အပိုင်း (၉)
Vol. 1 Ch. 9
နံပါတ်ဆယ့်သုံး၏ စကားကို ကြားရချိန်မှာတော့ ရှမ့်လန်က ပြုံးလိုက်သည်။ “အစ်ကိုဆယ့်သုံး.. ကျုပ်နဲ့ပါ တစ်အိပ်ရာထဲ လာအိပ်ချင်နေသေးလို့လား”
နံပါတ်ဆယ့်သုံးက ပြောလိုက်၏။ “နှစ်ရက် ကျန်သေးတယ်။ မင်းဆီက လုံလောက်တဲ့ ရွှေဒင်္ဂါးတွေသာ မရဘူးဆိုရင် ငါ မင်းရဲ့မိသားစု တစ်ခုလုံးကို သတ်ပစ်မယ်”
ပြီးသည့်နောက် သူသည် တိုက်ရိုက်ပင် လှည့်ထွက်သွားတော့သည်။
ရှမ့်လန်သည် သူ၏အိပ်ရာပေါ်တွင် ဇိမ်ကျကျဖြင့် အသာလဲလိုက်၏။ ဤအိမ်သည် ဆိုးရွားစုတ်ပြတ်လျက် ရှိနေ၏။ အမိုးများပင်လျှင် မလုံတော့ချေ။ သူ၏မိဘများနှင့် ညီငယ်လေးတို့သည် တူညီသည့် အခန်းတစ်ခုကို မျှဝေက အသုံးပြုရ၏။ ရှမ့်လန် တစ်ယောက်တည်းကသာလျှင် ကိုယ်ပိုင်အခန်းရှိ၏။
ထိုတင်သာ မကသေးချေ။ ရှမ့်လန်၏ အလွန်နူးညံ့ပြီး ပေါ့ပါးသော ဂွမ်းစောင်မှာပင် အသစ်ဖြစ်သည်။ သူ၏ မိသားစုသည် အလွန်ပင် ဆင်းရဲ၏။ သို့ပေမဲ့ သူ့အား အကောင်းဆုံးသော အရာများကို ပေးအပ်ထားသည်။
ကျေးလက်တောရွာမှ အခြားဆင်းရဲသော မိသားစုမှ ကလေးများသည် နှစ်သစ်ကူးတွင် အဝတ်အစားသစ်များ မရကြသည်မှာ ဖြစ်လေ့ရှိသည်။ ရှမ့်လန်၏မိသားစုမှာ ပို၍ပင် ဆင်းရဲသော်လည်း သူသည် တစ်နှစ်လျှင် အဝတ်အစားသစ် သုံးစုံ ရရှိသည်။ အိမ်တွင် မည်မျှပင် ခက်ခဲကျပ်တည်းနေပါစေ မိဘများသည် သူ့အတွက် ဝယ်ပေးမြဲဖြစ်သည်။ နွေရာသီအတွက် တစ်စုံ၊ ဆောင်းဦးအတွက် တစ်စုံ၊ နှစ်သစ်ကူးပွဲတော်အတွက် တစ်စုံပင်။
သူ၏ ညီငယ်လေး ရှမ့်ကျန်မှာတော့ ဘယ်သောအခါမှ အဝတ်သစ်များကို မရရှိခဲ့ချေ။ ရှမ့်လန် ကျန်ခဲ့သည့် အဝတ်ဟောင်းများကိုသာ အမြဲဝတ်ဆင်ခဲ့ရ၏။ အဘယ်ကြောင့် ဤကဲ့သို့ ဖြစ်ပျက်နေသည်ကို သူ သေသေချာချာ မသိရှိချေ။ အဘယ်ကြောင့် သူ၏မိဘများသည် သူ့ကို အလေးပေး၍ ပိုမိုကာ ချစ်မြတ်နိုးနေရသနည်း။ အဓိပ္ပာယ် မရှိသလိုပင် သူက ခံစားနေမိ၏။
