ကောင်းကင်ကို လောင်ကြွမ်းပစ်ခြင်း
Vol. 10 Ch. 970
“ဘာလဲ...”
လူတိုင်းသည် တိတ်ဆိတ်နေ၏။ ကောင်းကင် ဗိုလ်ချုပ်ဟူနှင့် အခြားလူများသည် ချန်းဖန်အား ငေးကြောင်ကာ ကြည့်နေမိကြသည်။ ထိုကောင်လေးသည် မိစ္ဆာ စစ်ဦး တစ်ဦးကိုပင် ဓားတစ်ချက်တည်းဖြင့် ဒဏ်ရာရအောင် တိုက်ခိုက်နိုင်လိမ့်မည်ဟု သူတို့ ထင်မထားခဲ့ကြချေ။
“ဘယ်လိုဖြစ်နိုင်မှာလဲ...”
ကပ္ပတိန်ရွှယ်နှင့် အခြား ကျိမိသားစု ကျင့်ကြံသူများမှာလည်း ဆွံ့အ နေကြသည်။
သူတို့၏ အမြင်အရ ဆိုလျှင် ချန်းဖန်မှာ မူလအဆင့် မိစ္ဆာ လမ်းစဥ် လျှောက်လှမ်းသူ တစ်ယောက်သာ ဖြစ်သည်။ ထိုကဲ့သို့သော ကျင့်ကြံသူများမှာ ရှေးဟောင်း မိစ္ဆာအင်း အတွင်း၌ လေးစားခံရသည့်တိုင် အပြင်လောကတွင်မူ သူတို့အား မည်သူမျှ မကြောက်ကြချေ။
ထိုကဲ့သို့သော ကျင့်ကြံသူလေးက အခြေတည် ဝိညာဥ် အဆင့် မိစ္ဆာ စစ်ဦးစီး တစ်ဦးကို မည်ကဲ့သို့ ဒဏ်ရာရစေခဲ့သနည်း။ သူကလည်း အခြေတည် ဝိညာဥ် အဆင့်သို့ ရောက်နေသည်လား။
“စိတ်ဝင်စားစရာပါလား...”
အရှင်ကု ပင်လျှင် မျက်ခုံးအား ပင့်ကာ ရေရွတ် လိုက်၏။
တစ်ချိန်တည်း၌ လော့ချန်ရှန်းမှာမူ ပြုံးနေဆဲ ဖြစ်သည်။ သို့သော်လည်း သူသည် အနည်းငယ် အံ့အားသင့်နေဟန် ရ၏။
“အား.. မင်း ငါ့ကို နာအောင် လုပ်ရဲတယ်ပေါ့”
ယွမ်လောင်က ကမ္ဘာပျက် မတတ် ဟိန်းဟောက် လိုက်သည်။ ထိုမိစ္ဆာ စစ်ဦးစီးကား အလွန်အမင်း ဒေါသထွက် နေခဲ့ပြီ ဖြစ်လေသည်။ သူသည် ပထမဆုံး တိုက်ခိုက်မှု၌ အားအပြည့် ထည့်သွင်း မထားသည့်တိုင် ထိုအရာကပင် မည်သည့် ရွှေအမြုတေ အဆင့်ကို မဆို သတ်ဖြတ်ရန် လုံလောက်နေပြီ ဖြစ်သည်။ သို့သော်လည်း ထိုတိုက်ခိုက်မှုက အသုံးမဝင်ခဲ့သည့် အပြင် ချန်းဖန်၏ တန်ပြန် ဓားခုတ်ချက်ကပင် သူ၏ ဓမ္မ အသွက်အား ဒဏ်ရာ ရစေခဲ့သည်။ ထိုအရာက ရှေးဟောင်း မိစ္ဆာ နတ်ဆိုး ဘုရင်၏ စစ်သူကြီး တစ်ဦး တစ်တွက် ကြီးမားသည့် အရှက်ရစရာ ကိစ္စ တစ်ခု ဖြစ်သည်။
“မင်းက အဲဒီဓားရဲ့ စွမ်းအားကို ငှားသုံးပြီး ငါ့ ဓမ္မ အသွင်ကို ဒဏ်ရာ ရစေခဲ့တာပေါ့... ဟုတ်လား...”
