← Chapters

အပိုင်း (၈)

Vol. 1 Ch. 8

အပိုင်း (၈)

Vol. 1 Ch. 8

ရှမ့်လန်က ပြောလိုက်သည်။ “အမေ… ကျုပ် ဆေးပင်တွေ ခူးဖို့အတွက် တောင်ပေါ် ခဏသွားလိုက်အုံးမယ်”

“တာ့လန်… အမေ မင်းနဲ့ လိုက်ခဲ့မယ်။ တောင်ပေါ်မှာ သားရိုင်းတွေ ရှိတယ်လေ။ ပြီးတော့ လမ်းပျောက် သွားနိုင်တယ်” ရှမ့်မေမေသည် အလျင်အမြန်နှင့် ရှေ့သို့ လှမ်းတက်လာခဲ့၏။ သူမသည် ရှမ့်လန်အား ကလေးတစ်ယောက်ကဲ့သို့ပင် ဆက်ဆံလျက် ရှိနေ၏။ တောင်ပေါ်သို့ တစ်ယောက်တည်း သွားခြင်းကိုပင် စိတ်မချနိုင်ပေ။

“အမေ.. အိမ်မှာပဲ ရေနွေးပူပူလေး တည်ထားပေး။ ဓားသေးသေးလေး တစ်ချောင်းကို ရှာပြီးတော့ သွေးပေးထား။ ပြီးတော့ ချည်လုံးဆွဲဖို့ အပ်ရှည်ထူထူတစ်ချောင်းရယ်၊ ရေထဲထည့်ပြုတ်ထားဖို့ အဝတ်စတချို့ရယ် ပြင်ဆင်ထားပေးပါ” ရှမ့်လန်က မြန်မြန်ဆန်ဆန် ပြောလိုက်၏။ သို့ပေမဲ့ သူ၏ စကားလုံးများသည် ရှင်းလင်းပြီး တည်ငြိမ်လှ၏။

သူ၏အမေက ကြောင်အသွားခဲ့၏။ သို့ပေမဲ့ သူမသည် ဘာတစ်ခုမှ ထပ်မံကာ မေးခွန်း မထုတ်ခဲ့ချေ။ ခေါင်းကို အသာညိတ်၍ ပြောလိုက်သည်။ “ကောင်းပြီ”

သူမအတွက် သူမ၏သားသည် တကယ့်ကို ဉာဏ်ကောင်းလွန်းသည့် လူတစ်ယောက်ဖြစ်၏။ သူမ၏ သား ပြောဆိုခဲ့သည့် စကားလုံးများသည် အင်ပါယာ၏ အမိန့်စာတမ်းကဲ့သို့ပင် တန်ခိုးကြီးမား၏။

ရှမ့်လန်သည် ဝါးကျည်တောက်တစ်လုံးကို ကျောတွင်လွယ်၊ ဓားတစ်ချောင်းကို ခါးတွင်ချိတ်ကာဖြင့် အိမ်မှ ထွက်ခွာလိုက်၏။ တောင်ပေါ်သို့တက်သည့်အချိန်မှာတော့ ထျန်းဟန်၏ တပည့်များဖြစ်သော ဆယ့်သုံးနှင့် ဆယ့်ကိုးတို့က လိုက်ပါလာခဲ့၏။ ငွေမရမချင်း သူတို့သည် ရှင်လန်ကို အမြဲတစေ စောင့်ကြည့်နေမည်ဖြစ်ပြီး အချိန်တန်လျှင် သူ့ကို သတ်ပစ်ကြမည်ဖြစ်သည်။

……….

ဤလောကထဲတွင် ရှိနေသည့် ဆေးပင်များသည် သူလိုချင်သည့် ဆေးပင်များနှင့် တူညီသလားဆိုသည်ကို သေသေချာချာ မသိရှိချေ။ ထို့ကြောင့် ရှမ့်လန်က အနည်းငယ်တော့ စိုးရိမ်ပူပန်လို့နေ၏။ သူ မသိသည့် ဆေးပင်များသာ ရှိနေပါက ဒုက္ခများစရာပင်။

တရုတ်ဆေးပင်များသည် တကယ်ကို ဆေးဘက်ဝင်သည့် ဆေးပင်များဖြစ်၏။ သို့ပေမဲ့ ထိုကဲ့သို့သော ဆေးပင်များသည် ဤလောကကြီးထဲ၌ တည်ရှိနေသလား ဆိုသည်မှာ မသေချာချေ။ ရှမ့်လန်၏ အိမ်အနောက်ဘက်တွင်တော့ တူညီသည့် အပင်များ တည်ရှိနေကြောင်းကို သတိပြုမိ၏။

