည်ထက်ပင် သာလွန်လွန်းသည်။
မနက်မိုးသောက်ချိန်မှာတော့ ရှမ့်လန်သည် လယ်သမားများ အလုပ်လုပ်ရန် ထွက်လာသည်ကို မြင်ရ၏။ ၎င်းတို့သည် ရှေးတရုတ်ပြည်၏ ဝတ်စုံကို ဝတ်ဆင်ထားခဲ့၏။ သို့ပေမဲ့ ၎င်း၏ ခန္ဓာကိုယ်သည် ပိုမိုကာ ထွားကျိုင်း၏။ အရပ် ပိုရှည်ပြီး ကြွက်သားများမှာလည်း ကြီးမားလွန်း၏။
လမ်းတလျှောက်ရှိ ရွာတိုင်းနီးပါးတို့သည် ကြီးမားပြီး တောင့်တင်းခိုင်မာသည့် ကျောက် ကင်းမျှော်စင် များကို တည်ဆောက်ထားကြ၏။ ထိုမျှော်စင်များ၏ အနီးတဝှိုက်တွင် ဓားကို ခါးကြားထိုးထားသည့် လူများက တရဟို သွားလာလျက်ရှိ၏။ တော်တော်များများတို့သည် လေးများ၊ မြားများကိုပင် ကိုင်ဆောင်ထားခဲ့ကြ၏။ တကယ်ကို အံ့အားသင့်စရာပင်။
ရှေးခေတ် တရုတ်ပြည်နှင့် နိုင်ငံတော်တော်များများတို့တွင် လေး၊ မြား၊ ဓားများကို အသုံးပြုတတ်ကြ၏။ လက်ရှိ ရွာထဲတွင် ရှိနေသည့် လူများပင်လျှင် ထိုအရာများကို ကိုင်ဆောင်ထားသည်။ ပြောရမည်ဆိုလျှင် ဤလောကကြီး၏ တိုက်ခိုက်လိုစိတ်သည် ရှေးခေတ် တရုတ်ပြည်ထက် သာလွန်ကြောင်း သိသာ ထင်ရှားသည်။
ရှမ့်လန်သည် နောက်ဆုံးမှာတော့ မေပယ်ရွက်ရွာဆီသို့ ရောက်ရှိလာခဲ့၏။ ဤအရာသည် သူ နေထိုင်သည့် ရွာပင်ဖြစ်၏။ မေပယ်ရွက်သည် တောင်ကြားတစ်ခုထဲတွင် တည်ဆောက်ထား၏။ လူဦးရေ ခြောက်ရာနီးပါး ခန့်သာ ရှိ၏။ ရွာထိပ်တွင် ခံတပ်တစ်ခုကို တည်ဆောက်ထားပြီး ထိုနေရာ၌ စောင့်ကြပ်နေသူ လူနှစ်ဆယ်နီးပါးခန့်ရှိ၏။
ရွာသား တော်တော်များများတို့သည် အတူတကွ နေထိုင်ခဲ့ကြ၏။ အိမ်ခြေတစ်ရာနီးပါးခန့်ရှိပြီး ထိုအိမ်များသည် မြစ်၏ ဘေးတစ်ဖက်၌ တည်ဆောက်ထား၏။ ရှမ့်လန်၏ အိမ်သည် ရွာနှင့် ခပ်ဝေးဝေး တည်နေရာတွင်ရှိနေသော တစ်ခုတည်းသော အိမ်ဖြစ်၏။ တောင်ကြောပေါ်တွင် ဆောက်လုပ်ထားသည့် တစ်ခုတည်းသော အိမ်လည်းဖြစ်သည်။
ရှမ့်လန်၏ မိသားစုသည် တခြားသောဒေသဆီမှ ရောက်ရှိလာခဲ့ခြင်းဖြစ်၏။ ဤနေရာဆီသို့ ရောက်ရှိ လာသည်မှာ နှစ်အနည်းငယ်သာလျှင် ကြာမြင့်သေး၏။ ရွာမှလူများသည် တကယ်ကို ရှေးရိုးစွဲ အကျင့်ရှိ၏။ ထို့ကြောင့်ပင်လျှင် ရွာသားများသည် ရှမ့်လန်၏ မိဘများသည် နှင့် ပြောဆိုဆက်ဆံမှုကို မပြုလုပ်ကြချေ။ ထို့ကြောင့် သီးခြားနေထိုင်သည်ဟု ပြောဆိုရပေမည်။