သူ၏ ညီငယ်လေး ရှမ့်ကျန်သည် ကောင်းမွန်သည့်လူတစ်ယောက် မဟုတ်ချေ။ နေ့စဉ်နေ့တိုင်း အပြင်ဘက်သို့ထွက် အလေလိုက်ကာဖြင့် လုပ်ချင်တာများကို ပြုလုပ်တတ်သည့် လူတစ်ယောက်ဖြစ်၏။ သို့ပေမဲ့ ယခင်က ရှမ့်လန်နှင့် နှိုင်းယှဉ်ရမည်ဆိုလျှင် ရှမ့်ကျန်သည် အသုံးဝင်သည့် လူတစ်ယောက်ဟု ပြောဆိုရမှာဖြစ်၏။ ရုပ်ရည်ရူပကာ ချောမောခြင်းမှလွဲလျှင် ရှမ့်လန်၌ ဘာတစ်ခုမှ ကောင်းမွန်သည့်အရာ မရှိချေ။
အမိကမ္ဘာမြေဆီမှ ဝိညာဉ်ကူးပြောင်းရောက်ရှိလာခြင်းသာ မဟုတ်ပါက ရှမ့်လန်သည် ဤကဲ့သို့သော ပုံပန်း သွင်ပြင်မျိုးဖြင့် သူ၏ မိဘများဆီ၌ ခိုကပ်နေထိုင်ကာ အသက်ကုန်ဆုံးသွားနိုင်သည့် အခြေအနေမျိုးပင်။ အသက်အရွယ်ကြီးမြင့်သည်အထိ မိဘများ၏ စောင့်ရှောက် ဂရုစိုက်မှုကို လိုအပ်နေပေလိမ့်မည်။ သူ၏ ညီငယ်လေးသည် ဘဝတစ်သက်တာလုံး သူ့ကို ဂရုစိုက်စောင့်ရှောက်သွားရမည့် လူတစ်ယောက် ဖြစ်နေပေမည်။
“အသုံးမဝင်တဲ့ ရှမ့်လန်.. ငါ မင်းရဲ့မိဘနဲ့ ညီငယ်လေးအတွက် အကောင်းဆုံး ကြိုးစားပေးမယ်။ သူတို့ရဲ့ဘဝ အဆုံးသတ်အထိ အကောင်းဆုံး နေထိုင်သွားနိုင်စေရမယ်” ရှမ့်လန်သည် ကျိန်းသေပေါက် သူ၏မိဘများကို အကောင်းဆုံး အခြေအနေတွင် နေထိုင်သွားနိုင်ရန်အတွက် စိတ်ထဲတွင် ကျိန်ဆိုလိုက်၏။
သူ၏ညီငယ်လေးကိုလည်း ကျိန်းသေပေါက် မင်္ဂလာဆောင်ပေး၍ မိသားစုတစ်ခု ထူထောင်ပေးရန် သူက ဆုံးဖြတ်ချက် ချထား၏။ သို့ပေမဲ့ အရေးအကြီးဆုံး အခြေအနေသည် လက်ရှိဖြစ်တည်နေသည့် အခက်အခဲများကြားမှ ကျော်ဖြတ်သွားရန်ပင်။
ထျန်းဟန်သည် သူ့ကို ရွှေဒင်္ဂါးတစ်ထောင် ပေးရန်အတွက် သုံးရက်တိတိ အချိန်ပေးထားခဲ့၏။ သို့ပေမဲ့ လက်ရှိအချိန်၌ နှစ်ရက်သာလျှင် ကျန်ရှိတော့၏။ အချိန်ပြည့်သည်နှင့် ရှမ့်လန်သည် ရွှေဒင်္ဂါး တစ်ထောင်ကိုသာ မရှာနိုင်ပါက မည်သို့ဖြစ်မည်နည်း။
ထျန်းဟန်သည် သူ၏ မိသားစု တစ်ခုလုံးကို ကျိန်းသေပေါက် သတ်ဖြတ်ပစ်ပေလိမ့်မည်။ ထိုသို့ဆိုလျှင် သူ ကျိန်ဆို ထားသည့်အရာအားလုံးကို မပြုလုပ်နိုင်ဘဲ သေဆုံးသွားမည် မဟုတ်ပါလား။ နှစ်ရက်အတွင်း ရွှေဒင်္ဂါး တစ်ထောင်ကို မည်ကဲ့သို့ ရှာဖွေရမည်နည်း။ ဤအရာမှာ ဖြစ်နိုင်သည့်အရာ ဟုတ်ပါရဲ့လား။
……….