နာရီဝက်လောက် ကြာမြင့်ပြီးသည့်နောက် သူသည် တောထဲတွင် ရှိနေသည့် ဆေးပင်တော်တော်များများ တို့ကို ခူးယူခဲ့ပြီးပြီ ဖြစ်၏။ ထို့အပြင် ရောင်ယမ်းမှုကို လျော့ချနိုင်စွမ်းရှိသည့် အကျိုးအာနိသင်နှင့် ဆေးပင်များ ကိုလည်း တွေ့ရှိခဲ့၏။ တချို့သော အသုံးဝင်မည့် ဆေးပင် တစ်ချို့ကိုလည်း အံ့အားသင့်ဖွယ် တွေ့လိုက်ရသည်။

ပိုးသတ်နိုင်သော တိုင်းရင်းဆေးဝါးများလည်း ရှိသည်။ တစ်နာရီခန့်အတွင်းမှာပင် သူသည် ပိုးသတ်ရန် အသုံးပြုနိုင်သော ပင်စိမ်း၊ ပျားရည်စိမ်ပန်း၊ ဒေါနပန်း အစရှိသည်တို့ကို များစွာခူးဆွတ်ရရှိခဲ့သည်။ ဝမ်းနည်းစရာမှာ ဤနေရာသည် ခြောက်သွေ့သော ကန္တာရစပ် သို့မဟုတ် မြက်ခင်းပြင် မဟုတ်သောကြောင့် နွယ်ချိုပင် မတွေ့ရှိခြင်းပင်။ သို့သော် အလွန်အံ့အားသင့်ဖွယ်ရာ ဝမ်းမြောက်စရာတစ်ခုမှာ သူသည် ဆင်ပြင်မုန်ညင်းမြစ်ကို တူးဖော်တွေ့ရှိခဲ့ခြင်း ဖြစ်သည်။ ခေတ်သစ်ကမ္ဘာမြေတွင် အံ့ဖွယ်ဆေးတစ်လက်ဟု ဂုဏ်ပြုခံရသော ဆင်ပြင်မုန်ညင်းမြစ်ပင်တည်း။

ထို့နောက် ရှင်လန်သည် သွေးတိတ်စေသောဆေး၊ အပူကျစေသောဆေး စသည်ဖြင့် ဆေးအမျိုးအစားပေါင်း ဆယ်မျိုးကျော်ကို တူးဖော်ရရှိခဲ့ရာ ဝါးကျည်တောက်တစ်လုံး အပြည့်ဖြစ်သွားသည်။ ဝမ်းနည်းစရာမှာ ဒတ္တူရပင်ကို မတွေ့ရှိခဲ့သဖြင့် မေ့ဆေးဖော်စပ်ရန် မဖြစ်နိုင်ခြင်းပင်။

ညနေစောင်းသို့ ရောက်သည့်အချိန်မှာတော့ ရှမ့်လန်သည် ဆေးပင်များ တနင့်တပိုးနှင့် ပြန်လာခဲ့သည်။

သူ၏ အမေသည် အရာအားလုံးကို ကြိုတင်ကာ ပြင်ဆင်ထားပြီးဖြစ်၏။ ရှမ့်လန်သည် သူ၏ X-Ray အမြင် (ဓာတ်မှန်ရောင်ခြည်ကဲ့သို့ ထွင်းဖောက်မြင်နိုင်သော အမြင်) ကို အသုံးပြုကာဖြင့် သူ့ညီငယ်၏ ကျိုးနေသည့် ခြေထောက်ကို သေသေချာချာ စစ်ဆေးလိုက်၏။ ကံကောင်းစွာဖြင့် ကျိုးနေသည့် အရိုးများသည် ညီညီညာညာ ကျိုးနေခြင်းဖြစ်ပြီး ချွန်ထက်ပြီး တစ်စစီ ဖြစ်နေခြင်း မဟုတ်ချေ။ ထို့ကြောင့် အဓိက သွေးလွှတ်ကြောများကို ထိခိုက်ခြင်း မရှိခဲ့ပေ။

