နဂါးအရှင်
Vol. 10 Ch. 973
“ချန်းပေ့ရွှမ်းက ဘာလုပ်ချင်နေတာလဲ...”
သခင်မလေးကျိ၏ မျက်လုံးများမှာ ပြူးကျယ် သွား၏။ အရှင်ကုကား သူမ၏ ဘိုးဘေးကပင် လေးစားရသူ ဖြစ်သည်။ ထိုသို့သော သူအား ချန်းပေ့ရွှမ်းက ပြဿနာရှာရန် ကြိုးစားနေသည်လား။
အရှင်ကု၏ မျက်နှာမှာ မည်းမှောင်သွားကာ မျက်လုံးများမှာလည်း တဖျတ်ဖျတ် လင်းလက်လာ၏။ သူ၏ အင်္ကျီလက်များမှာ လေမတိုက်ပဲ လွင့်လူး ကခုန်လာသည်။
“ကောင်စုတ်လေး... မင်းမှာ ငါ့ကို ဆန့်ကျင်ဖို့တောင် သတ္တိရှိနေတယ်ပေါ့ ဟုတ်လား...”
သူက အပြုံးတု တစ်ခုကို ဆင်မြန်းကာ မေးလိုက်သည်။
“ရှောင်မန်က ငါ့ညီမ... သူ့ကို ဘယ်သူမှ အဲ့လို ပြောပိုင်ခွင့် မရှိဘူး...”
ချန်းဖန်က ပြန်ပြောလိုက်သည်။
“ဟားဟား... မင်းညီမက အမေ့ခံ ဂြိုဟ်တစ်ခုမှာ နေထိုင်တဲ့ ကလေး တစ်ယောက်ပါပဲကွာ... ငါ့မြေးဆီမှာ အမှုထမ်းခွင့်ရတာ သူ့အတွက် ဂုဏ်တောင် ယူရဦးမယ်... ငါက အစေခံ တစ်ယောက်လိုတယ်လို့ ပါးစပ် တစ်ခါဟလိုက်တာနဲ့ ထျန်းဟောင်ဂြိုဟ်မှာ အပြေးအလွှား တန်းစီမယ့် ကျင့်ကြံသူတွေ အများကြီးပဲ”
အရှင်ကုက ရယ်မောလိုက်၏။
တစ်ချိန်တည်း၌ ချန်းဖန်၏ မျက်လုံးများမှာမူ ပို၍ အေးစက် လာနေခဲ့ပြီ ဖြစ်သည်။
“ကျင့်ကြံသူချန်း... အရှင်ကုရဲ့ စွမ်းအားက မင်းထင်ထားတာထက် အများကြီး ပိုတယ်...”
လော့ချန်ရှန်းက ခေါင်းခါရင်း ပြောလိုက်သည်။
“ငါတို့က ထျန်းဟောင်ဂြိုဟ် ပြင်ပက လာတဲ့ ကျင့်ကြံသူတွေ ဆိုတာ မင်းရိပ်မိလောက်မှာပါ... အရှင်ကုက နတ်ဘုရား သားရဲဂိုဏ်းရဲ့ ခေါင်းဆောင် တစ်ယောက်ပဲ... သူက သာမန် အခြေတည် ဝိညာဥ် အဆင့်တွေထက် အများကြီး ပိုပြီး အစွမ်းထက်တယ်... သူ့မြေးရဲ့ အစေခံ ဖြစ်ရတာ ရှက်စရာ မဟုတ်ဘူး”
“ဟုတ်လား...”
ချန်းဖန်မှာမူ ထိုအကြောင်းအရာ အတွက် အံ့အားသင့်သွားပုံ မရချေ။ သူက တည်ငြိမ်စွာပင် လက်နှစ်ဖက်ကို နောက်ပစ်လိုက်၏။
“ကောင်လေး... မင်း ငါနဲ့ တိုက်ခိုက်ချင်တာ သေချာရဲ့လား...”
