အပိုင်း (၁၁)
Vol. 1 Ch. 11
ရှမ့်လန်နှင့် သူဌေးလင်းတို့၏ စကားလုံးများကို ကြားရသည့်အချိန်မှာတော့ နံပါတ်ဆယ့်သုံးသည် တကယ်ပင် တုန်လှုပ်မိ၏။ ထို့အတူ အလွန်လည်း အံ့အားသင့်လို့နေ၏။ ရှမ့်လန်သည် သူတို့၏ခေါင်းဆောင် ထျန်းဟန်အား ကတိပေးခဲ့၏။ သို့ပေမည့် သူသည် စိတ်ထဲတွင် နှစ်နှစ်ကာကာ မျှော်လင့်ချက် မရှိလှချေ။ ဤအရာသည် အလောင်းအစား ပြုလုပ်ခြင်းဖြစ်ပြီး အဆုံးစွန်အထိ ရှုံးနိမ့်သွားသည့် အလောင်းအစားမျိုးပင်။
မည်သို့ပင်ဆိုစေကာမူ သူသည် သုံးရက်အတွင်း ရှစ်မိသားစုအတွက် ရှမ့်လန်ကို သတ်ဖြတ်ပစ်မည်ဟု ကတိပေးခဲ့၏။ သို့ပေမဲ့ မထင်မှတ်ထားလောက်အောင်ဘဲ ရှမ့်လန်သည် သူ၏ကတိစကားကို အောင်မြင်အောင် ပြုလုပ်ခဲ့၏။ သူတို့၏ ခေါင်းဆောင်သည် တကယ်ပင် ရွှေဒင်္ဂါးတစ်ထောင်ကို ရရှိတော့မည်လား။ မဟုတ်ပေ။ ဤကိစ္စကို တာဝန်ယူထားသည့် နံပါတ်ဆယ့်သုံးသည်လည်း ကျိန်းသေပေါက် အကျိုးအမြတ်များ ရရှိမှာ သေချာ၏။
“အံအားသင့်စရာပဲ။ ငါမင်းကို တကယ် အထင်ကြီးသွားပြီ” နံပါတ်ဆယ့်သုံးသည် ရှမ့်လန်ကို လက်မထောင်ပြ လိုက်သည်။
ရှမ့်လန်သည် နောက်ဖေးခြံဝန်းဆီသို့ အသာသွားပြီးသည့်နောက် တံခါးကို ပိတ်လိုက်၏။ ပြီးသည့်နောက် ဆိုးဆေးကို စတင်ကာ ဖော်စပ်တော့၏။ “သူဌေးလင်း... ကျုပ်ကို နှစ်နာရီလောက် စောင့်ပေး”
“ကောင်းပြီ။ အခု ရွှေဒင်္ဂါးတွေ ကျုပ် ပြင်ဆင်ထားလိုက်မယ်” လင်းဝူက ပြောလိုက်သည်။
.............
ရွှေရောင်ဆိုးဆေး ဖော်စပ်သည့် လုပ်ငန်းစဉ်သည် အလွန်ရိုးရှင်းလှသည်။ ထိုအရာနှင့်ပတ်သက်၍ သူ၏ ကွန်ပျူတာထဲတွင် အသေးစိတ် မှတ်သားထားပြီးသားဖြစ်၏။ ၂၀၀၁ ခုနှစ်တွင် ထုတ်ဝေခဲ့သော «ပိုးထည်» စာအုပ်တွင် အသေးစိတ်ဖော်ပြထားပြီး ဟန်ကျိုးမြို့ရှိ ပိုးထည်ပြတိုက်တွင်လည်း အထူးသင်တန်းများ ပို့ချပေးလျက်ရှိသည်။
ဆိုဖိုရာအပွင့်ခြောက်ကို ရေတွင်ထည့်ပြုတ်လိုက်လျှင် အဝါရောင်အရည်များ ထွက်လာမည်ဖြစ်ပြီး အနည်အနှစ်များကို ဖယ်ရှားလိုက်လျှင် အဝါရောင်ဆိုးဆေး ရရှိလာမည်ဖြစ်သည်။ ထို့နောက် ကျောက်ချဉ်ထည့်၍ ဆက်လက်ပြုတ်လျှင် ထိုအဝါရောင်သည် ခမ်းနားထည်ဝါပြီး တောက်ပကြည်လင်သော ရွှေဝါရောင်အဖြစ်သို့ ပြောင်းလဲသွား၏။
နှစ်နာရီမပြည့်ခင် အချိန်မှာပဲ ရှမ့်လန်သည် ရွှေရောင်ဆိုးဆေးကို ပန်းကန်လုံးတစ်ဝက်နီးပါးခန့် ပြုလုပ်ခဲ့ပြီးပြီ ဖြစ်၏။ နောက်ဆုံးမှာတော့ ရှမ့်လန်သည် မီးဖိုထဲတွင် ကျောက်ချဉ်နှင့် မလိုအပ်သော ဆိုဖိုရာအပွင့်ခြောက်များကို လုံးဝသန့်စင်သွားအောင် မီးရှို့ဖျက်ဆီးလိုက်သည်။
...........
