မိစ္ဆာ စစ်ဦးစီး
Vol. 10 Ch. 968
သခင်မလေးကျိ၊ ကောင်းကင် ဗိုလ်ချုပ်ဟူတို့ အုပ်စုသည် ချန်းဖန်တို့ထက် ဦးစွာ ထွက်သွားခဲ့သည့်တိုင် နတ်ဘုရား ကုန်းမြေ၏ ဝင်ပေါက်၌ သောင်တင် နေကြသည်။ အကြောင်းရင်းကား လူတစ်စုမှာ နတ်ဘုရား ကုန်းမြေ ဝင်ပေါက်ကို ပိတ်ကာ ရပ်နေခြင်းကြောင့် ဖြစ်၏။
ချန်းဖန်သည် တဖြည်းဖြည်း နီးကပ်လာသည်နှင့် ထိုလူများကို ရှင်းလင်းစွာ မြင်လာရသည်။
နတ်ဘုရား ကုန်းမြေ ဝင်ပေါက်၏ ဘယ်ဘက် အခြမ်း၌ ရပ်နေသူမှာ လက်နှစ်ဖက်ကို နောက်ပစ်ထားသည့် အနက်ရောင် ဝတ်စုံဝတ် အသက်လတ် လူတစ်ယောက် ဖြစ်သည်။ သူ၏ မျက်လုံးများသည် ခရမ်းရောင် ဖြစ်ကာ ကြောက်မက်ဖွယ် မိစ္ဆာစွမ်းအင်များက သူ၏ ခန္ဓာကိုယ်၌ စီးဆင်းနေ၏။
ညာဘက် အခြမ်းတွင် ရပ်နေသူမှာမူ တာအို တန်ခိုးရှင် အဘိုးအို တစ်ဦး ဖြစ်သည်။ သူသည် ကျောထက်၌ “အတိတ်ကို သိရန် အနာဂတ်ကို သင်ယူပါ” ဟု အဓိပ္ပာယ် ရသည့် သင်္ကေတ တစ်ခုကို သယ်ပိုးထား၏။ ထိုတာအို တန်ခိုးရှင်၏ ညာဘက်လက်တွင် သံလိုက်အိမ်မြှောင် တစ်ခုရှိသည်။ သူ၏ ဘယ်ဘက်လက်ကမူ အနီရောင် ဂါဝန် ဝတ်ဆင်ထားသည့် ကလေးမလေး တစ်ဦးကို ဆွဲထား၏။
တစ်ချိန်တည်း၌ နတ်ဘုရား ကုန်းမြေဝင်ပေါက်၏ အလယ်၌ ရပ်နေသူမှာမူ လော့ချန်ရှန်းပင် ဖြစ်သည်။ သူသည် ချန်းဖန်အား ဝတ်ကြေတန်းကြေ နှုတ်ဆက်ပြီးသည်နှင့် ထိုနေရာ၌ ပြန်လည် နေရာယူလိုက်ခြင်း ဖြစ်သည်။
ချန်းဖန်နှင့် လော့ချန်ရှန်းသည် မြောက်နတ္ထိနယ်တွင် တစ်ကြိမ် ဆုံတွေ့ဖူးသည်။ ထိုစဥ်က လော့ချန်ရှန်းသည် ချန်းဖန်အား “စီနီယာချန်း” ဟု ခေါ်ကာ တရိုတသေ ဆက်ဆံခဲ့သည်။ သို့သော်လည်း ယခုတွင်မူ သူ၏ အသုံးအနှုန်းက “ကျင့်ကြံသူချန်း” ဟု ပြောင်းလဲသွားပြီ ဖြစ်သည်။
နောက်ဆုံး တစ်ယောက်မှာ အေးစက်ပြီး ဆွဲဆောင်မှု ရှိသော မိန်းကလေး တစ်ဦး ဖြစ်သည်။ သူမသည် လော့ချန်ရှန်း၏ ဘေးတွင် ကပ်ကာ ရပ်နေ၏။ သူမ၏ အရှိန်အဝါမှာ လော့ချန်ရှန်း၊ ဂူရှောင်ရီ တို့ထက်ပင် ပို၍ သိပ်သည်း နေသည်။ ချန်းဖန်သည် သူမအား တစ်ခါမှ မမြင်တွေ့ဖူးချေ။
သေချာ အကဲခတ်ပြီးနောက် ထိုလူများမှာ တစ်ဖွဲ့တည်း မဟုတ်သလို ကျိမိသားစုမှ လူများကို တားဆီးနေခြင်းလည်း မဟုတ်ကြောင်း ချန်းဖန် ခန့်မှန်းမိသည်။ သူတို့သည် နတ်ဘုရား ကုန်းမြေ၏ ဝင်ပေါက်၌ ရပ်ရင်း တစ်ယောက်ကို တစ်ယောက် အကဲခတ် နေခြင်းသာ ဖြစ်သည်။ ကျိမိသားစုမှလူများကိုမူ ရှိမှန်းပင် သတိ ထားမိပုံ မပေါ်ချေ။
“သူက မင်းရဲ့ မိတ်ဆွေလား...”
