အပိုင်း (၁၀)
Vol. 1 Ch. 10
လူကုံတန်ပွဲရုံသည် ပိုးထည်နှင့် ချည်သားများကို ရောင်းချသည့် ဆိုင်ဖြစ်၏။ ရှမ့်လန် လက်ထပ်ခဲ့သည့် ရှစ်မိသားစု၏ စီးပွားရေးနှင့် တူညီသည့် အရာမျိုးပင်။ သို့ပေမဲ့ ဤဆိုင်၏ အရွယ်အစားသည် ရှစ်မိသားစု၏ ဆိုင်များထက် ပိုမိုကာ သေးငယ်လွန်း၏။
ပိုင်ရှင်သည် လင်းမိသားစုဖြစ်ပြီး ရှစ်မိသားစုကဲ့သို့ တန်ခိုးအာဏာနှင့် ဓနဥစ္စာ မပြည့်စုံသော်လည်း ရွှမ်ဝူမြို့တွင်မူ ထင်ရှားသော သူဌေးကြီးမိသားစုတစ်ခုဖြစ်ပြီး ပတ်ဝန်းကျင်ရှိ မြို့ပေါင်း ဆယ်မြို့ကျော်တွင် ဆိုင်ခွဲများ ရှိသည်။ အဓိကအချက်မှာ ဤလင်းမိသားစုသည် ရှစ်မိသားစု၏ ပြိုင်ဘက်ဖြစ်နေခြင်းပင်။
ရှမ့်လန်နှင့် နံပါတ်ဆယ့်သုံးတို့ ဝင်လာသည်ကို မြင်ရသည့်အချိန်မှာတော့ ဆိုင်လုလင်တစ်ဦးသည် ချက်ချင်းဆိုသလိုပဲ အပြင်ဘက်သို့ ထွက်ကာဖြင့် နှုတ်ဆက်သည်။ “ဖောက်သည်ကြီး... ချည်ထည်တွေ လာကြည့်ကြတာလား။ ကျုပ်တို့ဆီက အသစ်ထွက်တဲ့ ချည်ထည်တွေက ဈေးကွက်ထဲ အခုမှ ရောက်တာလေ။ ဒီဟာကို သေသေချာချာ ကိုင်ကြည့်ပါအုံး။ နူးညံ့လိုက်တာ”
ဆိုင်လုလင်သည် အမြင်စူးရှလှသူတစ်ယောက်ဖြစ်၏။ ရှမ့်လန်သည် ငွေကြေးအဆင်ပြေသူ တစ်ယောက် မဟုတ်မှန်း ပုံပန်းသွင်ပြင်ကို ကြည့်ရှုသည်ဖြင့် သိရှိနိုင်သည်။ ထို့ကြောင့်ပင်လျှင် ၎င်းသည် ပိုးထည်နှင့် တခြား ဈေးကြီးသော အဝတ်အစားများကို မပြသခြင်းပင်။
ရှမ့်လန်သည် တိုက်ရိုက်ဆိုသလိုပဲ ပြောလိုက်၏။ “ခင်ဗျားတို့ သခင်ကြီးကို ပြောလိုက်။ ကျုပ် လင်းမိသားစုနဲ့ စီးပွားရေး ကိစ္စတစ်ခု လုပ်ချင်တယ်။ အနည်းဆုံး တစ်နှစ်ကို ရွှေဒင်္ဂါး ငါးထောင်လောက် ရှာနိုင်တဲ့ အရာမျိုးပဲ”
ထိုအရာကို ကြားသည့်အချိန်မှာတော့ ဆိုင်လုလင်သည် ကြောင်အသွားခဲ့၏။ သူ၏ မျက်နှာပေါ်တွင် အပြုံးတစ်ခု တည်ရှိနေသော်လည်း နှလုံးသားထဲတွင်တော့ အထင်အမြင်သေးသည့် အရိပ်အယောင်များ ရှိနေ၏။ ဤကဲ့သို့ ဆိုးရွားစုတ်ပြတ်လွန်းလှသည့် ပုံပန်းသွင်ပြင်နှင့် တစ်နှစ်လျှင် ရွှေဒင်္ဂါး ငါးထောင်ရှာနိုင်မည်ဟု ပြောဆိုနေ၏။ အဓိပ္ပာယ်မရှိသည့် ကိစ္စမျိုးပင်။