ရှမ့်လန် တံခါးဖွင့်လိုက်၏။
လူကုံတန်ပွဲရုံပိုင်ရှင် လင်းဝူနှင့် နံပါတ်ဆယ့်သုံးတို့သည် အရှေ့ဆီသို့ အလျင်အမြန် တက်လာခဲ့၏။ ၎င်းတို့၏ မျက်နှာပေါ်တွင် မျှော်လင့်တကြီး စိတ်လှုပ်ရှားများနှင့် ပြည့်နှက်လျက် ရှိ၏။ ရှမ့်လန်သည် တိုက်ရိုက်ဆိုသလိုပဲ ၎င်း၏ လက်ထဲတွင် ရှိနေသည့် ရွှေရောင်ဆိုးဆေး ပန်းကန်လုံးတစ်ဝက်စာကို လှမ်းကာ ကမ်းပေးလိုက်၏။
လင်းဝူ၏ လက်များသည် တုန်ယင်လျက်ရှိနေ၏။ နေရောင်အောက်တွင် သူသည် အသစ်ဖန်တီးထားသည့် ဆေးရည်၏ အရောင်ကို သေချာကြည့်ရှုစစ်ဆေးနေ၏။ မည်သို့မှ မနေနိုင်ဘဲ ခန္ဓာကိုယ်တစ်ခုလုံး တုန်ယင်လျက် ရှိ၏။ ဤအရာသည် ဆိုးဆေးသက်သက် မဟုတ်ချေ။ လင်းမိသားစု တစ်ခုလုံး တိုးတက်လာနိုင်သည့် အသက်သွေးကြောပင်တည်း။
“ဒီရွှေရောင်ဆိုးဆေးအမျိုးအစားက အရောင်တင်ထူးကဲရုံသာမက ပိုးထည်ပေါ်မှာ စိုစွတ်မှုဒဏ်ခံနိုင်ရည်ကလည်း အရမ်းကောင်းမွန်တယ်။ ဆိုးပြီးရင် အရောင်ကျဖို့ ခဲယဉ်းတယ်”
ရှမ့်လန်က ပြောလိုက်၏။ “သူဌေးလင်း... ရွှေဒင်္ဂါးနှစ်ထောင်ကို ပြင်ဆင်ပြီးသွားပြီလား”
လင်းဝူသည် စားပွဲပေါ်တွင် ရှိနေသည့် သေတ္တာတစ်ခုကို လက်ညှိုးညွှန်ကာ ပြလိုက်၏။ အဖုံးကို ဖွင့်လိုက်သည့် အချိန်မှာတော့ အထဲတွင် ရွှေဒင်္ဂါးများ ပြည့်နှက်လျက် ရှိသည်။ ရွှေဒင်္ဂါး တစ်ခုချင်းစီတိုင်းသည် အလေးချိန် တစ်ကျပ်ခွဲခန့် ရှိသည်။ ရွှေဒင်္ဂါးနှစ်ထောင် ဆိုသည်မှာ ပိုက်ဆံနှင့် တွက်မည်ဆိုလျှင် များပြားသည့် ပမာဏပင် ဖြစ်သည်။
ရွှေဒင်္ဂါးတစ်ထောင်ကို ထျန်းဟန်ကို ပေးအပ်ခဲ့ပြီးပြီ ဆိုလျှင်တောင်မှ တစ်ထောင်က ကျန်နေသး၏။ မိသားစုတစ်စုလုံး ကောင်းမွန်သော ဘဝတစ်ခု ရရှိရန် လုံလောက်ပေသည်။ အမိကမ္ဘာမြေတွင် နေထိုင်သည့် အတောအတွင်း ရှမ့်လန်သည် ပိုက်ဆံများများစားစား မရှာခဲ့ဖူးချေ။
“ဒါဆိုရင် နည်းပညာက ဘယ်မှာလဲ” လင်းဝူက မေးမြန်းလိုက်၏။
ရှမ့်လန်သည် သူရေးသားထားခဲ့သည့် ဆေးနည်းပညာအား အိတ်ကပ်ထဲမှ ထုတ်ယူကာဖြင့် ကမ်းပေးလိုက်၏။
လင်းဝူသည် ဖွင့်ကြည့်လိုက်ရာ အပေါ်တွင် စာလုံးပေါင်း ဒါဇင်အနည်းငယ်သာ ရှိနေသဖြင့် အံ့အားသင့်စွာဖြင့် ကြောင်အသွားခဲ့၏။ သူက မေးမြန်းလိုက်သည်။ “ဒီလောက်ကြီး ရိုးရှင်းတာလား”
