← Chapters

သတ်ဖြတ်ခြင်းတိုက်ကွက်

Vol. 020 Ch. 1911

သတ်ဖြတ်ခြင်းတိုက်ကွက်

Vol. 020 Ch. 1911

ရီဖူရှင်းက တစ်ဖက်လူကို အရေးစိုက်မနေပေ။ သူ၏ မဟာလမ်းစဥ် အရှိန်အဝါက ကျောက်တုံးရင်ပြင်ထက်သို့ ပေါင်းစပ်သွားကာ ထိုအထဲရှိ ဓားစွမ်းရည််ကို လေ့လာဆန်းစစ်နေသည်။ ဓားအလင်းများစွာက သူ၏ အာရုံထဲတွင် ပေါ်ပေါက်လာပြီး နေရာအနှံ့တွင် တည်ရှိနေသည်။

ချက်ချင်းပင် မရေတွက်နိုင်သော ဓားအလင်းများက ရီဖူရှင်း၏ ခန္ဓာကိုယ်အနီးတွင် ဝန်းရံလာကာ ကခုန်နေကြသည်။ လူအများသည် ရီဖူရှင်းနှင့် သူ့နောက်မှ ဓားအလင်းများကို ကြည့်နေကြသည်။

ဓားများက ပျံသန်းနေပြီး တချက်ချက် အသံမြည်နေသည်။ တောက်ပသော  ဓားအလင်းများက ကျောက်တုံးရင်ပြင်ထက်၌ တောက်ပနေပြီး ရီဖူရှင်းနှင့် တသားတည်း ဖြစ်လာသည်။

နဝမမြောက်ဓားက စတင်ဖွဲ့စည်းနေ​ပြီ ဖြစ်သည်။

လူတိုင်းက အံ့အားသင့်နေကြပြီး တန်ခိုးရှင်များ၏ အမူအရာတို့က အားကျစိတ်၊ မနာလိုစိတ်၊ သိချင်စိတ်တို့နှင့် တလှည့်စီပြောင်းလဲနေပြီး လေးနက်စွာဖြင့် ရီဖူရှင်းကို စောင့်ကြည့်နေကြသည်။

သူက အမှန်တကယ်ပင် အားထုတ်မှုမရှိဘဲ ဓားကိုးလက်လုံးကို ဖော်ထုတ်နိုင်သည်လား။

သူတို့နှင့် ရီဖူရှင်းကြားမှ ကွာခြားချက်က မည်မျှ ကြီးမားသဖြင့် သူက ထိုမျှ ထူးခြားသာလွန်သော နားလည်သဘောပေါက်နိုင်စွမ်းကို ပိုင်ဆိုင်ထားရသနည်း။

သည်ဆံပင်အဖြူရောင်နှင့် ဓားအင်ပါယာက မည်သူနည်း။

ထိုအချိန်တွင် အစွမ်းထက်သော ဓားစွမ်းအားလှိုင်းတို့က ကျောက်တုံးရင်ပြင်၏ အထက်မှ အောက်သို့ စီးဆင်းနေပြီး ချက်ချင်း လွှမ်းခြုံသွားသည်။ ဓားစွမ်းအင်လှိုင်းများသည် ကျောက်တုံးရင်ပြင်အတွင်းရှိ ဓားစွမ်းအားတို့ကို ဖိနှိပ်ပြီး ရီဖူရှင်းနှင့် တသားတည်း ဖြစ်လာသည်။ ယင်းသည် ဓားစွမ်းရည်များကို ကျောက်တုံးရင်ပြင်များအတွင်း ချိပ်ပိတ်ရန် အသုံးပြုထားသော ဓားနယ်မြေပင် ဖြစ်သည်။

လူအများက အံ့သြမှင်တက်သွားသည်။ ကျောက်တုံးရင်ပြင်ထက်မှ အနက်ရောင်ဝတ်လူငယ်က ဓားတစ်လက်ကဲ့သို့ ဖြောင့်မတ်စွာ ရပ်နေခဲ့သည်။ သူ၏ ခန္ဓာကိုယ်မှ ဓားစွမ်းအားမျှင်များ ထွက်ပေါ်လာပြီး ကျောက်တုံးရင်ပြင်ဆီသို့ ထိုးထွက်သွားလေသည်။

