← Chapters

ငြင်းပယ်ခြင်း

Vol. 020 Ch. 1910

ငြင်းပယ်ခြင်း

Vol. 020 Ch. 1910

ဓားစွမ်းအားများသည် ရီဖူရှင်း၏ ခန္ဓာကိုယ်ပေါ်တွင် တောက်ပစွာ စီးဆင်းနေသည်။ တစ်ချိန်တည်းမှာပင် သူ့အရှေ့တွင် ရှိနေသော ကျောက်တုံးရင်ပြင်ထက်မှ ရုတ်တရက် ဓားအလင်းတန်းများ လင်းလက်လာသည်။ ယင်းက ကျောက်တုံးရင်ပြင်မှ တောက်ပလာသော ဓားအလင်းများ ဖြစ်သည်။ ဓားစွမ်းအားက ကျောက်တုံးရင်ပြင်ကို လှည့်ပတ်နေပြီး စွမ်းအားများ ပေါက်ကွဲထွက်လာတော့မည်ဟု ထင်မှတ်ရပေသည်။ ထိုမြင်ကွင်းက လူအများ၏ အမူအရာကို  ထူးဆန်းသွားစေသည်။ လူအများက ယခုလေးတင် စနောက်နေကြသေးသော်လည်း မျက်စိတစ်မှိတ်အတွင်းမှာပင် ကျောက်တုံးရင်ပြင်မှ ဓားစွမ်းအားများ ပေါက်ကွဲထွက်လာသည်။ ၎င်းက ကျောက်တုံးရင်ပြင်ထက်မှ တန်ခိုးရှင်ကြောင့်လား။ ရီဖူရှင်း လုပ်ဆောင်ခဲ့သည်ကြောင့်လား။

ရီဖူရှင်း လုပ်ဆောင်ခဲ့ခြင်းသာဆိုလျှင် သူက ခဏအတွင်း လုပ်ဆောင်နိုင်ခဲ့ခြင်း မဟုတ်ပါလား။

ကျောက်တုံးရင်ပြင်ထက်ရှိ တန်ခိုးရှင်သည်လည်း မှက်တက်သွားပေသည်။ သူသည် နားလည်သဘောပေါက်၍ ကျင့်ကြံနေသည့်အချိန်တွင် ရုတ်တရက် ကျောက်တုံးရင်ပြင်မှ ဓားစွမ်းအားများ စီးဆင်းလာသည်ကို ခံစားမိလိုက်သည်။ ယင်းသည် ပို၍ ပို၍ အစွမ်းထက်လာပြီး သူ့ခန္ဓာကိုယ်ကို ထိုစွမ်းအားများအတွင်း ဆွဲနှစ်နေသလို ဖြစ်လာပေသည်။ သို့သော်လည်း ထိုစွမ်းအားများက သူ့ကြောင့် ပေါ်ပေါက်လာခြင်း မဟုတ်ပေ။ ဓားစွမ်းအားလှိုင်းများက သူ့ကို ဖြတ်သန်းကာ စီးဆင်းသွားသည်။ သူ ထိုင်နေသည့် ကျောက်တုံးရင်ပြင်တစ်ခုလုံးက တောက်ပနေသည်။

'ဘာတွေဖြစ်ကုန်တာလဲ။'

သူ့အမူအရာက ထူးဆန်းနေသည်။ ကျောက်တုံးရင်ပြင်မှ ဓားစွမ်းအင် အရှိန်အဝါလှိုင်းများက ရီဖူရှင်းဆီသို့  စီးဆင်းသွားသည်။ အလွန်လျင်မြန်စွာပင် ရီဖူရှင်းသည် ကျောက်တုံးရင်ပြင်နှင့် ဆက်သွယ်မှုတစ်ခု တည်ထောင်နိုင်ခဲ့ပြီး ၎င်းနှင့် တသားတည်း ဖြစ်လာပေသည်။

"ဒါက...." အခုနက သူ့အား လှောင်ပြောင်ထားသော တန်ခိုးရှင်များက အေးခဲသွားကြသည်။ အင်အားကြီးသော တန်ခိုးရှင်ဖြစ်စေ အားနည်းသော တန်ခိုးရှင်ဖြစ်စေ ရီဖူရှင်းအား ပြူးကျယ်သော မျက်လုံးများနှင့် ကြည့်နေကြသည်။ အချို့သော အလယ်အလတ်အဆင့် စီနီယာ ရန်ဟောင်များမှာ မျက်နှာများ နီရဲကုန်ကြပေသည်။