“ဖောက်သည်ကြီး... ကျေးဇူးပြုပြီး ကျုပ်ကို မစပါနဲ့” ဆိုင်အကူသည် အသာရယ်မောကာ ပြောလိုက်သည်။
နံပါတ်ဆယ့်သုံးက ပြောလိုက်၏။ “ကျုပ်က အဝတ်နက်ဂိုဏ်းက နံပါတ်ဆယ့်သုံးပဲ။ လင်းမိသားစုကို ဖိတ်ခေါ်လိုက်။ စီးပွားရေးကိစ္စ ဆွေးနွေးစရာရှိတယ်”
ထိုစကားကို ကြားသည့်အချိန်မှာတော့ ဆိုင်လုလင်သည် လျစ်လျှူမရှုရဲတော့ချေ။ ထျန်းဟန်၏ အဝတ်နက်ဂိုဏ်းသည် ရွမ်ဝူမြို့တစ်ခုလုံးတွင် ကျော်ကြားသည့် အရာဖြစ်၏။ ၎င်းတို့သည် လောင်းကစား၊ ပြည့်တန်ဆာ လုပ်ငန်းနှင့် ငွေချေးခြင်း လုပ်ငန်းများကို ပြုလုပ်သည်။
ပုံမှန်အားဖြင့် လင်းမိသားစုနှင့် ရေတွင်းရေနှင့် မြစ်ရေ ရောနှောခြင်းမရှိသော်လည်း ဤသို့သော ရာဇဝတ်ဂိုဏ်း၏ သြဇာအာဏာကိုမူ တတ်နိုင်သမျှ မထိပါးမိအောင် ရှောင်ရှားကြရသည်။ ဆိုင်အကူသည် နံပါတ်ဆယ့်သုံးမှာ အဝတ်နက်ဂိုဏ်းအတွက် လာရောက်ကာ ငွေညှစ်ခြင်း ဖြစ်လိမ့်မည်ဟု ထင်မှတ်ခဲ့၏။
“နံပါတ်ဆယ့်သုံး ဆရာကြီး... ကြိုဆိုပါတယ်။ ထွက်ပြီး မတွေ့မိတဲ့အတွက် တောင်းပန်ပါတယ်”
ခပ်ဝဝနှင့် ဆိုင်တာဝန်ခံသည် အလျင်အမြန် ဆိုသလိုပဲ ရှေ့ဆီသို့တိုးကာဖြင့် ကျယ်လောင်စွာ ပြောလိုက်သည်။ “ရေနွေးကြမ်း တည်ခင်းပါအုံး”
အကူတစ်ယောက်သည် လျင်လျင်မြန်မြန်ဖြင့် ရောက်ရှိလာ၏။ ၎င်းသည် မွှေးပျံ့လွန်းသည့် လက်ဖက်ရည်အိုး တစ်ခုကို ကိုင်ဆောင်လာကာဖြင့် နံပါတ်ဆယ့်သုံးနှင့် ရှမ့်လန်တို့၏ အရှေ့ဆီသို့ ခွက်များချကာ အသာ လောင်းထည့် ပေးလေ၏။
ဆိုင်တာဝန်ခံက ပြောလိုက်သည်။ “နံပါတ်ဆယ့်သုံး ဆရာကြီး... ဘာလိုချင်လဲ ကျုပ်ကို ပြောပါအုံး။ ကျုပ်သခင်ကြီးက ဂိုဏ်းခေါင်းဆောင် ထျန်းဟန်နဲ့ ရင်းနှီးတဲ့လူတစ်ယောက်ပါပဲ။”