ယွမ်လောင်က ချန်းဖန်၏ လက်ထဲရှိ ပျောက်ပျက်ခြင်း ကောင်းကင်ဓားကို စူးစိုက် ကြည့်လိုက်၏။
“ဟူး... ဟူး...”
အနက်ရောင်ဓားသည် မိစ္ဆာချီများဖြင့် ဝန်းရံနေ၏။ ၎င်းသည် အပြည့်အဝ နိုးထနေပြီ ဖြစ်ရာ ကောင်းကင်အရှင် တစ်ပါးနှင့်ပင် နှိုင်းယှဥ်နိုင်နေပြီ ဖြစ်သည်။ ယခု အခိုက်အတန့်၌ ချန်းဖန်သည် ဓားအား လိန်ဟူ သားရဲ၏ မိုးကြိုး စွမ်းအားအစား မိစ္ဆာ ကျင့်စဥ်ကို အသုံးပြု၍ အသက်သွင်းထားခြင်း ဖြစ်ပေသည်။ ထို့ကြောင့်ပင် ဓားမှာ ယွမ်လောင်၏ ဓမ္မ အသွင်ကိုသာ ခုတ်ပိုင်းနိုင်ခဲ့ခြင်း ဖြစ်ပေသည်။
“အဲဒါက ကောင်းကင် ရတနာပေါ့...”
လူတိုင်းက ရေရွတ် လိုက်ကြ၏။ သူက ကောင်းကင် ရတနာ၏ စွမ်းအားကို သုံး၍ မိစ္ဆာ စစ်ဦးစီးကို ဒဏ်ရာ ရစေခဲ့သည်လား။
“ကောင်းကင် ရတနာတော့ ငါ့မှာလည်း တစ်ခုရှိတာပဲ...”
သခင်မလေးကျိက နှာခါင်းရှုံ့ လိုက်သည်။
ကောင်းကင် ရတနာများသည် အစွမ်းထက်သည် ဆိုသော်လည်း အခြေတည် ဝိညာဥ် အဆင့်များကို ယှဥ်နိုင်လိမ့်မည် မဟုတ်ချေ။ ကောင်းကင် ရတနာ အားကိုးဖြင့် ယွမ်လောင်၊ အရှင်ကုတို့ကဲ့သို့ လူမျိုးအား ဆန့်ကျင်ရန် ကြိုးစားပါက ထိုသူ၏ လမ်းက သေလမ်း တစ်ခုတည်းသာလျှင် ရှိပေသည်။
“လာစမ်း...”
ချန်းဖန်က ဓားကို ကိုင်ရင်း စိန်ခေါ် လိုက်၏။
“ကောင်စုတ်လေး... မင်းက အဲဒီဓား အားကိုးနဲ့ ပြန်လည် မွေးဖွားခြင်းဂိုဏ်းရဲ့ ဘိုးဘေး ဟုန်ယန်ကို သတ်ခဲ့တယ်ပေါ့... ဟုတ်လား... ထျန်းဟောင် ဂြိုဟ်ရဲ့ အခြေတည် ဝိညာဥ် အဆင့်တွေက အရမ်း အားနည်းတာပဲ... ရွှေအမြုတေ အဆင့် တစ်ယောက်ကတောင် ကောင်းကင် ရတနာရဲ့ အားကိုးနဲ့ သူတို့ကို သတ်နိုင်နေပြီ”
အရှင်ကုက ပြုံးရင်း ခေါင်းခါ လိုက်သည်။
“ဘာလဲ... သူက ချန်းပေ့ရွှမ်းလား...”
