အပိုင်း (၁၂)
Vol. 1 Ch. 12
ရှမ့်လန်သည် မည်သို့မှ မနေနိုင်ဘဲ နံပါတ်ဆယ့်သုံးကို လှမ်းကာ ကြည့်ရှုလိုက်၏။ အဘယ်ကြောင့်ဆိုသော် နံပါတ် ဆယ့်သုံးသည် အဝတ်နက်ဂိုဏ်းမှ ထျန်းဟန်၏ စိတ်ဆန္ဒကို ကိုယ်စားပြုသောကြောင့်ပင်။
လွန်ခဲ့သောခဏက ရှမ့်လန် ဆိုးဆေးကို ဖော်စပ်နေစဉ်တွင် လူကုံတန်ပွဲရုံ၏ သူဌေးလင်းဝူသည် သူ့ကို သစ္စာဖောက်ခဲ့ပြီး ရှစ်မိသားစု ဆီသို့ တစ်စုံတစ်ယောက်ကို စေလွှတ်ကာ သတင်းပေးပို့ခဲ့၏။
ထိုအရာကို နံပါတ်ဆယ့်သုံးက သေသေချာချာ မြင်လိုက်၏။ သို့ပေမဲ့ တားဆီးရန် မကြိုးစားသလို သူ့ကို သတိပေး ခဲ့ခြင်းလည်း မရှိချေ။ ထို့ကြောင့် ရှမ့်လန် ရင်ဆိုင်နေရသည်မှာ ဧရာမအင်အားကြီး သုံးဖွဲ့ဖြစ်သည်။ ရှစ်မိသားစု၊ လင်းမိသားစုနှင့် အဝတ်နက်ဂိုဏ်းမှ ထျန်းဟန်တို့ပင်ဖြစ်သည်။
ထို့ကြောင့် လက်ရှိအခြေအနေတွင် အကောင်းဆုံးသော ဖြေရှင်းနည်းမှာ ထိုဆေးနည်းကို သူ ခိုးယူခဲ့မိကြောင်း ဝန်ခံခြင်းပင်ဖြစ်၏။ ပြီးမှသာလျှင် လက်စားချေရမည်။ သူ့၌ လုံလောက်သည့် အာဏာနှင့် စွမ်းရည်များ တည်ရှိသည်ဆိုပါက လက်စားချေခြင်းကို ရူးရူးမူးမူး ပြုလုပ်နိုင်၏။
ရှစ်ချင်းချင်းသည် ရွှမ်ဝူမြို့၏ အရာရှိများရှေ့၌ ကတိစကားကို ဆိုခဲ့၏။ ရှမ့်လန်သာ အပြစ်ကို ဝန်ခံပါက အရာအားလုံးကို ခွင့်လွှတ်ပေးမည်ဆိုသည့် ကတိပင်။
သူမသည် ဂုဏ်သိက္ခာတရားကို အလေးအမြတ်ထားသည့် မိန်းမတစ်ယောက်ဖြစ်သည်။ ရှမ့်လန်သာ ဝန်ခံပါက ယနေ့အချိန်၌ ခက်ခဲသည့် ကိစ္စရပ်များကို ထပ်မံ ပြုလုပ်မည် မဟုတ်ချေ။ နောက်ရက်မှသာလျှင် ပိုက်ဆံများ အသုံးပြု၍ ရှမ့်လန်အား ရှင်းပစ်ချင်၊ ရှင်းပစ်ပေလိမ့်မည်။ ယနေ့အချိန်အခါမှာတော့ ရှမ့်လန်သည် လုံခြုံ ပေလိမ့်မယ်။
သို့ပေမဲ့ တခြားသောသူများသည် မစင်ပုံးကို သူ၏ခေါင်းပေါ် လောင်းချသည့်အပြင် သူ၏ မျက်နှာကို တံတွေးနှင့် ထွေးချင်နေသည်လား။ ကျိန်းသေပေါက် လက်သင့်ခံမည် မဟုတ်ချေ။ ရှမ့်လန်သည် ဘယ်သောအခါကမှ ကြောက်လန့်လိမ့်မည် မဟုတ်ချေ။
ထို့ကြောင့် ရှစ်ချင်းချင်းကို လှမ်းကာ ကြည့်ရှု၍ မေးမြန်းလိုက်၏။ “ကျုပ်က ရွှေရောင်ဆိုးဆေးနည်းပညာကို ခိုးယူခဲ့တယ်လို့ ခင်ဗျား ပြောတယ်မဟုတ်လား။ ဒီတော့ ခင်ဗျားဆီမှာ ဘယ်လိုသက်သေမျိုးရှိလဲ”
