← Chapters

အပိုင်း (၁၃)

Vol. 1 Ch. 13

အပိုင်း (၁၃)

Vol. 1 Ch. 13

ရှမ့်လန်က ထွက်မလာသေးချေ။ သို့ပေမဲ့ ရှစ်မိသားစုမှ ဖန်တီးထားသည့် ခရမ်းရောင်ပိုးထည်သည် စားပွဲပေါ်သို့ ရောက်ရှိနေပြီ ဖြစ်၏။ လက်ရှိအခြေအနေမှာတော့ ဟောခန်းတစ်ခုလုံးတွင် ဖယောင်းတိုင်မီးများနှင့် ထိန်ထိန်ငြီးလျက် ရှိပြီး နေ့အလား လင်းလက်တောက်ပလျက် ရှိနေ၏။ ရေတွက်၍မရအောင် များပြားလွန်းသည့် ဖယောင်းတိုင်မီးများ၏ အလင်းရောင်အောက်တွင် ခရမ်းရောင်ပိုးထည်သည် မျက်စိပေါင်းများစွာကို ဖမ်းစားထားသည်။

ရှစ်မိသားစု၏ အတော်ဆုံးသော ဆိုးဆေးပညာရှင်သည် ဦးခေါင်းကို ညွတ်ကာဖြင့် ပြောဆိုလိုက်၏။ “သခင်ကြီး၊ သခင်မလေး.. ဒါ ခရမ်းရောင်ဆိုးဆေး အသစ်ပါပဲ။ အပြာနဲ့အနီ ရောစပ်ထားတာမျိုး မဟုတ်ဘူး။ ကျိန်းသေပေါက် ခရမ်းရောင်မြက်တစ်မျိုးကနေ သန့်စင်ပြီး ပြုလုပ်ထားတာပါ။ ဈေးကွက်ထဲကိုတောင် မဖြန့်ချည်ရသေးပါဘူး”

ရှစ်ကွမ်းယွမ်၊ လင်းဝူနှင့် တခြားသောသူများသည် ဖယောင်းတိုင်မီး၏ အရှေ့ရှိ ခရမ်းရောင်ပိုးထည်ကို သေသေချာချာ ကြည့်ရှုလိုက်၏။ တကယ်ပင် ကြည့်ရှု၍ကောင်းလွန်းလှပြီး အရည်အသွေးအရ ထိုက်တန်သည့် အရာပင်ဖြစ်၏။ အရောင်သည် သန့်စင်သည့်အရောင်မျိုး ဖြစ်သလို တောက်ပစူးရှမှုလည်းရှိ၏။ ရှစ်မိသားစုသည် ကောင်းမွန်သည့် အရာမျိုးကို ဖန်တီးပြုလုပ်ခဲ့သည်ဟု သတ်မှတ်ရပေမည်။

အကျဉ်းထောင် အရာရှိငယ်သည် သေသေချာချာ စစ်ဆေးကြည့်ရှုပြီးနောက် ဤခရမ်းရောင် ပိုးထည်မှာ အံ့အားသင့်စရာ ကောင်းသည့်အရာမျိုး ဖြစ်ကြောင်းကို ဝန်ခံမိ၏။ သူသည် တော်ဝင်မျိုးနွယ် မဟုတ်ချေ။ သို့ပေမည့် ဂုဏ်သိက္ခာ ကြီးမားသည့် မိသားစုတစ်ခုမှ ပေါက်ဖွားလာခဲ့သောကြောင့် ခရမ်းရောင်၏ နက်နဲမှုကို သေသေချာချာ သိရှိပြီးဖြစ်၏။

ရှစ်ချင်းချင်းက ပြောလိုက်သည်။ “ပညာရှင်ရှု.. သေသေချာချာ ပြောပြလိုက်ပါအုံး”