သူက ရီဖူရှင်းနှင့် ဓားစွမ်းအားအကြားမှ ပေါင်းစပ်မှုကို ဝင်ရောက်နှောက်ယှက်လိုက်ပြီး ရီဖူရှင်း နဝမမြောက်ဓားကို နားလည်သဘောပေါက်မည့် အခြေအနေအား ဟန့်တားရန် ကြိုးပမ်းလိုက်သည်။ ထို့ကြောင့် နဝမမြောက်ဓားက ထွက်ပေါ်မလာခြင်း ဖြစ်ပေသည်။

"မင်း အဲဒါကို လုပ်ဖို့ မဖြစ်နိုင်ဘူး။"

အနက်ရောင်ဝတ်လူက ထိုနေရာတွင် တိတ်ဆိတ်စွာ ရပ်နေပြီး ရီဖူရှင်းကို ကြည့်လိုက်သည်။

သူက ကျောက်တုံးရင်ပြင်ထက်မှ တန်ခိုးရှင်တစ်ဦး ဖြစ်၏။ ရီဖူရှင်းက သူ၏ မေးခွန်းအား ငြင်းပယ်၍ ကျောက်တုံးရင်ပြင်မှ ဓားစွမ်းအားတို့ကို တိုက်ရိုက် အာရုံခံရန် လုပ်ဆောင်ခဲ့သည်။

သည်မြင်ကွင်းက လူတိုင်းကို ကိုယ်ပိုင်အတွေးများ ဖြစ်ပေါ်စေသည်။ သေချာစွာပင် ဝတ်ရုံနက်နှင့်လူက ရီဖူရှင်းအား စိတ်မကျေနပ်ဘဲ ကျင့်ကြံရာတွင် နှောင့်နှေးစေရန် လုပ်ဆောင်ခဲ့သည်။

လူကိုးယောက်အနက် ကျန်ရှစ်ယောက်မှာ ရီဖူရှင်းအား အနည်းငယ် ဒေါသထွက်သော်လည်း တိုက်ခိုက်၍ ဟန့်တားခဲ့ခြင်း မရှိပေ။ အဆုံးမှာတော့ လူတိုင်းက ကျင့်ကြံနေကြပြီး တစ်ယောက်နှင့်တစ်ယောက် နှောက်ယှက်ခြင်း မရှိကြပေ။ ရီဖူရှင်း၏ နားလည်သဘောပေါက်နိုင်မှုက သန်မာပြီး သူက ကျောက်တုံးရင်ပြင်ထက် မထိုင်ဘဲနှင့်ပင် ဓားစွမ်းအားများနှင့် ပေါင်းစပ်နိုင်သည်။ သူတို့က စိတ်မကျေနပ်မှုနှင့် ရှက်ရွံ့ခြင်းတို့အား သည်းခံထားရန်သာ တတ်နိုင်၏။ သူတို့က တစ်ဦးတစ်ယောက်တည်း အရှက်ရခဲ့ခြင်းသာ မဟုတ်ပါချေ။

ရီဖူရှင်းမှလွဲ၍ ဤနေရာ၌ အရှက်မရသူ မည်သူရှိသနည်း။

သို့သော် ရီဖူရှင်းက နောက်ဆုံးဓားကို နားလည်သဘောပေါက်ရန် ကြိုးစားနေဆဲတွင် တစ်စုံတစ်ယောက်က ရီဖူရှင်း ဆက်လက်ကျင့်ကြံနေခြင်းမှ ရပ်တန့်ရန် ဟန့်တားလာကာ ဓားစွမ်းအားများကို ကျောက်တုံးရင်ပြင်၌ သူ၏ စွမ်းအားများဖြင့် ပြန်လည်ချိပ်ပိတ်လိုက်သည်။ သူက ရီဖူရှင်း ဓားစွမ်းအားများကို နားလည်သဘောပေါက်သွားခြင်းမှ ခွင့်မပြုနိုင်ပေ။

ရီဖူရှင်း၏ မျက်လုံးများက ကျောက်တုံးရင်ပြင်ထက်သို့ ကြည့်နေခဲ့၏။ ကြယ်များကဲ့သို့ တောက်ပသော မျက်ဝန်းအစုံက သူ၏ ပြိုင်ဘက်ကို ကြည့်နေခဲ့ပြီး ထိုမျက်ဝန်းများထဲတွင် ဓားကဲ့သို့ ထက်ရှမှုများလည်း ပါဝင်နေသည်။