ရှစ်ကွမ်းယွမ်က နှာခေါင်းရှုံ့ကာ ပြောလိုက်သည်။ “မင်း.. ရှမ့်လန်က မောက်မာပြီးတော့ ဦးနှောက်မရှိတဲ့ အမှိုက်ကောင်ပဲ။ ငါတို့ ရှစ်မိသားစုက ပိုးထည်နဲ့ အဝတ်အစားလုပ်ငန်းကို ပြုလုပ်နေတာ ရာစုနှစ်နီးပါးတောင် ရှိနေပြီ။ ဒီတော့ ဆိုးဆေးနဲ့ပတ်သက်ရင် ငါတို့က အကျွမ်းကျင်ဆုံးပဲ။ ချင်းချင်းနဲ့ ငါက သွေးတွေ၊ ချွေးတွေ၊ မျက်ရည်တွေကို ရင်းပြီးတော့ ဒီရွှေရောင်ဆိုးဆေးနည်းပညာကို သုတေသန ပြုလုပ်ခဲ့တယ်လေ။ ဒီအတွက်နဲ့ ပတ်သက်ပြီး လူအင်အား၊ အရင်းအမြစ်၊ ပိုက်ဆံ ... အရာအားလုံးကို အသုံးပြုခဲ့တယ်။ နှစ်တွေ အကြာကြီးလည်း ကြိုးစားခဲ့ရတယ်။
ငါတို့ ဒီလျှို့ဝှက်ချက်ကို ဖုံးကွယ်ထားတာက ဧကရာဇ်မင်းမြတ်ရဲ့ ပိုးထည်ရက်လုပ်ရေးစံအိမ်ကို အံ့အားသင့်စေချင်လို့ပဲ။ ဒါပေမဲ့ မင်းလို ကိုယ့်အိမ်ကလူကိုယ် ပြန်သစ္စာဖောက်တဲ့ကောင်က ငါတို့မိသားစုရဲ့ ပစ္စည်းဥစ္စာကို ခိုးယူရုံတင်မကဘူး၊ ငါတို့အိမ်က အိမ်ဖော်မလေးကို လိင်ပိုင်းဆိုင်ရာ စော်ကားတယ်၊ နောက်ဆုံး ငါတို့မိသားစုရဲ့ အသက်သွေးကြောဖြစ်တဲ့ ဆိုးဆေးဖော်မြူလာကိုပါ ခိုးယူခဲ့တယ်"
ပြီးသည့်နောက် ရှစ်ကွမ်းယွင်သည် အေးစက်စက်ဖြင့် ပြောလိုက်၏။ “ချင်းချင်း... ဒီဆေးနည်းအသစ်က အရမ်းကို အရေးကြီးတယ်နော်။ ဘယ်လိုဖြစ်ပြီးတော့ အံဆွဲထဲကို ထည့်ထားရတာလဲ”
ရှစ်ချင်းချင်းက ပြောဆိုလိုက်၏။ “တောင်းပန်ပါတယ် အဖေ။ ကျွန်မ အရင်တုန်းက ရှမ့်လန်ကို အရမ်းယုံကြည်ခဲ့ တယ်လေ။ သူ ဒီလိုကိစ္စမျိုး လုပ်မယ်လို့ ဘယ်လိုလုပ်ထင်မိမှာလဲ”
ပြီးသည့်နောက် သူမသည် ရှမ့်လန်ကို လှမ်းကာ ကြည့်ရှုလိုက်သည်။
“ရှင် ရှစ်မိသားစုထဲမှာ နေထိုင်တဲ့ အချိန်တုန်းက အစေခံတချို့က ရှင့်ကို အနိုင်ကျင့်တဲ့အချိန်မှာ ကျွန်မ သူတို့အားလုံးကို အပြစ်ပေးခဲ့တယ်လေ။ ပြီးတော့ ရှင် ဆိုးရွားလှတဲ့ ကိစ္စရပ်တွေကို ပြုလုပ်ခဲ့တယ် ဆိုရင်တောင်မှ ရှင့်ကို ဘာတစ်ခုမှ အပြစ်မပေးခဲ့ဘူး။ အိမ်ကနေပဲ နှင်ထုတ်ခဲ့တယ်။ ရှစ်မိသားစုက ရှင့်ကို ဒီလိုမျိုး သဘောထားခဲ့တယ်ဆိုတာ ရှင့်ရဲ့ နိမ့်ကျတဲ့ ဦးနှောက်နဲ့ အသိပညာကြောင့်ပဲ”
ကျွန်မ ရှင့်ဆီ နေ့စဉ်နေ့တိုင်းလာပြီး စကားပြောခဲ့တယ်။ ဘာလို့ ဒီလိုကိစ္စမျိုးကို လုပ်ရတာလဲ။ ရှင့်အပေါ်ကို ကျွန်မ စေတနာထားခဲ့လို့ပေါ့။ ရှင့်ကို စွန့်ပစ်ခဲ့တဲ့အတွက် ကျွန်မကို လက်စားချေချင်တယ် ဆိုရင်တောင်မှ ကိုယ်တိုင်ကိုယ်ကျ တစ်ယောက်ချင်းစီလာပြီး လက်စားချေတာပဲ ကောင်းလိမ့်မယ်။ ဘယ်လိုဖြစ်ပြီး ကျွန်မတို့ မိသားစု သွေးတွေ၊ ချွေးတွေ ရင်းနှီးထားတဲ့ အရာအားလုံးကို ဖျက်ဆီးပစ်ဖို့ ကြိုးစားရတာလဲ။ ပြီးတော့ ရှင် ဒီလို အရှက်မဲ့တဲ့ ကိစ္စရပ်မျိုးကို ပြုလုပ်တတ်တယ်ဆိုမှတော့ ရှစ်မိသားစုက ကန်ထုတ်ခဲ့တာ အပြစ် မဟုတ်တော့ဘူး”