ရှမ့်လန်က ပြောလိုက်၏။ “အင်း.. ဟုတ်တယ်။ အဲလောက် ရိုးရှင်းတယ်”
လင်းဝူက မေးလိုက်သည်။ “ဒါဆိုရင် ကုန်ကျစရိတ်က မများဘူးပေါ့”
ရှမ့်လန်က ပြောလိုက်၏။ “ဟုတ်တယ်။ ကုန်ကျစရိတ်က အရမ်းနည်းတယ်။ ဒီစာလုံးအနည်းငယ်ကို ရွှေဒင်္ဂါး ၂၀၀၀ နဲ့ ဝယ်ရတာ မတန်ဘူးလို့တော့ မထင်လောက်ပါဘူးနော်”
“မဟုတ်ဘူး။ မဟုတ်ဘူး။ ဒါ အရမ်းကို ထိုက်တန်လွန်းအားကြီးတယ်” လင်းဝူသည် ပြုံးကာ ပြန်လည်ပြောဆို လိုက်သည်။
ရှမ့်လန်က ပြောလိုက်၏။ “သူဌေးလင်း... ဒီဆေးနည်းက မှန်လား၊ မမှန်လားဆိုတာ ကိုယ်တိုင်ကိုယ်ကျ သွားပြီး စမ်းသပ်လို့ ရတယ်။ နာရီဝက်အတွင်းမှာ ရွှေရောင်ဆိုးဆေးကို ခင်ဗျား ပြုလုပ်လို့ရတယ်။ လုပ်ပြီးသွားရင် ကျုပ် ဒီရွှေဒင်္ဂါးတွေယူပြီး ထွက်ခွာသွားတော့မယ်”
လင်းဝူသည် သူ၏ အစေခံများအား ထိုအရာကို ပြုလုပ်ရန် မခိုင်းစေခဲ့ချေ။ သူကိုယ်တိုင် ပစ္စည်းပစ္စယများကို ပြင်ဆင်ပြီး နောက်ဖေးခြံဝန်းထဲသို့ဝင်ကာ ရှမ့်လန်ပေးခဲ့သည့် နည်းပညာအတိုင်း စမ်းသပ်တော့၏။ နာရီဝက်ခန့် ကြာမြင့်ပြီးနောက် လင်းဝူသည် ရွှေရောင်ဆိုးဆေးကို ပြုလုပ်နိုင်ခဲ့ပြီ ဖြစ်၏။ ရှမ့်လန် ပြုလုပ်သည်ထက်ပင် ပိုမိုကာ ကောင်းမွန်လို့ နေသေးသည်။
“ပြီးသွားပြီ။ လင်းမိသားစုက တကယ့်ကို ကြီးမားတဲ့ အလားအလာကို ပိုင်ဆိုင်ပြီပဲ” လင်းဝူသည် ရယ်မောလိုက် မိ၏။
ရှမ့်လန်က ပြောလိုက်သည်။ “ဒါဆိုရင် ရှစ်မိသားစုကို အနိုင်ယူနိုင်ပြီ ဖြစ်တဲ့အတွက် ဂုဏ်ယူပါတယ် သူဌေးလင်း။ နှုတ်ဆက်ပါတယ်”
သူသည် ရွှေဒင်္ဂါးနှစ်ထောင်ကို ယူဆောင်ပြီး ထွက်ခွာသွားရန် ပြင်လိုက်၏။
“နေအုံး” ထိုအချိန်မှာပဲ အပြင်ဘက်ဆီမှ ရင်းနှီးနေသည့် အသံတစ်ခုက ထွက်ပေါ်လာခဲ့၏။ ပြီးနောက် လူနှစ်ယောက်က လျှောက်ဝင်လာခဲ့၏။ တစ်ယောက်သည် ယောက္ခမဟောင်းဖြစ်သူ ရှစ်ကွမ်းယွမ်ဖြစ်ပြီး တခြား တစ်ယောက်မှာတော့ သူ၏ မိန်းမဟောင်းဖြစ်သူ ရှစ်ချင်းချင်းပင်။
ချက်ချင်းဆိုသလိုပဲ ရှမ့်လန်၏ ခန္ဓာကိုယ်ပေါ်ရှိ အမွေးများသည် ထောင်ထသွား၏။ ရှစ်ကွမ်းယွမ်သည် ရှမ့်လန်ကို အေးစက်စက်ကြည့်ရင်း လှမ်းကာ ပြောလိုက်သည်။ “ရှမ့်လန်... ငါမင်းကို မိသားစုကနေ ထုတ်ပယ်ခဲ့တယ်။ ဒါအတွက် အငြိုးအတေး မထားသင့်ဘူး။ ဘယ်လိုဖြစ်ပြီးတော့ ငါတို့ ဖန်တီးထားခဲ့တဲ့ နည်းပညာအသစ်ကို ခိုးသွားရတာလဲ။