တာအို တန်ခိုးရှင်က မေးလိုက်၏။
“မိတ်ဆွေဟောင်း တစ်ယောက် ဆိုပါတော့... ဟိုတစ်လောက သူ ပြန်လည် မွေးဖွားခြင်းဂိုဏ်းကိုတောင် ဝင်မွှေခဲ့သေးတယ်... သူ ဘယ်သူလဲ ဆိုတာ ခင်ဗျား သိမှာပါ... အရှင်ကု”
လော့ချန်ရှန်းက အေးဆေးစွာ ပြုံးရင်း ပြန်ဖြေ လိုက်သည်။
“အင်း... သိပြီ... မဆိုးဘူး...”
တာအို တန်ခိုးရှင်က ခေါင်းညိတ်လိုက်၏။
ထိုအဘိုးအိုကား ကောင်းကင်အရှင်ကို သတ်ဖြတ်ကာ ထျန်းဟောင်ဂြိုဟ် တစ်ခုလုံးကို တုန်လှုပ်စေခဲ့သည့် ချန်းဖန်အား “မဆိုးဘူး” ဟူသည့် စကားလုံး တစ်ခုဖြင့်သာ တုန့်ပြန်ခဲ့ပေသည်။
အရှင်ကုနှင့် ယှဥ်ပါက လော့ချန်ရှန်း၏ နံဘေးရှိ အေးစက်စက် မိန်းကလေးမှာမူ အတော်အတန် အံ့အားသင့် သွားပုံ ရ၏။ သူမက ချန်းဖန်အား တစ်ချက် တစ်ချက် လှမ်းကြည့်ကာ အကဲခတ်နေသည်။
“စကားများ မနေကြနဲ့ကွာ... ဘေးဖယ်မလား သေမလား... ကြိုက်တာ ရွေးစမ်း...”
ကောင်းကင် ဗိုလ်ချုပ်ဟူ၏ စိတ်ရှည်မှုများကား ကုန်ခမ်း သွားခဲ့ပြီ ဖြစ်သည်။ အကယ်၍ ထိုလူများ၏ ထူးဆန်းသော အရှိန်အဝါများကြောင့်သာ မဟုတ်ပါက သူ ဝင်ရောက် တိုက်ခိုက်ကာ သတ်ဖြတ်ပြီးလောက်ပြီ ဖြစ်သည်။
တစ်ချိန်တည်း၌ သခင်မလေးကျိမှာမူ တိတ်ဆိတ်နေသည်။ သူမသည် “အရှင်ကု” ဟု ခေါ်သော တာအို တန်ခိုးရှင်ကိုသာ စူးစိုက်ကြည့်နေသည်။
“အင်း...ဒီဂြိုဟ်ရဲ့ ကျင့်ကြံသူတွေက အကြီးအကျယ် ကျဆင်း နေတာပဲ... ရွှေအမြုတေ အဆင့် တစ်ယောက်ကတောင် အခြေတည် ဝိညာဥ် အဆင့်ကို အနိုင်ယူနိုင်နေပြီ... နောက်ပြီး ရှေးဟောင်း မိစ္ဆာအင်း အဝင်ဝမှာလည်း အခြေတည် ဝိညာဥ်အဆင့် ခြောက်ယောက်ကို ငါ တွေ့ခဲ့ရတယ်... ငါ မှန်းတာ မမှားရင် သူတို့က မင်း မိတ်ဆွေ ဆိုတဲ့ ကျင့်ကြံသူချန်းရဲ့ နောက်ကို လိုက်နေကြတာပဲ... အခုလည်း အမှိုက်တစ်စုက ငါတို့ကို လာပြီး ကြိမ်းမောင်းနေပြန်ပြီ... ဒီဂြိုဟ်မှာ ဘာတွေ ဖြစ်နေတလဲကွာ”
အရှင်ကုက ခေါင်းအား ခါယမ်း လိုက်သည်။
“သူတို့ အားလုံးက အရူးတွေချည်းပဲ... အရူးတွေ အတွက် စိတ် အနှောက်အယှက် ဖြစ်ခံစရာ မလိုပါဘူး...”