တောင်သို့တက်ရာ လမ်းတဝက်သို့ ရောက်သည့် အချိန်မှာတော့ ရှမ့်လန်သည် သူ၏ရှေ့တွင် ရှိနေသည့် မြင်ကွင်းကို လှမ်းကာ ကြည့်ရှုလိုက်၏။ ဤအရာသည် သူ၏အိမ်ပင် ဖြစ်၏။ အိမ်သည် စုတ်ပြတ်သပ်လျက်ရှိပြီး လွန်ခဲ့သည့် သုံးလက ရှိခဲ့သော သူ၏မှတ်ဉာဏ်များထဲမှ အိမ်ပုံစံ ထက်ပင် ပိုမို၍ ဆိုးရွား၊ ဆုတ်ယုတ်လျက် ရှိနေသည်။
ခြံဝန်းသည် အလွန်ပင် ကျယ်ပြောလွန်း၏။ သီးပင်စားပင်များကိုလည်း စိုက်ပျိုးထား၏။ လေများ၊ မိုးများ တိုက်ခတ်သည်ဆိုပါက အိမ်ဘေးအား မိုးများစင်တက်၏။ အမိုးသည် ခိုင်ခံ့ခြင်း မရှိချေ။ သက်ကယ်မိုး ထားသည်။ ဤကဲ့သို့သော နေထိုင်မှုပုံစံသည် တုန်လှုပ်စရာပင်။ မိုးနှင့်လေသာ ကြီးကြီးမားမား လာပါက ဤအိမ်သည် သူတို့အား လုံခြုံမှု ပေးနိုင်လိမ့်မည် မဟုတ်ချေ။
တံခါးထိပ်သို့ မရောက်ခင်မှာပဲ ရှမ့်လန်သည် သူ့အမေ၏ ငိုရှိုက်သံကို ကြားလိုက်ရ၏။ သူ့အဖေ၏ ခပ်ကြမ်းကြမ်း ချောင်းဆိုးသံကိုလည်း ကြားရ၏။ သူ၏ ညီငယ်လေး၏ နာကျင်စွာ ညီးညူနေသံကိုလည်း ကြားနေရ၏။
“ရှစ်မိသားစုဆီ မြန်မြန်သွား။ ရှစ်မိသားစုဆီ မြန်မြန်သွားပြီးတော့ တာ့လန်ကို အိမ်ဆီ ပြန်ခေါ်ခဲ့။ တာ့လန် အိမ်ကို ရောက်လာရင် ရပြီ” သူ၏အဖေသည် ချောင်းဆိုးနေရင်းမှ ခြောက်ကပ်ကပ်အသံဖြင့် ခိုင်းစေနေသည်။
နှစ်ပေါင်းများစွာ ခံစားခဲ့ရသော အဆုတ်ဒဏ်ရာကို မကုသရသေးချေ။ လက်ရှိ အခြေအနေ၌ ရှမ့်ဖေဖေသည် ခက်ခက်ခဲခဲ အသက်ရှူနေရပုံပင်။
“အဖေ… ကျုပ် မနက်ဖြန် အစ်ကိုကြီးကို သွားခေါ်မယ်” ညီငယ်လေးက ပြောဆိုလိုက်၏။
သူ၏ အမေမှာတော့ ငိုယိုလျက် ရှိနေသည်။
“အဘိုးကြီး… တလျှောက်လုံး သွေးတွေအန်ပြီး ချောင်းဆိုးနေတာ အိပ်ယာထဲက မထနိုင်ဘူး မဟုတ်လား။ ပြီးတော့ တာ့ကျန်ရဲ့ ခြေထောက်ကလည်း ကျိုးနေတယ်လေ။ သူ ဘယ်လိုသွားမလဲ။ မနက်ဖြန် ကျွန်မ ကိုယ်တိုင်သွားမယ်။ သူတို့ တာ့လန်ကို မခေါ်ပေးဘူးဆိုရင် ရှစ်မိသားစုရဲ့ အိမ်တံခါးကို ခေါင်းနဲ့ဝင်တိုက်ပြီး အဲဒီမှာတင် သေပစ်လိုက်မယ်။