၎င်းက အလွန် ရက်စက်လှသည်။

သူတို့က ဤနေရာ၌ မည်သည့်အတွက် ကျင့်ကြံနေရဦးမည်နည်း။

သူက ဤနေရာကို ပထမဆုံးအကြိမ်ရောက်လာသည်ဆိုခြင်းမှာ အမှန်တကယ် ဟုတ်ရဲ့လား။

လူအများသည် ကြီးမားသော ရိုက်ခတ်မှုတစ်ခုကို ခံစားလိုက်ရသည်ဟု ခံစားကြရပေသည်။ ထိုအခိုက်အတန့်တွင် ကြောက်မက်ဖွယ် ဓားပုံရိပ်များက ရီဖူရှင်းထံမှ ထွက်ပေါ်လာသည်။ ထောင်သောင်းချီသော ဓားပုံရိပ်များက ပေါင်းစပ်စုစည်းသွားကာ ကောင်းကင်ကို ဖြတ်သန်းထိုးဖောက်သော ဓားတစ်လက်ဖြစ်လာသည်။

ရီဖူရှင်း၏ ခန္ဓာကိုယ်အထက်တွင် ဓားတစ်လက် ပေါ်ပေါက်လာသည်။ ၎င်းက ဓားအစစ်မဟုတ်သည့် ပုံရိပ်တစ်ခု ဖြစ်သည်။ ကျောက်တုံးရင်ပြင်က ဓားအရိပ်နှင့် တသားတည်းကဲ့သို့ ဖြစ်နေကာ ဓားတောင်ထွတ်မှ နောက်ထပ် ဓားပုံရိပ်တစ်လက် ထွက်ပေါ်လာစေသည်။

ရီဖူရှင်း၏ စွမ်းအားများက ပြောင်းလဲနေပြီး ဓားစွမ်းအားက သူ၏ ခေါင်းထက်တွင် တောက်ပနေကာ မရေတွက်နိုင်သော ဓားပုံရိပ်များအဖြစ် ပြောင်းလဲသွားသည်။ ထို့နောက် အားလုံးသော ဓားပုံရိပ်များက တစ်ခုတည်း ဖြစ်လာသည်။ ထိုအချိန်တွင် သူတို့ကိုယ်သူတို့ ထင်ယောင်ထင်မှား ဖြစ်နေသည်ဟု ယူဆထားသော တန်ခိုးရှင်များမှာ အမှန်တရားကို လက်ခံလိုက်ကြရပေသည်။

ထိုသည်က အတော်ကို ကြီးမားသည့် ရိုက်ခတ်မှုပင် ဖြစ်သည်။

"ဓားစွမ်းအားကို နားလည်သဘောပေါက်ဖို့ ဒီလောက်ပဲ အချိန်လိုတာလား။" မုတ်ဆိတ်ရှည်နှင့် အကြီးအကဲတစ်ယောက်က မေးခွန်းထုတ်လိုက်သည်။ ထိုအကြီးအကဲ ကျင့်ကြံနေသည်မှာ အချိန်တစ်ခုရှိပြီဖြစ်သော်လည်း နားလည်သဘောပေါက်ရန် အဝေးကြီး လိုနေသေးပေသည်။ ရီဖူရှင်းက ယခုမှ ရောက်သော်လည်း သူက ဓားစွမ်းအားကို နားလည်သဘောပေါက်သွားခဲ့ပြီ ဖြစ်သည်။

"မင်း ဘယ်လိုလုပ်လိုက်တာလဲ။" ရီဖူရှင်းကို ရန်ဟောင်တစ်ပါးက မေးလိုက်သည်။ ရီဖူရှင်းက သူ့ကိုကြည့်ကာ အပြုံးနှင့် ပြောလိုက်၏။ "ဒီဓားစွမ်းအားက အဆင်သင့်ရနိုင်တဲ့ အနေအထားပဲ။ အဲဒါကို ရင်ဆိုင်ပြီး သဘောပေါက်အောင် လုပ်လိုက်ရုံပဲ။ မရိုးရှင်းဘူးလား။"

“…” မေးမြန်းလိုက်သည့် ရန်ဟောင်၏ အမူအရာက ဆိုးရွားသွားလေသည်။

ဟင်း...... ရီဖူရှင်းက တည့်တိုးပြောသွားခဲ့ခြင်း ဖြစ်သည်။ သူက ရီဖူရှင်းအား မည်သို့ နှုတ်လှန်ထိုးနိုင်ပါမည်နည်း။ သူက အလွန်ခက်ခဲသည်ဟု ပြောလိုက်လျှင် လူတိုင်း၏ အရှေ့၌ သူ့ကိုယ်သူ အရှက်ရစေလိမ့်မည် မဟုတ်ပါလား။