ရှစ်မိသားစု၏ အတော်ဆုံးသော ဆိုးဆေးပညာရှင်သည် ချောင်းဟန့်ကာ အသာပင် ပြောဆိုလိုက်၏။ “အရှင့်ကို သတင်းပို့ရမယ်ဆိုရင် ဒီနိမ့်ကျတဲ့ မိသားစုက မျိုးရိုးစဉ်ဆက် ဆိုးဆေးလုပ်ငန်းကိုပဲ ပြုလုပ်ခဲ့တာပါ။ ကလေးဘဝ တည်းက ဒါမျိုးကို လေ့လာရတာ နှစ်ခြိုက်ခဲ့တယ်။ ပြောရမယ်ဆိုရင် ရွှေဝါရောင်က အရှင်မင်းကြီး အတွက် အထူးတလည် ဖန်တီးပြုလုပ်ထားတာလေ။ ဒါကြောင့် ဒီနိမ့်ကျလှတဲ့လူက ခရမ်းရောင်နဲ့ အဝါရောင်ကို ရောစပ်ပြီးတော့ ကောင်းမွန်တဲ့အရာတစ်ခုကို ဖန်တီးပြုလုပ်ဖို့ စမ်းသပ်ခဲ့တယ်။ ကုန်ကြမ်းပစ္စည်းပေါင်း တစ်ရာကျော်ကို စုပေါင်းစမ်းသပ်ခဲ့ပြီးတဲ့နောက်မှာ သမိုင်းမှတ်တမ်းတွင်လောက်မယ့် အရာမျိုးကို ဖန်တီးနိုင်ခဲ့ပါပြီ”

ပြောပြီးသည့်နောက် သူသည် စာအုပ်တစ်အုပ်ကို လှမ်းကာ ကမ်းပေးလိုက်သည်။

ဤလူငယ်သည် ရွှမ်ဝူအကျဉ်းထောင်၏ တာဝန်ရှိသူ မင်းမှုထမ်းတစ်ယောက်လည်းဖြစ်၏။ မြို့တော်ဝန်အိမ်ရာတွင် တာဝန်ထမ်းဆောင်လျက်ရှိသည့် ဝန်ထမ်းများစွာထဲမှ တစ်ယောက်လည်းဖြစ်၏။ သူသည် စာအုပ်ကို အသာယူကာဖြင့် သေသေချာချာ လှန်လှောကြည့်လိုက်၏။ အထဲတွင် စမ်းသပ်မှုအတွက် ပြုလုပ်ထားသည့် အရာများ၊ ပါဝင်ပစ္စည်းများနှင့် လက်ရေးမူများ အားလုံးက ပါဝင်လျက် ရှိနေ၏။ ထိုအရာသည် အတုပြုလုပ်ရန် ခက်ခဲသည့် အရာမျိုးဖြစ်၏။

“ဒီရှမ့်လန်က ရှစ်မိသားစုရဲ့ သမက်တစ်ယောက် ဖြစ်ခဲ့တယ်။ ဒါပေမဲ့ သူက နိမ့်ကျတဲ့ဉာဏ်ရည်ကို ပိုင်ဆိုင်တာကြောင့် တခြားသူတွေရဲ့ အထင်အမြင်သေးခြင်းကို ခံရတယ်။ ဘာလို့လဲ မသိဘူး။ သူက အမြဲတမ်းဆိုသလို ကျုပ်တို့ ဆိုးဆေးပြုလုပ်တဲ့နေရာကို လာရှုပ်တတ်တယ်။ ဒါတွေကို မြင်ပြီး သေသေချာချာ မှတ်သားသွားခဲ့တာပဲ ဖြစ်ရမယ်” ဆိုးဆေးပညာရှင်က ပြောဆိုလိုက်သည်။

သူ့အနေနှင့် အလုံးစုံ လိမ်ညာနေခြင်း မဟုတ်ချေ။ ရှမ့်လန်တစ်ယောက် သူ အလုပ်လုပ်သည့်ဆီသို့ တစ်ခါတစ်ရံ လာတတ်သည်ကို သူက သတိပြုမိ၏။ ထို့ကြောင့်ပင်လျှင် ထိုအရာများကို ပြန်လည် ထုတ်ဖော်ကာ ပြောဆိုခဲ့ခြင်း ဖြစ်၏။