ငါ့ရဲ့ တာ့လန်လေး… သူက အရမ်းကို ရိုးသားပြီး ကြင်နာတတ်တယ်လေ။ ရှစ်မိသားစုကလူတွေ သူ့ကို ဘယ်လောက်တောင် အနိုင်ကျင့်နေမလဲ မသိဘူး။ ငါ့ရဲ့သားလေး အခုတလော ဗိုက်ပြည့်အောင်တောင် စားရပါ့မလား မသိဘူး။ သူ နွေးနွေးထွေးထွေးကော အိပ်ရပါ့မလား။
ငါ့ရဲ့သားလေး.. ငယ်ရွယ်စဉ်တည်းက ပင်ပန်းဆင်းရဲမှုကို ခံစားဖူးတာ မဟုတ်ဘူး။ ပြီးတော့ ငယ်ရွယ်စဉ်တည်းက ငါတို့နားက တစ်ခါမှ ခွာဖူးတာ မဟုတ်ဘူး။ အခု ဘယ်လိုတွေ နေထိုင်နေရလဲ မသိဘူး”
သူ၏ ညီငယ်လေးသည် သူ့အမေ၏ ငိုသံကို ကြားရသည့် အချိန်မှာတော့ မည်သို့မှ သည်းမခံနိုင်တော့ချေ။ ထကာ ပြောဆိုလိုက်၏။ “အမေ.. မနက်ဖြန်ကျရင် ကျုပ် ဂျိုင်းထောက်တစ်ခု လုပ်ပြီးတော့ သွားလိုက်မယ်။ အစ်ကိုကြီးကို ပြန်ခေါ်ခဲ့မယ်။ အများဆုံး အသက်ပေးလိုက်ရုံပေါ့။ ကိစ္စမရှိပါဘူး”
ထိုအခြင်းအရာကို ကြားသည့်အချိန်မှာတော့ ရှမ့်လန်၏ ခန္ဓာကိုယ် တစ်ခုလုံးသည် နွေးထွေးသွားခဲ့၏။
သူသည် အလျင်အမြန်ဆိုသလိုပဲ အရှေ့သို့ လှမ်းဝင်သွားခဲ့ပြီး သူ၏ အဖေ၊ အမေရှေ့၌ ဒူးထောက် ထိုင်ချလိုက်၏။ ပြီးနောက် တုန်ယင်နေသည့် လေသံဖြင့် ပြောဆိုလိုက်သည် “အဖေ၊ အမေ.. ကျုပ် ဝတ္တရား ပျက်ကွက်ခဲ့ပါတယ်။ ကျုပ် အခု ပြန်လာခဲ့ပါပြီ”
သူ၏ မိဘနှင့် ညီငယ်လေးတို့သည် ပထမဦးဆုံး ကြောင်အသွားခဲ့ကြ၏။ ပြီးနောက် ပျော်ရွှင်သွားခဲ့ကြ၏။
ရှမ့်မေမေသည် အလျင်အမြန် ထလာပြီး ရှမ့်လန်အား ဖက်လိုက်၏။ သူမသည် ကျယ်လောင်စွာဖြင့် အော်ဟစ် ငိုယိုနေမိသည်။
“တာ့လန်.. ငါ့ရဲ့ တာ့လန်လေး ပြန်လာပြီပေါ့။ ဘယ်တော့မှ မတွေ့ရတော့ဘူးလို့တောင် ထင်ထားတာ။ အိမ်မက် မက်နေတာလား။ ငါ အိမ်မက်များ မက်နေတာလား”
သူ၏ အဖေသည်လည်း အလွန် စိတ်လှုပ်ရှားလျက် ရှိ၏။ အိပ်ယာပေါ်မှ မနည်းကုန်းရုန်းကာ ထ၏။ သို့ပေမည့် ပြင်းပြင်းထန်ထန် ချောင်းဆိုးလျက် ရှိနေပြီး နှုတ်ခမ်းထောင့်မှ သွေးများပင် စီးကျလာ၏။
သူ၏ ညီငယ်လေးသည်လည်း နာကျင်မှုကို အောင့်အည်းသည်းခံကာဖြင့် မတ်တပ်ထရပ်လိုက်သည်။
ရှမ့်လန်က ပြောလိုက်၏။ “ကျုပ်ပါ။ ကျုပ် ပြန်လာခဲ့ပါပြီ”
ရှမ့်ဖေဖေက ပြောလိုက်သည်။ “ငါ့သား.. မင်း ပြန်လာတာ အရမ်းကောင်းတယ်လေ။ ငါတို့ကို ဘယ်တော့မှ ထားမသွားနဲ့တော့။ ရှစ်မိသားစုက ဆိုးယုတ်တဲ့ လူတွေ။ အဲကို ထပ်မသွားနဲ့တော့။ ဟုတ်ပြီလား”