ယခုတစ်ကြိမ်တွင်မူ မိန်းကလေးကျိမှာ ဆွံ့အ သွား၏။
ချန်းပေ့ရွှမ်းကား သာမန် မိစ္ဆာ ကျင့်ကြံသူ တစ်ယောက်ထက် ပိုပေသည်။ သူသည် ထျန်းဟောင်ဂြိုဟ်၏ အသက် အငယ်ဆုံး ဟန်ရှုံ့ သတ်မှတ်ချက်ဝင် ဖြစ်သလို ပါရမီ အရှိဆုံး လူငယ် မျိုးဆက်လည်း ဖြစ်သည်။
“ဘုရားရေ... သူက ဆေးဧကရာဇ် ချန်းပေ့ရွှမ်း... ငါ သူ့ကို ပစ်ပယ်ပြီး ကောင်းကင် ဗိုလ်ချုပ်ဟူ နောက်ကို လိုက်လာခဲ့မိတာလား...”
စီမာတိုင်မှာ မျက်ရည်ဝဲ သွား၏။
“သူက ထူးခြားတယ်လို့ ငါခံစားမိတာ မထူးဆန်းဘူးပဲ”
ကပ္ပတိန်ရွှယ်က ခေါင်းအား ခါယမ်းလိုက်သည်။
“ကောင်စုတ်လေး... မင်းက ဟုန်ယန်ကို သတ်ခဲ့တဲ့ တစ်ယောက်ပေါ့ ဟုတ်လား... ဒါကြောင့် မင်းက ဘဝင်မြင့်နေတာပဲ... ကောင်းပြီလေ... တကယ့် အခြေတည် ဝိညာဥ် အဆင့်ရဲ့ စွမ်းအားက ဘယ်လိုလဲ ဆိုတာ မင်းကိုငါ ပြရတော့မှာပေါ့”
ယွမ်လုံက ပြောကာ လက်အား ဆန့်ထုတ် လိုက်၏။
“ဝှစ်...”
အနက်ရောင် အလင်း တစ်ခုမှာ ရုတ်တရက် ပေါ်ထွက်လာကာ ချန်းဖန်ထံ ပျံသန်းသွား၏။ ချက်ချင်းပင် သက်ရှိ အားလုံးမှာ အေးခဲကာ လေထုမှာလည်း ရပ်တန့် သွားသည်။
“ရေခဲ...”
တစ်ယောက်က အနက်ရောင် အလင်းကို လက်ညိုးထိုးကာ အော်ဟစ် လိုက်၏။ လူတိုင်းက အနက်ရောင် အလင်းကို ကြည့်လိုက်ကြရာ ထိုအရာက အနက်ရောင် ရေခဲ တစ်ခုဖြစ်နေသည်ကို တွေ့မြင် လိုက်ရသည်။ ၎င်းသည် အမှောင်အတိဖြင့် ပြီးကာ ငရဲပြည်မှ စွမ်းအားကို သယ်ဆောင်ထား၏။
အရှင်ကု ပင်လျှင် ထိုမြင်ကွင်းကို ကြည့်ကာ မျက်မှောင်ကြုတ် သွားခဲ့သည်။ သူက နောက်သို့ ခြေတစ်လှမ်းဆုတ်ကာ ရေရွတ်လိုက်၏။
“မြေအောက် မဟူရာ ရေခဲ... ယွမ်လောင်က အဲဒီ နတ်ဘုရား စွမ်းအားကိုတောင် အောင်မြင်သွားပြီပေါ့...”
“အဘိုး... မြေအောက် မဟူရာ ရေခဲ ဆိုတာ ဘာလဲ”
သူ့ဘေးရှိ ကောင်မလေးက မေးလိုက်၏။
“မြေအောက် မဟူရာ ရေခဲဆိုတာက နတ်ဘုရား စွမ်းအားတွေနဲ့ အချိန် စီးဆင်းမှုကိုတောင် အေးခဲပစ်နိုင်တဲ့ နတ်ဘုရား စွမ်းအား တစ်မျိုးပေါ့ မြေးရယ်... သာမန် အခြေတည် ဝိညာဥ် အဆင့် ကျင့်ကြံသူတွေဆို အဲဒီ ကျင့်စဥ်ကို ကျင့်တာနဲ့ အေးခဲပြီး သေတာပဲ... ယွမ်လုံက အဲဒီလို ကျင့်စဥ်မျိုးကို အောင်မြင်သွားတယ် ဆိုတော့ သူက ကံကောင်းမှာ တစ်ချို့ ရရှိခဲ့လို့ပဲ ဖြစ်ရမယ်”
အရှင်ကုက ရှင်းပြရင်း ချန်းဖန်အား ကြည့်လိုက်၏။ အခြေတည် ဝိညာဥ် အဆင့်များကိုပင် အေးခဲစေသည့် မြေအောက် မဟူရာ ရေခဲအား ထိုကောင်စုတ်လေး မည်သို့ ခုခံမည်နည်း။
“ပျက်စီးစမ်း...”