ပြီးနောက် သူသည် သေတ္တာတစ်ခုကို အသာတွန်းပေးလိုက်၏။ အထဲတွင် ရွှေဒင်္ဂါးနှစ်ဆယ်ရှိ၏။ ထိုအရာသည် တော်တော်များသည်ဟု သတ်မှတ်ရပေမည်။
နံပါတ်ဆယ့်သုံးသည် ပြုံးကာ ပြောလိုက်၏။ “ဆိုင်တာဝန်ခံလင်း... ကျုပ်က ပိုက်ဆံတောင်းဖို့ လာတယ် ထင်နေတာလား။ ကျုပ် ခင်ဗျားရဲ့ဆရာနဲ့ ဆွေးနွေးစရာ ကိစ္စရှိလို့။ ငွေလာညှစ်တာ မဟုတ်ဘူး”
ဆိုင်တာဝန်ခံက ကြောင်အသွားသည်။ “တကယ် စီးပွားရေးကိစ္စလား”
နံပါတ်ဆယ့်သုံးက ပြောလိုက်၏။ “အင်း.. တကယ့်ကို စီးပွားရေးကိစ္စပဲ”
ဆိုင်တာဝန်ခံက ပြောလိုက်သည်။ “ဒါဆိုရင် ကျုပ် ဆုံးဖြတ်ပေးလို့ မရဘူး”
နံပါတ်ဆယ့်သုံးက ဆို၏ “ကျိန်းသေပေါက် ခင်ဗျား ဆုံးဖြတ်ပေးလို့ ဘယ်ရပါ့မလဲ”
ဆိုင်တာဝန်ခံက ပြောလိုက်သည်။ “ဒါဆိုရင် ခဏစောင့်ပါအုံး။ ကျုပ် သခင်ကြီးကို သွားပြီး ဖိတ်ခေါ်လိုက်ပါ့မယ်။ ကောင်လေးတွေ လာအုံး။ ဆရာနှစ်ယောက်ကို အစားအသောက်တွေနဲ့ တည်ခင်းထားကြ”
.............
ရှမ့်လန်နှင့် နံပါတ်ဆယ့်သုံးတို့သည် အစားအစာနှင့် ရေနွေးကြမ်းများသောက်၍ ဇိမ်ကျကျနှင့် စောင့်မျှော်လျက် ရှိန၏။
မကြာခင်မှာပဲ လူကုံတန်ပွဲရုံ၏ ပိုင်ရှင် လင်းဝူ ရောက်ရှိလာခဲ့၏။ ထိုသူသည် သက်လတ်ပိုင်းအရွယ် ဖြစ်ပြီး ပိုးထည်ဝတ်စုံကို ဝတ်ဆင်ထား၏။ ရွှမ်ဝူမြို့၏ သူဌေးတစ်ယောက် ဖြစ်သည်နှင့်အညီ ထင်ရှား ကျော်ကြားသည့် လူတစ်ယောက်ပင်။
“ခင်ဗျားတို့နှစ်ယောက်မှာ ကျုပ်နဲ့ဆွေးနွေးစရာ စီးပွားရေးကြီးကြီးမားမားတစ်ခု ရှိတယ်ဆို ဟုတ်လား” လင်းဝူက မေးမြန်းလိုက်၏။ သူသည် နံပါတ်ဆယ့်သုံးကို ကြောက်လန့်ခြင်း မရှိချေ။ သူသည် ဤကဲ့သို့သော စီးပွားရေးများကို ပြုလုပ်နိုင်သည့် လူတစ်ယောက် ဖြစ်သောကြောင့် နောက်ခံသည် ကျိန်းသေပေါက် ကြီးကြီးမားမား ရှိ၏။ ထို့အပြင် သူ၏သားသည် ကောင်းကင်တောင်ပိုင်း စစ်တက္ကသိုလ်သို့ ဝင်ရောက်ခွင့်ရထားပြီး ရလဒ်ကောင်းများ ရရှိနေကာ စစ်ဘက်စာမေးပွဲအောင်ပြီးနောက် စစ်အရာရှိတစ်ဦး ဖြစ်လာမည် ဖြစ်သည်။ ထို့ကြောင့် ထျန်းဟန်ကိုပင် ကြောက်ရွံ့ခြင်းမရှိဘဲ အချင်းချင်း ရေတွင်းရေနှင့် မြစ်ရေ မရောဘဲ နေကြခြင်းဖြစ်သည်။