ရှမ့်လန်သည် တဆတ်ဆတ်နှင့် ခေါင်းညိတ်လိုက်၏။ “အင်း… ကျုပ် ရှစ်မိသားစုဆီ ထပ်မသွားတော့ပါဘူး”
“ကောင်းတယ်၊ ကောင်းတယ်။”
“ကောင်းတယ်၊ ကောင်းတယ်” ရှမ့်လန်သည် ကျဆင်းနေသည့် မျက်ရည်များကို သုတ်ကာဖြင့် ပျော်ရွှင်စွာ ပြောလိုက်သည်။
သူ၏ အဖေသည် ပျော်ရွှင်စွာ ဝင်ရောက်ပြောဆို၏။ “ငါ့သားက တကယ့်ကို နားလည်လွယ်တာပဲ”
ဤမိဘနှစ်ပါးတို့သည် ရှမ့်လန်အား မတရား ချစ်မြတ်နိုးခဲ့၏။ ရှစ်မိသားစုဆီသို့ သွားမည်ကို မပြောဆိုခဲ့ခြင်းမှာ ရှမ့်မိသားစုမှ ပိတ်ပင်ခဲ့ခြင်းကြောင့်ဟု တွေးထင်နေခဲ့ကြသည်။
ရှမ့်လန်သည် အလျင်အမြန် ဆိုသလိုပဲ သူ၏ အဖေကို ထနိုင်ရန်အတွက် သွားရောက်ကာ ကူညီလိုက်သည်။ ပြီးနောက် သူ၏ မျက်လုံးစွမ်းရည်ကို အသုံးပြုကာဖြင့် သူ့အဖေ၏ ဒဏ်ရာများကို ကြည့်ရှု စစ်ဆေးလိုက်၏။
သေချာ၏။ အတွင်းဒဏ်ရာပင် ဖြစ်လို့နေခဲ့၏။ လည်ချောင်းနှင့် ဝမ်းဗိုက်တွင် ပြင်းပြင်းထန်ထန် ထိခိုက် ဒဏ်ရာ ရရှိထား၏။ အဆုတ်၌လည်း ဒဏ်ရာများ ရှိနေ၏။ နံရိုးမှာလည်း အက်ကွဲလျက် ရှိနေသည်။ သုံးလခန့် ကြာမြင့်ပြီးသည့် နံရိုးကျိုးမှုသည် ပြန်လည်ကာ ကောင်းမွန်ခဲ့သည် ဆိုလျှင်တောင်မှ နံရိုးပေါ်တွင် ရှိနေသည့် အက်ကွဲကြောင်းများကတော့ အထင်းသား ပေါ်ပေါက်လျက် ရှိနေသည်။
ရှစ်မိသားစု၏ ကျေးကျွန်များသည် လွန်ခဲ့သည့် သုံးလတုန်းက မည်မျှ ကြမ်းကြမ်းတမ်းတမ်း ရိုက်နှက်ခဲ့ကြောင်း ဤအရာက သက်သေပြလို့နေ၏။ သူ့အဖေ၏ အတွင်းဒဏ်ရာများသည် တကယ်ပင် ပြင်းထန်လို့ နေ၏။
ကံကောင်းစွာဖြင့် သူ၏ ညီငယ်လေးသည် ရွှေဒင်္ဂါး ဆယ်ပြားကို အသုံးပြုပြီး သမားတော် တစ်ယောက်ကို ငှားရမ်းကာ ကုသစေခဲ့၏။ ထို့ကြောင့် သူ့အဖေ၏ အတွင်းဒဏ်ရာများသည် အတော်အသင့် သက်သာသွားသည်ဟု ဆိုရမည်။ မဟုတ်ပါက ရှမ့်လန်အနေနှင့် သူ၏ အဖေကို ထပ်မံ တွေ့ရရန် အခွင့်အရေးပင် ရှိလိမ့်မည် မဟုတ်ချေ။
ဒဏ်ရာများကို ကုသဖို့အတွက် ရွှေဒင်္ဂါးဆယ်ပြား အသုံးပြုဖို့ဆိုသည်မှာ ခက်ခဲလွန်းလှ၏။ အဘယ်ကြောင့်ဆိုသော် သူတို့သည် သာမန် လယ်သမားများ ဖြစ်သောကြောင့်ပင်။ ဤကဲ့သို့ ဈေးနှုန်း ကြီးမားသည့် သမားတော်တစ်ယောက်၏ ကုသပေးမှုကြောင့် အလုံးစုံ ပျောက်ကင်းသွားခြင်း မရှိဘူး ဆိုလျှင်တောင်မှ သူ၏ အဖေသည် အသက်အန္တရာယ် မစိုးရိမ်ရတော့ချေ။