သူတို့၏ အကြည့်များက လေထဲတွင် ဆုံတွေ့မိပြီး လူအများက အစွမ်းထက်သော စွမ်းအားများကို ခပ်ရေးရေး ခံစားမိကာ အလွန်ဖိနှိပ်နိုင်စွမ်းရှိသော ဓားစွမ်းအားများက လေထဲတွင် စီးဆင်းနေပြီး လေဟာနယ်ဝန်းကျင်ကို ဖြန့်ကျက်ထားကြောင်းကိုလည်း ခံစားမိကြသည်။

သူတို့သည် တိတ်ဆိတ်စွာနှင့် အချင်းချင်း ကြည့်နေကြ၏။ အရာအားလုံးကို သူတို့၏ အပြုအမူများမှတဆင့် မြင်နေရသည်။

ရီဖူရှင်း၏ အမူအရာက ပြောင်းလဲမသွားဘဲ သူ၏ ဓားကဲ့သို့ ထက်ရှသော မျက်လုံးများမှ ဓားအလင်းတန်းတို့ ထိုးထွက်လာသည်။ သူ၏ နတ်အာရုံ ပြောင်းလဲမှုနှင့်အတူ အဆုံးမဲ့ဓားချီတို့ စီးဆင်းလာပြီး အနီးဝန်းကျင်မှာ မဟာလမ်းစဥ်ဓားနယ်မြေဖြစ်ပေါ်လာသည်။ မရေတွက်နိုင်သော ဓားစွမ်းအင်လှိုင်းများက ကျောက်တုံးရင်ပြင်ထံသို့ စီးဆင်းသွားပြီး ချိပ်ပိတ်ထားသော စွမ်းအားကို ဖယ်ရှားရန် ကြိုးစားလိုက်သည်။ ထိုသို့လုပ်ဆောင်နေစဥ် သူ့ခန္ဓာကိုယ်အနီးမှ ဓားအလင်းများက လင်းလက်ဖြာထွက်နေဆဲရှိကာ ကျင့်ကြံနေခြင်းကို မရပ်တန့်ခဲ့ပေ။

အနက်ရောင်ဝတ်စုံနှင့် လူက ရီဖူရှင်းကို လှမ်းကြည့်လိုက်သည်။ ကြောက်မက်ဖွယ်ဓားအော်မြည်သံက ကောင်းကင်တွင် ပဲ့တင်ထပ်လာသည်။ ထို့နောက် အနက်ရောင်ဓားအလင်းတို့က ကောင်းကင်မှ ကျဆင်းလာ၏။

ဘုန်း... ဘုန်း... ဘုန်း..... မရေတွက်နိုင်သော ဓားများက ကောင်းကင်မှ တိုက်ရိုက်ဆင်းသက်လာပြီး ကျောက်တုံးရင်ပြင် အနီးတဝိုက်ကို ထိုးစိုက်လိုက်ကာ ထိုနေရာအား အပြည့်အဝ ချိပ်ပိတ်၍ အကြွင်းမဲ့ ဓားနယ်မြေအဖြစ် ပြုလုပ်လိုက်သည်။ ၎င်းက ရီဖူရှင်း၏ စွမ်းအားများ ထိုးဖောက်လာမှုကို ဟန့်တားလိုက်၏။

သူတို့နှစ်ယောက်က ထိပ်တိုက်ရင်ဆိုင် တိုက်ခိုက်နေကြပုံရလေသည်။

လူအများက ထူးဆန်းသော အမူအရာတို့ကို ထုတ်ဖော်ပြသလာသည်။ အနက်ရောင်ဝတ်ရုံနှင့် လူက အလယ်အလတ်ရန်ဟောင်ဖြစ်ပြီး အံ့အားသင့်ဖွယ် အရှိန်အဝါနှင့် အလွန် အစွမ်းထက်သော ဓားစွမ်းအားကို ပိုင်ဆိုင်ထားသည်။ သူက သာမန် အလယ်အလတ်ရန်ဟောင်မျိုး မဟုတ်ပေ။