နောက်တစ်ရက် မနက်ခင်း ရှမ့်လန် နိုးထလာခဲ့ပြီးသည့်နောက် သူ၏ အဖေနှင့် ညီငယ်လေးအတွက် ဆေးများကို ဖော်စပ်ပေး၏။ ထို့နောက် မျက်နှာသစ်ကာဖြင့် မနက်စာကို စားသုံး၏။
ဒေါက် ဒေါက် ဒေါက်
တံခါးခေါက်သံ တစ်ခုက ထွက်ပေါ်လာ၏။ သူ့အမေသည် အဆင်မပြေသလို ခံစားလိုက်မိ၏။ ထို့ကြောင့် မျက်နှာ ပျက်ယွင်းစွာဖြင့် တံခါးသွားဖွင့်ရန် ပြင်လိုက်သည်။
“ရတယ်။ ကျုပ်ပဲ သွားလိုက်ပါမယ်” ရှမ့်လန်က ပြောလိုက်၏။ တံခါးကို ဖွင့်ပြီးသည့်နောက် ထင်မှတ်ထား သည့်အတိုင်းပင် ထျန်းဟန်၏တပည့် ဆယ့်သုံးနှင့် ဆယ့်ကိုးတို့ပင် ဖြစ်နေ၏။
“အချိန်က အရမ်းအရေးကြီးတယ်။ ပိုက်ဆံသွားရှာရအောင်” ဆယ့်သုံးသည် တိုက်ရိုက်ဆိုသလိုပဲ ပြောဆိုလိုက်၏။ သူ၏ လေသံသည် ယခင်ကကဲ့သို့ပင် မည်သို့မျှ ဂရုမစိုက်ဟန်ဖြင့် ပေါ့ပါးအေးဆေးလှသည်။
“တာ့လန် ဘာဖြစ်လို့လဲ” ရှမ့်လန်၏ အမေသည် ရုတ်တရက် ရောက်ရှိလာကာ မေးမြန်းလိုက်၏။
“အမေ... အဆင်ပြေပါတယ်။ ဒါ ကျုပ်ရဲ့ သူငယ်ချင်း နှစ်ယောက်လေ” ရှမ့်လန်က ဆိုသည်။
သူ၏ အမေသည် နွေးထွေးစွာဖြင့် ပြောဆိုလိုက်၏။ “ဪ တာ့လန်ရဲ့ သူငယ်ချင်းတွေကိုး၊ လာ.. ငါတို့နဲ့ လာပြီး ဆန်ပြုတ်လေး ဘာလေး သောက်ပါအုံး”
နံပါတ်ဆယ့်သုံးသည် ပြုံးကာ ပြောလိုက်သည်။ “မလိုပါဘူး။ ကျုပ်တို့ စားပြီးသွားပြီ။ ကျေးဇူးပါပဲ အဒေါ်”
သူ၏အပြုံးသည် တကယ်ပင် နွေးထွေးလျက် ရှိနေ၏။ တစ်ချက်ကြည့်ရှုလိုက်သည်နှင့် ၎င်းကို လုပ်ကြံသတ်ဖြတ်သူဖြစ်မှန်း သိရှိနိုင်လိမ့်မည် မဟုတ်ချေ။ ကြည့်ရှုရသည်မှာ အင်မတန် အကျင့်စာရိတ္တကောင်းသော လူငယ်တစ်ဦးဟုပင် ထင်မှတ်ရလောက်၏။
ရှမ့်လန်သည် စားပွဲပေါ်တွင် ရှိနေသည့် ဆန်ပြုတ်ဖြူကို အလုံးစုံ တည်ငြိမ်စွာဖြင့် စားသုံးလိုက်၏။ သူ၏အမေသည် သူ၏ ပါးစပ်ထဲသို့ ကြက်ဥတစ်လုံးကို ခွံ့ကျွေးလိုက်သေးသည်။ “မြန်မြန် စား.. စား”
သူသည် ဤကြက်ဥအား သူ၏အဖေကို ပေးချင်စိတ်ရှိ၏။ သို့ပေမဲ့ မဖြစ်နိုင်တော့ချေ။ “ကောင်းပါပြီ”
“မြန်မြန်သာ စားတော့” သူ၏အမေက ပြောလိုက်၏။ ပြီးသည့်နောက် ကြက်ဥတစ်လုံးကို အခွံခွာပြီး သူ၏ အဖေနှင့် ညီငယ်လေးတို့အား တစ်ယောက် တစ်ဝက်စီ ထည့်ပေးလိုက်၏။
“ကောင်းပြီ။ စားပါ့မယ်”
ရှမ့်လန်က ပြန်လည်ကာ ပြောဆိုလိုက်၏။ သူမြန်မြန် စားသုံးနေသည်ကို ကြည့်ရှုပြီးနောက် သူ၏ အမေသည် အတိုင်းမသိ ပျော်ရွှင်သွားသည်။