အရှင်ကုက မျက်မှောင်ကြုတ်ရင်း မေးလိုက်သည်။
ပြင်းထန်သော စွမ်းအင်လှိုင်းများသည် အဘိုးအို၏ ခန္ဓာကိုယ် အနှံ့ ထွက်ပေါ်လာ၏။ ၎င်းတို့က တစ်ခဏ အတွင်းမှာပင် ပို၍ ကြီးထွားလာ လေထုတွင် ဖိသိပ် ပြည့်နှက် သွားသည်။
“ကောင်းကင်အရှင်ချန်း... ခေါင်းမာ မနေနဲ့တော့... အရှင်ကုက အခြေတည် ဝိညာဥ် အဆင့် ကောင်းကင်အရှင်တွေထက် ပိုပြီး အစွမ်းထက်တယ်... သူက တန်ခိုးရှင် တစ်ယောက်လို ဖြစ်နေပြီ”
သခင်မလေးကျိကလည်း ဝင်ရောက် နားချ၏။
သူမ၏ ဘိုးဘေးသည် ရွှေအမြုတေ အဆင့်တွင် ရှိစဥ်က အရှင်ကုထံမှ ကောင်းကင် စာအုပ် တစ်ဝက်ကို လက်ခံ ရရှိခဲ့သည်။ သူသည် ထိုစာအုပ်၏ အကူအညီဖြင့်ပင် အခြေတည် ဝိညာဥ် အဆင့်ကို တက်လှမ်းကာ ကျိမိသားစု၏ ကံကြမ္မာကို ပြောင်းလဲ စေခဲ့သည်။ ထို့ကြောင့်ပင် ကျိမိသားစုဝင်များ အတွက် အရှင်ကုမှာ နတ်ဘုရား တစ်ပါး သဖွယ်ပင် ဖြစ်သည်။
“ဘုန်း...”
အရှင်ကုက ရှေ့သို့ ခြေတစ်လှမ်း တိုးလိုက်၏။ အားလုံး၏ အကြည့်များ အောက်တွင်ပင် အရိပ် တစ်ခုသည် အရှင်ကု၏ နောက်မှ ကောင်းကင်သို့ ပျံတက်သွားသည်။ ထိုအရိပ်ကား မီတာပေါင်း တစ်သောင်း ငါးထောင် ရှည်လျားသော နဂါး တစ်ကောင်ပင် ဖြစ်လေသည်။
နဂါး၏ ခန္ဓာကိုယ်သည် ရွှေရောင် အကြေးခွံများဖြင့် ပြည့်နှက်နေ၏။ ၎င်း၏ ဦးချို နှစ်ချောင်းက နေရောင်အောက်၌ မျက်လုံးများနှင့် အပြိုင် တလက်လက် တောက်ပနေသည်။ ထိုနဂါး၏ စွမ်းအားကား အစစ်အမှန် နဂါးများနှင့်ပင် ကွာခြားခြင်း မရှိတော့ချေ။
“ဒါက...”
ကျိုးကျူရှင်း၏ မျက်နှာတွင် ကြောက်ရွံ့ခြင်းများ ဖြစ်ပေါ်လာ၏။ ချန်းဖန်၏ အနား၌ ကူးခတ်နေသော ရွှေရောင် နဂါး ပင်လျှင် ခြိမ်းခြောက်မှုကို ခံစားနေရဟန် ရသည်။
“ငါက နတ်ဘုရား သားရဲဂိုဏ်းက နဂါးအရှင်ပဲ... မင်းသိအောင် ပြောပြရရင် ငါက လွန်ခဲ့တဲ့ နှစ်ပေါင်း သုံးသောင်းတည်း အတွင်း အခြေတည် ဝိညာဥ် အဆင့် ဆယ်ဂဏန်းကို သတ်ဖြတ် ပြီးပြီ... မင်း ငါနဲ့ တိုက်ခိုက်ချင်တာ သေချာရဲ့လား”
အရှင်ကုက ပြုံးလိုက်၏။ တစ်ချိန်တည်း၌ နဂါးက လေထဲတွင် ရစ်ခွေကာ ချန်းဖန်အား ကြည့်သည်။
“အကို...”
ရှောင်မန်မှာ အကိုဖြစ်သူ အတွက် စိုးရိမ်သွား၏။ သူမ၏ မသိစိတ်က ထိုတိုက်ပွဲမှာ ချန်းဖန် အတွက် အလွန် အန္တရာယ်များကြောင်း အကြိမ်ကြိမ် သတိပေးနေသည်။
“အဲဒီတော့ ဘာဖြစ်လဲ...”
ချန်းဖန်က လက်နှစ်ဖက်ကို နောက်ပစ်ကာ ခေါင်းအား မော့လိုက်သည်။ သူ၏ ပုံစံက ဘာကိုမျှ အလေးအနက်ထားဟန် မရသည့် လူတစ်ယောက်လိုပင်။
“ကောင်လေး... ငါ မင်းနဲ့ မင်းညီမ နှစ်ယောက် စလုံးကို သဘောကျတယ်... မင်း ဘာလို့ ငါနဲ့ မပူးပေါင်းတာလဲ... ငါ မင်းကို အခြေတည် ဝိညာဥ် အဆင့်ကို ရောက်အောင် အလွယ်လေး လုပ်ပေးနိုင်တယ်”
အရှင်ကုက ဆက်လက် ဖျောင်းဖျရန် ကြိုးစားသည်။ သို့သော်လည်း သူ၏ မျက်လုံးများကမူ လောဘဖြင့် တလက်လက် လင်းလက်နေ၏။ ရှောင်မန်၏ အစစ်အမှန် နဂါး နတ်ဘုရား သွေးကြောနှင့် ချန်းဖန်၏ မိစ္ဆာကျင့်စဥ် နှစ်ခုစလုံးကား အလွန်အမင်း ရှားပါးကာ တန်ဖိုးရှိသော အရာများ ဖြစ်ပေသည်။
“မင်း မှန်ထဲမှာ ကိုယ့်ကိုယ်ကို ပြန်မကြည့်ဘူးလား...”
