ကြောက်မက်ဖွယ် ဓားချက်
Vol. 10 Ch. 969
“သူက တကယ်ကြီး မိစ္ဆာ စစ်ဦးစီးလား...”
တစ်ယောက်က တုန်တုန်ရီရီဖြင့် ရေရွတ်လိုက်၏။
မိစ္ဆာ စစ်ဦးစီး...
ထိုအရာကား ထျန်းဟောင်ဂြိုဟ်၏ အခြေတည် ဝိညာဥ် အဆင့်နှင့် နှိုင်းယှဥ်နိုင်သော ဖြစ်တည်မှု ဖြစ်သည်။ ရှေးဟောင်း မိစ္ဆာအင်း အတွင်း၌ မိစ္ဆာ စစ်ဦးစီး တစ်ဦးသည် အခြေတည် ဝိညာဥ် အဆင့် သုံးယောက်နှင့်ပင် ယှဥ်၍ တိုက်ခိုက်ခိုက်နိုင်ကြသည်။
“ဒါပေမဲ့ မိစ္ဆာ စစ်ဦးစီးတွေက အလွှာခြောက်ဆယ်ကျော်မှ ပေါ်လာတတ်တာ မဟုတ်ဘူးလား... ဘာလို့ သူက ဒီနေရာမှာ ပေါ်လာရတာလဲ”
ကောင်းကင်ဗိုလ်ချုပ်ဟူမှာ တုန်ရီနေ၏။ သူ့ကို ပို၍ ထိတ်လန့်စေသော အရာကား လော့ချန်ရှန်းနှင့် အရှင်ကု ဆိုသော အဘိုးအိုတို့မှာ မိစ္ဆာ စစ်ဦးစီး ဆိုသူနှင့် တန်းတူ ရပ်နေကြခြင်းပင်။ ဤသို့ဆိုလျှင် သူတို့ နှစ်ယောက်သည်လည်း အခြေတည် ဝိညာဥ် အဆင့်များပေလော။
“ဘာတွေဖြစ်နေတာလဲ... ဘာလို့ ရှေးဟောင်း မိစ္ဆာအင်းမှာ ကောင်းကင်အရှင် သုံးယောက် ပေါ်လာတာလဲ”
ကောင်းကင် ဗိုလ်ချုပ်ဟူကား အလွန်အမင်း ကြောက်လန့်နေခဲ့ပြီ ဖြစ်လေသည်။
ထိုအချိန်မှာပင် သခင်မလေးကျိက ရှေ့သို့ ပျံသန်းလာကာ အရှင်ကု၏ ရှေ့၌ ရုတ်တရက် ဒူးထောက်ချ လိုက်၏။
“နှုတ်ဆက်ပါတယ် အရှင်ကု... ကျွန်မက တုန်းယန်မြို့ ကျိမိသားစုက ကျိချူးယွင်ပါရှင်... ကျွန်မတို့ ဘိုးဘေးက သူအရှင်ကု ဆီကနေ ကောင်းကင် စာအုပ် တစ်ဝက်ကို လက်ခံ ရရှိဖူးပါတယ်... သူက အရှင်ကုရဲ့ ပန်းချီကို ဘိုးဘေး ခန်းမထဲမှာ ပူဇော်ထားတဲ့ အတွက် ကျွန်မ မှတ်မိခဲ့တာပါရှင်”
“နင်က အဲဒီ ကလေးရဲ့ မျိုးဆက်လား... အင်းလေ... အချိန်ကာလက နှစ်တစ်သောင်းတောင် ရှိသွားခဲ့ပြီပဲ”
အရှင်ကုက သက်ပြင်းတစ်ချက်ချကာ ခေါင်းအား ခါယမ်း လိုက်၏။
“ထပါလေ... နင် ငါနဲ့ အတူ လိုက်နိုင်တယ်... ကျင့်ကြံခြင်း အတွက် ကံကောင်းမှုတွေ ရမရ ဆိုတာတော့ နင့် ကံကောင်းမှု အပေါ် မူတည် သွားပြီ”
“ကျေးဇူးတင်ပါတယ်ရှင်...”
သခင်မလေးကျိက ဖြည်းညင်းစွာ ထကာ အရှင်ကု၏ နောက်၌ ရိုသေ လေးစားသော အမူအရာဖြင့် ရပ်နေလိုက်၏။
“သခင်မလေး... ကျုပ်တို့က ဘာလုပ်ရမှာလဲ”
ကပ္ပတိန်ရွှယ်က မေးလိုက်၏။
“နင်တို့လား...”