“အမေ... သူငယ်ချင်းတွေနဲ့အတူ မြို့ထဲကို သွားလိုက်အုံးမယ်။ ဒီနေ့ ကျောင်းကို တကယ့်ကို တော်တဲ့ဆရာ တစ်ယောက် လာမှာလေ” ပြီးနောက် ရှမ့်လန့်က ပြုံးကာ ပြောလိုက်၏။
သူ၏အမေသည် ချက်ချင်းပင် စိတ်ပူသွားပြီး အမောတကောဖြင့် မေးမြန်းလိုက်သည် “တာ့လန်... နေ့လယ်စာ ပြန်စားမှာလား”
ရှမ့်လန်က ပြောလိုက်၏။ “အင်း... နေ့လယ်စာ စားဖို့ အချိန်မီတော့ ရောက်နိုင်မယ် မထင်ဘူး။ ညစာတော့ ပြန်စားနိုင်အောင် ကြိုးစားပါ့မယ်”
နံပါတ်ဆယ့်သုံးသည် နွေးထွေးစွာဖြင့် ဝင်ရောက်ကာ ပြောဆိုလိုက်၏။ “အဒေါ်.. ကျုပ်ရဲ့အိမ်က မြို့ထဲမှာ ရှိတာလေ။ ရှမ့်လန် ဗိုက်မဆာစေရပါဘူး။ ကျုပ် ကျွေးထားလိုက်ပါ့မယ်”
ရှမ့်လန်၏ အမေက ပြောလိုက်၏။ “ဒါဆိုရင်လည်း မင်းကိုပဲ ဒုက္ခပေးရတော့မှာပဲ။ နောက်ပိုင်းမှာ မင်း အိမ်ကို လာလည်ရင် ငါ မင်းအတွက် ကြက်ဥပြုတ်ကျွေးမယ်”
“ကောင်းပါပြီ” နံပါတ်ဆယ့်သုံး မျက်နှာပေါ်ရှိ အပြုံးသည် ပိုမိုကာ ရိုးသား အပြစ်ကင်းစင်လာခဲ့သည်။
သို့နှင့် ရှမ့်လန်သည် ပိုက်ဆံရှာရန်အတွက် အိမ်မှ ထွက်ခွာသွားခဲ့၏။ နံပါတ်ဆယ့်သုံးနှင့် ဆယ့်ကိုးတို့သည် သူ၏ အနောက်မှ တဖြည်းဖြည်းချင်း လိုက်ပါလာခဲ့ကြ၏။ ရွှေဒင်္ဂါးတစ်ထောင်ဆိုသည်မှာ သူ၏ မိသားစုအတွက် နက္ခတ်တာရာများကဲ့သို့ပင် အလှမ်းဝေးလှသော ပမာဏတစ်ခု ဖြစ်၏။
........
လေးနာရီခန့် ကြာပြီးသည့်နောက် ရှမ့်လန်သည် လီပေါင်းသုံးဆယ်ခန့် (၁၅ ကီလိုမီတာ) ခရီးနှင်ခဲ့ပြီးနောက် ရွှမ်ဝူမြို့သို့ ဆိုက်ဆိုက်မြိုက်မြိုက် ရောက်ရှိလာခဲ့သည်။
ထိုအချိန် ရှေ့လမ်းမပေါ်၌ လူနှစ်ဦးသည် အားမလို၊အားအရဖြင့် လျှောက်လှမ်းနေကြရင်း ပါးစပ်မှလည်း ဆဲဆိုနေကြသည်။ ကြည့်ရှုရသည်မှာ ဖခင်နှင့်သား ဖြစ်ဟန်တူပြီး ဖခင်မှာ အသက်လေးဆယ်အရွယ်၊ သားမှာ အသက်နှစ်ဆယ်အရွယ် ဖြစ်၏။
နံပါတ်ဆယ့်သုံးသည် ရှေ့ဆီသို့ လှမ်းတက်ပြီး နွေးထွေးစွာ နှုတ်ဆက်လိုက်သည်။ “ဦးလေးလီ၊ အစ်ကို တာ့လီ မတွေ့တာ ကြာပြီနော်”
အဖေနှင့်သားတို့သည် ရုတ်တရက် ရပ်တန့်သွားခဲ့၏။ နံပါတ်ဆယ့်သုံးကို မြင်ရသည့် အချိ်နမှာတော့ ၎င်းတို့သည် အနည်းငယ် အနေရခက်သွားသော်လည်း အလျှင်အမြန် ကြိုးစားပြုံးပြီး ပြန်လည်နှုတ်ဆက်ကြသည် “ဪ.. နံပါတ်ဆယ့်သုံးကို မတွေ့ရတာ ကြာပြီပဲ”