ချန်းဖန်က ပြောကာ လက်ချောင်းများအား ဆုပ်လိုက်၏။ ထို့နောက် သူက တစ်ဆက်တည်း ဆိုသလိုပင် လက်သီးအား ထိုးလိုက်သည်။
“ဘုန်း...”
မိစ္ဆာခြောက်ကောင်က သူ၏ နောက်တွင် ပေါ်လာ၏။ မရေမတွက်နိုင်သော ဓမ္မ စွမ်းအားများက ချန်းဖန်၏ ခန္ဓာကိုယ်နှင့် ပေါင်းစပ်ကြသည်။ ထိုအခါ အနက်ရောင် အလင်း တစ်ခုမှာ လက်သီးထိပ်၌ လင်းလက်လာ၏။
လူတိုင်း၏ နားစည် အတွင်း၌ ကောင်းကင်သည် ပြိုကျလာပုံ ရသည်။ အချိန်၏ စီးဆင်းမှု ပင်လျှင် ၎င်း၏ အဓိပ္ပာယ်ကို ဆုံးရှုံးသွား၏။
မိစ္ဆာ ဘိုးဘေး ခြောက်ယောက် ကောင်းကင် ချိတ်ပိတ်ခြင်း လက်သီး...
ထိုတိုက်ခိုက်မှုကား မူလ မိစ္ဆာတို့၏ စွမ်းအားဖြင့် ဖွဲ့စည်းထားကာ သက်ရှိ၊ သက်မဲ့ အလုံးစုံကို ဖျက်ဆီး၍ ကောင်းကင်ကိုပင် တားဆီးနိုင်စွမ်း ရှိ၏။
“ဘုန်း...”
တစ်စက္ကန့်မျှ အတောအတွင်းမှာပင် နဂါးမှာ အပိုင်းပိုင်း အစစ အဖြစ် ပေါက်ကွဲ သွားသည်။ လက်သီးချီသည် ဆက်လက်၍ ကျဆင်းလေရာ အရှင်ကု၏ ခန္ဓာကိုယ်မှာ နောက်သို့ လွင့်စဥ် သွား၏။ တောင်ထိပ် ဆယ်ခုခန့်ကို ထုတ်ချင်းပေါက် ဖြတ်သန်းပြီးသော အခါတွင်မှ ထိုအဘိုးအိုကား ခန္ဓာကိုယ် ဟန်ချက်ကို ပြန်လည် ထိန်းနိုင်တော့သည်။
“ ... “
လူတိုင်းမှာ ဆွံ့အ သွားကြ၏။ လက်သီးချက် တစ်ခုက ထိုမျှ အထိ အစွမ်းထက်သည်လား။
“ရှင်...”
ချန်ရှန်း နတ်မိမယ်၏ မျက်လုံးများမှာ ပြူးကျယ်နေ၏။ သူမသည် ချန်းဖန်အား မယုံကြည်နိုင်စွာ ငေးကြည့်နေမိသည်။
“ကျင့်ကြံသူချန်း... မင်းက သေချင်နေတာလား... နဂါးအရှင်က မင်း စော်ကားချင်တိုင်း စော်ကားလို့ ရတဲ့သူ မဟုတ်ဘူး...”
လော့ချန်ရှန်း၏ မျက်နှာမှာမူ မည်းမှောင် သွား၏။
“ပါးစပ်ပိတ် ထားစမ်း...”
ချန်းဖန်က လော့ချန်ရှန်း ဘက်သို့ လှည့်ကာ အေးစက်စက် ပြောလိုက်သည်။
“ဘုန်း...”
ထိုအချိန်မှာပင် အရှင်ကုမှာ တောင်တန်းများကို ဖောက်ခွဲကာ ပြန်လည် ရောက်ရှိလာ၏။ သူ၏ အဝတ်များမှာ စုတ်ပြဲနေပြီ ဖြစ်သော်လည်း သူ၏ ခန္ဓာကိုယ်မှာမူ ခြစ်ရားလေး တစ်ခုလောက်ပင် ဒဏ်ရာ ရရှိထားခြင်း မရှိခဲ့ချေ။
“ဒီခွေးကောင်...”
ထိုနတ်ဘုရား သားရဲဂိုဏ်း၏ နဂါးအရှင်ကား အလွန် ဒေါသထွက် နေခဲ့ပြီ ဖြစ်လေသည်။
***