ဤလူငယ်က အလွန် ကံကောင်းခြင်း ဖြစ်နိုင်သည်။ မဟုတ်လျှင် သူ ကျင့်ကြံထားသော ဓားစွမ်းအားနှင့် တူညီသည့်စွမ်းအားဖြင့် စတင်လိုက်ခြင်းလည်း ဖြစ်နိုင်သည်ဟု တွေးလိုက်ကြသည်။ ထို့နောက် တန်ခိုးရှင်တစ်ယောက်က ရီဖူရှင်းအား စိန်ခေါ်သလိုနှင့် ပြောလိုက်သည်။ "မင်းက အရမ်းရိုးရှင်းတယ်လို့ ပြောခဲ့တာဆိုတော့ တခြား ကျန်တဲ့ ဓားစွမ်းအားတွေကိုလည်း နားလည်နိုင်စွမ်း ရှိမှာပဲ။ ဟုတ်တယ်မလား။"

"ဒါပေါ့။ အဲဒါက မင်း တခြားဓားစွမ်းအားတွေကို နားလည်သဘောပေါက်ဖို့ ကြိုးစားရင်လည်း အကူအညီဖြစ်မှာပဲမလား။" လူအုပ်ကြီးက သူတို့၏ ထောက်ခံမှုကို ပြသလိုက်သည်။ သူတို့က ထိုအကြံပြုချက်ဖြင့် သူတို့ကိုယ်သူတို့ နှစ်သိမ့်နေပုံရသည်။ သူတို့သည် ယခုတစ်ခေါက် ရီဖူရှင်း အောင်မြင်ခြင်းက ကံကောင်း၍ အောင်မြင်ခြင်း ဖြစ်ပါစေဟု မျှော်လင့်နေကြ၏။ မဟုတ်လျှင် သူတို့အတွက် အလွန်ကြီးမားသော ရိုက်ခတ်မှုဖြစ်သွားပေလိမ့်မည်။ သို့ဆိုလျှင် သူတို့က ဤနေရာ၌ ဓားစွမ်းအားကို ဆက်လက်လေ့လာရန် အလွန်ရှက်ရွံ့ကြရလိမ့်မည် ဖြစ်သည်။

လူအုပ်ကြီးထဲမှ အခြားသူများထက် ကျောက်တုံးရင်ပြင်၌ ထိုင်နေသော တန်ခိုးရှင်က အရှက်ရဆုံးပင် ဖြစ်သည်။ သူက အကောင်းဆုံးနေရာကို ရရှိထားသော်လည်း ဓားစွမ်းအားကို နားလည်သဘောပေါက်ခြင်း မရှိပေ။ သို့သော် ရီဖူရှင်းက အောက်ခြေ၌သာ ထိုင်နေခဲ့သော်လည်း အောင်မြင်မှုကို ရရှိခဲ့သည်။ ၎င်းက အလွန်ပင် ရှက်စရာကောင်းလှပေသည်။

ထိုတန်ခိုးရှင်သည် မည်သည်တို့ ဖြစ်ပျက်သွားသည်ကို မသိသလိုဟန်ဆောင်၍သာ ဆက်လက် ကျင့်ကြံနေတော့​၏။

"ကောင်းပြီလေ။"

ရီဖူရှင်းက ခေါင်းညိတ်ကာ သဘောတူလိုက်သည်။ သူက တူညီသောနေရာ၌ပင် တင်ပလ္လင်ခွေထိုင်ရင်း နောက်ထပ် ကျောက်တုံးရင်ပြင်တစ်ခုကို ကြည့်လိုက်သည်။ အစောပိုင်းက ဖြစ်ပျက်ခဲ့သလိုပင် မဟာလမ်းစဥ်အရှိန်အဝါလှိုင်းများ ထွက်ပေါ်လာပြီး ကျောက်တုံးရင်ပြင်ကို လွှမ်းခြုံသွားသည်။ ရီဖူရှင်းသည် ၎င်းတွင် မြှုပ်နှံဖုံးကွယ်ထားသော ဓားစွမ်းအားများကို ခံစားမိသည်။ သူ၏ မျက်လုံးများက ဓားအလင်းကြောင့် ရောင်ပြန်ဟပ်လာသည်။ သူသည် ဓားစွမ်းအင်စီးဆင်းမှုကို ဖမ်းဆုပ်လိုက်နိုင်ပုံရသည်။

ရီဖူရှင်းက ဓားစွမ်းအားများကို တိတ်ဆိတ်စွာ အာရုံခံနေစဥ် သူ့ခန္ဓာကိုယ်အနီး၌ စွမ်းအင်လှိုင်းများ စီးဆင်းနေသည်။ ဓားအလင်းက သူ့ခန္ဓာကိုယ်ပေါ်တွင် တောက်ပလာသည်။ အနားတွင် ကျင်ကြံနေကြသော တန်ခိုးရှင်များသည်ပင် သူ့အား အာရုံစိုက်လာကြ၏။ ဤပုဂ္ဂိုလ်က အလွန် ထူးဆန်းပေသည်။ သူက ရောက်လျှင် ရောက်ချင်း ဓားစွမ်းအားများကို အောင်မြင်စွာ နားလည်သဘောပေါက်ခဲ့သည်။ အခြားသူများက သူ့ကို သတိမပြုမိရန်မှာ ခက်ခဲလှသည်။