ဤကဲ့သို့သော အကြောင်းအရာများကြောင့် ရှမ့်လန်သည် ဒုက္ခရောက်တော့မည်ဖြစ်ကြောင်း ရှစ်ကွမ်းယွမ်နှင့် ရှစ်ချင်းချင်းတို့က ကောင်းကောင်း သိရှိလေ၏။ ရှမ့်လန်၏ စွမ်းဆောင်ရည် ကောင်းမွန်သည်ကို သူတို့ သိရှိနေပြီဖြစ်၏။ သို့ပေမည့် ဘာတတ်နိုင်မည်နည်း။ အရာအားလုံးသည် သူတို့၏ လက်ထဲတွင် ရှိလို့နေသည်။။

ရှစ်ကွမ်းယွမ်က ပြောလိုက်၏။ “ဆရာတို့… မျက်မြင်သက်သေတွေ ရှိနေပြီနော်။ သူ့ကို ဖမ်းလို့ မရသေးဘူးလား”

ဆရာတို့ဆိုသည့် စကားလုံးများကို ပြောဆိုလိုက်သော်လည်း သူ၏မျက်လုံးများသည် လူငယ် မင်းမှုထမ်းကို စူးစိုက်ကာ ကြည့်ရှုလျက် ရှိနေ၏။ ဤလူငယ်သာ မရှိပါက ရှမ့်လန်ကို သူတို့ ကျိန်းသေပေါက် ဖမ်းဆီးပြီး နှင့်နေပြီမှာ ကြာမြင့်နေလောက်နေပြီ။

လူငယ်မင်းမှုထမ်းသည် စာအုပ်ကို သေသေချာချာ ကြည့်ရှုပြီးသည့်နောက် လက်ထဲတွင် ရှိနေသည့် ခရမ်းရောင် ပိုးထည်ကိုလည်း ကြည့်ရှုလိုက်၏။ မည်သို့မှ မနေနိုင်ဘဲ ခေါင်းကို တဆတ်ဆတ်ညိတ်လိုက်၏။

“ကြည့်ရတာ ဒါ အမှန်ဖြစ်ဖို့များတယ်” သူက အသာပင် ခေါင်းညိတ်လိုက်သည်။

“ကိုယ့်လူတို့… ရှမ့်လန်ကို သွားဖမ်းတော့” ရှစ်မိသားစု၏ ခေါင်းဆောင်က အသာအော်ဟစ်လိုက်၏။ ပြီးသည့်နောက် မင်းမှုထမ်းများ ပြုမူဆောင်ရွက်မည်ကို မစောင့်တော့ချေ။ ရှစ်မိသားစု၏ သိုင်းပညာရှင်များသည် အရှေ့ဆီသို့ လှမ်းတက်ကာဖြင့် နောက်ဖေးခြံဝန်းထဲသို့ လှမ်းဝင်လိုက်၏။

သို့သော်ငြား သူတို့ တံခါးမဖွင့်လိုက်ရချေ။ နောက်ဖေးခြံဝန်း၏ တံခါးက ပွင့်လာခဲ့ပြီး ရှမ့်လန်သည် ခပ်တည်တည်ဖြင့် လျှောက်ထွက်လာခဲ့သည်။

ရှစ်ကွမ်းယွမ်သည် အေးစက်စက် အော်ဟစ်လိုက်၏။ “ရှမ့်လန်.. မျက်မြင်သက်သေနဲ့ ပစ္စည်းသက်သေတွေ စုံနေပြီ။ မင်း ထောင်ထဲကို သွားဖို့သာ စောင့်တော့”

ရှမ့်လန်သည် လူငယ်မင်းမှုထမ်းကို လှမ်းကြည့်ကာဖြင့် ပေါ့ပေါ့ပါးပါး ပြောလိုက်သည်။ “အင်း… ဒါတွေက တကယ့် မျက်မြင်သက်သေတွေ ဟုတ်ရဲ့လား”

ရှမ့်လန်သည် စားပွဲပေါ်တွင် ရှိနေသည့် ခရမ်းရောင်ပိုးထည်ကို လှမ်းကာ ကြည့်ရှုရင်း အံ့အားသင့်မိသွား၏။ ဤခရမ်းရောင်ပိုးထည်သည် ရှစ်မိသားစု ဖန်တီးထားသည့်အရာပေလား။ ယခင်တုန်းကထက် နှိုင်းယှဉ်ရမည် ဆိုလျှင် ပိုမိုကာ ကောင်းမွန်လာသည်ကိုတော့ ဝန်ခံရပေမည်။ အရောင်သည် ပိုမိုသန့်စင်ကာဖြင့် တောက်ပ လာခဲ့၏။