ရှမ့်လန်က ပြောလိုက်၏။ “ဟုတ်ပါတယ်။ စီးပွားရေးကိစ္စ အကြီးကြီးပါပဲ။ နှစ်စဉ်နှစ်တိုင်း သူဌေးလင်းအနေနဲ့ ရွှေဒင်္ဂါး ငါးထောင်လောက် အနည်းဆုံး ရှာနိုင်လိမ့်မယ်”
လင်းဝူသည် မျက်မှောင်ကုတ်သွား၏။ သူသည် ဤကဲ့သို့ ဟိတ်ကြီးဟန်ကြီးနှင့် ပြောဆိုတတ်သည့် လူငယ်များကို မျက်မုန်းကျိုး၏။ ထို့အပြင် ဤလူငယ်ကို ကြည့်ရသည်မှာ ရုပ်ရည်ချောမောသည် ဆိုသော်လည်း ယုံကြည်ရ လောက်သည့် ဟန်ပန်အမူအရာမျိုး မရှိချေ။
“ပြောလေ” လင်းဝူက ပြောလိုက်သည်။
ရှမ့်လန်က ပြောလိုက်၏ “အင်း... ကျုပ်ဆီမှာ သူဌေးလင်းကို ရွှေဒင်္ဂါး နှစ်ထောင်နဲ့ ရောင်းဖို့ နည်းပညာ တစ်ခု ရှိတယ်”
ထိုစကားကို ကြားချိန်မှာတော့ လင်းဝူ၏ အမူအရာက ပြောင်းလဲသွားခဲ့၏။ သူ၏ မျက်နှာသွင်ပြင် တစ်ခုလုံးက အေးစက်သွားခဲ့သည်။ “ကျုပ်ရဲ့အချိန်က တန်ဖိုးရှိတယ်။ လာပြီးတော့ ဖြုန်းတီးမနေနဲ့။ ဧည့်သည်ကို ပြန်ပို့လိုက်တော့”
ပြောပြီသည့်နောက် သူသည် လက်ဖက်ရည်ကို ကောက်ယူကာဖြင့် အသာမော့လိုက်၏။ တစ်ဖက်လူကို နှင်ထုတ်လိုက်ခြင်းပင်။
နံပါတ်ဆယ့်သုံးသည် ကြောင်အသွားခဲ့၏။ ရွှေဒင်္ဂါးတစ်ထောင်ဆိုသည်မှာ တကယ်ပင် များပြားနေပြီဖြစ်၏။ သို့ပေမဲ့ ရှမ့်လန်သည် တကယ်ပဲ ရွှေဒင်္ဂါးနှစ်ထောင်ကို တောင်းဆိုလျက်ရှိနေ၏။ အလုံးစုံ ရူးသွပ်သွားသူ တစ်ယောက် ကဲ့သို့ပင်။ ရှမ့်လန်အား လူကုံတန်ပွဲရုံသို့ ခေါ်ဆောင်လာခဲ့ခြင်းအတွက် သူတကယ်ပဲ နောင်တရနေမိ၏။
လင်းဝူသည် ရုတ်တရက် မတ်တပ်ထရပ်ကာဖြင့် ထွက်ခွာသွားရန် ပြင်ဆင်လိုက်၏။ ရှမ့်လန်ကို တစ်ချက်ကလေးမှ အခွင့်အရေးပေးရန် အစီအစဉ် မရှိချေ။
နံပါတ်ဆယ့်သုံးသည် ရှမ့်လန်အား စူးစိုက်ကြည့်ကာဖြင့် အေးစက်စက် ပြောလိုက်သည်။ “မင်း သေချင်နေတာပဲ”