ချက်ချင်းဆိုသလိုပဲ ရှမ့်လန်သည် ကုသမည့် အစီအစဉ်တစ်ခုကို သူ၏ စိတ်ထဲမှ တွက်ချက်ပြီး ဖြစ်၏။ သူ့အဖေ၏ အဆုတ်ပေါ်တွင် ရှိနေသည့် ဒဏ်ရာများကို ကုသရန်အတွက် ဆေးပင် များကို အသုံးပြုရန် စဉ်းစားထား၏။ ထိုသို့ဆိုလျှင် လအနည်းငယ် ကြာပြီးသည့်နောက် အလုံးစုံ ကောင်းမွန်သွားပေလိမ့်မည်။
“အဖေ.. သားက ဝတ္တရား ပျက်ကွက်ခဲ့ပါတယ်။ အဖေတို့ မိဘနှစ်ပါးကို ထပ်ပြီးတော့ မစိုးရိမ်စေရတော့ပါဘူး” ရှမ့်လန်သည် သူ့အဖေ၏ နဖူးပေါ်သို့ လက်တင်ကာဖြင့် သေသေချာချာ ပြောဆိုလိုက်၏။ သူ၏အဖေသည် ဖျားလို့လည်း နေ၏။ ဤအရာသည် ပိုးဝင်ခြင်းကြောင့်ပင် ဖြစ်ပေလိမ့်မည်။ ထို့ကြောင့် ချက်ချင်း ကုသမှ ဖြစ်မည်။ မဟုတ်ပါက ရက်အနည်းငယ်အတွင်း အသက်အန္တရာယ် ရှိနိုင်၏။
သူ့အဖေ၏ အကြည့်များသည် ရှမ့်လန်၏ မျက်နှာပေါ်သို့ စူးစိုက်ကာ ရောက်ရှိနေ၏။ သူသည် ချောင်း တဟွတ်ဟွတ် ဆိုးပြီးနောက် ရှမ့်လန်အား မယုံကြည်နိုင်လောက် မြတ်နိုးသည့် ချစ်ခြင်းအစုံဖြင့် ကြည့်ရှုကာ ပြောလိုက်သည်။ “တာ့လန်… ပိုပြီး ဉာဏ်ကောင်းလာခဲ့တာပဲ”
သူ၏ဘဝတွင် သူ၏သားကို အချစ်ဆုံးဖြစ်၏။ ထို့ကြောင့် ရှမ့်လန်၏ ပြောင်းလဲမှုကို သေသေချာချာ သတိပြုမိ၏။ ဤမိဘနှစ်ပါးသည် ရှမ့်လန်ကို အလွန်တရာ ချစ်မြတ်နိုးခဲ့၏။ ထို့ကြောင့် သူတို့ရှေ့မှ လူသည် သူတို့၏ သားဖြစ်မှန်းတော့ သေသေချာချာ သိ၏။ သို့ပေမဲ့ သူတို့၏ သားသည် ဉာဏ်ရည် နိမ့်ပါးလွန်း၏။ ထိုအရာကို ဝန်မခံချင်လျှင်တောင်မှ နှလုံးသားထဲတွင်တော့ သူတို့သားသည် သုံးမရသည့် အမှိုက် ဖြစ်ကြောင်းကိုတော့ နားလည်လက်ခံထား၏။
မျက်လုံးများသည် အမြဲတမ်း တွေဝေငေးငိုင်လျက် ရှိနေပြီး တစ်ခုခု တုံ့ပြန်ရာတွင်လည်း အလွန်တရာ နှေးကွေးခဲ့၏။ သို့ပေမဲ့ အိမ်ဆီသို့ ပြန်ရောက်လာခဲ့ပြီးသည့်နောက် ဉာဏ်ရည်သည် ပုံမှန်အတိုင်း ဖြစ်သွားခဲ့ပုံ ပေါ်၏။ ဤအရာက လုံလောက်ပြီဖြစ်၏။ သူ၏အဖေသည် အလွန်အမင်း ပျော်ရွှင်သွားခဲ့သည်။