လူတိုင်းက ရီဖူရှင်း ကျရှုံးပါရန် မျှော်လင့်နေကြသည်။ ထို့အတွက် အထူးအကြောင်းပြချက်မျိုး မရှိပေ။ သူတို့က သူ၏ ပါရမီကို မနာလိုရုံသာ ဖြစ်၏။

တန်ခိုးရှင်များ၏ အကြည့်အောက်မှာပင် ရီဖူရှင်း၏ ခန္ဓာကိုယ်မှ ဓားစွမ်းအားများက ပြင်းထန်လာသည်။ မကြာခင်မှာပင် ရီဖူရှင်း ပစ်မှတ်ထားလိုက်သော ကျောက်တုံးရင်ပြင်က ပြန်လည် တုံ့ပြန်လာသည်။ ဓားစွမ်းအားများက ကျောက်တုံးရင်ပြင်ဆီ စီးဆင်းလာပြီး တောက်ပလာ၏။ တစ်ချိန်တည်းမှာပင် ကျောက်တုံးရင်ပြင်ထက်၌ ထိုင်နေသော တန်ခိုးရှင်က သူ၏ မျက်လုံးများကို ဖွင့်လာကာ ထူးဆန်းသည့်အမူအရာတို့ကို ဖော်ပြလာသည်။ ထို့နောက် သူက ရီဖူရှင်းဘက်သို့ လှည့်ကာ ကြည့်လိုက်၏။

နောက်တခဏတွင် တောက်ပသည့် အလင်းတန်းတို့ ထိုးထွက်လာပြီး ကောင်းကင်ထိ တက်သွားကာ ရီဖူရှင်းရှိနေသော နေရာတစ်ခုလုံးကို တောက်ပသွားစေသည်။ ဓားအလင်းတန်းက ကြည်လင်တောက်ပနေ၏။ ၎င်းက မျက်စိကျိန်းလောက်အောင် တောက်ပနေပြီး ထူးခြားဆန်းကြယ်ပေသည်။

ရီဖူရှင်း၏ နောက်ဘက်တွင် ဒုတိယဓားစွမ်းအား ထွက်ပေါ်လာသည်။ ယင်းသည် အစစ်အမှန်ဓားတစ်လက်အဖြစ် ထွက်ပေါ်လာပြီး သူ၏ နောက်ကျောဘက်တွင် မျောလွင့်နေ၏။ ဓားက ဆူညံသော အော်သံများ ထုတ်လွှတ်နေသည်။ ဤဓားက ပထမဓားနှင့် ကွာခြားသည်။ ပထမဓားက အမှောင်အမျိုးအစား ဖြစ်သော်လည်း ဒုတိယဓားက အလင်းအမျိုးအစားဖြစ်သည်။

“…”

ကျင့်ကြံသူများက ရီဖူရှင်းနှင့် သူ့နောက်မှ ဓားနှစ်လက်ကို စိုက်ကြည့်ရင်း သူတို့၏ မျက်နှာများက နီရဲလာသည်။ သူတို့က အလွန် အရှက်ရသလို ခံစားမိကြပေသည်။

"သွားရအောင်။" အကြီးအကဲတစ်​ယောက်က ထိုနေရာမှ လှည့်ထွက်သွားသည်။

"ဆရာ၊ ကျွန်တော်တို့ ဒါတွေကို နားလည်အောင် မကြိုးစားတော့ဘူးလား။"

"ဘာကို နားလည်ဖို့ ကြိုးစားမှာလဲ။ ဒီလောက်ရိုးရှင်းတဲ့ ဓားစွမ်းအားကိုများ။ အဲဒါတွေက အစွမ်းမထက်ဘူးဆိုတာ လူတိုင်း ပြောနိုင်တယ်။" အကြီးအကဲက သူ့တပည့်ကို အော်လိုက်သည်။ တပည့်ဖြစ်သူက ခေါင်းကိုငုံ့ရင်း စိတ်ထဲမှ ရေရွတ်လိုက်၏။ 'ဓားစွမ်းအားတွေက အဲဒီလောက် ရိုးရှင်းတယ်ဆိုရင် ဆရာကျတော့ ဘာလို့ အဲဒါတွေကို နားမလည်ရတာလဲ။ ပြီးတော့လည်း အခုနကပဲ ဆရာပြောတော့ ဓားစွမ်းအားကိုးမျိုးက အရမ်းထူးခြားပြီး တစ်မျိုးကို နားလည်သဘောပေါက်တာနဲ့တင် သူတို့ရဲ့ စွမ်းရည်ကို တိုးတက်စေတယ်ဆို။ ဆရာက အပြောင်းအလဲ အရမ်းမြန်တာပဲ။'