ဤစကားကို ကြားသောအခါ၊ ထိုနေရာရှိ အရာရှိများ၏ မျက်နှာအမူအရာမှာ ပြောင်းလဲသွားခဲ့၏။ သို့ပေမည့် သူတို့သည် ရှစ်ကွမ်းယွမ်နှင့် ရှစ်ချင်းချင်းတို့ ပြောဆိုသည့် အကြောင်းအရာများကို တစ်ဝက်နီးပါးခန့်သာ ယုံကြည်၏။
ရှစ်မိသားစုသည် ပိုးထည်ဆိုးဆေးပညာတွင် အမှန်တကယ် ကျွမ်းကျင်ကြသည်။ သို့မဟုတ်ပါက သူတို့၏ ပိုးထည်များသည် ဧကရာဇ်မင်းမြတ်၏ ပိုးထည်ရက်လုပ်ရေးစံအိမ်သို့ အထူးတင်သွင်းနိုင်မည် မဟုတ်ပေ။ ထို့အတူ ရှမ့်လန်၏ ပညာအရည်အချင်းမရှိသော၊ ဉာဏ်ရည်မမီသော ဂုဏ်သတင်းကို သူတို့ ကြားဖူးကြသည်။ ထို့ကြောင့် သူတို့သည်လည်း ဤဖော်မြူလာအသစ်မှာ ရှစ်မိသားစု၏ သုတေသနပြုချက်ဖြစ်ပြီး ရှမ့်လန် ခိုးယူခဲ့သည်ဟု ယုံကြည်ကြသည်။
ရှမ့်လန်သည် ဖြည်းညှင်းစွာဖြင့် ပြောဆိုလိုက်သည်။ “ခင်ဗျားဆီမှာ သက်သေလည်း မရှိဘူး။ ကျုပ်ဆီမှာလည်း သက်သေမရှိဘူး။ ဒါပေမဲ့ ဒီဆေးနည်းပညာက ခင်ဗျားတို့ ရှစ်မိသားစုက ဖန်တီးပြုလုပ်ထားတယ်လို့ အားလုံးသော သူတွေက ယုံကြည်နေကြတယ်။ ဒီတော့ ကျုပ်ကိုယ်ကျုပ် ကာကွယ်ဖို့အတွက် ခက်ခဲနေပြီ။
ရှစ်ကွမ်းယွမ်သည် စိတ်ထဲတွင် တိတ်တဆိတ်ကြိတ်ကာ ရယ်မောလိုက်၏။ “ကိုယ့်ကိုယ်ကိုယ် သိရင် ကောင်းသားပဲ”
ဤကိစ္စသည် တကယ်ပင် စိတ်ကျေနပ်ဖွယ်ရာဖြစ်၏။ သူ့အနေနှင့် တကယ့်ကို အံ့အားသင့်စရာကောင်းသည့် ရွှေရောင်ဆိုးဆေး နည်းပညာကို လွယ်လွယ်ကူကူနှင့် အလကားရရှိခဲ့ရုံသာမက ရှမ့်လန်အားလည်း ထောင်ထဲသို့ ထည့်သွင်းရန် အကြောင်းပြချက်ကောင်းလည်း ရရှိခဲ့သည်။
ချက်ချင်းဆိုသလိုပဲ ရှစ်ကလန်၏ ခေါင်းဆောင်သည် အေးစက်စက် ပြောလိုက်၏။ “အမှန်တရားက ပေါ်လာခဲ့ပြီပဲ။ သူ့ကို ဖမ်းလိုက်တော့။ ဒီလိုအမှိုက်မျိုးက နှိပ်စက်ခံရမယ်ဆိုရင် ဝန်မခံဘဲ မနေဘူး”
“ဘယ်လိုဖြစ်ပြီး အရမ်းလောနေတာလဲ သူဌေးရှစ်”
ရှမ့်လန်သည် အသာပြုံးကာ ပြောလိုက်သည် “ကိုယ့်ကိုယ်ကိုယ် ခုခံကာကွယ်ဖို့ ခက်ခဲတယ်ဆိုပေမဲ့ ဒီအချက်အလက်တွေနဲ့ ပတ်သက်ပြီး သက်သေပြဖို့ လွယ်ပါတယ်လေ”
ပြီးနောက် ရှမ့်လန်သည် ရှစ်ချင်းချင်းကို ကြည့်ရှုကာဖြင့် ပြောလိုက်၏။