ကျောက်တုံးရင်ပြင်၏ ဘယ်ညာတွင် အစွမ်းထက်တန်ခိုးရှင်များ စီတန်းကာ ရပ်နေကြ၏။ သိသာစွာပင် သူတို့က ဤနေရာသို့ အနက်ရောင်ဝတ်တန်ခိုးရှင်နှင့်အတူ လိုက်ပါလာသော သူများဖြစ်သည်။ သူတို့ကြားတွင် အဋ္ဌမဆင့် နတ်ဝင်ရိုးနှင့် နှစ်ယောက်ပါသည်။ ထို့ကြောင့် အနက်ရောင်ဝတ်လူငယ်တွင် ထူးခြားသော နောက်ခံရှိလိမ့်မည် ဖြစ်သည်။ သူက အချို့သော ကုန်းမြေရှိ ထိပ်တန်းအင်အားစုတစ်ခုခုမှ ဖြစ်နိုင်သည်။ မဟုတ်လျှင် သူက ထိုသို့သော အဖွဲ့အင်အားမျိုး ရှိနေမည် မဟုတ်ပေ။

သူက ထိုမျှမောက်မာနေသည်မှာ အံ့သြစရာမရှိတော့ပေ။ ရီဖူရှင်းက သူ့အား ဖြေကြားရန် ငြင်းဆန်ခဲ့သည့်အခါ သူက ချက်ချင်းတိုက်ခိုက်လိုက်ပြီး ရီဖူရှင်း၏ နဝမမြောက်ဓားကို နားလည်သဘောပေါက်ခြင်းမှ တားဆီးခဲ့သည်။

သို့သော် ရီဖူရှင်းတွင်လည်း အစွမ်းထက်တန်ခိုးရှင်များက သူ့နောက်၌ ရှိနေသည်။ သူတို့က ထိုနေရာ၌ ရပ်ကာ ခေါင်းကို မတ်မတ်ထား၍ ကြည့်နေကြသည်။ သူတို့၏ အကြည့်က ရန်လိုကာ အေးစက်နေပြီး အနက်ရောင်လူအား စိုက်ကြည့်နေကြသည်။

သူတို့အားလုံးသည် ဓားတောင်ထွတ်ကို နားလည်သဘောပေါက်လိုကြပြီး ဤနေရာ၌ ရှိသမျှ အရာအားလုံးက အရှေ့နတ်ဘုရားကျွန်းစုနယ်မြေ၏ မဟာလမ်းစဥ် အခွင့်အလမ်းများပင် ဖြစ်သည်။ ၎င်းက မည်သူနှင့်မှ မသက်ဆိုင်ကြပေ။ သူတို့က ကျောက်တုံးရင်ပြင်၏ ထိန်းချုပ်မှုကို ရရှိလျှင် ၎င်း၏ ထိန်းချုပ်မှုကို ရရှိသည်သာ ဖြစ်သည်။ အခြားသူများသည် သူတို့က ၎င်းအတွက် တိုက်ခိုက်နိုင်စွမ်းမရှိသည်ကို သိကြပြီး တိုက်ခိုက်ကြလိမ့်မည် မဟုတ်ပေ။ ရီဖူရှင်းသည်လည်း ထိုအတွက် တိုက်ခိုက်မည် မဟုတ်ချေ။

ရီဖူရှင်းက ကျောက်တုံးရင်ပြင် အောက်တွင် ကျင့်ကြံကာ နားလည်သဘောပေါက်မှုကို ရရှိသွား၍ သူတို့က ဒေါသထွက်သည်ဆိုပါလျှင် ကျိုးကြောင်းမဆီလျော်ပေ။ ကျောက်တုံးရင်ပြင်ထက်၌ ထိုင်နေသူသာ ကျင့်ကြံ၍ နားလည်သဘောပေါက်မှုကို ရရှိအောင်မြင်သည်အား ခွင့်ပြုသည်လား။

ကျန်သည့် ရန်ဟောင်ရှစ်ပါးက ရယ်စရာအနေနှင့် ပြောဆိုပါသော်လည်း ရီဖူရှင်းအပေါ်တွင် မည်သည့် မကောင်းသောစိတ်မှ မထားရှိကြပေ။ အနက်ရောင်ဝတ်လူတစ်ယောက်သာလျှင် အဆင်ခြင်မရှိ လှုပ်ရှားလာပေသည်။