သခင်မလေးကျိက ဘာမှ ပြန်မဖြေပဲ ခေါင်းခါ လိုက်သည်။
“မင်းတို့က နတ်ဘုရား ကုန်းမြေကို မြင်ရတာနဲ့တင် သေဖို့ ထိုက်တန်နေပြီ”
အရှင်ကုက နှာခေါင်းရှုံ့ လိုက်၏။
“ဟုတ်တယ်... မင်းတို့ကို ငါစားပစ်မယ်”
ယွမ်လောင်က အော်ဟစ် ရယ်မော လိုက်၏။
“ဘုန်း...”
အဆုံးမဲ့ အနက်ရောင် မြူများသည် သူ၏ နောက်၌ နိုးထလာကာ ပတ်ဝန်းကျင်အား ငရဲပြည် အဖြစ် ပြောင်းလဲ၏။ ထိုနယ်မြေ အတွင်း၌ ပေတစ်ရာ ရှည်လျားသော မိစ္ဆာ နတ်ဘုရားက နိုးထလာသည်။ ၎င်းသည် အနက်ရောင် သံချပ်ကာကို ဝတ်ဆင်ထားက နဖူးထိပ်ရှိ ဦးချို နှစ်ချောင်းမှာ လင်းလက်နေ၏။ ၎င်း၏ မျက်လုံးများက ရဲရဲနီနေကာ အစွယ် နှစ်ခုကလည်း ပါးစပ်မှ ပြူထွက်နေသည်။ ထိုမိစ္ဆာ နတ်ဘုရားကား ငရဲပြည်မှ လာသော ဘီလူး တစ်ကောင်နှင့်ပင် တူနေသေး၏။
“ကံဆိုးတာပဲ... ကျုပ်က သူ့ကို ကြယ်ပင်လယ်မှာ ရှိတဲ့ ချန်ရှန်းဂိုဏ်းထဲ ဖိတ်ခေါ်ဖို့ တွေးထားတာ... ခုတော့လည်း ယွမ်လောင်ရဲ့ အစာ ဖြစ်ရတော့မယ် ထင်တယ်”
လော့ချန်ရှန်းက ခေါင်းအား ခါယမ်း လိုက်၏။
“ရှင်က ချန်းပေ့ရွှမ်းကို ပြောနေတာလား...”
ချန်ရှန်း နတ်မိမယ်က မေးလိုက်သည်။
“ဟုတ်တယ်... ထျန်းဟောင်ဂြိုဟ်ရဲ့ အခြေတည် ဝိညာဥ် အဆင့်တွေက သာမန်ထက် ပိုပြီး အားနည်းတယ် ဆိုပေမဲ့ သူတို့မှာလည်း အရည်အချင်း တစ်ချို့ရှိတယ်လေ... ချန်းပေ့ရွှမ်းက ရွှေအမြုတေ အဆင့်နဲ့တင် အခြေတည် ဝိညာဥ် အဆင့်ကို သတ်နိုင်နေပြီဆိုတော့ သူ့ ပါရမီက ကောင်းကင် မင်းသားတွေကိုတောင် နှိုင်းယှဥ်နိုင်နေပြီ”
လော့ချန်ရှန်းက သက်ပြင်းတစ်ချက် ချလိုက်သည်။
“ဒါပေမဲ့ နတ်ဘုရား ကုန်းမြေနဲ့ ပတ်သက်ရင်တော့ ငါလည်း သူ့ကို ဝေစု ခွဲမပေးနိုင်ဘူးလေ... အရှင်ကုနဲ့ ယွမ်လောင်တို့ဆို ပိုဆိုးတာပေါ့... သူသာ ပါးနပ်ရင် ဒီနေရာကနေ ထွက်ပြေးသင့်နေပြီ”
လော့ချန်ရှန်း၏ မျက်လုံး၌ ထျန်းဟောင်ဂြိုဟ်၏ ကျင့်ကြံသူ အားလုံးမှာ ပုရွက်ဆိတ်များသာ ဖြစ်သည်။ သူသည် ချန်းဖန်၏ ပါရမီကို အနည်းငယ် တန်ဖိုးထားသည့်တိုင် ထိုအရာက ယွမ်လောင်နှင့် တိုက်ခိုက်လောက်သည် အထိ မတန်ချေ။