“မိန်းကလေးချင်းချင်း... ခင်ဗျားက ဆိုးဆေးလုပ်ငန်းမှာ ကျွမ်းကျင်တယ်ဆိုတော့ ကျုပ်မေးချင်တယ်။ ဘယ်လို အရောင်မျိုးက ဆိုးဆေးအတွက် ပြုလုပ်ဖို့ အခက်ခဲဆုံးလဲ”
ရှစ်ချင်းချင်းက ပြောလိုက်၏။ “အခက်ခဲဆုံး အရောင်ကတော့ ခရမ်းရောင်ပေါ့”
မှန်ပါသည်။ ရှေးခေတ်က ဆိုးဆေးဆိုးရာတွင် အခက်ခဲဆုံးအရောင်မှာ အဝါရောင်မဟုတ်ဘဲ ခရမ်းရောင်ဖြစ်သည်။ သဘာဝအတိုင်း ခရမ်းရောင်ကို ဆိုး၍မရပေ။ ရှေးတရုတ်ပြည်တွင် ခရမ်းရောင်မြက်ပင်များကို အသုံးပြု၍ ခရမ်းရောင်ဆိုးဆေးကို ပြုလုပ်ခဲ့သော်လည်း အရောင်မှာ ညံ့ဖျင်းခဲ့သည်။ နောက်ပိုင်းတွင် ခရမ်းရောင်ခရုတစ်မျိုးဖြင့် ခရမ်းရောင်ဆိုးဆေးကို ပြုလုပ်ခဲ့ရာ ခရမ်းရောင်သည် ပိုမိုလှပလာသည်။ ထိုအချိန်က ဧကရာဇ်တစ်ပါးသည် ခရမ်းရောင်ဝတ်စုံကို ဝတ်ဆင်ရခြင်းကို အလွန်နှစ်သက်ရာ ခရမ်းရောင်အထည်တစ်လိပ်သည် သာမန်အဖြူရောင်အထည်ငါးလိပ်နှင့် ညီမျှစွာ ဈေးနှုန်းမြင့်တက်လာခဲ့သည်။
သို့သော် ခရမ်းရောင်ခရုဆိုးဆေးဖြစ်စေ၊ ခရုခွံဆိုးဆေးဖြစ်စေ ခရမ်းရောင်ဆိုးဆေးကို သန့်စင်ရာတွင် ကုန်ကျစရိတ်မှာ အလွန်ကြီးမားလှသည်။ ဆိုးဆေးတစ်ဂရမ်မျှသာ ရရှိရန် ခရုခွံ ၃၀၀ ခန့် လိုအပ်သည်။ ထို့ကြောင့် ခရမ်းရောင်ဆိုးဆေးသည် အလွန်ရှားပါးပြီး ဈေးကြီးခဲ့၏။
ထိုသို့ဆိုလျှင် ဤကမ္ဘာ၏ ခရမ်းရောင်ဆိုးဆေးကို အဘယ်မှ ရရှိသနည်း။ အပြာရောင်ဆိုးဆေးနှင့် အနီရောင်ဆိုးဆေးတို့ကို တိုက်ရိုက်ရောစပ်ခြင်းဖြင့် ရရှိသည်။ သို့သော် ဆိုးဆေး၏ အာနိသင်မှာ အလွန်ကောင်းမွန်သည်ဟု မဆိုနိုင်ပေ။
အဘယ်ကြောင့်ဆိုသော် ဤဆိုးဆေးနှစ်မျိုးလုံးမှာ အရည်အသွေးမကောင်းသဖြင့် ရောစပ်လိုက်သည့်အခါ ခရမ်းရောင်ရရှိသော်လည်း ရလဒ်မှာ ရောထွေးနေသည်။ ပထမအချက်မှာ ဆိုးဆေးမညီညာခြင်း၊ အသားရောင်မှာ မာကျောခြင်း၊ အဓိကအချက်မှာ အရောင်လွင့်လွယ်ခြင်းတို့ ဖြစ်သည်။
ရှမ့်လန်က ပြောဆိုလိုက်၏။ “အင်း.. ခရမ်းရောင်က အဝါရောင်ထက် ပိုပြီးတော့ ခက်တာပေါ့ ဟုတ်လား”
ရှစ်ချင်းချင်း “သိပ်မှန်တာပေါ့”
ခရမ်းရောင်ဆိုးဆေးအား ဤကမ္ဘာ၏ ပိုးထည်လောကတွင် မဖြေရှင်းနိုင်သော ပြဿနာတစ်ခုအဖြစ် သတ်မှတ်ထားသည်။