တပည့်ဖြစ်သူက ရီဖူရှင်းအား ပြန်လှည့်ကြည့်လိုက်သည်။ ကြည့်ရသည်မှာ ဆရာက ထိုအနီးအနား၌ ရှိနေရန် ရှက်လွန်းလှ၍ ဖြစ်နိုင်ပေသည်။

ရီဖူရှင်းက ဓားစွမ်းအားကို ချက်ချင်းနားလည်သဘောပေါက်နိုင်သည်။ အခြားတန်ခိုးရှင်များက ထိုနေရာ၌ အတန်ကြာရှိနေခဲ့သော်လည်း သူတို့က ဓားစွမ်းအားများကို နားလည်သဘောပေါက်ခြင်း မရှိကြပေ။ ဤအခွင့်အလမ်းက သူတို့အတွက် မဟုတ်လေရာ သူတို့က အဝေးသို့ ထွက်သွားရုံသာ ရှိတော့သည်။

အခြားသော တန်ခိုးရှင်များလည်း ဖြစ်ပျက်နေသည်ကို မြင်သောအခါ ဆွံ့အသွားကြသည်။ သူတို့၏ နားလည်သဘောပေါက်နိုင်မှုအဆင့်က ထိုမျှ ကွာခြားသည်လား။

ဤနေရာသို့ လာရောက်သော သူများမှာ သက်ဆိုင်ရာကုန်းမြေများတွင် ထိပ်သီးအင်အားစုများ ဖြစ်ကြသည်။ ယခုထွက်ပေါ်လာသည့် အဖြူရောင်ဆံပင်နှင့် ထူးခြားဆန်းကြယ်လှသော ရန်ဟောင်မှာ သူတို့၏ ယုံကြည်ချက်များကို ရိုက်ချိုးပစ်ခဲ့သည်။ သူတို့နှင့် ထိုရန်ဟောင်ကြားမှ ကွာခြားချက်မှာ အလွန် ကြီးမားလှပေသည်။

ကျေးဇူးတင်စရာကောင်းစွာဖြင့် ထိုသို့မကောင်းဆိုးဝါးဆန်စွာ ထူးချွန်လှသောပုဂ္ဂိုလ်က တစ်ယောက်သာ ရှိသည်။ ကျောက်တုံးရင်ပြင်ထက်တွင် ထိုင်နေသော တန်ခိုးရှင်များ၏ အဆင့်က လူအုပ်ကြီးထဲမှ သူများနှင့် သူမသာကိုယ်မသာပင် ဖြစ်လေသည်။ မည်သူကမှ ရီဖူရှင်းကဲ့သို့ အစွမ်းမထက်ကြပေ။

အမျိုးသမီးရန်ဟောင်သည် နောက်ထပ် ကျောက်တုံးရင်ပြင်သို့ မရွှေ့ပြောင်းခင် သူမက ရပ်တန့်လိုက်သည်။ သူမက ပြန်လှည့်ကာ ရီဖူရှင်းကို ကြည့်လိုက်၏။ မကြာသေးခင်က သူမသည် ဓားစွမ်းအားများက မရိုးရှင်းသည့်အတွက် ရီဖူရှင်းအား ယုံကြည်မှု မလွန်ကဲရန် သတိပေးဖူးသည်။ သူမသည် ဤနေရာတွင် နားလည်သဘောပေါက်နိုင်ခြင်း မရှိလျှင် အချိန်မဖြုန်းဘဲ အခြားနေရာသို့ သွားရန်ပင် အကြံပေးခဲ့သေး၏။

သို့ဆိုလျှင် ယခု အခြားနေရာသို့ ပြောင်းရွှေ့သင့်သည့် သူများက မည်သူတို့ ဖြစ်သနည်း။

သူမသည် ဤနေရာ၌ သက်သက်မဲ့ အချိန်ဖြုန်းနေသူတစ်ယောက်ဟု ခံစားမိလာပေသည်။

သို့သော် ရီဖူရှင်းက သူမ၏ စကားများကို စိတ်ထဲ ထည့်မထားခဲ့ပေ။ သူက သူမကိုပင် မကြည့်ပါချေ။ သူက သူ၏ ကိုယ်ပိုင်ကျင့်ကြံရေးတွင် နှစ်မြှုပ်ထားပြီး တတိယမြောက်ဓားစွမ်းအားကို နားလည်သဘောပေါက်ရန် စတင်၍ ကြိုးစားနေပြီ ဖြစ်သည်။

ယခင်ကနှင့် တူညီစွာပင် မကြာခင်၌ နောက်ထပ် ကျောက်တုံးရင်ပြင်တစ်ခုက လင်းလက်လာကာ တောက်ပသည့် ဓားစွမ်းအားများ နိုးထလာသည်။ ရီဖူရှင်း၏ နောက်တွင် တတိယမြောက်ဓားတစ်လက် ထွက်ပေါ်လာ၏။