သူ၏အမေသည် ဓားတစ်ချောင်းကို သေသေချာချာ ချွန်မြအောင် သွေးထားပြီး ဖြစ်သောကြောင့် သူသည် ထိုဓားကို ယူကာဖြင့် ရေပူထဲ နှစ်လိုက်သည်။ ရှမ့်လန်သည် သူ့ညီငယ်လေး၏ ခြေထောက်များ ပြန် ဆက်နိုင်ရန်အတွက် သေးငယ်သည့် ခွဲစိတ်မှုမျိုးကို ငြင်ငြင်သာသာဖြင့် ပြုလုပ်လျက်ရှိ၏။ ပထမဦးစွာ သွေးပုပ်များ စီးထွက်စေကာ ကျိုးနေသောအရိုးကို တိကျစွာ ပြန်လည်တည့်မတ်ပေးလိုက်၏။

ကံဆိုးစွာဖြင့် ဤကဲ့သို့သော အခြေအနေသည် ပါးစပ်နှင့်ပြောဆိုလျှင် လွယ်ကူသည် ဆိုသော်လည်း အလွန်ပင် ရက်စက်သည့် အပြုအမူမျိုးဖြစ်၏။ အဘယ်ကြောင့်ဆိုသော် ထုံဆေး၊ မေ့ဆေးဟူ၍ မရှိသော ကြောင့်ပင်။ ထို့နောက် ဆေးမြစ်များကို ထောင်း၍ ဒဏ်ရာပေါ် အုံပေးပြီး ကောင်းမွန်စွာ ဖြတ်တောက်ထားသော သစ်သားချောင်းများနှင့် ရေနွေးဖြင့်ပြုတ်ထားသော အဝတ်စတို့ကို အသုံးပြုကာ ကျိုးနေသောအရိုးအား တည့်မတ်ပြီး လုံးဝ မလှုပ်ရှားနိုင်အောင် သုံးဆင့်စည်းနှောင်၍ ကျပ်စည်း ပေးလိုက်သည်။ ကျောက်ပတ်တီးမရှိသောကြောင့် သစ်သားချောင်းကိုသာ အသုံးပြုရခြင်း ဖြစ်သည်။

“အခုကစပြီး ဒီခြေထောက်ကို မြေနဲ့မထိနဲ့တော့။ မလှုပ်ရှားဘူးဆိုရင် အကောင်းဆုံး ဖြစ်လိမ့်မယ်။ နှစ်လလောက်ကြာရင် ပြန်ကောင်းသွားလိမ့်မယ်” ရှမ့်လန်က သတိပေးလိုက်၏။

အသေးစား ခွဲစိတ်မှုဟု သုံးသပ်၍ ရသည့် ခွဲစိတ်မှုမျိုးပင်။ ထိုသို့ဆိုလျှင်တောင်မှ တစ်နာရီနီးပါးခန့် ကြာမြင့်ခဲ့၏။ သူ၏ညီငယ်လေးသည် နာကျင်မှုကြောင့် ချွေးများ တပြိုက်ပြိုက် ကျလျက်ရှိနေ၏။ ပါးစပ်တွင် ကိုက်ထားခဲ့သည့် သစ်သားချောင်းပင်လျှင် ချိုင့်ဝင်လျက် ရှိနေသည်။

ရှမ့်လန် ထိုကဲ့သို့ ကုသနေသည်ကို ကြည့်ရှုရင်း သူ၏မိဘများသည် အသက်ကိုပင် ရဲရဲမရှူရဲချေ။ ထို့အပြင် မယုံကြည်နိုင်သလိုလည်း ခံစားနေမိကြ၏။ အံ့အားသင့်စရာ ကောင်းလွန်းလှချေသည်။ ရှမ့်လန်သည် အိမ်ဆီသို့ ပြန်ရောက်ပြီးသည့်နောက် ဉာဏ်ရည်နိမ့်ပါးသည့် လူတစ်ယောက် မဟုတ်တော့သလို အံ့အားသင့်စရာ များကိုလည်း ပြုလုပ်လျက်ရှိ၏။

ရှမ့်လန်၏ လှုပ်ရှားဆောင်ရွက်မှုများသည် အလွန်ပင် မြန်ဆန်ပြီး ဆုံးဖြတ်ချက် ခိုင်မာသည့် လူတစ်ယောက်၏ ဟန်ပန်အမူအရာမျိုးဖြစ်ကြောင်း ရှမ့်မေမေက သတိပြုမိ၏။ အကြည့်များကလည်း လေးနက် ခိုင်မာလွန်း၏။ ယခင်က မတူဘဲ အလုံးစုံ ပြောင်းလဲသွားခဲ့သော လူတစ်ယောက်ကဲ့သို့ပင်။