ရှမ့်လန်က ပြောလိုက်၏။ “အင်း.. ဒီရွှေရောင်ဆိုးဆေးကို ကျုပ်မခိုးဘူးဆိုတဲ့ သက်သေပြဖို့အတွက် အရမ်းကို ရိုးရှင်းတယ်။ ခရမ်းရောင်ဆိုးဆေးတစ်ခုကို အတူတူ လုပ်လိုက်ကြရအောင်။ ခင်ဗျားတို့ ရှစ်မိသားစုမှာရှိတဲ့ အရင်းအမြစ်တွေ အကုန်လုံးကို အသုံးပြုပြီး ခရမ်းရောင်ဆိုးဆေး တစ်ခုကို ဖန်တီးကြ။ ကျုပ်က တစ်ယောက်တည်းပဲ။ ပြီးတော့ ပိုက်ဆံလည်း မရှိဘူး။ ဒါပေမဲ့ အရိုးအရှင်းဆုံးနဲ့ ကုန်ကျမှုအနည်းဆုံး နည်းစနစ်ကို အသုံးပြုပြီးတော့ ခရမ်းရောင်ဆိုးဆေးကို ဖန်တီးမယ်။ ဒီမှာရှိတဲ့ လူတွေအားလုံးရှေ့မှာ ပြုလုပ်ကြမယ်။ ဘယ်သူက အလှပဆုံးခရမ်းရောင်ကို ပြုလုပ်နိုင်သလဲဆိုတာ ့ကြည့်မယ်။ ဘယ်လိုလဲ”
ပြောပြောပြီးချင်းမှာပဲ တည်နေရာတွင် ရှိနေသည့် အမှုထမ်းများတို့သည် သဘောတူညီဟန်ဖြင့် ခေါင်းကို ညိတ်လိုက်ကြသည်။
ရှစ်ချင်းချင်းနှင့် ရှစ်ကွမ်းယွမ်တို့သည် တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်သည်။ သူတို့သည် ရှမ့်လန်ကို အကျဉ်းထောင်သို့ တိုက်ရိုက်ပို့ရန် ကြံရွယ်ထားပြီး မည်သည့်အရာနှင့်မျှ ယှဉ်ပြိုင်လိုခြင်း မရှိပေ။
ထို့ကြောင့် ရှစ်မိသားစုအကြီးအကဲ သည် နှာခေါင်းရှုံ့ကာ ပြောလိုက်သည်။
"ငါတို့က မင်းကို ဘာလို့သဘောတူရမှာလဲ။ ငါတို့အချိန်တွေကို ဖြုန်းတီးတာနဲ့တူတူပဲ။ တိုက်ရိုက်ဖမ်းဆီးပြီး နှိပ်စက်လိုက်ရင် မင်း ဝန်မခံဘဲ မနေနိုင်ပါဘူး"
အကယ်၍ ထိုနေရာတွင် မည်သည့်အမှုထမ်းမှ မရှိပါက ရှမ့်လန်၏ ဤနည်းလမ်းသည် အသုံးဝင်မည်မဟုတ်ပေ။ သို့သော် ထိုနေရာတွင် အမှုထမ်းအချို့ရှိနေပြီး၊ အမှုထမ်းများထဲတွင် ဂုဏ်သိက္ခာကို တန်ဖိုးထားသူအချို့ရှိရာ၊ အထူးသဖြင့် အရာရှိတစ်ဦးကို ရှမ့်လန််က မှတ်မိနေ၏။
ထို့ကြောင့် ရှမ့်လန်သည် အသက်အငယ်ဆုံးအရာရှိထံသို့ ကြည့်လိုက်သည်။ မှတ်မိသလောက်ဆိုလျှင် ထိုသူသည် ရွှမ်ဝူမြို့တော်၏ အကျဉ်းထောင်ကို တာဝန်ယူထားပြီး မကြာသေးမီကမှ ရွေးချယ်ခံထားရသူဖြစ်သည်။
ရှမ့်လန်၏ အကြည့်ကို မြင်ရချိန်မှာတော့ ထိုလူငယ်အရာရှိက ပြောလိုက်၏။ "ရှစ်မိသားစုအကြီးအကဲ၊ သူ့ကို စမ်းကြည့်ခွင့်ပေးလိုက်ပါ။ သူသာ ပိုကောင်းတဲ့ ခရမ်းရောင်ဆိုးဆေးကို မဖော်စပ်နိုင်ရင် သူ အရင်က ပြောခဲ့သလိုပဲ ရွှေရောင်ဆိုးဆေးဖော်မြူလာက ခိုးယူထားတာလို့ သက်သေပြပြီးသား ဖြစ်သွားမှာပဲ။ တိုက်ရိုက် ဖမ်းဆီးလိုက်ရုံပဲ"
ဤလူငယ်အရာရှိက စကားစလိုက်ချိန်မှာတော့ ရှစ်မိသားစုအကြီးအကဲ၏ မျက်လုံးများသည် အေးစက်သွားပြီး ထိုအရာရှိကို စူးစိုက်ကြည့်လိုက်သည်။ ဤသူသည် အမှန်တကယ်ပင် ငယ်ရွယ်သေးပြီး ခေါင်းမာသူ တစ်ဦးဖြစ်သည်။