သို့ပေမဲ့ ရှမ့်လန်ပြုလုပ်ထားသည့် ခရမ်းရောင်ဆိုးဆေးနှင့် နှိုင်းယှဉ်ရမည်ဆိုလျှင်တော့ ကွာခြားချက်က ကြီးမားလွန်း၏။ သူသည် အထူးပင် ရှားပါးလွန်းသည့် ရေညှိကို အသုံးပြုကာဖြင့် ဖန်တီးထားခဲ့သော ဆိုးဆေး ဖြစ်သည်မို့ စိတ်ဝိညာဉ်စွမ်းအင်များ တလက်လက် တောက်ပနေသကဲ့သို့ပင်။

ရှမ့်လန်သည် ရုတ်တရက် ပြုံးကာဖြင့် ပြောလိုက်သည်။ “ရှစ်ချင်းချင်း… အရှေ့မှာရှိတဲ့ ပိုးထည်က ရှစ်မိသားစုရဲ့ အဆင့်အမြင့်ဆုံး ပိုးထည်လား”

“အင်း”

ရှစ်ချင်းချင်းက ပြောလိုက်၏။ “ရှမ့်လန်.. ရှစ်မိသားစု ပြုလုပ်ထားတဲ့အရာက ရှင်လုပ်ထားတာထက်တော့ ပိုပြီး ကောင်းလိမ့်မယ်။ ရှင်က အရှက်မဲ့တဲ့ သူခိုးတစ်ယောက်ပဲလေ။ ရွှေရောင်ဆိုးဆေး ဆေးနည်းကို ယူသွားရုံတင် မကဘူး။ အခု ခရမ်းရောင်ဆိုးဆေး ဆေးနည်းကိုလည်း ခိုးသွားပြန်ပြီလား။ မိသားစုထဲမှာ သူခိုးတစ်ယောက် ရှိခဲ့တာ တကယ် ခက်ခဲတာပဲ”

မည်သည့်စကားကိုမှ မဆိုချေ။ ရှမ့်လန်သည် သူ၏ ခရမ်းရောင်ပိုးထည်ကို ထုတ်ယူကာ အားလုံး၏ ရှေ့သို့ ချလိုက်သည်။

ချက်ချင်းဆိုသလိုပဲ ရှစ်ကွမ်းယွမ်နှင့် လင်းဝူတို့၏ မျက်လုံးများက လင်းလက်သွားခဲ့၏။ ပထမဦးဆုံး ၎င်းတို့နှစ်ယောက်၏ မျက်လုံးများထဲတွင် မယုံကြည်နိုင်မှုများနှင့် ပြည့်နှက်သွားခဲ့၏။ ပြီးသည့်နောက် မျက်လုံးထဲတွင် လိုချင်လောဘများနှင့် ပြည့်နှက်လာခဲ့တော့၏။

ရှစ်မိသားစု ပြုလုပ်ခဲ့သည့် ခရမ်းရောင်ပိုးထည်သည် ကောင်းမွန်၏။ သို့ပေမဲ့ ရှမ့်လန် ပြုလုပ်ထားသည့် ပိုးထည်နှင့် နှိုင်းယှဉ်မည်ဆိုလျှင် ကျိန်းသေပေါက် ကွာခြားချက်က အလွန့်အလွန်ကို ကြီးမားနေလေသည်။ ရှမ့်လန် ဖန်တီးထားခဲ့သည့် ခရမ်းရောင်ဆိုးဆေးသည် တကယ့်ကို နက်နဲပြီး သေသပ်လှပလွန်း၏။ တော်ဝင်ဆန်သည့် အရှိန်အဝါမျိုးကိုလည်း ပေးအပ်လျက် ရှိနေသည်။

အနိုင်ရရှိသူကို သေသေချာချာ သုံးသပ်ရန်ပင် မလိုအပ်တော့ချေ။ တစ်ချက်ကြည့်ရှုလိုက်ရုံနှင့် သိရှိနေလေပြီ။