အမှိုက်တစ်စ ဖြစ်သည်ဆိုလျှင်တောင်မှ သူ၏သားသည် ကြည့်ကောင်းလွန်းသည့် လူတစ်ယောက် ဖြစ်၏။ မိန်းမတစ်ယောက်ကို လွယ်လွယ်ကူကူ လက်ထပ်နိုင်၏။ မုဆိုးမတစ်ယောက် ဖြစ်နေမည် ဆိုလျှင်တောင်မှ ကိစ္စမရှိချေ။ သူ၏ သားသည် မိန်းမတစ်ယောက် ရရပေလိမ့်မည်။
ရှမ့်မေအမေသည် အရှေ့သို့ လှမ်းတက်ပြီးနောက် ရှမ့်လန်၏ မျက်နှာကို အသာကိုင်ကာဖြင့် ပျော်ရွှင်စွာ ပြောလိုက်၏။ “ဟုတ်တယ်၊ ဟုတ်တယ်။ ငါတို့မိသားစုရဲ့ တာ့လန်က တကယ့်ကို ဉာဏ်ကောင်းလာပြီပဲ။ သူ့ရဲ့ မျက်လုံးတွေကလည်း ဆွဲဆောင်မှု ရှိနေတယ်။ အသက်ဝင်လိုက်တာ။ ဒါ နတ်ဘုရားတွေ ကယ်တာပဲ”
ရှမ့်လန်သည် သူ၏ ပြောင်းလဲမှုနှင့်ပတ်သက်၍ မည်သို့ရှင်းပြရမည် ဖြစ်ကြောင်း တွေးတောနေမိ၏။ သို့ပေမဲ့ ထွေထွေထူးထူး ရှင်းပြရန် မလိုအပ်တော့ချေ။ သူ၏ မိဘများသည် သူ့ကို အလွန်ချစ်မြတ်နိုး၏။ သူ ပိုမို ဉာဏ်ကောင်းလာသည်ကို မြင်ရပြီးသည့်နောက် အဆုံးမဲ့ ပျော်ရွှင်လို့ နေ၏။ ထိုမျှဆိုလျှင် လုံလောက်ပြီ ဖြစ်သည်။ ဘာ့ကြောင့် ၊ ဘာတစ်ခုကြောင့် စသော မေးခွန်းများကို တစ်ခွန်းမှ မမေးခဲ့ကြချေ။
“အစ်ကိုကြီး… ရှစ်မိသားစုက နှင်ထုတ်လိုက်တာလား” သူ၏ ညီငယ်လေးက မေးမြန်းလိုက်၏။
ရှမ့်လန်က ခေါင်းညိတ်လိုက်သည်။ “အင်း”
“နှင်ထုတ်ခံလိုက်ရတာ ကောင်းတာပေါ့။ နှင်ထုတ်ခံလိုက်ရတာ အရမ်းကောင်းတယ်”
သူ၏အမေက ပြောလိုက်၏။ “ငါ့ရဲ့သားက ဒီလို ရက်စက်တဲ့ မိသားစုထဲမှာ နေနေတာကို ဘယ်လိုမှ သည်းမခံနိုင်ဘူး။ ငါတို့ မိသားစုက ဆင်းရဲတယ် ဆိုပေမဲ့ တကယ် အလုပ်ကြိုးစားမယ်ဆိုရင် ငါ့ရဲ့သားကို ကောင်းကောင်း ပံ့ပိုးပေးနိုင်တယ်။ တာ့လန်ကို စိတ်မဆင်းရဲစေရဘူး”
ဤကဲ့သို့သော မေတ္တာတရားသည် အဆုံးအစမဲ့လွန်းလှ၏။ သူ၏ အမေ ဆိုလိုသည်မှာ ရှမ့်လန်အနေနှင့် အိမ်၌ သက်တောင့်သက်သာ နေထိုင်ပြီး မည်သည့်အလုပ်ကိုမှ ပြုလုပ်ရန် မလိုအပ်ချေ။ နေ့စဉ်နေ့တိုင်း ဆိုသလို ဆန်ဖြူများကို စားသုံးကာဖြင့် အေးအေးချမ်းချမ်း နေထိုင်ရန်သာ လိုအပ်သည်။
“ရှစ်မိသားစုနဲ့ လက်ထပ်ခဲ့တယ်ဆိုတာ မိန်းမ လိုချင်လို့ မဟုတ်လား။ ဟုတ်ပြီ။ မင်းရဲ့ အဖေနဲ့ အမေက ပိုက်ဆံကောင်းကောင်းရှာမယ်။ ပြီးရင် တာ့လန်အတွက် မိန်းမတစ်ယောက် ရှာပေးမယ်”