သို့ပေမည့် သူ၏ စိတ်ထဲတွင် မလိုလားသော်လည်း ဤအရာရှိက စကားစလိုက်ပြီဖြစ်သောကြောင့် ငြင်းဆန်ရန် မကောင်းတော့ပေ။ ထို့အပြင် သူသည် ရှမ့်လန် မည်သည့်ဆိုးဆေးကိုမျှ ဖော်စပ်နိုင်လိမ့်မည်ဟု မထင်ချေ။ ရှစ်ချင်းချင်းထက် ရှမ့်လန်ကို မည်သူကမျှ ပိုမိုနားလည်မည်မဟုတ်ပေ။ ဤရွှေဝါရောင် ဆိုးဆေးနည်းစနစ်ကို ရှမ့်လန်က မည်သည့်နေရာမှ ရရှိခဲ့သည်ကို မသိသော်လည်း ဆိုးဆေးနည်းပညာတွင် ရှစ်မိသားစုသည် အကျွမ်းကျင်ဆုံးဖြစ်သောကြောင့် ရှမ့်လန်သည် မလွဲမသွေ ရှုံးနိမ့်မည်ဖြစသည်။ စောစောသေသည်ဖြစ်စေ၊ နောက်ကျသေသည်ဖြစ်စေ သေရမည်သာပင်။
"ဒါဆိုရင်တော့ ဆန္ဒအတိုင်းပါပဲ"
ရှစ်မိသားစုအကြီးအကဲက တင်းမာခက်ထန်စွာ ပြောလိုက်သည် "ဒီအသုံးမကျတဲ့ကောင် ဘယ်လောက်ကြာကြာ ဆွဲဆန့်နိုင်မလဲ ကြည့်ကြတာပေါ့"
ရှမ့်လန်က မေးလိုက်၏ "ကျုပ် ကုန်ကျစရိတ်သက်သာစွာနဲ့ ဖော်စပ်တဲ့ ခရမ်းရောင်ဆိုးဆေးက ပိုကောင်းတယ်ဆိုရင် အဲဒါက ဘာကို သက်သေပြတာလဲ"
ရှစ်ချင်းချင်းသည် သဘောမတွေ့သော်လည်း ပြန်လည် ဖြေဆိုလိုက်သည်။ "ရွှေရောင်ဆိုးဆေးဖော်မြူလာကို ရှင်ခိုးယူတာမဟုတ်ဘဲ ကျွန်မတို့က ရှင့်ကို မှားပြီး စွပ်စွဲမိကြောင်း သက်သေပြတာပေါ့"
ရှမ့်လန်က တောင်းဆိုလိုက်၏ "ဒါဆိုရင် အဲဒီအချိန်မှာ ခင်ဗျားတို့က အသရေဖျက်ခဲ့ကြောင်း ဝန်ခံရမယ်၊ ပြီးတော့ ကျုပ်ကို တောင်းပန်ရမယ်"
ရှစ်မိသားစုအကြီးအကဲသည် အေးစက်စွာ ပြောလိုက်သည်။ "မင်း နိုင်မှသာ ထပ်ပြော"
ရှမ့်လန် "ကောင်းပြီ၊ အချိန်ခြောက်နာရီ သတ်မှတ်ကြစို။ ခြောက်နာရီကြာပြီးတဲ့အခါ အမှန်တရားကို ဖော်ထုတ်ကြတာပေါ့"
“ကောင်းပြီ” အမှုထမ်းများထဲမှ တစ်ယောက်က ပြောလိုက်၏။
ရှစ်ကွမ်းယွမ်က ပြောလိုက်သည်။ “ဒါဆိုရင် အိမ်ကိုပြန်၊ အကောင်းဆုံး အလုပ်သမားတွေကို ရွေးခဲ့။ ချင်းချင်းက ကိုယ်တိုင်ကိုယ်ကျ ဦးစီးလိမ့်မယ်။ အကောင်းဆုံး ခရမ်းရောင်ဆိုးဆေးကို ပြုလုပ်ကြရအောင်”
“ကောင်းပါပြီ” ရှစ်ချင်းချင်းက ပြောဆိုလိုက်၏။ ဤတစ်ကြိမ်မှာတော့ ရှစ်မိသားစုသည် သူတို့၏ အရင်းအမြစ်များ အားလုံးကို အသုံးပြုရန် စီစဉ်နေပြီဖြစ်၏။ သို့ပေမဲ့ ရှမ့်လန်မှာတော့ တစ်ယောက်တည်း ဖြစ်၏။
သူသည် လင်းဝူကို ပြောလိုက်သည်။ “သူဌေးလင်း... ကျုပ် ခင်ဗျားရဲ့ လုပ်ငန်းခွင်ကို ခဏလောက် ငှားအုံးမယ်”
“ကောင်းပြီ” လင်းဝူက ပြောလိုက်၏။
.......