ထိုအချိန်တွင် ရီဖူရှင်း၏ ဝန်းကျင်၌ အလွန် ကြောက်မက်ဖွယ်ကောင်းသည့် ဓားနယ်မြေ ပေါ်ပေါက်လာသည်။ ကျယ်ပြောသော ဓားစွမ်းအားနယ်မြေက လေဟာနယ်အတွင်း အားကောင်းစွာ ဖြစ်တည်လာပြီး ထိုအနီးဝန်းကျင်ရှိ လူအများ၏ နှလုံးသားများကို  တုန်ယင်စေသည်။ မည်မျှ အားကောင်းလိုက်သည့် ဓားစွမ်းရည်နည်း။

ရီဖူရှင်း သူ၏ အရှိန်အဝါကို မထုတ်ဖော်ခင်အချိန်ထိ ကျင့်ကြံနေဆဲ ဖြစ်သည်။ သို့သော်လည်း ယခုတွင် သူက စစ်မှန်သော တိုက်ခိုက်ရေး ဓားစွမ်းအားတို့ကို ထုတ်ဖော်လိုက်သည်။ အားလုံးသော အဆင့်နိမ့်ရန်ဟောင်များမှာ ရီဖူရှင်းနှင့် အဆင့်ချင်းတူသည်ဟုပင် မဆိုရဲကြတော့ပေ။ အလယ်အလတ်ရန်ဟောင်များသည်ပင် ပြင်းထန်သည့် ဖိအားများကို ခံစားမိလိုက်သည်။

"သူက ပြီးပြည့်စုံတဲ့အဆင့် နတ်ဝင်ရိုးကို ဖွဲ့စည်းထားနိုင်တာပဲ။" အဆင့်မြင့်ရန်ဟောင်အကြီးအကဲတစ်ယောက်က ရီဖူရှင်းကို ကြည့်ရင်း ပြောလိုက်သည်။ တကယ့်ကိုပင် ဓားကိုးလက်အား နားလည်သဘောပေါက်နိုင်သူက သာမန်ပါရမီရှိသူ မည်သို့ ဖြစ်နိုင်ပါမည်နည်း။ သူက ပြီးပြည့်စုံသော အဆင့် မဟာလမ်းစဥ် နတ်ဝင်ရိုးကို ဖွဲ့စည်းထားနိုင်သည်အား ကြည့်လျှင် ကုန်းမြေတစ်ခုခုမှ မကောင်းဆိုးဝါးဆန်လောက်အောင် ထူးချွန်သူ ဖြစ်ပေလိမ့်မည်။

ရီဖူရှင်း၏အထက်တွင် ထူးခြားသာလွန်သော ဓားဆန္ဒသုံးခု ဖြစ်တည်လာသည်။ ဓားဆန္ဒများမှ နားစည်ပင်ကွဲထွက်လောက်အောင် ကြောက်မက်ဖွယ် အော်မြည်သံတို့ကို ထုတ်လွှတ်နေသည်။ လူတိုင်းသည် အလွန် ထက်ရှသော စွမ်းအင်လှိုင်းများကို ခံစားမိကြပေသည်။

သို့သော်လည်း ဝတ်စုံနက်နှင့်လူက ဂရုမစိုက်ဘဲ ကြီးမားသော အနက်ရောင်ဓားများကို ဖွဲ့စည်းလိုက်သည်။ ​ကြီးမားသော ဓားတစ်ခုချင်းစီတွင် ထူးခြားသာလွန်သော ဖျက်ဆီးခြင်းစွမ်းအားများ ပါဝင်နေ၏။ ကျောက်တုံးရင်ပြင်ကို ဗဟိုပြုကာ ၎င်းတို့သည်လည်း ကြောက်မက်ဖွယ် ဓားနယ်မြေကို ဖန်တီးလာသည်။