နံပါတ်ဆယ့်သုံးသည်လည်း အားတက်သရောပင် ပြောဆိုလိုက်၏။ “ဦးလေး.. အိမ်ကို ဘာလို့မလာတာလဲ။ အဖေက ဦးလေးကို သတိရနေတာ။ မနေ့ကတုန်းကတောင်မှ အိမ်မှာ ရေနွေးကြမ်း လာမသောက်လို့ဆိုပြီး ပြောနေသေးတယ်လေ။ ခင်ဗျားတို့က ကျုပ်တို့ မိသားစုအပေါ်မှာ အကြွေးတင်နေတယ် ဆိုပေမဲ့ ဒါတွေကို ဂရုစိုက်စရာ မလိုပါဘူး။ ကျုပ်ရဲ့အဖေနဲ့ ခင်ဗျားတို့က ညီအစ်ကိုအရင်းတွေ မဟုတ်ဘူးဆိုပေမဲ့ ညီအစ်ကို အရင်းတွေလိုပဲ နေထိုင်ကြတာ မဟုတ်လား”
သက်လတ်ပိုင်းလူက ပြောလိုက်သည်။ “အင်း မနက်ဖြန်ကျရင် လာခဲ့ပါ့မယ်။ မနက်ဖြန်၊ မနက်ဖြန်”
နံပါတ်ဆယ့်သုံးသည် အရှေ့သို့ လှမ်းတက်လိုက်၏။ ပြီးနောက် အဖေနှင့်သား နှစ်ယောက်လုံးအား အသာ သိုင်းဖက်လိုက်၏။ ခပ်ဝေးဝေးတည်နေရာဆီသို့ အသာဆွဲခေါ်ကာဖြင့် တောထဲသို့ လှမ်းလျှောက်သွား၏။
“ဦးလေး၊ ဦးလေးတို့ ကျုပ်အိမ်ကို ထမင်းလာမစားတာ ရက်တော်တော်ကြာပြီပဲ။ ကျုပ်အဖေ အထူးချက်ထားတဲ့ အရက်တွေတောင် ချဉ်နေပြီ။ ဒါနဲ့ ကျုပ် ဦးလေးတို့အိမ်ကို အသားလာပို့ပေးမလို့၊ ဒီနေ့ ဦးလေးနဲ့ ကံကောင်းထောက်မစွာ တွေ့ရတာပဲ”
နံပါတ်ဆယ့်သုံး၏ လေသံသည် ပို၍ရင်းနှီးလာပြီး သွေးသားတော်စပ်သော ဦးလေးနှင့် တူတော်စပ်သူများကဲ့သို့ပင်။
“ဒါနဲ့ ဦးလေး”
နံပါတ်ဆယ့်သုံးသည် သက်လတ်ပိုင်းလူကို လှမ်းကြည့်ကာ ပြောလိုက်၏။ “ချေးထားတဲ့ ပိုက်ဆံတွေ ပြန်မပေးသေးဘူးလို့ ကျုပ်အဖေက ပြောတယ်မလား”
သက်လတ်ပိုင်းလူက ပြန်လည်ကာ ပြောဆိုလိုက်သည်။ “ဒါက တကယ့်ကို ရှက်စရာပါပဲ။ အားလည်း အားနာပါတယ်”
နံပါတ်ဆယ့်သုံးက ပြောလိုက်၏။ “ခင်ဗျားနဲ့ ကျုပ်အဖေတို့က ဆယ်နှစ်ကျော်လောက် ခင်မင်ခဲ့ကြတဲ့ မိတ်ဆွေအရင်းတွေပဲလေ။ ပြီးတော့ ညီအစ်ကိုတွေလို့တောင် ပြောရမယ်။ ဒီပိုက်ဆံလေး နည်းနည်းလောက်က ဘာဖြစ်မှာမို့လို့လဲ။ ကျုပ်ငယ်ငယ်တုန်းကဆိုရင် ခင်ဗျားအိမ်ကို လာပြီးတော့ အစားအသောက်တွေတောင် စားရသေးတယ် မဟုတ်လား”
သက်လတ်ပိုင်းလူက ပြောလိုက်၏။ “အင်း.. ကျုပ် မနက်ဖြန် ဝက်ခေါင်းတစ်ခေါင်း ခုတ်ပြီးတော့ မင်းအဖေဆီ လာတွေ့ပါအုံးမယ်။ ဒါဆိုရင် အတူတူ စားသောက်လို့ ရကြတာပေါ့”
“ကောင်းပါပြီ။ ကောင်းပါပြီ” နံပါတ်ဆယ့်သုံးက ပြောလိုက်၏။ ပြီးနောက် သူသည် ဓားမြှောင်တစ်ချောင်းကို လျင်မြန်စွာ ဆွဲထုတ်လိုက်သည်။
ဇွက် ... ဇွက် ...။