ရှမ့်လန်သည် နောက်ဖေးခြံဝန်းထဲသို့ ဝင်ရောက်ပြီးသည့်နောက် သူ၏လျှို့ဝှက်လက်နက်ကို ထုတ်ယူလိုက်၏။ ခရမ်းရောင်ဆိုးဆေး၏ အကောင်းဆုံးအရင်းအမြစ်မှာ ရေညှိပင်ဖြစ်သည်။ ၎င်းသည် ရေညှိပင်တစ်မျိုးဖြစ်ပြီး နေရာတိုင်းတွင် ရှိနေကာ တန်ဖိုးမရှိပေ။ သို့သော် ဤပစ္စည်းဖြင့် ပြုလုပ်သော ခရမ်းရောင်မှာ အလွန်တောက်ပ၊ သက်ဝင်လှပပြီး အလှဆုံးဖြစ်၏။
၁၈ ရာစု ဗြိတိန်တွင် ကပ်ဘတ်သည် ရေညှိပင်တစ်မျိုးမှ ခရမ်းရောင်ဆိုးဆေးကို ပြုလုပ်နိုင်ကြောင်း မတော်တဆ တွေ့ရှိခဲ့ပြီး အာနိသင်မှာ အလွန်ကောင်းမွန်ခဲ့သည်။ ထို့နောက် ဤလစ်တမတ်စ်ရေညှိပင်မှ သန့်စင်ထားသော ခရမ်းရောင်ဆိုးဆေးသည် ဆိုးဆေးလောကကို နှစ်ပေါင်း ၁၀၀ ကျော်ကြာ အုပ်စိုးခဲ့ပြီး ဓာတုဗေဒလုပ်ငန်း တိုးတက် လာသောအခါမှ ကုန်ကျစရိတ်ပိုမိုသက်သာသော ပေါင်းစပ်ခရမ်းရောင်ဆိုးဆေးများ ပေါ်ပေါက် လာခဲ့သည်။
သို့ပေမည့် ရှမ့်လန်သည် လစ်တမတ်စ်ရေညှိပင်ကို အဘယ်ကြောင့် ကြိုတင်ပြင်ဆင်ထားသနည်း။ အဘယ်ကြောင့်ဆိုသော် ဤသည်မှာ သူ၏ ကြိုတင်ပြင်ဆင်မှုဖြစ်သည်။ လင်းဝူသည် သူ့ကို သစ္စာဖောက်နိုင်ခြေမှာ အလွန်နည်းပါးသော်လည်း သူသည် ထိုသို့ဖြစ်လာနိုင်ချေအား ထည့်တွင်း တွက်ချက်ထားခဲ့ခြင်း ဖြစ်သည်။ ယခုအချိန်မှာတော့ လျှို့ဝှက်လက်နက်ကို အမှန်တကယ် အသုံးပြုရပေပြီ။
ရှမ့်လန်သည် လစ်တမတ်စ်ရေညှိပင်ကို ကြိတ်ချေပြီးနောက် ပါဝင်ပစ္စည်းများနှင့်အတူ ပြုတ်လိုက်သည်။ လျင်မြန်စွာပင် သန့်စင်သော ခရမ်းရောင်ဆိုးဆေးကို ရရှိခဲ့သည်။ ထို့နောက် ပိုတက်စီယမ်ဖြင့် အရောင်တင်လိုက်သည်။
လျှင်မြန်စွာပင် ကုန်ကျစရိတ်သက်သာပြီး အလွန်လှပသော ခရမ်းရောင်ဆိုးဆေး ထွက်ပေါ်လာခဲ့သည်။ ဤကမ္ဘာ၏ ခရမ်းရောင်ဆိုးဆေးနှင့် နှိုင်းယှဉ်လျှင် မည်မျှပိုကောင်းသည်ကို မသိနိုင်ပေ။
သို့နောက် ရှမ့်လန်သည် အရောင်မရှိသော ပိုးထည်ကို ဆိုးဆေးထဲသို့ ထည့်ဆိုးလိုက်ပြီးနောက် နေပူထဲ၌ လှန်းထားလိုက်သည်။ လျင်မြန်စွာပင် ခရမ်းရောင်ပိုးထည် ပေါ်ထွက်လာခဲ့သည်။
အလွန်လှပသော ခရမ်းရောင်ဖြစ်ပြီး အလွန်တောက်ပ၊ သက်ဝင်ကာ မြင့်မြတ်သော အသွင်ဆောင်နေသည်။ ဤကမ္ဘာ၏ ခရမ်းရောင်ပိုးထည်ကို လုံးဝအနိုင်ယူနိုင်စွမ်းရှိ၏။