'အဆင့်နိမ့်ရန်ဟောင်တစ်ယောက်က အဆင့်တက်ပြီးချင်းချင်း သူ့ရဲ့ မဟာလမ်းစဥ် နတ်စက်ဝန်းကို ကောင်းကောင်းထိန်းချုပ်ဖို့ မဖြစ်နိုင်လောက်ဘူး။' အစွမ်းထက်အရှိန်အဝါကို ခံစားမိပြီးနောက် အကြီးအကဲတစ်ယောက်က တိတ်တဆိတ်တွေးလိုက်သည်။ သူ၏ မဟာလမ်းစဥ်နတ်ဝင်ရိုးက သာမန်သာဖြစ်နေလျှင် ဝတ်စုံနက်နှင့်လူ၏ ဓားစွမ်းအားများကို ရီဖူရှင်း၏ ဓားစွမ်းအားများက ဖိနှိပ်နိုင်ပေလိမ့်မည်။

သို့သော် ရီဖူရှင်းက ထိုသို့ မလုပ်နိုင်ခဲ့ပေ။ ဆိုလိုသည်မှာ ပြီးပြည့်စုံသော အဆင့် နတ်ဝင်ရိုးက ယခင်ကတည်းက ဖွဲ့စည်းပြီးသား ဖြစ်နေ၍ ဖြစ်သည်။ အဆင့်တက်ပြီးနောက် ထိန်းချုပ်ရန် ခက်ခဲသော်လည်း သူက သာမန် အလယ်အလတ်ရန်ဟောင်များထက် အားကောင်းနေဆဲပင် ဖြစ်၏။ သူ၏ အရှိန်အဝါက ရီဖူရှင်း၏ ဓားစွမ်းရည်ထက် အားမနည်းဘဲ အနည်းငယ်ပင် အားကောင်းနေသေးသည်။ သူ၏ မဟာလမ်းစဥ်နတ်ဝင်ရိုးက ရီဖူရှင်းနှင့် တူညီသော အဆင့်တွင် ရှိနေသည့်အပြင် သူက ကျင့်ကြံဆင့်ပင် ပို၍ မြင့်နေသေးသည်။

ရီဖူရှင် နောက်တွင် ဓားဆန္ဒသုံးခုထွက်ပေါ်လာပြီး ချက်ချင်း ပြေးထွက်သွားကာ ထိုချိပ်ပိတ်ထားသည့် ကြောက်မက်ဖွယ် ဓားစွမ်းအားများကို ပြင်းထန်စွာ တိုက်ခိုက်လိုက်သည်။

ကြောက်မက်ဖွယ်အသံနှင့်အတူ ချိပ်ပိတ်ထားသည့် ဓားစွမ်းအားများ၌ အက်ကြောင်းများ ဖြစ်ပေါ်လာပေသည်။ ကျောက်တုံးရင်ပြင်က အဆက်မပြတ် တုန်ခါနေပြီး ချိပ်စည်းစွမ်းအားများက ကွဲထွက်လာသည်။ ရီဖူရှင်းသည် ကျောက်တုံးရင်ပြင်ထဲမှ ဓားစွမ်းအားများနှင့် တဖန်ပေါင်းစပ်လာပြန်သည်။ ကျောက်တုံးရင်ပြင်မှ ဓားအလင်းများ ထွက်ပေါ်လာပြီး သူ၏ ခန္ဓာကိုယ်ကို အလင်းပြန်လာပေသည်။

ဘုန်း....

ရီဖူရှင်းက ချိပ်စည်းကို ချိုးဖျက်လိုက်သည့် အခိုက်အတန့်တွင် ကြောက်မက်ဖွယ် တုန်ခါသံများ ထွက်ပေါ်လာ၏။

"သတိထား။" အင်ပါယာဟယ်လျန်က သူ့ကို သတိပေးလိုက်သည်။ ကြောက်မက်ဖွယ်စွမ်းအားများနှင့် မရေတွက်နိုင်သော အနက်ရောင်ဓားများက ကောင်းကင်တွင် မျောလွင့်ကာ ရီဖူရှင်းထံ တိုက်ရိုက်ကျဆင်းလာသည်။ အနက်ရောင်ဝတ်စုံနှင့်လူ ပြုလုပ်ထားသော ချိပ်စည်းက ကျိုးပြတ်သွားပြီး ရီဖူရှင်းသည် နဝမမြောက်ဓားကို အပြည့်အဝနားလည်သွားတော့မည်ကို တွေ့သည်နှင့် ချက်ချင်းပင် သတ်ဖြတ်ခြင်းတိုက်ကွက်ကို စတင် ထုတ်​ဖော်လာသည်။