တစ်ဖက်လူ ထွက်ခွာသွားမည်ကို မြင်ရသည့် အချိန်မှာတော့ ရှမ့်လန်သည် ပိုးထည် အပိုင်းအစတစ်ခုကို ထုတ်ယူကာဖြင့် လင်းဝူ၏ အရှေ့တွင် ချပေးလိုက်၏။ “သူဌေးလင်း... ဒီပိုးထည်ကို သေသေချာချာကြည့်။ ဒါ ရွှေဒင်္ဂါးနှစ်ထောင်နဲ့ ထိုက်တန်ရဲ့လား”
လင်းဝူသည် ခေါင်းကိုအသာလှည့်ကာဖြင့် ရှမ့်လန်၏ လက်ထဲတွင် ရှိနေသည့် ပိုးထည်ကို ကြည့်ရှုလိုက်၏။ ဤအရာသည် လက်ကိုင်ပုဝါတစ်ခု အရွယ်အစားခန့်သာလျှင်ရှိသည်။
နံပါတ်ဆယ့်သုံးကလည်း သေသေချာချာ စူးစိုက်ကာ ကြည့်ရှုလိုက်၏။ ရှမ့်လန်တစ်ယောက် ရူးသွားသည်ဟုပင် သူက တွေးထင်လျက်ရှိ၏။ ဤအဝတ်အထည် အပိုင်းအစတစ်ခုသည် ရွှေဒင်္ဂါးနှစ်ထောင် ထိုက်တန်နေလေ သည်လား။
သို့ပေမဲ့ လူကုံတန်ပွဲရုံ၏ ပိုင်ရှင်သည် ရုတ်တရက် မျက်လုံးအပြူးသား ဖြစ်သွားခဲ့၏။ မယုံကြည်နိုင်သည့် အရာတစ်ခုကို မြင်လိုက်ရသကဲ့သို့ပင်။ မြန်မြန်ဆန်ဆန်နှင့် အရှေ့သို့တိုးပြီး ပိုးထည်ကို ကောက်ယူကာဖြင့် မျက်စိရှေ့၌ သေသေချာချာကပ်၍ ကြည့်ရှု၏။ ပြီးနောက် တုန်ယင်သည့် လေသံဖြင့် ပြောလိုက်၏။ “ဘယ်... ဘယ်လိုဖြစ်နိုင်မှာလဲ။ ဒါ တကယ့်ကို ရွှေ၊ ရွှေဝါရောင်ပါလား”
“ဘယ်လိုဖြစ်နိုင်မှာလဲ” နံပါတ်ဆယ့်သုံးက ကြောင်အသွားမိ၏။ ရှမ့်လန် ပေးအပ်လိုက်သည့် ပိုးထည်သည် တောက်ပသည့် ရွှေဝါရောင် ဖြစ်နေသည်ကို သူ ယခုမှ သတိပြုမိသည်။
ရှမ့်လန်က ပြောလိုက်၏။ “ရှစ်မိသားစုက ဘယ်လို ချမ်းသာလာတာလဲ။ သူတို့ရဲ့ ပိုးထည်တွေက နန်းတွင်းက မင်းကြီးဝတ်ဆင်တဲ့အထိ အရည်အသွေး ကောင်းမွန်တဲ့ အရောင်တွေ ဖြစ်လို့လေ။ ပြီးတော့ သူတို့ပိုးထည်ရဲ့ အရောင်က လုံးဝ အဝါရောင် မဟုတ်လား”
ရှေးခေတ်တရုတ်ပြည်တွင် အဝါရောင်သည် တော်ဝင်မိသားစု၏ သီးသန့်အရောင်ဖြစ်ပြီး ဘုရင်၊ မိဖုရား၊ မောင်းမတော်များနှင့် တချို့သောသူများသာ အဝါရောင်ဝတ်စုံများကို ဝတ်ဆင်ခွင့်ရှိသည်။ ဤကမ္ဘာလောက တွင်လည်း အလားတူပင်။
ဤကမ္ဘာလောက၏ ပိုးထည်အဝါရောင်ကို လက်ထုပ်ပန်းဖြင့် ဆိုးထားခြင်းဖြစ်ရာ အဝါရောင်သည် ဝါလွန်းသော်လည်း အရောင်မှာ မှိုင်းပြီး သိပ်မတောက်ပပေ။