လော့ချန်ရှန်းက အပြုံးဖြင့် ပြောလိုက်သည်။ ထို့နောက် သူက အနက်ရောင် ဝတ်စုံဝတ် လူကို ကြည့်လိုက်၏။
“ကျုပ်ပြောတာ မှန်ရဲ့လား... မိစ္ဆာ စစ်ဦးစီး...”
“မင်းငါ့ကို သိတယ်ပေါ့...”
အနက်ရောင် ဝတ်စုံဝတ်လူက မေးလိုက်သည်။ သူ၏ အသံသည် ခြောက်ကပ်ကာ အက်ကွဲနေ၏။
“မိစ္ဆာ စစ်ဦးစီး ယွမ်လောင်... ရှေးဟောင်း မိစ္ဆာ နတ်ဆိုး ဘုရင်ရဲ့ နံပါတ် ၇၉ စစ်သူကြီး... နောက်ပြီး ခင်ဗျားက ရှေးဟောင်း မိစ္ဆာအင်းရဲ့ စောင့်ရှောက်သူပဲ... ကျုပ် ခင်ဗျားကို မသိပဲ မနေဝံ့ပါဘူး...”
လော့ချန်ရှန်းက အပြုံးဖြင့် ပြောလိုက်သည်။
“အခြေတည် ဝိညာဥ် အဆင့်... မိစ္ဆာ စစ်ဦးစီး ယွမ်လောင်...”
ကောင်းကင် ဗိုလ်ချုပ်ဟူတို့က နားမလည်စွာ ရေရွတ်လိုက်ကြ၏။ တစ်ချိန်တည်း၌ သခင်မလေးကျိမှာမူ အရှင်ကု ဟု ခေါ်သော တာအို တန်ခိုးရှင်ကို ကြည့်ကာ ပို၍ တုန်ရီ လာနေခဲ့ပြီ ဖြစ်လေသည်။
“မင်းတို့ပြောတာ မှန်တယ်... ထျန်းဟောင်ဂြိုဟ်က တကယ်ပဲ ကျဆင်းနေပြီ... အခြေတည် ဝိညာဥ် အဆင့် တစ်ယောက်ကတောင် ငါ့လက်အောက်ငယ်သား နတ်ဆိုး ဗိုလ်ချုပ် တစ်ယောက်ကို အနိုင်မယူနိုင်တော့ဘူး... တကယ်လို့ နတ်ဆိုး စွမ်းအားတွေသာ ထျန်းဟောင်ဂြိုဟ်ပေါ်မှာ ကန့်သတ်ခံ မထားရရင် ငါ မိစ္ဆာနှိမ်ဂိုဏ်း တစ်ခုလုံးကို ရှင်းပြီး နေလောက်ပြီ”
မိစ္ဆာ စစ်ဦးစီး ယွမ်လုံက သွေးဆာမှုများဖြင့် ပြည့်နှက်နေသော လေသံဖြင့် ပြောလိုက်၏။
“ဟမ့်... လိုရင်းကို သွားရအောင်...”
အရှင်ကုက အေးစက်စက် နှာခေါင်းရှုံ့ လိုက်သည်။
“လော့ချန်ရှန်း... မင်းဘေးမှာ ရှိနေတာက ချန်ရှန်းဂိုဏ်းရဲ့ နတ်မိမယ် မလား... ငါ ချန်ရှန်းဂိုဏ်းကို အထင်သေးမိတာပဲ... ဒီတော့ မင်းနဲ့ ယွမ်လောင်က ငါ နှစ်တွေ အကြာကြီး စောင့်ခဲ့တဲ့ ဒီအခွင့်အရေးကို လုယူချင်နေတယ်ပေါ့”
“အရှင်ကု... နတ်ဘုရား သားရဲဂိုဏ်းပဲ ဒီအချိန်ကို စောင့်နေတာ မဟုတ်ဘူး... နောက်ပြီး ခင်ဗျားတို့က ခြေကုပ်အတွက် နတ်ဘုရား သားရဲ နန်းတော်ကိုလည်း လျှို့ဝှက် တည်ဆောက်ပြီးပြီ မဟုတ်ဘူးလား... ဒီတစ်ခေါက် မဟာ အခွင့်အရေးက ကျုပ်တို့အားလုံး အတွက် ပေါ်ပေါက်လာတာ... ဘယ်သူ့မှာ ဖြစ်ဖြစ် ရယူဖို့ အခွင့်အရေး ရှိတယ်”
လော့ချန်ရှန်းက ရယ်မောကာ ပြောလိုက်သည်။