အနက်ရောင်ဓားများက အလွန်မြန်ဆန်လှပြီး ချက်ချင်း ဆင်းသက်လာ၏။ ဓားများပေါ်တွင် ထိတ်လန့်ဖွယ် မန္တာန်သင်္ကေတများကို မြင်ရပြီး ဓားတစ်လက်ချင်းစီတွင် ကြောက်မက်ဖွယ် အနက်ရောင် ဖျက်ဆီးခြင်းအလင်းများ ပါဝင်နေကာ ရီဖူရှင်းအား တိုက်ရိုက်သတ်​ဖြတ်ပစ်ရန် ရည်ရွယ်နေသည်။

မရေတွက်နိုင်သော ဓားအလင်းများက ရီဖူရှင်းအနီးတွင် ပျံသန်းနေပြီး ဓားကွန်ယက်တစ်ခုကို ဖန်တီးကာ လေဟာနယ်ကို ပိတ်ဆို့ဟန့်တားထားပြီး ပြိုင်ဘက်၏ ဓားများ ဖြတ်သန်းလာခြင်းမှ တားဆီးထားသည်။

သို့သော် ကြောက်မက်ဖွယ်တုန်ခါသံ၏ ထွက်ပေါ်လာပြီး ဓားကွန်ယက်က ပြင်းထန်စွာ တုန်ခါလာသည်။ အနက်ရောင်ဓားများ၏ တိုက်ခိုက်မှုအောက်တွင် အက်ကြောင်းများ ထွက်ပေါ်လာပြီး အစိတ်စိတ်အမြွှာမြွှာ ကွဲကြေသွားသည်။ အနက်ရောင်ဓားများက ရီဖူရှင်းထံသို့ ဆက်လက်ဦးတည်လာနေ၏။ ဖျက်ဆီးခြင်း ဓားမြစ်တစ်စင်း ပေါ်ပေါက်လာပြီး ဓားများအောက်တွင် အရာအားလုံးက ပျက်စီးသွားရပေသည်။

ချက်ချင်းပင် ရီဖူရှင်း၏ နောက်တွင် နောက်ထပ် ခမ်းနားထည်ဝါသော ဓားအလင်းထွက်ပေါ်လာသည်။ ထိုအချိန်တွင် နဝမမြောက်ဓားက အစစ်အမှန် ဖွဲ့စည်းလာပြီး နှိုင်းယှဥ်၍မရအောင် ကြောက်မက်ဖွယ်ကောင်းသော ဓားစွမ်းအားများကို ထုတ်လွှတ်လာသည်။

"ဓားစွမ်းအားကိုးခုလုံးကို သူ နားလည်သွားပြီပဲ။" လူအများက ရီဖူရှင်းကို ကြည့်ကာ နေမထိထိုင်မသာ ဖြစ်သွားကြသည်။ သူက ဝတ်ရုံနက်နှင့်လူ၏ တားဆီးမှုကို ခံနေရစဥ်မှာပင် သဘောပေါက်နားလည်နိုင်ခဲ့ပေသည်။

ယခု လူအများက ဝတ်ရုံနက်နှင့်လူ၏ ဇာစ်မြစ်ကို ခန့်မှန်းမိနေခဲ့ပြီ ဖြစ်သည်။ ထိုသူက မှော်ကျောက်တုံးကုန်းမြေမှ ထိပ်သီးဓားသမားအင်အားစုဖြစ်သော မဟူရာသံမဏိဓားကလန်မှ ဖြစ်သည်။

သူက ထိုမျှထိ ခြယ်လှယ်လိုနေသည်မှာ အံ့သြစရာမရှိပေ။ မဟူရာသံမဏိဓားကလန်က အလွန် အားကောင်းလှသည်။ ၎င်းက မှော်ကျောက်တုံးကုန်းမြေတွင် ထိပ်သီးအင်အားစု ဖြစ်လေသည်။