သူ၏ အမေက ပြောလိုက်၏။ “ဒါနဲ့ ရွာထဲမှာ ရှိနေတဲ့ မုဆိုးမလူ ဆိုရင်ကော ဘယ်လိုလဲ။ မင်းထက် သုံးနှစ်လောက် ကြီးတယ်ဆိုပေမဲ့ သူမက လှပတယ်။ ပြီးတော့ မင်းကိုလည်း ချစ်မြတ်နိုးတဲ့ပုံပဲ”
သူ၏ မိဘများသည် ရှမ့်လန်အား အထင်အမြင်သေး၍ မဟုတ်ချေ။ သို့ပေမဲ့ သူတို့မိသားစု၏ အခြေအနေ သည် ဆင်းရဲနွမ်းပါးလွန်း၏။ ထို့အပြင် ရှမ့်လန်သည် ဦးနှောက်ဉာဏ်ရည် နိမ့်ပါးသည်ဆိုသော ဂုဏ်သတင်းကိုလည်း ပိုင်ဆိုင်သည်။
တခြားသော အရာများကို မဆိုနှင့် အသက်ရှင် နေထိုင်ရန်အတွက် ငွေရှာသည့် စွမ်းရည်ကိုပင် ပိုင်ဆိုင်သည့် လူတစ်ယောက် မဟုတ်ချေ။ ထို့ကြောင့် မုဆိုးမတစ်ယောက်ကို လက်ထပ်နိုင်ခြင်းသည် ဂုဏ်ယူရမည့် အရာပင်။
ရှမ့်လန်သည် အသာပြုံးပြီးသည့်နောက် သူ့ညီငယ်လေး၏ အိပ်ရာဆီသို့ လာလိုက်၏။ ပြီးနောက် သူ့ညီငယ်၏ ဘောင်းဘီကို အသာလိပ်တင်ပြီး ညှို့သကျည်းကို ကြည့်ရှုလိုက်၏။ ညာဘက် ညှို့သကျည်းသည် ကျိုးလျက်ရှိ၏။
“အစ်ကိုကြီး ကျုပ် အဆင်ပြေပါတယ်။ ဆယ်ရက်ကနေ လဝက်လောက် ဒီနေရာမှာ လှဲနေမယ်ဆိုရင် အဆင်ပြေသွားလိမ့်မယ်။ အများဆုံး ဒုက္ခိတ ဖြစ်သွားရုံလောက်ပေါ့။ ဘာပဲပြောပြော ကျုပ်က ဒီမိသားစုရဲ့ မျိုးဆက်အတွက် အစ်ကိုကြီးကို ကျွေးမွေးပြုစုမှာပါ” ရှမ့်ကျန်က ပြောလိုက်သည်။
“ပြီးတော့ ဒုက္ခိတ ဖြစ်သွားတော့လည်း ကောင်းတာပေါ့။ ရွှမ်ဝူမြို့ကို သွားပြီးတော့ သူတောင်းစား လုပ်လိုက်မယ်။ ဒါမှမဟုတ် ရထားလုံးတစ်ခုခုအောက်ကို ပစ်ဝင်ပြီး ငွေညှစ်လို့လည်း ရသေးတယ်”
ဤအရာသည် သူ၏ ညီငယ်လေးပင်ဖြစ်၏။ ရှမ့်လန်ကို အလွန်ကောင်းမွန်စွာဖြင့် ဆက်ဆံတတ်၏။ ယုံရခြင်း၊ မယုံရခြင်းကိုတော့ တွေးတောနေစရာ မလိုအပ်ချေ။ ခြေထောက်ကျိုးသွားခဲ့ပြီးသည့်နောက် မြန်မြန်ဆန်ဆန် သေဆုံးသွားရမည် ဆိုလျှင်တောင် ကိစ္စမရှိချေ။ ၎င်းသည် ရှမ့်လန်ကို ထောက်ပံ့ရန်သာ စဉ်းစားထား၏။
“ဒါ ဘယ်ချိန်တုန်းက ဖြစ်ခဲ့တာလဲ” ရှမ့်လန်က မေးမြန်းလိုက်သည်။
“အင်း… တစ်နေ့ကပေါ့”