ညီငယ်လေးသည် သူ၏ ပါးစပ်ထဲတွင် ရှိနေသည့် သစ်သားချောင်းကို ဖယ်ထုတ်ပြီး ရှမ့်လန် ကို အံ့အားတသင့်ဖြင့် ကြည့်လိုက်၏။ “အစ်ကိုကြီး.. အံ့အားသင့်စရာပဲ။ ခြေထောက်ရဲ့အရောင်က လျော့သွားပြီ။ ပြီးတော့ အရမ်းကြီးလည်း မနာတော့ဘူး။ ခြေထောက်ကျိုးတာကို ကုသပေးတဲ့ သမားတော် တော်တော် များများကို ကျုပ်မြင်ခဲ့ဖူးတယ်။ ဒါပေမဲ့ အစ်ကိုကြီးလောက် မြန်ဆန်ပြီး အံ့အားသင့်စရာ မကောင်းဘူး”

ရှမ့်ကျန်သည် လူဆိုးလူသွမ်းများ ကြားထဲတွင် စတေးခံလူသားတစ်ယောက် ဖြစ်ခဲ့၏။ သူသည် ခြေထောက် မကျိုးခင်က များပြားလွန်းသည့် ဒဏ်ရာများကို ခံစားခဲ့ဖူးသည်။ ယခု ရှမ့်လန်၏ အံ့အားသင့်စရာ ကောင်းသည့် ခွဲစိတ်မှုစွမ်းရည်ကို မြင်ရချိန်မှာတော့ ပါးစပ် အဟောင်းသား ဖြစ်လို့နေ၏။ သူ၏ အပေါင်းအသင်း၊ မိတ်ဆွေ၊ လူဆိုးလူမိုက်များ ကြားထဲတွင် ထိုကဲ့သို့သော စွမ်းဆောင်ရည်မျိုးကို ထုတ်ဖော်နိုင်သည့်လူဟူ၍ မတွေ့ဖူးချေ။ သူမြင်တွေ့ဖူးသမျှ သမားတော်များသည်လည်း ထိုသို့ မပြုလုပ်နိုင်ချေ။

ပိုမို၍ အရေးကြီးမားသည်မှာ သူ၏ အစ်ကိုကြီးသည် အမှိုက်တစ်စ ဖြစ်၏။ အဘယ်ကြောင့် ဤမျှ မြန်မြန်ဆန်ဆန် နှင့် ပြောင်းလဲသွားရသနည်း။ အံ့အားသင့်စရာ ကောင်းသည့် စွမ်းရည်များကို မည်ကဲ့သို့ သင်ယူခဲ့သနည်း။ မည်သည့်နေရာတွင် သွားရောက်ကာ သင်ယူခဲ့သနည်း။ သူတို့ မိသားစု တစ်ခုလုံးသည် တကယ်ပင် အံ့အားသင့်စွာဖြင့် ပျော်ရွှင်လို့ နေသည်။

ထို့နောက် ရှမ့်လန်သည် သူ၏ အဖေကို ဆက်လက်ကာ ကုသပေး၏။ ပထမဦးဆုံး အဆုတ်ထဲတွင် သွေးစုတ်သွေးညစ်များကို အရင်ဆုံး ထုတ်၏။ မဟုတ်ပါက ဒဏ်ရာသည် တဖြည်းဖြည်း ဆိုးရွားလာပေလိမ့်မည်။ အခက်အခဲဆုံး အပိုင်းသည် သွေးများခဲလျက် ရှိနေသော ဒဏ်ရာတည်နေရာပင် ဖြစ်၏။ ဒဏ်ရာ တည်ရှိရာ နေရာသည် သာမန်မျက်စိနှင့် ကြည့်ရှု၍ ရနိုင်သည့် အရာမျိုး မဟုတ်ချေ။

ဤလောကထဲတွင် ရှိနေသော သမားတော်များသည် ထိုကဲ့သို့သော အရာမျိုးကို ပြုလုပ်ရန် မည်သို့မှ မဖြစ်နိုင်ချေ။ သို့ပေမဲ့ ရှမ့်လန်မှာတော့ အားအင်စိုက်ထုတ်မှု နည်းစွာဖြင့် ပြုလုပ်နိုင်၏။ သူ၏ X-Ray အမြင်သည် အနာတည်ရှိရာ တည်နေရာအား တိတိကျကျ ကြည့်ရှုနိုင်စွမ်း ရှိနေသည် မဟုတ်ပါလား။

သူ၏ အမေသည် အစောကြီးတည်းက သစ်သားရုပ်ကြီး တစ်ရုပ်ကဲ့သို့ မြေပေါ်၌ မတ်မတ်ရပ်လျက် ရှိ၏။ သူမ၏ လက်ထဲတွင်တော့ သုံးမီလီမီတာ နီးပါးခန့်ရှိသည့် အပ်ချွန်တစ်ခုကို ကိုင်ဆောင်ထားသည်။