အရှင်ကုမှာမူ လက်နှစ်ဖက်ကို နောက်ပစ်ကာ နတ်ဘုရား ကုန်းမြေကိုသာ လှမ်း၍ ကြည့်နေခဲ့၏။ သူသည် ဘဝ တစ်လျှောက်လုံး၌ များစွာသော ပါရမီရှင်များကို တွေ့မြင်ခဲံပြီးပြီ ဖြစ်သည်။ သို့ဖြစ်ရာ ပါရမီရှင်များ၏ မြင့်တက်လာမှုနှင့် ကျဆုံးမှုတို့က သူ့အား စိတ်ဝင်စားအောင် မလုပ်နိုင်တော့ချေ။
“အဘိုး.. ဟိုကောင်မလေးက အရမ်းလှတာပဲ... သမီးသူ့ကို အစေခံ အဖြစ်နဲ့ လိုချင်တယ်”
အနီရောင် ဂါဝန်ဝတ် ကလေးမလေးက ရှောင်မန်အား လက်ညိုးထိုးကာ ပူဆာလိုက်၏။
“ရစေရမှာပေါ့... ငါ့မြေးသာ လိုချင်ရင် အစေခံ မပြောနဲ့ ကြယ်တွေတောင် အဘိုးက ခူးပေးနိုင်တယ်”
အရှင်ကုက ညင်သားစွာ ပြုံးရင်း ပြောလိုက်၏။
ရှောင်မန်မှာ သူမ၏ ကံကြမ္မာကို ဆုံးဖြတ်ရန် ကြိုးစားနေသော မြေးအဖိုး နှစ်ယောက်ကို ကြည့်ကာ ဒေါသထွက် နေခဲ့ပြီ ဖြစ်လေသည်။ တစ်ချိန်တည်း၌ သူမမှာ ထိုလူများနှင့် ပတ်သက်၍ တစ်စုံတစ်ခုမှာ မူမမှန်နေကြောင်း ခံစားနေမိ၏။
ယွမ်လောင်၊ လော့ချန်ရှန်း၊ အရှင်ကု... ထိုလူများကား မည်သည့် နေရာမှ လာကြသနည်း။
ချန်ရှန်း ကောင်းကင်နယ်၏ အကျော်ကြားဆုံး နတ်မိမယ် ပင်လျှင် လော့ချန်ရှန်း၏ နံဘေး၌ အစေခံ တစ်ယောက် သဖွယ် လိုက်ပါနေရသည်။ ထို့အတူ အရှင်ကု ဆိုသူကလည်း ကျိမိသားစု၏ ဘိုးဘေးကို လွန်ခဲ့သည့် နှစ်တစ်သောင်းက လမ်းညွှန်မှု ပေးခဲ့သေးသည်ဟု ဆိုသည်။
ထိုအရာက ပထမဆုံး အကြိမ်အဖြစ် ပုံမှန်လောက၏ နောက်ကွယ်ရှိ လျှို့ဝှက်ချက် တစ်ပိုင်းတစ်စကို ရှောင်မန် တွေ့ရှိခဲ့ခြင်းပင် ဖြစ်လေသည်။
“သေစမ်း...”
ယွမ်လောင်က သွေးဆာနေသော လေသံဖြင့် အော်ဟစ်လိုက်၏။
“ဘုန်း...”
ရုတ်တရက်ပင် မရဏ နယ်မြေရှိ ဘီလူးကြီးမှာ ၎င်း၏ လက်တစ်ဖက်အား ကောင်းကင် ဗိုလ်ချုပ်ဟူ၊ ချန်းဖန်နှင့် အခြားလူများထံ လွှဲရိုက်လိုက်၏။
“ယွမ်လောင်... ငါ ဟိုမိန်းကလေးကို အသက်ရှင်လျက် လိုချင်တယ်”
အရှင်ကုက အော်ဟစ်လိုက်၏။
“စိတ်မပူပါနဲ့...”
ယွမ်လောင်က ရယ်မော လိုက်သည်။
“ငါတို့တော့ သေပြီ ထင်တယ်...”