ရှမ့်လန်က နှာခေါင်းရှုံ့လိုက်၏။ “ရှစ်ကွမ်းယွမ်၊ ရှစ်ချင်းချင်း… ဒီဆိုးဆေးနည်းက ခင်ဗျားတို့ မိသားစုဆီက ခိုးလာတာတော့ မဟုတ်ဘူးမို့လား”

ရှစ်ကွမ်းယွမ်နှင့် ရှစ်ချင်းချင်းတို့သည် မည်သို့မှ မနေနိုင်ဘဲ တစ်ယောက်ကိုတစ်ယောက် ကြည့်ရှုလိုက်ကြ၏။ သူတို့သည် အလွန်ပဲ အံ့အားသင့်လို့နေသည်။

ဘာတွေဖြစ်ကုန်သနည်း။ ရှမ့်လန်သည် သူတို့ မိသားစုထဲတွင် လအနည်းငယ်ကြာ နေထိုင်ခဲ့၏။ ရှမ့်လန်ကို သူမ ကောင်းကောင်းသိရှိပြီးဖြစ်၏။ စိတ်ပိုင်းဆိုင်ရာအရ လိုအပ်ချက်ရှိပြီး ကျပ်ပြည့်သည့် လူလည်း မဟုတ်ချေ။ ဘာတစ်ခုကိုမှ သိရှိခြင်းမရှိသည့် ကျိန်းသေပေါက် အမှိုက်တစ်စပင်။

ပထမဦးဆုံး ရွှေဝါရောင်ဆေးနည်းကို ထုတ်ဖော်နိုင်သည် သာမက ယခု ခရမ်းရောင်ဆိုးဆေးနည်းကိုလည်း ထုတ်ဖော်လျက် ရှိနေ၏။ အမှန် အံ့အားသင့်စရာပင်။ ပထမအကြိမ် ဖြစ်တည်ခြင်းသည် တိုက်ဆိုင်သည်ဟု သတ်မှတ်ရမှာဖြစ်၏။ လက်ရှိအချိန်မှာတော့ တိုက်ဆိုင်မှု မဟုတ်တော့ချေ။

နှစ်ပေါင်းရာချီအတွင်း ဆိုးဆေးနည်းပညာအသစ် မည်မျှ အများအပြားကို ကျိန်းသေပေါက် ရှားပါးလွန်းခဲ့၏။ ထို့ကြောင့် ဤပြိုင်ပွဲတွင် ကျိန်းသေပေါက် အနိုင်ရရှိသူမှာ မည်သူဖြစ်ကြောင်း ထင်ရှားသွားခဲ့ပြီဖြစ်၏။

မူလအားဖြင့် ရှစ်မိသားစုသည် ၎င်းတို့၏ အဆက်အသွယ်များ၊ နောက်လိုက်များကို အသုံးပြုကာဖြင့် ရှမ့်လန်ကို ဖမ်းဆီးကာ အကျဉ်းထောင်ထဲသို့ ပို့ချင်၏။ သို့ပေမဲ့ လူငယ်မင်းမှုထမ်းသည် ရုတ်တရက် ရောက်ရှိ လာခဲ့ပြီး သူတို့၏ အကြံအစည်ကို တားဆီးခဲ့၏။ ပြီးနောက် ရှမ့်လန်အား မိမိကိုယ်ကိုယ် ခုခံကာကွယ်ရန် အခွင့်အရေး ပေးအပ်ခဲ့သည်။

ဟုတ်ပေ၏။ ရှစ်မိသားစုသည် ထိုလူငယ်မင်းမှုထမ်းကို မကြောက်လန့်ချေ။ သို့ပေမဲ့ တစ်ဖက်လူသည် ဂုဏ်သိက္ခာ ကြီးမားသည့် မိသားစုမှ ပေါက်ဖွားလာခဲ့သည့်လူဖြစ်ကြောင်း သူတို့က သိရှိ၏။ ထို့အပြင် အကျဉ်းထောင်ကို တာဝန်ယူထားသည့် လူတစ်ယောက်လည်း ဖြစ်သည်။ ထို့ကြောင့် ရှစ်မိသားစုသည် ရှမ့်လန်ကို ယှဉ်ပြိုင်ရန် အခွင့်အရေး ပေးခဲ့ခြင်းသာဖြစ်၏။