ဒါက ရှစ်မိသားစုအတွက် တကယ့်ကို အရေးကြီးတဲ့အရာလေ။ မင်းက မိသားစုထဲမှာ ပြစ်မှုတွေကို ပြုလုပ်ခဲ့ရုံတင် မကဘူး။ ဘုရင့်ကိုပါ စော်ကားတဲ့ အခြေအနေမျိုး ဖြစ်နေပြီ။ ဒါ ဘုရင်မင်းမြတ်ဆီရောက်မယ့် ဆိုးဆေးပညာဆိုတာ မင်းသိလား။ မင်းကိုငါ ဘယ်လို အပြစ်ပေးရမလဲဆိုတာ မသိတော့ဘူး”
လူကုံတန်ပွဲရုံ၏ သူဌေးလင်းဝူသည် အံ့အားသင့်သွား၏။ “ရှစ်သခင်ကြီး.. ဒီဆေးနည်းကို ရှမ့်လန် ခိုးလာခဲ့တာလား”
ရှစ်ကွမ်းယွမ်က ပြောလိုက်သည်။ “အစ်ကိုလင်း... ရှမ့်လန် အရင်တုန်းက လုပ်ခဲ့တဲ့အရာတွေကို ခင်ဗျား မကြားဘူးလား။ ဝက်လိုမိုက်မဲပြီး အစားပဲ စားချင်စိတ်ကြီးတဲ့သူ၊ ပျင်းရိတဲ့သူ၊ လုံးဝ အသုံးမကျတဲ့သူ တစ်ယောက်ပဲ။ သူ့ရဲ့အရည်အချင်းနဲ့ ရွှေရောင်ဆိုးဆေးကို ဖော်စပ်နိုင်ပါ့မလား။ ဒီနည်းပညာက ကျုပ်တို့ ရှစ်မိသားစုက မရေမတွက်နိုင်တဲ့ ငွေကြေးနဲ့ လူအင်အားတွေသုံးပြီး တီထွင်ထားတာ။ ဒါကို ဒီမသူတော်ကောင်က ခိုးယူသွားတာပဲ။ ဘာကြောင့် ကျုပ် သူ့ကို ရှစ်မိသားစုကနေ နှင်ထုတ်ခဲ့ရသလဲဆိုတော့ သူက ပစ္စည်းခိုးလို့ပဲ။ ပြီးတော့ ကျုပ်အိမ်က အစေခံမလေးတွေကို လိင်ပိုင်းဆိုင်ရာ စော်ကားနှောင့်ယှက်သေးတယ်။ ဒီလို ယုတ်ညံ့တဲ့ အကျင့်စရိုက်မျိုးကို တစ်ခါမှ မကြားဖူး မမြင်ဖူးဘူး။ အခုလည်း လင်းညီတော့်ဆီ လာလိမ်လည်နေပြီ”
ရှစ်ချင်းချင်းသည် အသာပြောလိုက်၏။ “ကျွန်မသာ မမှားဘူးဆိုရင် ဒီပစ္စည်းကို ကျွန်မရဲ့ အံဆွဲထဲကနေ ယူသွားခဲ့ တာပဲ ဖြစ်ရမယ်။ ဒီပစ္စည်းကို ကျွန်မက အံဆွဲထဲမှာ သိမ်းထားခဲ့တာလေ။ ဒါကိုယူပြီးတော့ သေသေချာချာ မှတ်သားထားခဲ့တာပဲ ဖြစ်မယ်။ ရှမ့်လန်.. ရှစ်မိသားစုကို ရှင်မုန်းနေတယ်ဆိုတာ ကျွန်မသိပါတယ်။ ဒါပေမဲ့ ဒီလိုမျိုးတော့ မလုပ်သင့်ဘူး”
လူကုံတန်ပွဲရုံ၏ သူဌေးလင်းဝူသည် ဦးကိုညွတ်ကာဖြင့် ပြောလိုက်သည်။ “တောင်းပန်ပါတယ် အစ်ကိုရှစ်... ဒီသူခိုးရဲ့ လှည့်စားမှုထဲ ကျုပ် ဝင်တော့မလို့။ ကျုပ်စိတ်ထဲမှာလည်း ဇဝေဇဝါ ဖြစ်နေတာလေ။ ဒီလို ညံ့ဖျင်းတဲ့ ရှမ့်လန်က ဘယ်လိုဖြစ်ပြီးတော့ ဒီလိုဆိုးဆေးမျိုးကို ဖန်တီးပြုလုပ်နိုင်မှာလဲ။ သူ ကျိန်းသေပေါက် ခိုးလာတာပဲ ဖြစ်ရမှာပေါ့။ ဟုတ်တယ်မလား”