လျှပ်စီးကဲ့သို့ မြန်ဆန်သည့် ဓားအလင်းများ ပေါ်ပေါက်လာခဲ့၏။ ဓားသည် သားအဖနှစ်ယောက်တို့၏ နှလုံးသား များထဲသို့ စိုက်ဝင်သွားခဲ့၏။ ရှမ့်လန် သေသေချာချာ မမြင်ရသည်အထိ ဓားချက်များက မြန်ဆန်လွန်း၏။
အော်သံ၊ ငြီးငြူသံဟူ၍ တစ်ချက်ကလေးမှ မထွက်ခဲ့ချေ။ သားအဖနှစ်ယောက်တို့သည် ချက်ချင်း သေဆုံးသွားခဲ့၏။ ဓားကို ခန္ဓာကိုယ်ထဲမှ ဆွဲထုတ်လိုက်သည့်ချိန်မှာတော့ ဒဏ်ရာမှ သွေးများ ပန်းထွက်လာခဲ့သည်။
“နံပါတ်ဆယ့်ကိုး.. ညီအစ်ကိုတွေကို ဒီအလောင်းနှစ်လောင်း လာရှင်းခိုင်းလိုက်” နံပါတ်ဆယ့်သုံးက ပြောလိုက်၏။
နံပါတ်ဆယ့်လေးက ပြန်လည်ကာ ပြောဆိုလိုက်သည်။ “ကောင်းပါပြီ အစ်ကိုကြီး”
နံပါတ်ဆယ့်သုံးသည် လက်သုတ်ပုဝါတစ်ခုကို ထုတ်ယူကာဖြင့် ဓားပေါ်တွင် ရှိနေသည့် သွေးများကို သေသေချာချာ သုတ်လိုက်၏။ ပြီးနောက် ဓားပေါ်တွင် မည်သည့်သွေးမှမရှိရန် သေသေချာချာ စစ်ဆေး ကြည့်ရှုလိုက်သေ ပြန်၏။ အရာအားလုံးကို ပြုလုပ်ပြီးသည့်နောက် ရှမ့်လန်ကို ထပ်မံကာ ကြည့်ရှုလိုက်၏။
“တောင်းပန်ပါတယ်။ ငါ့ရဲ့ အသိအကျွမ်း နှစ်ယောက်ကို တွေ့တာကြောင့် အချိန်အနည်းငယ်လောက် နှောင့်နှေး သွားတယ်။ သွားစရာရှိတာ ဆက်သွားကြရအောင်”
“ကောင်းပါပြီ” ရှမ့်လန်က ပြောလိုက်၏။
အစမှ အဆုံးအထိ နံပါတ်ဆယ့်သုံး၏ မျက်နှာပေါ်ရှိ အမူအရာမှာ တစ်ချက်ကလေးမှ ပြောင်းလဲမသွားခဲ့ချေ။ မျက်နှာထက်တွင် အပြုံးတစ်ခုက အမြဲတမ်း တည်ရှိလို့နေခဲ့၏။ လူနှစ်ယောက်ကို သတ်နေသည့် အချိန်တွင်တောင်မှ မျက်နှာပေါ်တွင် ရှိနေသည့် အပြုံးက ပျောက်ကွယ်မသွားခဲ့ချေ။
၎င်းတို့နှစ်ယောက်သည် ရွှမ်ဝူမြို့ဘက်သို့ ဦးတည်၍ ခရီးဆက်ကြသည်။
ရှမ့်လန်သည် ရုတ်တရက် မေးမြန်းလိုက်၏။ “နံပါတ်ဆယ့်သုံး.. စောဏတုန်းက တွေ့ခဲ့တဲ့ သက်လတ်ပိုင်းလူက ခင်ဗျားရဲ့ ဦးလေးလား”
နံပါတ်ဆယ့်သုံးသည် ခေါင်းညိတ်ကာ ပြောလိုက်သည်။ “ဟုတ်တယ်။ သူက ငါ့အဖေနဲ့ သူငယ်ချင်းတွေပေါ့။ ဆယ်နှစ်ကျော်လောက် ရင်းနှီးခဲ့တဲ့ မိတ်ဆွေတွေလို့လည်း ပြောရမယ်။ ငါငယ်ငယ်တုန်းကဆိုရင် သူက ပွေ့ဖက်ပြီးတော့ ချီပိုးခဲ့တာလေ”
ရှမ့်လန်က မေးမြန်းလိုက်၏။ “ဒါဆိုရင် သူ ခင်ဗျားတို့အပေါ် အကြွေးဘယ်လောက် တင်နေတာလဲ”
“ရွှေဒင်္ဂါး သုံးပြားပဲလေ။ ဒါပေမဲ့ ကျုပ်တို့က အသိအကျွမ်းတွေ ဖြစ်တာကြောင့် အတိုးကို နည်းနည်းလေး လျော့ပေးထားတယ်။ အတိုးအနေနဲ့တော့ ရွှေဒင်္ဂါး နှစ်ဆယ့်ငါးပြားပဲ ပြန်ပေးရမှာ”