သူ၏ညီငယ်လေးက ပြောဆိုလိုက်၏။ “ဘာလို့လဲဆိုတော့ လဝက်လောက်နီးပါး အစ်ကိုကြီးရဲ့ သတင်းကို ကျုပ် မကြားခဲ့ရဘူးလေ။ ဒါကြောင့် ရှစ်မိသားစုကို သွားပြီးတော့ စုံစမ်းခဲ့တယ်။ ဒါပေမဲ့ အဆုံးသတ်မှာတော့ အထဲကို ဝင်ခွင့်တောင် မရခဲ့ဘူး။ အိမ်ကိုပြန်လာတဲ့ အချိန်မှာ ကျုပ်ကို ဝိုင်းပြီးတော့ ရိုက်ခဲ့ကြတယ်။ ဒါကြောင့် ညာဘက်ခြေထောက် ကျိုးသွားခဲ့တာပေါ့”
ရှမ့်လန်တစ်ယောက် ပြင်းပြင်းထန်ထန် နေမကောင်း ဖြစ်နေသည်ဆိုသော သတင်းစကားသည် ရှစ်မိသားစုမှ ပိတ်ပင်ထားသည့် အရာဖြစ်၏။ ထို့ကြောင့် သူ၏ မိသားစုများ သိရှိလိမ့်မည် မဟုတ်ချေ။ သို့ပေမဲ့ အမေနှင့်သား ဆိုသည်မှာ စိတ်ချင်းဆက်နေသည့် အရာမျိုးဖြစ်၏။
သူ့မိသားစုသည် ရှမ့်လန်အကြောင်း မည်သည့် သတင်းစကားမှ မကြားရဘူး ဆိုလျှင် သဘာဝအားဖြင့် စိတ်ပူပေလိမ့်မည်။ ထို့ကြောင့်ပင်လျှင် အငယ်ဆုံးသားကို စေလွှတ်ကာ စုံစမ်းခိုင်းခြင်းပင်။
ရှစ်မိသားစုမှ ပြန်လည် ထွက်ခွာလာချိန်မှာတော့ ရှမ့်ကျန်၏ ခြေထောက်က ကျိုးသွားခဲ့၏။ ကျိန်းသေပေါက် ဤအရာသည် ရှစ်မိသားစု လက်ချက် ဖြစ်ပေလိမ့်မည်။ မည်မျှဆိုးယုတ်လိုက်သည့် မိသားစုနည်း။
ရှမ့်လန်၏ ချောမောသည့် မျက်နှာပေါ်တွင် တင်းမာခက်ထန်သည့် အရိပ်အယောင်များ ပေါ်ပေါက်လာ၏။ နှုတ်ခမ်းထောင့်များသည် တဆတ်ဆတ် တုန်ခါလျက်ရှိ၏။
ရှမ့်လန်က ပြောလိုက်သည်။ “အင်း.. ဒီကျိုးနေတဲ့ ခြေထောက်ကို ငါ ကူညီပြီးတော့ ကုသပေးမယ်။ နည်းနည်း နာမယ်ဆိုပေမဲ့ သည်းခံထားရမယ်”
သူ၏ ညီငယ်က ပြောလိုက်၏။ “အစ်ကိုကြီး.. ဘယ်အချိန်တုန်းက ဒဏ်ရာကုတတ်သွားတာလဲ”
ရှမ့်လန်သည် အဝတ်အစား ခေါက်ရန်ပင် သူ၏အမေ အကူအညီကို ယူရသူဖြစ်၏။ မည်ကဲ့သို့ ကျိုးနေသည့် ခြေထောက်ကို ကုသမည်နည်း။
ကမ္ဘာမြေမှာ နေထိုင်စဉ်က ရှမ့်လန်သည် နေ့စဉ်နေ့တိုင်းဆိုသလို လူနာများကို ကုသခဲ့သူတစ်ယောက် ဖြစ်၏။ သူသည် ထိပ်တန်းသမားတော် တစ်ယောက်ဟု သုံးသပ်၍ မရနိုင်သော်လည်း ကျိန်းသေပေါက် ကုသမှုတွင် အတွေ့အကြုံ များပြားသည့် လူတစ်ယောက်ဖြစ်၏။
သူ့အဖေနှင့် ညီငယ်တို့၏ ဒဏ်ရာများသည် သူ၏မျက်လုံးထဲ၌ ဘာမှ မဟုတ်ချေ။ ထို့အပြင် သူ့၌ X-Ray အမြင်ကလည်း တည်ရှိနေသေး၏။ ဤကဲ့သို့ ဆေးပညာနှင့်ပတ်သက်၍ မဖွံ့ဖြိုးသေးသော လောကတစ်ခု ဆီသို့ ရောက်ရှိနေချိန်မှာတော့ သူသည် ဤနှစ်ယောက်ကို ကုသရန် အလွန်လွယ်ကူနေသည်။