ရှမ့်လန်ထုတ်ပေးလိုက်သည့် ပိုးထည်မှာတော့ နည်းလမ်းအသစ်နှင့် ဖန်တီးပြုလုပ်ထားသည့် အရာဖြစ်ပြီး တောက်ပလွန်းသည့် ရွှေဆိုသည့် အရောင်ကို ခံစားမိစေခဲ့၏။ ဆိုဖိုရာအပွင့်ခြောက်အရည်ကို ကျောက်ချဉ် နှင့်ရော၍ အရောင်တင်ဆိုးဆေး ပြုလုပ်ထားခြင်းဖြစ်ပြီး ရွှေဝါရောင်အသွင်ကို ဆောင်သည်။ ချင်းမင်းဆက် ဘုရင်မင်းမြတ်၏ နဂါးရုံဝတ်လုံတော်များသည် ဤဆိုးဆေးအမျိုးအစားဖြင့် ဆိုးထားခြင်းဖြစ်ရာ တားမြစ်မြို့တော်ရှိ ထိုရုံဝတ်လုံတော်များကို မြင်ဖူးပါက မည်မျှခမ်းနားထည်ဝါကြောင်း သိနိုင်ပေမည်။
ရှမ့်လန်သည် မနေ့က တောထဲသို့သွား၍ ဆေးမြစ်များခူးဆွတ်စဉ် ဆိုဖိုရာအပွင့်ခြောက်အချို့ကို အဆင်ပြေစွာ ခူးလာခဲ့သည်။ ကျောက်ချဉ်မှာမူ တိုင်းရင်းဆေးတစ်မျိုးဖြစ်ပြီး အိမ်တွင် အနည်းငယ် ကျန်ရှိနေသည်။ သူသည် မနေ့ညက တိုင်းရင်းဆေးကြိုစဉ် ဤရွှေရောင်ဆိုးဆေး ပန်းကန်တစ်ဝက်စာကို အဆင်ပြေစွာ ဖော်စပ်ခဲ့ပြီး သူ၏ အရောင်မရှိသော ပိုးသားအတွင်းခံကို ထည့်၍ ဆိုးခဲ့ခြင်းဖြစ်သည်။
လင်းဝူသည် မြန်မြန်ဆန်ဆန် ဆိုသလိုပဲ သူ၏အိတ်ထဲတွင် ရှိနေသည့် လက်ထုပ်ပန်းဖြင့်ဆိုးထားသော အဝါရောင်ပိုးစတစ်စကို လျင်မြန်စွာ ထုတ်ယူလိုက်သည်။ နှိုင်းယှဉ်ကြည့်ရှုရမည်ဆိုလျှင် တကယ်ပင် သိသိသာသာ ကွာခြားလွန်းလှ၏။ ဘယ်ဘက်ခြမ်းတွင် ရှိနေသည့် သူ၏ မူလအဝါရောင်အဝတ်စသည် အဝါရောင်ဖျော့ဖျော့လေး ဖြစ်တည်နေ၏။ သို့ပေမဲ့ ညာဘက်ခြမ်းတွင် တည်ရှိနေသည့် ရှမ့်လန်၏ ပိုးစမှာမူ ရွှေဝါရောင်တောက်ပြောင်လျက် အထက်တန်းကျမှုမှာ ထင်းကနဲ ပေါ်လွင်နေ၏။
ရှမ့်လန်က ပြောလိုက်၏။ “ဒီပိုးစကို ကျုပ်မနေ့ညက တစ်ညတည်းနဲ့ အလျင်စလို ဆိုးထားတာမို့ အကျိုးသက်ရောက်မှုက တကယ်တော့ စိတ်တိုင်းမကျသေးဘူး။ အချိန်လုံလောက်ပြီး ပစ္စည်းအလုံအလောက်ရှိရင် ဒီထက်ပိုတောက်ပတဲ့ ရွှေဝါရောင်ကို သေချာပေါက် ဖန်တီးနိုင်တယ်။ ပြီးတော့ ပိုးချည်မျှင်ကတည်းက စပြီးဆိုး၊ ပြီးမှ ပိုးထည်ယက်ရင် အကျိုးသက်ရောက်မှုက ပိုကောင်းပါလိမ့်မယ်။”