နံပါတ်ဆယ့်သုံးက ပြောလိုက်သည်။ “ဒါပေမဲ့ သူ ပြန်မပေးနိုင်ခဲ့ဘူး။ မနေ့ကတုန်းက ဒီသားအဖက လောင်းကစားအိမ်ကို သွားပြီးတော့ လောင်းကစားသွားလုပ်ကြတယ်လေ။ ရွှေဒင်္ဂါး အနည်းငယ်လောက် ထပ်ပြီး အကြွေးတင်ခဲ့သေးတယ်”
ရွှေဒင်္ဂါး နှစ်ဆယ့်ငါးပြားအတွက် နံပါတ်ဆယ့်သုံးသည် သားအဖ နှစ်ယောက်လုံးကို သတ်ဖြတ်ပစ်ရန် တစ်ချက်ကလေးမှ တွန့်ဆုတ်မနေခဲ့ချေ။ ထို့အပြင် ထိုသားအဖ နှစ်ယောက်တို့သည် သူနှင့် ဆယ်နှစ်ကျော်ကြာ ရင်းနှီးခဲ့သည့် မိတ်ဆွေများလည်းဖြစ်၏။ အံ့ချီးလောက်စရာပင်။
ရှမ့်လန်သည် လက်ရှိအခြေအနေ၌ ရွှေဒင်္ဂါး တစ်ထောင်တိတိကို အကြွေးတင်လျက် ရှိနေ၏။
နံပါတ်ဆယ့်သုံးက ပြောလိုက်သည်။ “ရှမ့်လန်... မင်း ငါ့ကို အချိန်ဆွဲနေတယ်ဆိုတာ ငါသိတယ်။ မင်းနောက်ထပ် နှစ်ရက်အတွင်း ရွှေဒင်္ဂါးတစ်ထောင်ကိုသာ မြန်မြန်ဆန်ဆန် ရှာနိုင်မယ်ဆိုရင် အကောင်းဆုံး ဖြစ်လိမ့်မယ်။ မင်း မလုပ်နိုင်ဘူးဆိုရင်လည်း မြန်မြန်ပြောကွာ။ မြန်မြန်ဆန်ဆန် သတ်ပေးမယ်။ ငါ့အတွက် အချိန်နှစ်ရက် မဖြုန်းနဲ့။ ဟုတ်ပြီလား”
ထို့နောက် သူသည် သူ၏ ချွန်ထက်သောဓားကို ထုတ်၍ အကြိမ်ကြိမ် သုတ်လျက်ရှိသည်။ ရှမ့်လန် ခေါင်းညိတ်လိုက်သည်နှင့်တပြိုင်နက် ရှမ့်လန်အား လျှပ်ပြက်သလို တစ်ခါတည်း သတ်ပစ်လိုက်မှာ သေချာ၏။
ရွှေဒင်္ဂါးတစ်ထောင် ဆိုသည်မှာ တပ်မှူးတစ်ဦး၏ ဆယ်စုနှစ်ပေါင်းများစွာ စုဆောင်းငွေ ဖြစ်နိုင်ပြီး အမှန်ပင် ကြီးမားသော ငွေပမာဏတစ်ခု ဖြစ်သည်။ ရှမ့်လန်ကဲ့သို့သော ဆင်းရဲသားတစ်ဦးအနေဖြင့် နှစ်ရက်အတွင်း ရွှေဒင်္ဂါးတစ်ထောင်ရှာရန်မှာ အမှန်တကယ်ပင် မဖြစ်နိုင်သော ကိစ္စဖြစ်သည်။
ရှမ့်လန်သည် နံပါတ်ဆယ့်သုံးကို လှမ်းကြည့်ကာဖြင့် လေးလေးနက်နက် ပြောလိုက်၏။ “နှစ်ရက်တောင် မလိုဘူး။ ဒီနေ့တောင်မှ ရှာပေးလို့ရတယ်”
နံပါတ်ဆယ့်သုံးက အံ့အားသင့်သွားသည်။ “တကယ်လား”
ရှမ့်လန်က ပြောလိုက်၏။ “ခြောက်နာရီအတွင်း ကျုပ် ဒီရွှေဒင်္ဂါးတစ်ထောင်ကို ရှာပြမယ်”
နံပါတ်ဆယ့်သုံးက မျက်လုံးပြူးသွား၏။ သူသည် အံ့အားတသင့်ဖြင့် ပြောလိုက်သည်။ “ခြောက်နာရီ ဟုတ်လား”
ဤသည်မှာ လုံးဝမယုံနိုင်စရာ ကိစ္စပင်။
ရှမ့်လန်က ပြောလိုက်၏။ “ဟုတ်တယ်။ ကျိန်းသေပေါက် ခြောက်နာရီပဲ”
..........