ရှစ်ကွမ်းယွမ်၏ မျက်လုံးများက အေးစက်သွားခဲ့၏။ သူသည် ရှမ့်လန်ကို ကြည့်ရှုကာဖြင့် ပြောလိုက်၏။ “ဒီမှာ အမှန်အတိုင်းပြောတော့။ မင်း ရှစ်မိသားစုကနေ ရွှေရောင်ဆိုးဆေး နည်းပညာကို ခိုးလာခဲ့တာ မဟုတ်လား။ ဝန်ခံဖို့ အခွင့်အရေးတစ်ခုပဲ မင်းရလိမ့်မယ်”
ရှစ်ချင်းချင်းသည် အသာပင် ပြောလိုက်သည်။ “ရှမ့်လန်... ဒီလို လုပ်ခဲ့တာကို ဝန်မခံဘူးဆိုရင် ကျွန်မတို့ အရင်တုန်းက ပတ်သက်ခဲ့တဲ့ အကြောင်းအရာကို ထောက်နေမှာ မဟုတ်ဘူး။ ရှင်ဆက်ပြီး ငြင်းနေမယ်ဆိုရင်တော့ ကျွန်မ တကယ် ဒေါသထွက်လာလိမ့်မယ်”
ရှမ့်လန်၏ ဆံပင်မွေးများသည် ထောင်ထသွားခဲ့၏။ သူ၏ အရှေ့တွင်ဖြစ်နေသည့် အခြေအနေများကို ကြည့်ရှုရင်း သူသည် တကယ်ပင် ဆွံ့အလို့နေ၏။ ဤသို့ ဖြစ်လာမည်ကို မည်သို့မှ မထင်မှတ်ခဲ့ချေ။ အံ့အားသင့်စရာ ကောင်းလွန်းလှ၏။
လင်းမိသားစုသည် ရှစ်မိသားစု၏ ပြိုင်ဘက်ဖြစ်၏။ ထို့ကြောင့် ရန်သူ၏ ရန်သူသည် မိတ်ဆွေပင်ဖြစ်၏။ ရှမ့်လန် ယူဆောင်လာသည့် ဆိုးဆေးနည်းပညာသည် လင်းမိသားစုအတွက် လုံလောက်သည့်အရာဖြစ်ပြီး ရှစ်မိသားစုကို တစ်ခါတည်း လဲပြိုသွားအောင် ပြုလုပ်နိုင်သည့် အရာလည်းဖြစ်၏။ သို့ပေမဲ့ အဘယ်ကြောင့် ဤသို့သောအခြေအနေသို့ ပြောင်းလဲသွားရသနည်း။
ရှမ့်လန်သည် စိတ်ကို မြန်နိုင်သမျှ အမြန်ဆုံး တည်ငြိမ်အောင် ကြိုးစားလိုက်၏။ ပြီးနောက် လင်းဝူကို ပြောလိုက်၏။ “သူဌေးလင်း... ကျုပ်တို့ သီးသန့်စကားပြောလို့ရလား”
လင်းဝူသည် ခေါင်းကိုညိတ်လိုက်သည်။ “ပြဿနာ မရှိဘူး”
သို့နှင့် လင်းဝူနှင့် ရှမ့်လန်တို့သည် နောက်ဖေးခြံဝန်းထဲသို့ ထွက်ခွာသွားခဲ့၏။ ရှမ့်လန်သည် လိုရင်းကို တည့်တည့်သာ မေးမြန်းလိုက်၏။ “ခင်ဗျား... ရှစ်မိသားစုခေါင်းဆောင်နဲ့ ရှစ်ချင်းချင်းကို ဒီကို ခေါ်လိုက်တာ မဟုတ်လား”
“အင်း” လင်းဝူက ပြန်လည်ကာ ဖြေသည်။
ရှမ့်လန့်က မေးမြန်းလိုက်၏။ “ဘာကြောင့်လဲ”
လင်းဝူက ပြောလိုက်သည်။ “ဒီဆေးနည်းက ရှစ်မိသားစုရဲ့ စီးပွားရေးလုပ်ငန်းတစ်ခုလုံးကို ပျက်စီးသွားနိုင်တယ် ဆိုတာ ကျုပ်သိတာပေါ့။ ဒါပေမဲ့ ကျုပ်အနေနဲ့ ရှစ်မိသားစုကို အကြောင်းကြားပြီး အပြစ်တွေကို မင်းအပေါ် ပုံချလိုက်တယ်