ဤဓားတွင် ကြောက်မက်ဖွယ်ကောင်းလောက်အောင် ထည်ဝါမှုများ ပါဝင်နေသည်။ ဓားစွမ်းအားများ နိုးထလာသည့်အခါ ၎င်းမှ အင်အားကို လူတိုင်း ခံစားမိကြပေသည်။ လူအုပ်ကြီးသည် ဓားမှ ထွက်ပေါ်လာသော ဖိနှိပ်မှုကို ခံစားမိသည်။

ဤဓားစွမ်းအားများတွင် ပုံစံကိုးမျိုးရှိပြီး တစ်ခုချင်းစီက ပြိုင်ဘက်ကင်းသည်။ တစ်ခုကို ကျွမ်းကျင်သွားပြီးနောက် ပုံစံကိုးမျိုးလုံးကို လေ့လာနိုင်စွမ်းပိုလာနိုင်သည်။ ထို့နောက်တွင် ပြီးပြည့်စုံသော ဓားနည်းစနစ်ကို လေ့လာဆည်းပူးရန်သာ လိုအပ်ပေလိမ့်မည်။

ရီဖူရှင်းက တတိယဓားကို နားလည်သဘောပေါက်ပြီးနောက် သူသည် စတုတ္ထဓားဆီသို့ ပစ်မှတ်ပြောင်းသွားကာ ထို့နောက် ပဥ္စမဓား၊ ဆဋ္ဌမဓား......

ဓားတောင်ထွတ် အောက်ခြေမှ တန်ခိုးရှင်အားလုံးက ကျင့်ကြံခြင်းကို ရပ်တန့်လိုက်ကြသည်။ သူတို့က ရီဖူရှင်း ဓားစွမ်းအားများကို နားလည်သဘောပေါက်သွားသည်အား စောင့်ကြည့်နေကြ၏။

ရီဖူရှင်း၏ နောက်တွင်ရှိနေသော အင်ပါယာဟယ်လျန်၊ ပေ့ကုံးအော့နှင့် ကျန်အဖွဲ့သားများမှာလည်း သူ့ကို စိုက်ကြည့်နေကြသည်။ သူတို့သည်လည်း အံ့သြမှင်တက်နေ၏။ လူအုပ်ကြီးက သူတို့အား စူးစမ်းလေ့လာနေကြောင်း သူတို့ ခံစားမိလိုက်သည်။

ရှက်ဖွယ်လိလိပင်။

သူက ကိစ္စရပ်များကို ပို၍ သိမ်မွေ့စွာ မကိုင်တွယ်နိုင်သည်လား။

ရီဖူရှင်း၏ ထွက်ပေါ်လာမှုက အခြားသူများအား ကျင့်ကြံ၍ မရဲတော့အောင် ဖြစ်သွားစေသည်။

ပေ့ကုံးရွှမ်းက မျက်တောင်တဖျတ်ဖျတ် ခတ်လိုက်ပြီး ရီဖူရှင်းအား စိုက်ကြည့်နေသည်။ ထိုသူက အလွန်အစွမ်းထက်လှသော်လည်း သူမအား လမ်းညွှန်သင်ပြပေးရန် တွန့်ဆုတ်နေသည်။

ကျောက်တုံးရင်ပြင်ပေါ်မှ တန်ခိုးရှင်များသည်လည်း ဆက်လက်မကျင့်ကြံတော့ဘဲ ရပ်တန့်လိုက်ကြသည်။ သူတို့က ထိုနေရာ၌ တိတ်ဆိတ်စွာ ထိုင်ရင်း ရီဖူရှင်းကို စောင့်​ကြည့်နေကြသည်။

ထိုသည်က သူတို့မျက်နှာကို ဖြတ်ရိုက်လိုက်ခြင်းပေလား။

သူတို့က ကျောက်တုံးရင်ပြင်တွင် ထိုင်ကာ မည်သို့ဆက်လက် ကျင့်ကြံနိုင်ပါမည်နည်း။

ကျောက်တုံးရင်ပြင်၌ ထိုင်ကာ ကျင့်ကြံနေသူများမှာ သာမန်မဟုတ်ကြပေ။ သူတို့က အစွမ်းထက်အင်အားစုများမှ လူများနှင့် ကျင့်ကြံဆင့်မြင့်မားသော တန်ခိုးရှင်များ ဖြစ်ကြသည်။ သို့သော် ရီဖူရှင်း ထွက်ပေါ်လာသည်နှင့် သူတို့ မျက်နှာပျက်ရပေသည်။