အထူးသဖြင့် ဤအရာသည် တိရစ္ဆာန်သားရေများကို ချုပ်လုပ်ရာတွင် အသုံးပြုသည့် အပ်မျိုးဖြစ်၏။ သေသေချာချာ ချွန်မြအောင် သွေးပြီးသည့်နောက် ရေပူပူထဲတွင် နှစ်လိုက်သည်။ ရှမ့်လန်သည် ထိုအရာကို ယူပြီးသည့်နောက် တိကျသည့် ဒဏ်ရာ၏ တည်နေရာအား ထိုးစိုက်လိုက်သည်။ ဒဏ်ရာကို အမြစ်မှ ဆွဲထုတ်ခဲ့ပြီးသည့်နောက် သွေးပုပ်များအား အပြင်ဘက်သို့ ညှစ်ထုတ်၏။ ထိုနည်းဖြင့် ရှမ့်လန်သည် သူ့အဖေ၏ အဆုတ်တွင် ရှိနေသည့် ဒဏ်ရာများကို ကုသခဲ့၏။

တစ်နာရီကျော် ကြာမြင့်ပြီးသည့်နောက် သူ့အဖေသည် အကောင်းဆုံး အခြေအနေဆီသို့ ပြန်လည်ကာ ရောက်ရှိလာခဲ့၏။ ရှမ့်လန်၏ ကုသမှု ပြီးမြောက်သွားပြီးသည့်နောက် အကျိုးသက်ရောက်မှု သည် မြန်မြန်ဆန်ဆန်ပင် ဖြစ်တည်လာ၏။ သူ၏ အဖေသည် ချောင်းဆိုးလျက် ရှိနေသေး၏။ သို့ပေမဲ့ အသက်ရှူရသည်မှာ ပိုမိုကာ လွယ်ကူချောမွေ့လာသည်။

ယခင်တုန်းက ပင်ပင်ပန်းပန်းဖြင့် အသက်ကို ရှူခဲ့ရသော်လည်း လက်ရှိအချိန်မှာတော့ အသက်ရှူလိုက်သည်နှင့် လေများသည် သူ၏ အဆုတ်ထဲသို့ ပြည့်ပြည့်ဝဝ ဝင်ရောက်လာသကဲ့သို့ပင်။ ယခင်တုန်းက သေဆုံးသည်ထက်ပင် ပိုမိုကာ ဆိုးရွားသည့် နာကျင်မှုမျိုးကို ခံစားခဲ့ရ၏။ လက်ရှိ အချိန်မှာတော့ အရာအားလုံးတို့သည် သက်တောင့်သက်သာဖြင့် ဖြစ်လို့နေ၏။

သူ၏သားသည် ဤကဲ့သို့ ဆန်းကြယ်လွန်းလှသည့် စွမ်းရည်များကို ထုတ်ဖော်ကာဖြင့် သူ့ကို ကုသပေးလိမ့်မည်ဟု မထင်မှတ်ခဲ့ချေ။ သူ့သား၏ ဆေးစွမ်းရည်သည် တကယ့်ကို ကြောက်မက်ဖွယ်ရာ ကောင်းလှ၏။ သူတို့၏သားကို သူတို့ မတွေ့ရသည်မှာ သုံးလနီးပါးခန့်သာ ကြာမြင့်သေး၏။ သို့ပေမဲ့ အံ့အားသင့်စရာ လူတစ်ယောက်အဖြစ် ပြောင်းလဲခဲ့ပြီ ဖြစ်၏။ သုံးလအတွင်း သူ၏သားသည် မည်ကဲ့သို့သော နည်းလမ်းမျိုးကို အသုံးပြုကာဖြင့် သင်ယူတတ်မြောက်ခဲ့သနည်း။

“အခု ပိုပြီးတော့ ပေါ့ပါးသွားတယ်လို့ ခံစားမိတယ်။ ငါ့သားက တကယ့်ကို အံ့အားသင့်စရာပဲ” သူ့အဖေ၏ စကားသည် အလုံးစုံသော ဂုဏ်ယူဝံ့ကြွားမှုများနှင့် ပြည့်နှက်လျက် ရှိနေသည်။

သူ၏အမေသည် ရှမ့်လန်ကို စူးစိုက်ကာ ကြည့်ရှုနေ၏။ သုံးရက်မတွေ့လျှင်ပင် တလေးတစား ဆက်ဆံရမည်ဟု ဆိုကြရာ ဤချစ်လှစွာသောသားသည် သုံးလမတွေ့ရုံဖြင့် ဤမျှလောက်သော စွမ်းရည်ကို ရရှိခဲ့လေသလော။