ကောင်းကင် ဗိုလ်ချုပ်ဟူတို့ကား အလွန်တရာ ကြောက်လန့်နေကြပြီ ဖြစ်လေသည်။
ထိုအရာကား အခြေတည် ဝိညာဥ် အဆင့်များထက်ပင် ပို၍ အစွမ်းထက်သည့် မိစ္ဆာ စစ်ဦးစီး ဖြစ်သည်။ သူတို့ အနေဖြင့် မည်ကဲ့သို့ လွတ်မြောက်နိုင်ပါမည်နည်း။
“ကောင်းကင်အရှင်... ကျွန်မတို့ ဘာလုပ်ကြမလဲ”
ရှုနကား သေရမည့် အဖြစ်ကို တွေးကာ မျက်ရည်များပင် ဝဲနေခဲ့ပြီ ဖြစ်လေသည်။ ရှောင်မန်နှင့် ကျိုးကျူရှင်း တို့ ပင်လျှင် ချန်းဖန်အား စိုးရိမ်စွာ ကြည့်လိုက်မိ၏။
“နောက်ဆုံးတော့လည်း လာတဲ့လူတွေထဲမှာ ငါတစ်ယောက်ပဲ အသက်ရှင်တော့မယ် ထင်တယ်...”
သခင်မလေးကျိက မျက်လုံးအား မှိတ်လိုက်သည်။ အထူးသဖြင့် သူမသည် ကပ္ပတိန်ရွှယ်တို့ကဲ့သို့သော သူမ၏ လူယုံများ သေဆုံးသွားသည့် မြင်ကွင်းအား မကြည့်ချင်ပေ။
“နှမြောစရာပဲ... လူငယ်မျိုးဆက်ရဲ့ အထူးချွန်ဆုံး ပါရမီရှင်က ဒီလို နေရာမှာ သေရတော့မယ်”
ချန်ရှန်း နတ်မိမယ်က ခေါင်းခါကာ သက်ပြင်းချ လိုက်၏။
ထိုလူငယ်သည် ထိပ်တန်း ပါရမီရှင် ကိုးယောက်ကို အနိုင်ယူကာ အခြေတည် ဝိညာဥ် အဆင့် တစ်ယောက်ကိုပင် သတ်ဖြတ် နိုင်ခဲ့သည်။ သို့သော်လည်း ယခု သူရင်ဆိုင်နေရသည်က မိစ္ဆာ စစ်ဦးစီး ယွမ်လောင် ဖြစ်သည်။
“နောက်ဆုံးတော့လည်း ကောင်းကင်မင်းသားလော့လို လူမျိုးကပဲ ကြယ်တွေအောက်မှာ တောက်ပနိုင်တော့မှာပေါ့”
ချန်ရှန်း နတ်မိမယ်က လော့ချန်ရှန်းအား ကြည့်လိုက်၏။ ထိုလူငယ်ကား သူမ၏ ဂိုဏ်း၏ ဘိုးဘေးထက်ပင် ပို၍ အစွမ်းထက်သူ ဖြစ်သည်။ လော့ချန်ရှန်းနှင့် ယှဥ်ပါက ချန်းပေ့ရွှမ်းမှာ ပုရွက်ဆိတ်လောက်သာ အဖိုး ထိုက်တန်ပေသည်။
ထို့နောက် ရုတ်ချည်းပင် ...
“ကလန့်...”
ဓားအလင်း တစ်ခုသည် အမှောင်ထုကို ဖြတ်ကာ တောက်ပ သွား၏။
“အား...”
ယွမ်လုံမှာ နာကျင်စွာ အော်ဟစ်လိုက်သည်။ သူ၏ လက်သည်းများသည် ထက်ပိုင်းပြတ် နေကာ အနက်ရောင် သွေးများမှာ မိုးစက်များ ကဲ့ကို့ ကောင်းကင်မှ ရွာသွန်းလာ၏။
ထို့နောက် ရေခဲကဲ့သို့ အေးစက်သော အသံတစ်ခု ထွက်ပေါ်လာသည်။
“မင်းတို့က ငါ့ညီမကို ဖမ်းချင်တယ်ပေါ့...”
လူတိုင်းက အသံလာရာသို့ ကြည့်လိုက်ရာ ဓားအား ဆွဲကိုင်ထားသည့် အဇူရာ ဝတ်စုံဝတ် လူငယ်ကို တွေ့မြင်ကြရ၏။ သူကား နတ်ဘုရား တစ်ပါး အလား ခန့်ထည်လှပေသည်။
***