လင်းဝူက ကြောင်အသွားခဲ့သည်။ “တစ်ညအတွင်း ဒါကို အခြောက်ခံခဲ့တာလား။ ဘယ်လိုဖြစ်ပြီး ဒီလို လုပ်နိုင်ရတာလဲ”
ရှမ့်လန်က ပြောလိုက်၏။ “ဟုတ်တယ်။ ခင်ဗျားဆီမှာ ဒီလို နည်းပညာသာ ရှိမယ်ဆိုရင် ဆိုးထားတဲ့ ပိုးထည်တွေက ရွှေဝါရောင်နဲ့ ခမ်းနားထည်ဝါနေမှာပဲ။ အကယ်၍ ခင်ဗျားသာ ဒီရွှေရောင်ပိုးထည်ကို ဘုရင်မင်းမြတ်ရဲ့ ရက်ကန်းရုံတော် ကို ဆက်သလိုက်ရင် ဘယ်လိုဖြစ်မလဲ။”
ခြေထောက်ကိုသုံး၍ပင် စဉ်းစားကြည့်နိုင်သည်။ ဘုရင်မင်းမြတ်၏ ရက်ကန်းရုံတော်သည် ရှူမိသားစု၏ ပိုးထည်ကို ချက်ချင်းစွန့်ပယ်ပြီး လင်မိသားစု၏ ပိုးထည်ကို အသုံးပြုပေလိမ့်မည်။ ထိုအချိန်တွင် ဘုရင်မင်းမြတ်အား ပိုးထည်ဆက်သရသော စီးပွားရေးသည် လင်မိသားစု၏ လက်ထဲသို့ ကျရောက်လာပေလိမ့်မည်။ ဤစီးပွားရေးမှ ငွေမည်မျှရသည်မှာ အရေးမကြီးပေ။ အဓိကမှာ ဂုဏ်သတင်းနှင့် နိုင်ငံရေးအရင်းအမြစ်ပင် ဖြစ်သည်။
ရှမ့်လန်က ပြောလိုက်၏။ “သူဌေးလင်း... ဒီလိုအရာတွေက တစ်နှစ်ကို ရွှေဒင်္ဂါးငါးထောင် ရှာနိုင်မယ်ဆိုတာ ဖြစ်နိုင်ရဲ့လား”
လင်းဝူသည် ခေါင်းကို ခါယမ်းကာ ပြောလိုက်သည်။ “ဘယ်ကမလဲ။ ဒီထက် အများကြီး ရှာနိုင်တာပေါ့”
ရှမ့်လန်က ပြောလိုက်၏။ “ဒါဆိုရင် ကျုပ်ရဲ့ ဒီရွှေဝါရောင်ဆိုးဆေးနည်းပညာကို ခင်ဗျားဆီ ရွှေဒင်္ဂါး ၂၀၀၀ နဲ့ ရောင်းတာ ဈေးကြီးလား။”
လင်းဝူက ပြောလိုက်သည်။ “ရွှေဒင်္ဂါးနှစ်ထောင်ဆိုတာ ဘယ်လိုမှ ဈေးမကြီးဘူး။ ဈေးမကြီးဘူး”
ဘေးတစ်ဖက်တွင် ရှိနေသည့် နံပါတ်ဆယ့်သုံးသည် ရှမ့်လန်ကို အံ့အားသင့်စွာဖြင့် ကြည့်ရှုလိုက်၏။ ရှမ့်လန်သည် သူ၏အသက်ကို လဲလှယ်ရန်အတွက် ရွှေဒင်္ဂါးတစ်ထောင်ပေးမည်ဟု ပြောဆိုခဲ့စဉ်က သူ မည်သို့မှ မယုံကြည်ခဲ့ချေ။ သို့ပေမဲ့ ရှမ့်လန်သည် ပိုက်ဆံကို မည်ကဲ့သို့ ရှာဖွေရမည် ဖြစ်ကြောင်းကို သေသေချာချာ သိရှိလို့နေ၏။