"ဒီကောင်စုတ်လေးက ငါတို့ကို နည်းနည်းလေးတောင် မျက်နှာသာမပေးဘူးပဲ။" အဋ္ဌမဆင့် ရန်ဟောင်က ပြောလိုက်သည်။ သူက အခုပင် ပြေးဆင်းသွားပြီး ရီဖူရှင်းကို ရိုက်ပစ်ချင်နေသော်လည်း ဓားစွမ်းအားကိုးမျိုးလုံးကို ရီဖူရှင်း နားလည်သဘောပေါက်နိုင်သလားဆိုသည်ကိုလည်း မြင်ချင်သေးသည်။

"တကယ့်ကိုပဲ။" ကျောက်တုံးရင်ပြင်ထက်၌ ထိုင်နေသော လူတစ်ယောက်က ပြန်ပြောလိုက်သည်။ သူတို့က သူတို့၏ မျက်နှာအိုများကို မည်သည့်နေရာသို့ သွားဖွက်ထားရတော့မည်နည်း။

ထိုနေရာ၌ ငယ်ရွယ်သော တန်ခိုးရှင်တစ်ယောက်က အရုပ်ဆိုးသော အမူအရာနှင့် ရှိနေသည်။ သူ၏ အကြည့်တို့က အလွန်ထက်ရှနေပြီး ​အေးစက်သော အပြုံးနှင့် ပြောလိုက်၏။ "သူ့ရဲ့ ပါရမီက ထူးခြားနေတာပဲ။ သူက ကျုပ်တို့ကို မျက်နှာသာပေးဖို့ ဘာလို့ အလုပ်ရှုပ်ခံနေပါ့မလဲ။"

ဘေးမှအကြီးအကဲတစ်ယောက်က သူ့ကို လှမ်းကြည့်လိုက်သည်။ သူက ပြုံးလိုက်သော်လည်း မည်သည်ကိုမှ မပြောပေ။ သည်လူငယ်က မကျေမနပ် ဖြစ်နေပုံရသည်။ သို့သော်လည်း ထိုသည်က ပုံမှန်သာ ဖြစ်သည်။ သူက ကျောက်တုံးရင်ပြင်ထက်တွင် ထိုင်နေသော်လည်း ကျောက်တုံးက သူ့ကြောင့် တုံ့ပြန်ခဲ့ခြင်း မဟုတ်ပေ။ ထိုသည်က အလွန်တရာမှ ရှက်ဖွယ်ကောင်လှသည်။

အံ့အားသင့်ဖွယ်ကောင်းလောက်သည့် နားလည်သဘောပေါက်နိုင်စွမ်းရှိနေခြင်းက မှားယွင်းသည်ဆိုလျှင် ရီဖူရှင်းက သေချာပေါက်မှားယွင်းပေသည်။

ဓားခုနစ်လက်က ထွက်ပေါ်လာပြီး ဖြစ်သည်။ ရီဖူရှင်းသည် ရှစ်ခုမြောက်ဓားကို နားလည်သဘောပေါက်ရန် ကြိုးစားနေသည်။ ရီဖူရှင်းသည် ထိုဓားစွမ်းအားကို နားလည်သဘောပေါက်ရန် အချိန်အတော်ကြာယူလိုက်ရသည်။ လူအများက သူ့ကို တိတ်ဆိတ်စွာ ကြည့်နေကြ၏။ သူတို့က ရီဖူရှင်း၏ နားလည်သဘောပေါက်နိုင်စွမ်းကို စိတ်မကျေနပ်သော်လည်း လူအုပ်ကြီးက သူ့အား တက်ကြွစွာ စောင့်ကြည့်နေကြဆဲပင် ဖြစ်သည်။

အနည်းဆုံး ဓားအရှိန်အဝါလှိုင်းတို့က ဖွဲ့စည်းကာ ကျောက်တုံးရင်ပြင်တွင် ထွက်ပေါ်လာသည်။ ဓားစွမ်းအားများက အလွန် ပင် နှေးကွေးလေးကန်နေသည်။ ၎င်းတွင် လျင်မြန်သော စွမ်းရည်တို့အား မမြင်တွေ့ရပေ။ ထို့အစား အလွန်ပင် လေးလံနှေးကွေးနေပေသည်။

ရီဖူရှင်းနောက်တွင် ရှစ်လက်မြောက်ဓားသည်လည်း ထွက်ပေါ်လာပြီ ဖြစ်သည်။

ဓားတောင်ထွတ်က ကိုးလက်မြောက်ဓားဖြစ်ပြီး ရီဖူရှင်းသည် ထိုဓားတစ်လက်သာ ကျန်ရစ်ပေတော့သည်။

ရီဖူရှင်း၏ အကြည့်များက နောက်ဆုံး ကျောက်တုံးရင်ပြင်ကို ရွှေ့သွားခဲ့သည်။ ထိုအပေါ်တွင် အနက်ရောင်ဝတ်ရုံနှင့် လူငယ်က သူ့ကို စိုက်ကြည့်နေ၏။ ထိုလူငယ်က မေးလိုက်သည်။ "မင်းရဲ့ မဟာလမ်းစဥ်အရှိန်အဝါက အရမ်းထူးခြားတာပဲ။ ဘယ်လိုမဟာလမ်းစဥ်မျိုးကို ကျင့်ကြံတာလဲ။"