“ငါ့သခင်က ဒီနေရာကို လွန်ခဲ့တဲ့ နှစ်တစ်သိန်းတည်းက တွေ့ထားခဲ့တာ... ဒါပေမဲ့ သူက ကောင်းကင် အရှင် တထျန်းနဲ့ တိုက်ပွဲမှာ ဒဏ်ရာရ သွားခဲ့တယ်... ဒီတစ်ခေါက်ရဲ့ အကျိုးအမြတ်က ငါ့တို့ အတွက်ပဲ ဖြစ်သင့်တယ်”
ယွမ်လောင်ကလည်း အေးစက်စွာ ပြောလိုက်၏။
“ကောင်းပြီလေ... အဆုံးသတ်မှာ ငါတို့ သုံးယောက်ထဲက ဘယ်သူရယ်နိုင်မလဲ ကြည့်ရသေးတာပေါ့”
အရှင်ကုက ဆိုလိုက်၏။
သူတို့ သုံးယောက်စလုံးကား အလွန် အစွမ်းထက်ကြသူများ ဖြစ်သည်။ သူတို့သည် ကျိမိသားစုမှ ကျင့်ကြံသူများ မဆိုထားနှင့်၊ ချန်းဖန်ကိုပင် ပြိုင်ဘက်အဖြစ် ထည့်မတွက်ခဲ့ကြချေ။
ကောင်းကင် ဗိုလ်ချုပ်ဟူ၏ နောက်လိုက်များကား ဆက်လက် သည်းခံနိုင်စွမ်း မရှိကြတော့ချေ။ သူတို့က လက်နက်များကို ဆွဲထုတ်ကာ တိုက်ခိုက်ရန် ပြင်လိုက်ကြပြီ ဖြစ်လေသည်။
“ဘဝင်ရူးကောင်တွေ... လမ်းဖယ်ကြစမ်း...”
“မင်းတို့ ကျိမိသားစုဆိုတဲ့ နာမည်ကို ကြားဖူးလား... သွေးထွက်သံယို မဖြစ်ချင်ရင် အလိုက်တသိ ထွက်သွားကြ...”
“ဘေးဖယ်မလား... သေမလား...”
ထိုကျင့်ကြံသူများကား ယွမ်လောင်ကို မကြားဖူး သလို အရှင်ကု ဟူသော နာမည်ကိုလည်း မကြားဖူးကြချေ။ ထို့ကြောင့်ပင် သူတို့သည် အကြောက်တရား ကင်းမဲ့နေကြခြင်း ဖြစ်သည်။
သို့သော်လည်း ချန်းဖန်နှင့် သခင်မလေးကျိ တို့မှာမူ တိတ်ဆိတ်နေ၏။
“ပါးစပ်ပိတ် ထားကြစမ်း...”
အရှင်ကုက အော်ဟစ် လိုက်သည်။
“သေချင်နေကြတာပဲ...”
လော့ချန်ရှန်းက လေးပင်စွာဖြင့် ခေါင်းကို ခါလိုက်၏။
မိစ္ဆာ စစ်ဦးစီး ယွမ်လောင်ကမူ ဘာမှ မပြောပဲ အင်္ကျီလက်ကိုသာ ဝှေ့ယမ်း၍ လိုက်သည်။
“ဝှစ်...”
အနက်ရောင် မိစ္ဆာ အလင်း တစ်ခုသည် ကြောက်မက်ဖွယ် အမြန်နှုန်းဖြင့် လေထုအား ဖြတ်သန်းကာ အော်ဟစ်နေသည့် ကျင့်ကြံသူများကို ဖြတ်သန်းသွား၏။
“ဘုန်း...”
အားလုံး၏ အကြည့်များ အောက်မှာပင် ထိုကျင့်ကြံသူများမှာ ပေါက်ကွဲကာ သေဆုံးသွား၏။ သူတို့ကား ရွှေအမြုတေများ၊ နတ်ဘုရား စိတ်ဝိညာဥ်များပါ ဖျက်ဆီးခံလိုက်ရရာ နောက်တစ်ဖန် ပြန်လည် မွေးဖွားနိုင်တော့မည် မဟုတ်ချေ။
“ဝှစ်...”
ယွမ်လောင်က လက်ဝှေ့ယမ်းကာ အနက်ရောင် ဓားမြှောင်ကို ပြန်လည် သိမ်းဆည်း လိုက်၏။
“ ... “
ရုတ်တရက်ပင် လူတိုင်းကား အသက်ပင် မရှူရဲတော့သည် အထိ ကြောက်လန့် သွားကြပြီ ဖြစ်လေသည်။
***