အားလုံး၏ အကြည့်များ အောက်တွင်ပင် ချန်းဖန်က ရှေ့သို့ ခြေတစ်လှမ်း တိုးလိုက်၏။ တစ်ချိန်တည်း၌ ရွှေရောင် မီးတောက် နှစ်ခုက သူ၏ မျက်လုံးတွင် လောင်ကြွမ်းလာကာ အလင်းတန်းများ အဖြစ် အနက်ရောင် ရေခဲထံ တိုးဝင်သွားသည်။
လီမီးတောက် ရွှေရောင် မျက်လုံး...
ထိုနတ်ဘုရား စွမ်းအားကား ချန်းဖန် ပြန်လည် မွေးဖွားပြီးနောက် ပထမဆုံး ရရှိခဲ့သည့် နတ်ဘုရား စွမ်းအားပင် ဖြစ်သည်။
“ဒီမီးတောက်လောက်နဲ့ ငါ့ကို တားချင်တာလား...”
ယွမ်လောင်က နှာခေါင်းရှုံ့ လိုက်၏။
မြေအောက် မဟူရာ ရေခဲကား မရေမတွက် နိုင်သော အရင်းအမြစ်များကို အသုံးပြု၍ သူ နှစ်ပေါင်းများစွာ ကျင့်ကြံထားခဲ့သော နတ်ဘုရား စွမ်းအား ဖြစ်သည်။ အခြေခံ မီးတောက်လေး တစ်ခုဖြင့် ချေဖျက် ပစ်နိုင်သော အရာ မဟုတ်ချေ။
“ရှဲ... ရှဲ...”
မျှော်လင့်ထားသည့် အတိုင်းပင် ရွှေရောင်လီ မီးတောက်မှာ အနက်ရောင် ရေခဲနှင့် ထိတွေ့သည်နှင့် ချက်ချင်းပင် အေးခဲသွား၏။ ၎င်းကား မြေအောက် မဟူရာ ရေခဲကို နှစ်စက္ကန့်မျှ နှောင့်နှေးအောင်သာ တားဆီးနိုင်ခဲ့ပေသည်။
“ဘယ်လိုလုပ်ပြီး ေရွှအမြုတေ အဆင့်ရဲ့ နတ်ဘုရား စွမ်းအားက အခြေတည် ဝိညာဥ် အဆင့်ကို ယှဥ်နိုင်မှာလဲ...”
အရှင်ကုက ခေါင်းအား ခါယမ်း လိုက်သည်။
ချန်ရှန်း နတ်မိမယ်ကလည်း သက်ပြင်းချ လိုက်သည်။ ထျန်းဟောင်ဂြိုဟ်၏ ကျင့်ကြံခြင်း ကျင့်စဥ်များသည် မပြည့်စုံချေ။ ချန်းပေ့ရွှမ်း၏ နတ်ဘုရား စွမ်းအားမှာ မည်မျှပင် အစွမ်းထက်စေကာမူ ထိုအရာက ယွမ်လောင်၊ လော့ချန်ရှန်းတို့၏ မျက်လုံး၌ ဟာသ တစ်ခုထက် မပိုချေ။
“ငါသာ ကောင်းကင်မင်းသားလော့နဲ့ စကြဝဠာတွေကို ဖြတ်သန်းပြီး သွားနိုင်ရင် ဘယ်လောက် ကောင်းလိုက်မလဲ”
ချန်ရှန်း နတ်မိမယ်က တွေးလိုက်၏။
တစ်ချိန်တည်း၌ ချန်းဖန်မှာ တည်ငြိမ်နေဆဲ ဖြစ်သည်။ သူက ဖြည်းညင်းစွာ ပြုံးကာ မြေအောက် မဟူရာ ရေခဲအား ကြည့်လိုက်သည်။
“ငါ့မှာ ရွှေရောင်လီ မီးတောက် တစ်ခုပဲ ရှိမယ်လို့ ထင်နေတာလား...”