“မမေးနဲ့တော့။ မင်းရဲ့ တာ့လန်က အရင်ကတည်းက ညံ့တဲ့လူတစ်ယောက်မှ မဟုတ်တာ။ ဉာဏ်ကြီးရှင်တွေက မထင်မရှားနေတတ်တယ်”

ရှမ့်ဖေဖေသည် ရှမ့်မေမေ မေးမြန်းတော့မည်ကို သိရှိသောကြောင့် တစ်ခါတည်း တားဆီးလိုက်၏။ “တာ့လန် ဒီလိုမျိုးဖြစ်တာကို ငါတို့ မပျော်ဘဲ ဘယ်နေလို့ရမလဲ။ ဘာပဲဖြစ်ဖြစ် ဒီလိုဖြစ်လာတဲ့ နည်းလမ်းတွေကို အသေးစိတ် လိုက်ပြီး မေးမြန်းနေဖို့ မလိုဘူး မဟုတ်လား”

သူ၏အမေသည် ခေါင်းကို တဆတ်ဆတ် ညိတ်လိုက်သည်။ “ဟုတ်တယ်၊ ဟုတ်တယ်။ ငါ့သား ပြန်လာတာ ဘုရားသခင်မစတာပဲ။ သားကြီးမှာ ဒီလိုစွမ်းရည်ရှိမှတော့ မုဆိုးမလျိုကို လက်ထပ်စရာမလိုတော့ဘူး။ နောက်ဆို ဆေးရုံဖွင့်ပြီး ပိုက်ဆံရှာ၊ ရွာသူကြီးသမီးကိုတောင် တောင်းလို့ရသေးတယ်”

ပြီးသည့်နောက် သူ၏မိဘများနှင့် ညီငယ်လေးတို့သည် ရှမ့်လန်၏ ပြောင်းလဲခြင်းနှင့်ပတ်သက်၍ တစ်လုံးတစ်ပါဒမှ မပြောတော့ချေ။ သူတို့သည် အလွန်အမင်း ပျော်ရွှင်လျက်သာ ရှိနေ၏။

“အင်း.. ကျွန်မရဲ့သားက ဆာနေလောက်ပြီ။ အစားအစာတွေ သွားပြီးပြင်ဆင်ရတော့မယ်” သူ၏အမေသည် စိတ်လှုပ်ရှားစွာဖြင့် မီးဖိုခန်းထဲသို့ လျှောက်ဝင်သွားခဲ့သည်။

သူ၏ အမေသည် အိမ်မှုကိစ္စနိုင်နင်းပြီး လက်သွက်သူတစ်ဦး ဖြစ်သည်။ နာရီဝက်နီးပါးခန့် ကြာမြင့်ပြီးသည့်နောက် အစားအသောက်များသည် အဆင်သင့် ဖြစ်နေလေပြီ။ ဆန်ပြုတ်သုံးခွက်နှင့် ထမင်းပန်းကန် အကြီးကြီး တစ်ခုပင်။ ထိုထမင်းပန်းကန်ထဲတွင်တော့ ဟင်းသီး ဟင်းရွက်များ အပြည့်ဖြစ်ပြီး အသားခြောက်နှင့် ဖရုံသခွားသီးတစ်ခွက်ပင် ပါသေး၏။

သူ၏အဖေနှင့် ညီငယ်လေးတို့သည် အိပ်ယာထဲမှ ကောင်းကောင်း မထနိုင်သေးသောကြောင့် ထမင်းစားပွဲ၌ ထိုင်၍ စားနိုင်ခြင်း မရှိချေ။ ထို့ကြောင့် ထမင်းစားပွဲအား ၎င်းတို့၏ အိပ်ယာနှစ်ခုကြားသို့ ထားကာဖြင့် စားလေ၏။ ရှမ့်လန်သည် ထမင်းကို စားလျက်ရှိပြီး သူ၏အဖေ၊ အမေနှင့် ညီငယ်လေးတို့မှာတော့ ဆန်ပြုတ်သောက်ကြ၏။ ရှမ့်လန်အနေနှင့် သူ၏အဖေ၊ အမေနှင့် ညီငယ်လေးတို့အား မျှဝေကာ ကျွေးမွေးချင်၏။ သို့ပေမဲ့ သုံးယောက်လုံးသည် အကြောက်အကန်နှင့် ငြင်းပယ်ကြသည်။