"ဓားစွမ်းရည်၊ ဒြပ်စင်ငါးမျိုး... အဲဒီလိုမျိုးပါပဲ။ အကုန်လုံးကို ဟိုစပ်စပ် ဒီစပ်စပ်တော့ သိပါတယ်။" ရီဖူရှင်းက ပြန်ဖြေလိုက်သည်။

"မင်းပြောတာကို အခြေခံရရင် မင်းက မဟာလမ်းစဥ်အများကြီးကို နားလည်တဲ့ပုံပဲ။" အနက်ရောင်ဝတ်ရုံနှင့် လူငယ်က ကောက်ချက်ချလိုက်သည်။ ထိုလူငယ်က အလယ်အလတ်အဆင့် ရန်ဟောင်ဖြစ်သည်။ သူ၏ အရှိန်အဝါက ထက်ရှနေပြီး ဖိအားများ ဖြစ်ပေါ်စေသည်။ သူက ဆက်လက်မေးမြန်းလိုက်သည်။ "မင်း ထုတ်လွှတ်လိုက်တဲ့ မဟာလမ်းစဥ် အရှိန်အဝါက အရမ်းထူးခြားတဲ့ စွမ်းအားတွေ ပါဝင်နေတယ်။ နောက်တစ်ခေါက် ထုတ်လွှတ်ပေးလို့ရမလား။ ကျုပ် သေချာလေး အာရုံခံကြည့်ချင်လို့။"

ရီဖူရှင်းထုတ်လွှတ်လိုက်သော စွမ်းအားက ကျောက်တုံးရင်ပြင်ရှိ ဓားစွမ်းအင်လှိုင်းများကို ဆွဲယူနိုင်စွမ်းရှိသည်ဟု ထင်မှတ်ရပေသည်။  အနက်ရောင်ဝတ်လူငယ် ခန့်မှန်းချက်အရ ရီဖူရှင်း၏ လျင်မြန်စွာ နားလည်သဘောပေါက်နိုင်စွမ်းမှာ သူ၏ ကျင့်ကြံခြင်းနှင့် ဆက်စပ်မှု ရှိပေလိမ့်မည်။ ထိုသည်မှာ သူ၏ နားလည်သဘောပေါက်မှုက ကောင်းမွန်လွန်းနေ၍တစ်ခုတည်းကြောင့် မဖြစ်နိုင်ပေ။

ရီဖူရှင်းက တစ်ဖက်လူကို ကြည့်လိုက်သည်။ သူက တစ်ဖက်လူ မေးခွန်းကို ပြန်ဖြေလိုက်ပြီးသော်လည်း အနက်ရောင်ဝတ်လူငယ်က သူ၏ ကျင့်ကြံခြင်းလမ်းစဥ်ကို သိချင်နေသည်။ သူ၏ အပြုအမူက ရိုင်းစိုင်းလှပေသည်။

ရီဖူရှင်းနောက်မှ လူအနည်းငယ်ကလည်း မျက်မှောက်ကြုတ်လိုက်ကြသည်။ မတိုင်ခင်က ရီဖူရှင်း၏ ဤနေရာတွင် ကျင့်ကြံနေမှုက အတော်လေး ချောမွေ့နေ၏။ အခြားကျင့်ကြံသူများက သူ့ကို မနာလိုဖြစ်ကြလျှင်ပင် သူတို့က သူ့အား မည်သို့မှ မလုပ်ကြချေ။ သို့သော်လည်း ဤအနက်ရောင်ဝတ်လူငယ်၏ အပြုအမူက သူတို့အား ထူးဆန်းသလို ခံစားလိုက်ရစေသည်။

"ငြင်းတယ်။" ရီဖူရှင်းက အပြုံးနှင့် ငြင်းဆန်လိုက်သည်။ ထို့နောက် သူ၏ မဟာလမ်းစဥ် အရှိန်အဝါက ထိုးဖောက်ထွက်လာကာ နောက်ဆုံး ဓားစွမ်းအားကို သဘောပေါက်နားလည်ရန် ဆက်လက်လုပ်ဆောင်လိုက်သည်။

အနက်ရောင်ဝတ်လူငယ်က ရီဖူရှင်း၏ အဖြေကို ကြားသောအခါ အလွန်ထက်ရှ၍ အေးစက်သော ဓားအလင်းတန်းတို့ကို ထုတ်လွှတ်လိုက်သည်။ ရီဖူရှင်းက သူ့အရှိန်အဝါကို ထုတ်ပြဖို့ရာ ငြင်းဆန်လိုက်သည်။

***

All Chapters