ထို့နောက် သူက လက်နှစ်ဖက်ကို နောက်ပစ်ကာ အော်ဟစ် လိုက်၏။
“ရွှမ်ဝူ အစစ်မှန် မီးတောက် လာစမ်း...”
ရွှမ်မိန် ဓမ္မ အသွင်သည် ချန်းဖန်၏ နောက်တွင် ပေါ်လာည်။ ၎င်းသည် ရွှေရောင်မီးတောက်များဖြင့် ဝန်းရံနေ၏။ တစ်ချိန်တည်း၌ အနက်ရောင် မီးတောက်များက သူ၏ မျက်လုံး၌ လောင်ကြွမ်းနေသည်။ ထိုမီးနှစ်မျိုးသည် လျှင်မြန်စွာပင် ပူးပေါင်းကာ အနက်ရောင် ရေခဲအား တားဆီး လိုက်၏။
“ဘာလဲ...”
လူတိုင်းမှာ ဆွံ့အ သွားကြ၏။
သို့သော်လည်း ထိုအရာကား အစမျှသာ ဖြစ်လေသည်။
“ချီလင် နတ်ဘုရား မီးတောက်...”
“အဇူရာ သစ်သား မီးတောက်...”
“ရှုကုန်း မီးတောက်...”
“မိုးကြိုး နတ်ဘုရား မီးတောက်...”
“ ... “
ချန်းဖန်သည် မီးတောက် ငါးခုကို တစ်ပြိုင်နက်တည်းမှာပင် ဖော်ထုတ်လိုက်၏။
ချီလင်၊ ခွန်ပန်၊ ကမ္ဘာ သစ်ပင်၊ လိန်ဟူ၊ ရွှမ်ဝူ ဟူသော ဓမ္မ အသွင် ငါးခုသည် သူ၏ နောက်၌ ဖြစ်ပေါ်နေသည်။ ချီလင် ဓမ္မ အသွင်မှ လွဲလျှင် အခြား ဓမ္မ အသွင်များ အားလုံးမှာ အစစ်များနှင့် မခြားနားတော့ချေ။
“ဘုန်း...”
မီးတောက် ငါးခုသည် ရွှမ်မိန် မီးတောက်၊ လီနတ်ဘုရား မီးတောက်တို့နှင့် ပေါင်းစပ်ကာ ခုနစ်ရောင်ခြယ် မီးတောက် အဖြစ် ပြောင်းလဲ၏။
“အဲဒါက...”
အရှင်ကုနှင့် လော့ချန်ရှန်းတို့မှာ တစ်ယောက်ကို တစ်ယောက် အံ့အားသင့်စွာ ကြည့်လိုက်မိကြသည်။
“ဘုန်း...”
ခုနစ်ရောင်ခြယ် မီးတောက်သည် နဂါးအလား ကခုန်ရင်း အနက်ရောင် ရေခဲထံ တိုးဝင်သွား၏။
“ခရက်...”
မီးတောက်၏ ဖိအားပေးမှု အောက်၌ မြေအောက် မဟူရာ ရေခဲကား တစ်စက္ကန့်ပင် တောင့်မခံနိုင်ခဲ့ချေ။ ချက်ချင်းပင် အငွေ့ပျံကာ ပျောက်ကွယ် သွား၏။
သို့သော်လည်း ခုနစ်ရောင်ခြယ် မီးတောက်က ရပ်တန့်ခြင်း မရှိချေ။ ၎င်းက ယွမ်လောင်ဆီသို့ ဆက်လက် တိုးဝင်ကာ ရေခဲ အကာအကွယ် ဆယ့်သုံးလွှာကို လောင်ကြွမ်း၏။ တစ်ခဏ အတွင်းမှာပင် ယွမ်လောင် တည်ရှိရာ တစ်ဝိုက်ကား မီးပင်လယ် အသွင် ပြောင်းလဲ သွားခဲ့ပြီ ဖြစ်လေသည်။
***