ရှစ်ချင်းချင်းသည် ရှမ့်လန်အကြောင်းကို ကောင်းကောင်းသိ၏။ ကျိန်းသေပေါက် ရှမ့်လန်သည် သူမတို့ကို အနိုင်ယူနိုင်လိမ့်မည် မဟုတ်ချေ။ ရှစ်ချင်းချင်း၏ အကြံအစည်သည် တကယ့်ကို ကောင်းမွန်လွန်းသည်ဟု သတ်မှတ်ရပေမည်။ သို့ပေမဲ့ လက်ရှိအခြေအနေမှာတော့ အရာအားလုံးက ပြောင်းပြန်လှန်သွားခဲ့သည်။

ရှမ့်လန်က နှာခေါင်းရှုံလိုက်၏။ “ဒီအရောင်အပိုင်းအစက မလုံလောက်သေးဘူးထင်တယ်။ ဒါဆိုရင် ဒီတစ်ခုကကော”

ပြီးနောက် သူသည် သူ၏ဝှက်ဖဲကို ထုတ်ယူလိုက်၏။ သက်တန့်ရောင်ပိုးထည်ပင် ဖြစ်သည်။

များပြားလွန်းသည့် ဖယောင်းတိုင်မီးရောင်များ၏အောက်တွင် သက်တန့်ရောင်ပိုးထည်သည် တောက်ပ လွန်နေ၏။ အားလုံးသောသူတို့သည် သက်မကိုပင် ချလိုက်မိကြ၏။

မည်သို့ဖြစ်နိုင်မည်နည်း။ တကယ်ကို လှပလွန်းလှချေ၏။ ဤကဲ့သို့ ဆေးဆိုးနိုင်ရန်ဆိုသည်မှာ လွယ်ကူသည့် အရာမျိုး မဟုတ်နိုင်ချေ။ အရောင်များကို စပ်ကာ ဖန်တီးပြုလုပ်ထားရသောကြောင့် အလွန်တရာ ခက်ခဲလှချေသည်။

ရှမ့်လန်သည် ပြုံးကာ မေးမြန်းလိုက်၏။ “ရှစ်ကွမ်းယွမ်၊ ရှစ်ချင်းချင်း.. ဒါကတော့ ကျုပ် ခင်ဗျားတို့ဆီက ခိုးလာတယ်လို့ ပြောအုံးမှာလား”

လက်ရှိအခြေအနေ၌ အားလုံးသောသူတို့၏ မျက်နှာများကို ပိတ်ရိုက်လိုက်ခြင်းနှင့် ဆင်တူနေသည်။ ရှစ်ကွမ်းယွမ်နှင့် ရှစ်ချင်းချင်းတို့သည် ရှမ့်လန်ကို အံ့အားတသင့်ဖြင့် ကြည့်ရှုလိုက်သည်။

သူတို့၏ သမက်ဟောင်း သည် တစ်စုံတစ်ခု လွဲမှားနေခဲ့သည်လား။ ဆိုးဆေးလုပ်ငန်းတွင် ကျွမ်းကျင်ရုံတင်သာမက အရောင်များစပ်သည့် နေရာ၌ပါ ကျွမ်းကျင်လို့ နေ၏။ ရှစ်ချင်းချင်းသည် အဘယ်ကြောင့် ထိုအရာကို အစောတည်းက မသိရှိ ရသနည်း။

ဆိုးဆေးဖန်တီးခြင်းနှင့် ဆေးဆိုးခြင်းလုပ်ငန်း ဆိုသည်မှာ တခြားသော မိသားစုများအတွက် အသုံးဝင်မည် မဟုတ်သော်လည်း ရှစ်မိသားစုအတွက် တကယ်ပင် မိသားစု၏ ရေသောက်မြစ်ပင်။ ရှစ်မိသားစု၏ စီးပွားရေးကို အခြေအနေတစ်ခုဆီသို့ ထပ်မံမြင့်တက်သွားနိုင်မည့် အရာမျိုးပင်ဖြစ်သည်။