ရှမ့်လန်သည် အဘယ်ကြောင့်နည်း ဆိုသည်ကို ဆက်လက်ကာ မမေးမြန်းခဲ့ချေ။ ၎င်းဖြေဆိုမည်ကိုသာ စိတ်ရှည်ရှည် စောင့်ဆိုင်းနေ၏။
လင်းဝူသည် ခပ်ပေါ့ပေါ့ ဆိုလိုက်သည်။ “ရှမ့်လန်... မင်းလို သာမန်လူတစ်ယောက်အတွက် ပိုက်ဆံက လုံလောက် တယ်။ ဒါပေမဲ့ ငါတို့အတွက် ပိုက်ဆံဆိုတာ အရေးကြီးဆုံး အရာမဟုတ်ဘူး။ အာဏာနဲ့ သြဇာလွှမ်းမိုးမှုက အရေးကြီးတာ။ အာဏာနဲ့ သြဇာမရှိရင် ငွေဘယ်လောက်ရှိရှိ မထိန်းသိမ်းနိုင်ဘူး၊ သတ်ဖြတ်ခံရမှာကို စောင့်ဆိုင်းနေရတဲ့ ဝက်၊ သိုးကောင် တွေလိုပဲ ဖြစ်သွားလိမ့်မယ်။”
ရှမ့်လန်က ပြောလိုက်သည်။ “တကယ်လို့ ခင်ဗျားတို့ လင်းမိသားစုက နန်းတွင်းကို ပိုးထည်သာ ထောက်ပံ့နိုင်မယ် ဆိုရင် ကျိန်းသေပေါက် အာဏာရှိလာမှာ မဟုတ်လား”
“မဟုတ်ဘူး။ အာဏာဆိုတာ အဲတာမျိုး မဟုတ်ဘူး”
လင်းဝူက ပြောလိုက်၏။ “ငါ့ရဲ့သားက လက်ရှိ ထျန်းနန်သိုင်းကျောင်းမှာ လေ့လာသင်ယူနေတယ်လေ။ သူ့ရဲ့ ရလဒ်က ကောင်းတယ်။ မကြာခင် ကျင်းပမဲ့ နန်းတွင်းစာမေးပွဲမှာ ဝင်ပြီးဖြေဆိုဖို့လည်း စဉ်းစားထားခဲ့တယ်။ သူ့ရဲ့ရလဒ်သာ ကောင်းမယ်ဆိုရင် အနာဂတ်မှာ လင်းမိသားစု ရှာဖွေထားတဲ့ ပိုက်ဆံထက် ပိုပြီးများပြား အရေးကြီးတဲ့အရာတွေ ရလာလိမ့်မယ်။ ရှစ်ချင်းချင်း ယူမဲ့လူက ဘယ်သူလဲဆိုတာ မင်းသိလား။ သူက ကျန်းကျင်းပဲ”
“ယူမယ့်လူ ဟုတ်လား”
မြန်ဆန်လွန်းလှချေ၏။ ရှစ်မိသားစုသည် ရှမ့်လန်ကို နှင်ထုတ်ပြီးပြီးချင်းမှာပဲ ရှစ်ချင်းချင်းနှင့် ကျန်းကျင်း၏ စေ့စပ်ပွဲကို ပြင်ဆင်ခဲ့လေသည်လား။
လင်းဝူက ပြောလိုက်သည်။ “ကျန်းမိသားစုရဲ့နောက်ခံက ကျူးမိသားစုပဲ။ ဒီနိုင်ငံထဲမှာ ကျူးမိသားစုက ဘယ်လောက်ထိ ကြီးမြတ်လဲဆိုတာ မင်းသိတယ် မဟုတ်လား”
ကျူးမိသားစုသည် ရွှဲ့ပြည်နယ်၏ ထိပ်တန်း တော်ဝင်မိသားစုဖြစ်၏။ မိဖုရားခေါင်ကြီး၏ မိသားစုဟုလည်း ဖော်ညွှန်းရပေမည်။ ထျန်းလန်စီရင်စု၏ ကျူးကျွင်းသည် တကယ့်ကို အာဏာကြီးမားလှသည့် အုပ်ချုပ်သူ တစ်ယောက်ဖြစ်ပြီး သူ၏ အာဏာကလည်း ကြီးမားလှ၏။
သို့ပေမဲ့ ကျန်းကျင်းသည် ချမ်းသာကြွယ်ဝသော စီးပွားရေး လုပ်ငန်းရှင်တစ်ဦး၏ သမီးဖြစ်သည့် ရှစ်ချင်းချင်းကို လက်ထပ်ခဲ့၏။ သူမသည် လှပသည့်အပြင် မိသားစု၏ စီးပွားရေးလုပ်ငန်းများကိုလည်း ဦးဆောင်နိုင်သူလည်း ဖြစ်သည်။