သို့သော် ရှမ့်လန် ပြုလုပ်ရမည်မှာ ခရမ်းရောင်တစ်ခုတည်း မဟုတ်ပေ။ ခရမ်းရောင်တစ်ခုတည်းဖြင့် ရှစ်မိသားစုကို အနိုင်ရလျှင် သူ၏ ဂုဏ်သိက္ခာလျော့ကျပေလိမ့်မည်။ ထို့ကြောင့် သူသည် အချိန်ကို အကောင်းဆုံးအသုံးချကာ လင်းဝူ၏ ပစ္စည်းများကို အသုံးပြုပြီး ဆိုးဆေးခုနစ်မျိုးကို ပြုလုပ်ကာ ခမ်းနား ထည်ဝါပြီး အလွန်လျှို့ဝှက်ဆန်းကြယ်သော သက်တံ့ရောင်ပိုးထည်ကို ဆိုးရမည်။
အနီ၊ လိမ္မော်၊ အဝါ၊ အစိမ်း၊ အပြာ၊ မဲနယ်၊ ခရမ်းရောင်တို့ကို ပိုးထည်တစ်ခုတည်းပေါ်တွင် အတူတကွ ဆိုးရမည်ဖြစ်သည်။ အပိုင်းလိုက်ဆိုးသည့်နည်းလမ်းဖြင့် ဆိုးရမည်ဖြစ်ပြီး ပြုလုပ်ပုံ တိကျလျှင် ပြုလုပ်မည့် သက်တံ့ရောင်ပိုးထည်မှာ အလွန်အံ့ဩဖွယ်ကောင်းပြီး အလွန်လှပမည်ဖြစ်သည်။
သူသည် အထူးကျွမ်းကျင်သော ဆိုးဆေးပညာရှင်မဟုတ်သော်လည်း အမှန်တကယ်တွင် ဆိုးဆေး ဝါသနာအိုးတစ်ဦးဖြစ်သည်။ ပိုးထည်ပြတိုက်တွင် သူသည် တစ်လခွဲကြာအောင် တက်ရောက်ခဲ့ဖူးပြီး အလွန်စိတ်ဝင်စားဖွယ်ရာကောင်းသော ဝါသနာအတန်းတစ်ခုအဖြစ် အချိန်အတော်ကြာ လေ့လာခဲ့၏။
ရှမ့်လန်သည် ရှစ်မိသားစုဆီသို့ သားမက်အဖြစ် ရောက်ရှိလာပြီးနောက် နေ့စဉ် အလုပ်သမားများ အထည်ဆိုးနေသည် ကို မြင်တွေ့ခဲ့ရသည်။ ထို့ကြောင့် ဆက်စပ်မှတ်ဉာဏ်များ ပြန်ပေါ်လာခဲ့သည်။ အဓိကအချက်မှာ ရှမ့်လန်၏ ဦးနှောက်ထဲရှိ ကွန်ပြူတာထဲမှ အချက်အလက်များဖြစ်ပြီး အဆင့်တိုင်းကို ရှင်းလင်းစွာ ရေးသားထားသည်။ ထို့ကြောင့် သူသည် အထူးကျွမ်းကျင်စွာ မပြုလုပ်နိုင်သော်လည်း လုံလောက်အောင် ကောင်းမွန်နေခဲ့ခြင်းပင်။
ခြောက်နာရီခန့် ကြာမြင့်ပြီးသည့်နောက် ရှမ့်လန်သည် အရာအားလုံး ပြုလုပ်ပြီးခဲ့ပြီဖြစ်၏။ ဤခရမ်းရောင် ပိုးထည်သည် ရှစ်ချင်းချင်းကို အနိုင်ယူနိုင်ရန် လုံလောက်သည့်အရာဖြစ်၏။ ထို့အပြင် သူသည် သက်တန့်ရောင် ပိုးထည် တစ်ခုကိုလည်း ဖန်တီးပြုလုပ်ထားသေး၏။ ဤအရာမှာ သူ၏ဝှက်ဖဲပင် ဖြစ်၏။
လောကကြီး တစ်ခုလုံး၌ မထင်မှတ်ထားသည့်အရာမှာ သက်တန့်ရောင် ပိုးထည်ပင် ဖြစ်ပေမည်။ ရှစ်မိသားစု၏ ဆိုးဆေးလုပ်ငန်းအား အပိုင်းပိုင်း ၊ အစစဖြစ်အောင် ပြုလုပ်နိုင်ဖို့ဆိုလျှင် သူ့၌ ဤကဲ့သို့သော ဝှက်ဖဲများကို ကိုင်ဆောင်ထားမှ ဖြစ်ပေလိမ့်မည်။