ရှေးယခင်တည်းက ပိုးထည်များသည် တူညီသည့်အရာသာဖြစ်၏။ လှပသည့် ပိုးထည်များကို ဖန်တီး ပြုလုပ်နိုင်ရန်အတွက် အဓိကအရေးအကြီးဆုံးအချက်သည် ဆိုးဆေးလုပ်ငန်းပင် ဖြစ်၏။ အရောင်နည်းစနစ်များကို တက်ကျွမ်းခြင်းဆိုသည်မှာ အားလုံးသောသူတို့ထက် ပိုမိုကာ ခေါင်းတစ်လုံး မြင့်မားသည့် အခြေအနေမျိုးပင်။

မူလအားဖြင့် သူတို့သည် ရှမ့်လန်အား အမှိုက်စတစ်စ ဟု တွေးတောထားခဲ့၏။ သို့ပေမဲ့ မထင်မှတ် ထားလောက်အောင်ဘဲ အံ့အားသင့်စရာ ကောင်းသည့် စွမ်းဆောင်ရည်ကို ပိုင်ဆိုင်သည့် လူတစ်ယောက် ဖြစ်လို့နေခဲ့၏။

ရှမ့်လန်သည် လူငယ်မင်းမှုထမ်းအား လှမ်းကြည့်ကာ ပြောလိုက်သည်။ “ကျေးဇူးပြုပြီး ကျုပ်အတွက် တရားမျှတမှုကို‌ ဆောင်ကျဉ်းပေးပါ”

လူငယ်မင်းမှုထမ်းသည် ရှစ်မိသားစု၏ ခေါင်းဆောင်ကို လှမ်းကြည့်ကာ ပြောလိုက်သည်။ “ရှမ့်လန်က ဒီခရမ်းရောင်ဆိုးဆေးနဲ့ သက်တန့်ရောင်ဆိုးဆေးကို ခိုးယူလာခဲ့တယ်ဆိုတာ ဟုတ်လား၊ မဟုတ်လား ကျေးဇူးပြုပြီး အတည်ပြုပေးပါအုံး”

ချက်ချင်းဆိုသလိုပဲ ရှစ်ကွမ်းယွမ်၏ မျက်နှာပေါ်ရှိ ကြွက်သားများက တဆတ်ဆတ် တုန်ယင်လာခဲ့၏။ လူငယ် မင်းမှုထမ်းသည် အစောကြီးတည်းက သမမျှတသည့် လူတစ်ယောက်အဖြစ် ကြား၌ နေထိုင်ခဲ့သူဖြစ်၏။

လက်ရှိအခြေအနေတွင် သူတို့အား အလျော့ပေးရန် သင်္ကေတ ပြနေသည်လား။ ရှစ်ချင်းချင်းနှင့် စေ့စပ်ထားသည့် အမျိုးသားသည် စီရင်စု အုပ်ချုပ်ရေးမှုး၏ သားဖြစ်သည်။ ကျန်းမိသားစုကို အာခံရန် ကြိုးစားနေသည်လား။ အနာဂတ်တွင် နေရာ ပျောက်သွားနိုင်သည့် အခြေအနေမျိုး မဟုတ်ပါလား။

ခေါင်းဆောင်ရှစ်သည် နှလုံးသားထဲတွင် အငြှိုးအတေး ကြီးမားစွာဖြင့် လူငယ်မင်းမှုထမ်းကို စူးစိုက် ကြည့်ရှုလိုက်၏။ သူသည် တစ်ဖက်လူကို တကယ်ပဲ မောင်းထုတ်လိုက်ချင်၏။ သို့ပေမဲ့ မဖြစ်နိုင်ချေ။

“မဟုတ်ပါဘူး” ရှစ်ကွမ်းယွမ်က အေးစက်စက် ပြောလိုက်သည်။

လူငယ်မင်းမှုထမ်းသည် ရှစ်ချင်းချင်းကို လှမ်းကြည့်ကာ ပြောလိုက်၏။ “မိန်းကလေးရှစ်.. ဘယ်လိုထင်လဲ။ ရှမ့်လန်က ဒါတွေကို ခင်ဗျားတို့အိမ်က ခိုးလာခဲ့တာလား”