လင်းဝူက ထပ်မံကာ ပြောလိုက်၏။ “ကျန်းကျင်းရဲ့အဖေက နုကျင်းစီရင်စုရဲ့ အုပ်ချုပ်ရေးမှုးတစ်ယောက်အဖြစ် သတ်မှတ် ခံထားရတယ်။ ကျန်းကျင်းရဲ့ သိုင်းပညာကလည်း ကောင်းတယ်။ သူက ရွှမ်ဝူမြို့ရဲ့ ကာကွယ်ရေးတပ်မှုးအဖြစ် ရာထူးတက်သွားပြီ။ ရှစ်မိသားစုရဲ့ စီးပွားရေးကို ကျုပ်က မောင်ပိုင်စီးလိုက်မယ်ဆိုရင် ကျန်းမိသားစုကိုသွားပြီး ပြဿနာရှာတာနဲ့ တူတူပဲ မဟုတ်လား။ ဒါဆိုရင် ကျုပ်သား ဘာဖြစ်သွားမလဲ။
ရှမ့်လန်က ပြောဆိုလိုက်သည်။ “ဒါဆိုရင် ကျုပ်ရဲ့ ဆိုးဆေးနည်းပညာကို မဝယ်လို့ ရတယ်လေ။ ဘာမှမဖြစ်ဘူး။ ဘယ်လို ဖြစ်ပြီးတော့ သူတို့ဆီသွားပြီး သတင်းပို့လိုက်ရတာလဲ”
လူကုံတန်ပွဲရုံ၏ သူဌေးဖြစ်သော လင်းဝူသည် ပြုံးကာ ပြောလိုက်၏။ “မင်းက ဘာတန်ဖိုးမှ ရှိတဲ့လူတစ်ယောက် မဟုတ်ဘူးလေ။ မင်းကြောင့် လင်းမိသားစုနဲ့ ရှစ်မိသားစုကြားမှာ အမုန်းတရားတွေ ဖြစ်တည်လာနိုင်တယ်။ ဒီတော့ မင်းကို ရောင်းထုတ်လိုက်ခြင်းအားဖြင့် ရှစ်မိသားစုဆီက မျက်နှာသာပေးမှုကို ငါကရမယ်။ ဘာလို့ မလုပ်ရမှာလဲ။ အခု ငါ့ရဲ့လက်ထဲမှာ ဒီဆေးနည်းပညာ ရှိသွားပြီ။ ရှစ်မိသားစုနဲ့ မျှဝေပြီး သုံးစွဲလို့ရတယ်။ ငါတို့ အတူတူ စီပွားရေး လုပ်လို့ရတယ် မဟုတ်လား”
ရှမ့်လန်က ပြောလိုက်သည်။ “ရှစ်မိသားစုက ကျုပ်ကို ဘယ်တော့မှ မျက်လုံးထဲ ထည့်တာမဟုတ်ဘူး။ ပုရွက်ဆိတ်လေး တစ်ကောင်လိုပဲ သတ်မှတ်ထားခဲ့တာ။ ကျုပ်တို့ရဲ့ အမုန်းတရားက ကြီးမားတာ မဟုတ်ဘူး။ ဒါပေမဲ့ ကျုပ် ခင်ဗျားကို ဆေးနည်းအသစ် ရောင်းချလိုက်တယ်ဆိုတာ ရှစ်မိသားစုကို ဖျက်ဆီးဖို့အတွက် အခွင့်အရေး အသစ်ပေးခဲ့တာနဲ့ တူတူပဲ။ ဒီတော့ သူတို့ရဲ့ အမုန်းတရားတွေက ပိုပြီးတော့ ကြီးမားလာခဲ့တာလား”
“အမှန်ပဲပေါ့”
လင်းဝူက ပြောလိုက်၏။ “ငါ သူတို့ကို သတင်းပေးခဲ့တဲ့အတွက် ရှစ်မိသားစုက ငါ့အပေါ် အကြွေးကြီးကြီးမားမား တင်သွားခဲ့ပြီ။ ပြီးတော့ ငါ့သားရဲ့ အနာဂတ်ကလည်း အာမခံချက် ရှိသွားပြီ။”
“သူဌေးလင်း.. တကယ့်ကို ကြမ်းတမ်းတယ်။ ရက်စက်တယ်။ ဒါပေမဲ့ ကျုပ် နားလည်ပေးနိုင်ပါတယ်” ရှမ့်လန်သည် ပြောပြီးနောက် အပြင်ဘက်သို့ ထွက်လျှောက်လိုက်သည်။
..........