ထိုတင်သာမကသေးချေ။ ရွှေဒင်္ဂါးတစ်ထောင်တင်သာမက ရွှေဒင်္ဂါးနှစ်ထောင်ကိုပင် ရရှိနေ၏။ ရွှေဒင်္ဂါးနှစ်ထောင်ကို ရှာဖွေနိုင်ရုံတင်မက ရှစ်မိသားစု၏ စီးပွားရေးကို ပြောင်းပြန်လှန်ပစ်ရန်ပင် ကြိုးစားလျက် ရှိနေသေးသည်။
မှန်ပေသည်။ ရှမ့်လန်သည် တကယ့်ကို အငြှိုးအတေး ကြီးမားသည့် လူတစ်ယောက်ဖြစ်၏။ ပိုက်ဆံရှာဖွေချင်သည် သာမက ရှစ်မိသားစု တစ်ခုလုံးကို ထိခိုက်နာကျင်အောင် ပြုလုပ်ချင်သေး၏။ ရှစ်မိသားစုသည် နန်းတွင်းသို့ ပို့ဆောင်ရသည့် ပိုးထည်စီးပွားရေးကို ဆုံးရှုံးမည်ဆိုပါက မည်သို့သောအကျိုးဆက်ကို ခံစားရမည်နည်း။ ကျိန်းသေပေါက် ထိခိုက်နာကျင်မှာ သေချာ၏။
လင်းဝူသည် ရွှေရောင်အဝတ်စကို သေသေချာချာ ကြည့်ရှုပြီးသည့်နောက် ခဏလောက် စဉ်းစားကာ ပြောလိုက်သည်။ “ဒီအရာကို မင်းလုပ်တယ်ဆိုတာ ငါ ဘယ်လို ယုံကြည်ရမှာလဲ။ တွေ့ရာအဝတ်အပိုင်းအစ တစ်ခုကို ဖြတ်ပြီး ယူလာတာဆိုရင် ဘယ်လိုလုပ်မလဲ”
ရှမ့်လန်က ပြောလိုက်၏။ “ကျုပ် ပစ္စည်းတွေ ယူခဲ့တယ်လေ။ ကျုပ်ကို တစ်နာရီပဲ အချိန်ပေး။ ခင်ဗျားအတွက် ကျုပ် ရွှေရောင်အဝတ်စတစ်ခု ပြုလုပ်ပေးမယ်။ မနေ့ညက ပြုလုပ်ခဲ့တာထက် ပိုပြီးကောင်းမယ်လို့ အာမခံတယ်”
လင်းဝူက ပြောလိုက်သည်။ “တကယ်လား”
ရှမ့်လန်က ပြောလိုက်၏။ “သိပ်မှန်တာပေါ့”
လင်းဝူက ထပ်မံကာ ပြောဆိုလိုက်သည်။ “ဒါဆိုရင် ငါမင်းကို နောက်ဖေးခြံဝန်းထဲကို ခေါ်သွားမယ်။ လိုအပ်တာရှိရင် ကြိုက်သလောက်ပြော၊ ခဏအတွင်းမှာပဲ ဒီရွှေရောင်အဝတ်စတစ်ခုကို ပြုလုပ်နိုင်မယ်ဆိုရင် မင်းလက်ထဲမှာ ရှိနေတဲ့ နည်းပညာက မင်းရဲ့နည်းပညာအစစ်အမှန်ဆိုတာ သက်သေပြပြီးဖြစ်လိမ့်မယ်။ ဒါဆိုရင် စီးပွားရေးကိစ္စက ဖြစ်ပြီပဲ”
ရှမ့်လန်က ပြောလိုက်၏။ “ဒါဆိုရင် ရွှေဒင်္ဂါးနှစ်ထောင်ကော”
လင်းဝူသည် လက်မထောင်ကာ အာမခံလိုက်သည်။ “လုံးဝ ဈေးမဆစ်ဘူး”