ရှစ်ချင်းချင်း၏ လှပသည့် မျက်လုံးများက ကျဉ်းမြောင်းသွားခဲ့၏။ လူငယ်မင်းမှုထမ်းသည် တကယ့်ကို ပြဿနာကောင် ဖြစ်သလို ရှစ်မိသားစုအား ဘက်ကန်လျက် ရှိနေသည်ကို သူမ သေသေချာချာ သိရှိ၏။ ရှစ်မိသားစုနှင့် ၎င်း၏ ကြားထဲတွင် ရန်ငြိုးရန်စ ရှိနေလေသည်လား။ သို့မဟုတ် ကျန်းကျင်းနှင့် ၎င်း၏ ကြားထဲတွင် ရန်ငြိုးရန်စ ရှိနေလေသည်လား။ လူငယ်မင်းမှုထမ်းသည် အဘယ်ကြောင့် စီရင်စုအုပ်ချုပ်ရေးမှုး၏ ခမည်းခမက်နှင့် ပြဿနာတက်ချင် နေရသနည်း။

“မဟုတ်ပါဘူး” ရှစ်ချင်းချင်းက ထူးမခြားနားသလို ပြောလိုက်သည်။

“မဟုတ်ဘူးဆိုမှတော့ ရှမ့်လန်က အပြစ်ကင်းပြီ”

လူငယ်မင်းမှုထမ်းက ပြောလိုက်၏။ “ခေါင်းဆောင်ရှစ်၊ သခင်မလေးရှစ်… ကျေးဇူးပြုပြီး ရှမ့်လန်ကို တောင်းပန်လိုက်ပါ”

ရှစ်ကွမ်းယွမ်သည် ဒေါသတရားများကြောင့် တကိုယ်လုံးပင် တုန်ယင်သွားခဲ့၏။ သူက အေးစက်စက် နှာခေါင်းကိုရှုံကာဖြင့် အင်္ကျီလက်ကို လွှဲယမ်းလိုက်၏။ ပြီးနောက် တိုက်ရိုက်ဆိုသလိုပဲ ထွက်ခွာသွားခဲ့သည်။

ရှစ်ချင်းချင်း၏ အမူအရာကလည်း အနည်းငယ် ပြောင်းလဲသွားခဲ့လေ၏။ သို့ပေမဲ့ သူမသည် သူမ၏ အမူအရာကို ချက်ချင်းပဲ ပြန်လည်ထိန်းချုပ်ပြီး ရှမ့်လန်ဘက်သို့ အသာဦးညွတ်ကာ ပြောလိုက်၏။ “တောင်းပန်ပါတယ်။ အရင်က နားလည်မှု လွဲမှားခဲ့တာကြောင့် ရှင့်ကို အထင်အမြင် သေးခဲ့မိတယ်။ နှုတ်ဆက်ပါတယ်”

ပြီးနောက် သူမသည် ကြည့်ကောင်းလှစွာဖြင့် အသာထွက်ခွာသွားခဲ့၏။ အိမ်သို့ပြန်ရောက်ပြီးလျှင် ဤလူငယ်မင်းမှုထမ်းအား လက်စားချေရန်အတွက် ကျန်းကျင်းကို တောင်းဆိုမည်ဟု သူမက ဆုံးဖြတ်လိုက်၏။ ရှစ်မိသားစုကို ပုန်ကန်သော မည်သည့် မင်းမှုထမ်းမဆိုသည် ရွှမ်ဝူမြို့တွင် နေထိုင်ခွင့် မရှိစေရ။

ရှစ်ချင်းချင်း ထွက်ခွာသွားခဲ့ပြီးနောက် ရှမ့်လန်သည် လူငယ်မင်းမှုထမ်းကို ဦးညွတ်ကာ ပြောလိုက်သည်။ “ကျေးဇူး… ကျေးဇူးတင်ပါတယ် ဆရာ။ မတွေ့ရတာ ကြာပါပြီ။ ဘယ်လိုလဲ။ ဒီနှစ်ပိုင်းအတွင်း နေရတာ အဆင်ပြေရဲ့လား။ ရွှမ်ဝူအိမ်တော်ရဲ့ သခင်မလေးကျင်းကကော အဆင်ပြေရဲ့လား”

All Chapters