အဓိကဟောခန်းဆီသို့ ပြန်ရောက်သည့် အချိန်မှာတော့ လင်းမိသားစု၏ စစ်သည်များနှင့် ရှစ်မိသားစု၏ စစ်သည် များသည် ရှမ့်လန်အား အလယ်တွင် ဝိုင်းပိတ်ထားကြ၏။
နံပါတ်ဆယ်သုံးသည် ဘေးတစ်ဖက်တွင် အသာထိုင်လျက် ရှိနေပြီး မျက်လုံးကိုပင် စုံမှိတ်ထား၏။ ရွှမ်ဝူမြို့၏ စစ်သည်များလည်း ရောက်ရှိနေကြသည်။
ထိုအထဲမှ အရာရှိငယ်တစ်ဦးမှာ ရွှမ်ဝူမြို့၏ ပြစ်မှုနှင့် အကျဉ်းထောင်များကို စီမံခန့်ခွဲသော မြို့စာရေးဖြစ်ပြီး ထိုသူသည် ရှမ့်လန်အား အထပ်ထပ်အခါခါ စူးစိုက် ကြည့်နေ၏။
ရှစ်ချင်းချင်းက ပြောလိုက်သည်။ “ရှမ့်လန်... အရာရှိတွေကို ပြောလိုက်။ ဒီဆိုးဆေးနည်းအသစ်ကို ဘယ်လို ခိုးခဲ့တယ်ဆိုတဲ့ အကြောင်းကို။ ရှင့်ကို စွန့်ပစ်ခဲ့တာကို မကျေနပ်တာကြောင့် ဒီလို ပြစ်မှုတွေ လုပ်ခဲ့တယ်ဆိုတာ သေသေချာချာ ပြောလိုက်။ ရှင်သာ အပြစ်ကိုဝန်ခံရင် ကျွန်မတို့ ဒီအချိန်မှာ အရေးမယူတော့ဘူး၊ ရှင် ခဏတာ စိတ်ရှုပ်ထွေးသွားတယ်လို့ပဲ သဘောထားလိုက်ပါ့မယ်။ တကယ်လို့ ရှင် ခေါင်းမာမိုက်မဲနေရင်တော့ ကျွန်မတို့ ရှစ်မိသားစုကို ရက်စက်တယ်လို့ အပြစ်မတင်ပါနဲ့”
ရှမ့်လန်ကဲ့သို့သော လူတစ်ယောက်ကို ချောင်ထဲသို့ တွန်းပို့ပြီးသည့်နောက် အရာအားလုံး ပြုလုပ်နိုင်မည်ဟု သူမက တွက်ချက်ထား၏။ မည်သို့ပင်ဆိုစေကာမူ ရှစ်မိသားစု ပြောဆိုခဲ့သည့် စကားလုံးများသည် လက်ရှိ အခြေအနေတွင် အမှန်တရား ဖြစ်လို့နေ၏။
ရှမ့်လန်ကဲ့သို့သော လူတစ်ယောက်အနေနှင့် ကိုယ်ပိုင် ဆိုးဆေးနည်းပညာအသစ်ကို ဖော်ထုတ်နိုင်လိမ့်မည် မဟုတ်ချေ။ ယခု ရရှိထားခဲ့သည့် ဆိုးဆေးနည်းပညာအသစ်သည် ရှစ်မိသားစု သုတေသန ပြုလုပ်ထားသည့် အရာသာ ဖြစ်မည်ဟု အားလုံးကလည်း သတ်မှတ်ထားကြသည်။
“ဟား ဟား ဟား”
ရှမ့်လန်သည် အားရပါးရ အော်ဟစ်ကာ ရယ်မောလိုက်၏။ သူသည် ရှစ်မိသားစုကို တိတ်တဆိတ်နှင့် စတင်ကာ လက်စားချေရန် စီစဉ်ထားခဲ့၏။ သို့ပေမဲ့ မထင်မှတ်ထားလောက်အောင်ဘဲ ပထမဦးဆုံး ပြိုလဲသွားခဲ့သည့်လူသည် ရှစ်မိသားစုမှ မဟုတ်ဘဲ သူဖြစ်လို့နေ၏။