“ငါ့သားက ကိုယ်လုံးကိုယ်ထည် ကြီးထွားနေချိန်၊ ထမင်းဖြူစားရမှာ။ ပြောင်းဆန်ပြုတ်က မင်းမျိုချနိုင်မှာ မဟုတ်ဘူး” သူ၏ အဖေသည် တည်ကြည်လေးနက်စွာဖြင့် ပြောလိုက်၏။ “ဒီထမင်းကိုမှ မင်း မစားဘူးဆိုရင် ငါတို့ ဆန်ပြုတ်လည်း မသောက်တော့ဘူး။ မင်းရဲ့ညီငယ်လေးကလည်း ဒါကို စားမှာ မဟုတ်ဘူး”

“ဟုတ်တယ်။ ကျုပ် ဒါကို ဘယ်လိုမှ စားမှာမဟုတ်ဘူး” ရှမ့်ကျန်သည် အိပ်ယာပေါ် လှဲနေရင်းမှ လှမ်းကာ ပြောဆိုလိုက်သည်။

“အင်း... ငါ့သား အသားစား” သူ၏အမေသည် ရှမ့်လန်အတွက် သေချာပြင်ဆင်ထားသည့် အသားများကို ရှမ့်လန်၏ ပန်းကန်ထဲသို့ ထည့်ပေးလိုက်ပြန်၏။

ရှမ့်လန်သည် သူ၏ အဖေ၊ အမေကို အသားများ စားစေချင်စိတ်ရှိ၏။ သို့ပေမဲ့ သူ၏မိဘများသည် ထိုအရာကို စားလိမ့်မည် မဟုတ်ကြောင်း သူ ကောင်းကောင်း သိလိုက်၏။ ထို့အပြင် ရှမ့်လန် အသားများ စားသည်ကို မြင်ရချိန်၌ ၎င်းတို့၏ မျက်လုံးများသည် တောက်ပလာကြသည်ကို အံ့အားသင့်ဖွယ် မြင်နေရသည်။

အင်း.. တကယ့်ကို အံ့အားသင့်စရာ ကောင်းလှပါတကား။

သူ၏အဖေနှင့် သူ၏ညီငယ်လေးတို့သည် ဒဏ်ရာရ၍ အနားယူနေရသည့်လူများ ဖြစ်၏။ ရှမ့်လန်သည် ကျန်းမာရေး ကောင်းမွန်သည့် လူတစ်ယောက် ဖြစ်သည်။ ထိုသို့ဆိုလျှင်တောင်မှ သူ၏ မိသားစုသည် သူ့ကို အကောင်းဆုံးသော အစားအစာများကို ကျွေးမွေးကြ၏။

စားသောက်ပြီးနောက် ရှမ့်လန်သည် ဆေးမြစ်များကို ပြုတ်၍ ဖခင်နှင့် ညီဖြစ်သူတို့အား အသီးသီး တိုက်ကျွေးလိုက်သည်။

သူ၏ ညီငယ်လေး အရိုးသည် ကျိုးသွားခဲ့၏။ ထို့ကြောင့် အရိုးစွပ်ပြုတ်ကို သောက်ရန် လိုအပ်၏။ အိပ်ယာထဲတွင် နောက်ထပ် နှစ်လလောက် လဲလျောင်းပြီး နေထိုင်ပါက အကောင်းဆုံး ဖြစ်ပေလိမ့်မည်။

သူ့အဖေ၏ အဆုတ်ထဲတွင် ရှိနေသည့် ဒဏ်ရာဆီမှ သွေးပုပ်များကို ထုတ်ယူပြီးပြီ ဖြစ်သောကြောင့် ခဏတာအားဖြင့် အသက်အန္တရာယ်မှ ကင်းလွတ်သွားခဲ့ပြီ ဖြစ်၏။ သို့ပေမဲ့ ထပ်မံ ကုသရပေဦးမည်။ ပိုးသတ်ခြင်းကို ဆက်လက်လုပ်ဆောင်ရမည်ဖြစ်ပြီး အဆုတ်ကိုလည်း အားဖြည့်ပေးရမည်၊ ခန္ဓာကိုယ်ကိုလည်း အာဟာရဖြည့်တင်းပေးရမည် ဖြစ်သည်။ ထိုဆေးများသည် တောင်ပေါ်တွင် တူးဖော်၍ မရနိုင်ဘဲ ဝယ်ယူရန် လိုအပ်ပေသည်။

“တာ့လန်... ခြေထောက်ဆေးတော့”