ရှမ့်လန်နှင့် နံပါတ်ဆယ့်သုံးတို့သည် ရွှမ်ဝူမြို့ထဲသို့ ဝင်ရောက်ခဲ့၏။ ရွှမ်ဝူမြို့သည် နုကျင်းခရိုင်၏ မြို့ရှစ်မြို့အနက် တစ်မြို့ဖြစ်သည်။ မြို့နယ် ၂၅ ခုကို အုပ်ချုပ်ပြီး စုစုပေါင်းလူဦးရေ နှစ်သိန်းခွဲကျော်ရှိကာ မြို့တွင်း၌ပင် လူဦးရေ သုံးသောင်းကျော် ရှိသည်။
ရွှမ်ဝူမြို့ရိုးသည် အံ့ဩဖွယ်ရာ တစ်ဆယ့်နှစ်မီတာကျော် မြင့်မားပြီး ပတ်လည်အရှည်မှာ ဆယ်လီနီးပါး (၅ ကီလိုမီတာ) ရှိသည်ကို သတိပြုမိသည်။ ရှေးခေတ်တရုတ်ပြည်မှ ပြည်နယ်မြို့တော်အများစုတွင်ပင် တစ်ဆယ့်နှစ် မီတာ မြင့်သော မြို့ရိုးများ မရှိပေ။
ပြောရမည်ဆိုလျှင် ဤကမ္ဘာလောက၏ စစ်အင်အားအဆင့်သည် ရှေးခေတ်တရုတ်ပြည်ထက် များစွာ သာလွန်နေပြီး ထို့ကြောင့် ပိုမိုမြင့်မားသော မြို့ရိုးကာကွယ်ရေး လိုအပ်ခြင်းပင်ဖြစ်မည်။
မြို့ရိုးပေါ်မှ စစ်သားအများစုသည် သားရေချပ်ဝတ်တန်ဆာများကို ဝတ်ဆင်ထားပြီး စစ်အရာရှိများမှာမူ သံချပ်ဝတ်များကို ဝတ်ဆင်ထားသည်။ အားလုံး လူရာပေါင်းများစွာ ရှိနိုင်သည်။
မြို့ထဲသို့ ဝင်ရောက်ပြီးသည့်နောက် လမ်းများတွင် တရဟိုသွားလာနေသော လူများနှင့် စည်ကားလျက် ရှိနေပြီး ကြက်ပျံမကျကဲ့သို့ပင်။ ဈေးဆိုင်များကလည်း အပြိုင်အဆိုင် တည်ရှိနေ၏။ သူထင်မှတ်ထားသည်ထက် ပိုမိုကာ စည်ကားသည်ဟု သတ်မှတ်ရပေမည်။
ရှမ့်လန်သည် သုံးထပ်အဆောက်အဦးရှေ့တွင် ရုတ်တရက် ရပ်တန့်လိုက်၏။ ထိုအရာ၏ရှေ့ ဆိုင်းဘုတ်ပေါ်၌ လူကုံတန်ပွဲရုံဟု ရေးသားထား၏။
သူသည် ဤတည်နေရာဆီသို့ ရောက်ရှိလာရခြင်းမှာ ပိုက်ဆံရှာရန်သာ မဟုတ်ဘဲ ရှစ်မိသားစုကို လက်စားချေရန်လည်း ဖြစ်၏။ အသက်ကို ပြင်းပြင်းရှူပြီးသည့်နောက် ရှမ့်လန်သည် ဤခမ်းနားထည်ဝါလှသော ချည်သားပိုးထည်ဆိုင်ထဲသို့ အသာပင် လှမ်းလျှောက်ဝင်သွားခဲ့သည်။
သူ အစွမ်းပြရပေတော့မည်။