သူ၏အမေသည် ရေနွေးနွေးတစ်ဇလုံကို သယ်လာပြီး ရှမ့်လန်၏ ခြေထောက်ရှေ့သို့ ဆောင့်ကြောင့် ထိုင်လိုက်၏။ ဖြစ်စဉ်တစ်ခုလုံးသည် သဘာဝကျပြီး ထပ်ခါတလဲလဲ ပြုလုပ်ထားသည့်ပုံပင်။ ဤနှစ်များတစ်လျှောက်လုံး မိခင်ဖြစ်သူသည် ရှမ့်လန်အား ခြေထောက်ဆေးကြောပေးခဲ့သည်မှာ ထင်ရှား၏။

“ကျုပ်ဘာကျုပ် လုပ်ပါမယ်” ရှမ့်လန်သည် သူ၏အမေကို ခြေထောက် မဆေးခိုင်းရဲချေ။ ဤအရာမှာ အဓိပ္ပာယ်မရှိဟု သူက ခံစားမိသည်။

သို့ပေမဲ့ သူ၏အမေသည် အနည်းငယ် ဝမ်းနည်းသွားသည့် ဟန်ပန်မျိုးဖြင့် ပြောဆိုလိုက်၏။ “တာ့လန်.. အမေ ခြေထောက်ဆေးပေးတာကို အကြိုက်ဆုံးလို့ ပြောခဲ့တယ် မဟုတ်ဘူးလား။ အခု ဘယ်လို ဖြစ်ရတာလဲ။ အမေ့ရဲ့ လက်တွေက သန့်ရှင်းပါတယ်”

ရှမ့်လန်တစ်ယောက် ရှစ်မိသားစုတွင် လပေါင်းများစွာ ချမ်းသာစည်းစိမ်ကို ခံစားခဲ့ရပြီးနောက် သူမအား စိမ်းကားသွားမည်ကို ရှမ့်မေမေက စိုးရိမ်နေမိသည်။

နေ့စဉ်နေ့တိုင်း ရှမ့်လန်၏ ခြေထောက်များကို ဆေးကြောပေးရခြင်းသည် သူမ၏ ဘဝအတွက် အပျော်ဆုံးအရာ ဖြစ်၏။ အဘယ်ကြောင့်ဆိုသော် ရှမ့်လန်သည် သူမ၏ အချစ်ခင် အနှစ်သက်ရဆုံးသော ကလေးဖြစ်သောကြောင့်ပင်။ ရှမ့်လန်၏ ခန္ဓာကိုယ်ပေါ်တွင် ရှိနေသည့် အညစ်အကြေးများကို ကြေးတွန်းပေးရခြင်း ကသာလျှင် သူမအတွက် ပျော်ရွှင်မှုစစ်စစ် ဖြစ်၏။

ရှမ့်လန်သည် ဤခန္ဓာကိုယ်၏ မှတ်ဉာဏ်များကို အမွေဆက်ခံရယူခဲ့သော်လည်း စိတ်ခံစားချက်များ ကိုတော့ အလုံးစုံ အမွေဆက်ခံခဲ့ခြင်း မရှိခဲ့ချေ။ သို့သော် နာရီအနည်းငယ်အတွင်းမှာပင် သူ၏အတွင်းစိတ်သည် မိဘနှင့် ညီငယ်တို့၏ ဂရုစိုက်မှုအောက်တွင် ကျရှုံးသွားခဲ့ပြီ။

“အခုကစပြီးတော့ ခင်ဗျားတို့အားလုံးက ကျုပ်ရဲ့မိဘနဲ့ ကျုပ်ရဲ့ ညီငယ်လေးပဲ”

သူ၏မိဘများနှင့် ညီငယ်လေးအား ကောင်းမွန်သည့်ဘဝတွင် နေထိုင်နိုင်စေရန် သူ့တွင် အလုံးစုံ တာဝန်ရှိသည်။

ထိုအချိန်မှာပဲ ထျန်းချီ၏အသံသည် သူ၏နားထဲသို့ ဝင်ရောက်လာခဲ့၏။ “ရှမ့်လန်.. မင်းရဲ့မိသားစုက တစ်ယောက်ကို တစ်ယောက် အရမ်းချစ်ကြတာပဲ။ ဒါပေမဲ့ မင်းမှာ နှစ်ရက်ပဲ ကျန်တော့တယ်။ ရွှေဒင်္ဂါးတစ်ထောင်ကိုသာ မပေးနိုင်ဘူးဆိုရင် မင်းရဲ့ မိသားစု တစ်ခုလုံး ဒုက္ခရောက်လိမ့်မယ်”

All Chapters