ရီဖူရှင်း၏ သူ့ပြိုင်ဘက်ထံ ကြည့်သောအကြည့်များက အေးစက်နေ၏။ ချက်ချင်းပင် ဓားဆန္ဒသုံးခုက အနက်ရောင်ဝတ်စုံနှင့် လူထံ တိုးဝင်သွားသည်။ သို့သော်လည်း အနက်ရောင်နတ်ဓားကြီးတစ်ခုက ထိုလူ့အနောက်တွင် ထွက်ပေါ်လာသည်။ ၎င်းမှာ သူ၏ မဟာလမ်းစဥ် နတ်ဝင်ရိုးပင် ဖြစ်လေသည်။ ကြီးမားလှသော နတ်ဓားများက သူ့အနီးတွင် ဝန်းရံနေပြီး ဓားဆန္ဒသုံးခုက ၎င်းတို့အပေါ်ကျရောက်လာသည့်အခါ ၎င်းတို့၏ ခံစစ်က ပျက်စီးမသွားဘဲ စူးရှသော အသံများသာ ထွက်ပေါ်လာသည်။

ဝတ်စုံနက်နှင့်လူက ဓားများ၏ အလယ်တွင် ရပ်နေကာ ထည်ဝါစွာ ရပ်နေပြီး အေးစက်သော အကြည့်များထဲတွင် မောက်မာမှုတို့ ပါဝင်နေ၏။

ကျယ်လောင်စွာ မြည်ဟီးသံထွက်ပေါ်လာပြီး ရီဖူရှင်း၏ ခန္ဓာကိုယ်ကို ပတ်ရံကာ ကြီးမားလှသော ရွှေရောင်နတ်ပုံရိပ်သဏ္ဌာန်တစ်ခု ထွက်ပေါ်လာသည်။ ကြီးမားသော အနက်ရောင်ဓားက နတ်ပုံရိပ်​ကြီးနှင့် ထိပ်တိုက်တွေ့ကာ ပြင်းထန်စွာ တုန်ခါသွားသော်လည်း ကျိုးပဲ့သွားခြင်းမရှိပေ။

ဝတ်စုံနက်နှင့်လူက သူ၏ လက်ကို မြှောက်ကာ သူ့ရှေ့ရှိ လေဟာနယ်သို့ ညွှန်ပြလိုက်လျှင် ချက်ချင်းပင် ကြီးမားသော ဓားနက်ကြီးတစ်လက်က ရီဖူရှင်း၏ ခေါင်းထက်တွင် ထွက်ပေါ်လာသည်။ ယင်းက မည်းနက်နေပြီး မဟူရာနတ်အလင်းတို့ လင်းလက်နေ၏။ လေထုထဲမှ ဓားစွမ်းအားများက ထိုဓားဆီသို့ စီးဆင်းသွားသည်။ လေထုထဲမှ ဓားစွမ်းအားလှိုင်းတစ်ခုချင်းစီက ဓားအတွင်းသို့ ဆင်းသက်လာကာ ရီဖူရှင်း၏ ခန္ဓာကိုယ်ကို ရစ်ပတ်၍ ရီဖူရှင်းရှိရာ လေဟာနယ်ကို ချိပ်ပိတ်လိုက်သည်။

ကြီးမားသော ထိုဓားက ပိုမိုအစွမ်းထက်သော စွမ်းအားများကို စုစည်းလာသည်။ ဓားက ကျဆင်းလာသည့်အခါ ကမ္ဘာပျက်ကပ်ကြီး ရောက်ရှိလာသလို ထင်မှတ်ရပေသည်။

"အရမ်းအားကောင်းတာပဲ။" အနက်ရောင်ဝတ် လူငယ်ကို ကြည့်နေသော လူများ၏ နှလုံးသားတို့က တုန်ယင်သွားကြသည်။ သူက အမှန်တကယ် သတ်ဖြတ်ရန် ကြံရွယ်နေသည်လား။

ရီဖူရှင်းနောက်မှ လူများက တိုက်ခိုက်ကြလိမ့်မည်လား။

သူတို့ ဝင်စွက်ဖက်လျှင် မဟူရာသံမဏိဓားကလန်မှ အခြားတန်ခိုးရှင်များလည်း ပါဝင်လာလိမ့်မည် ဖြစ်သည်။ ဓားကြီးများက ဆက်လက်ကျဆင်းလာနေပြီး ၎င်းတို့သည် ရီဖူရှင်းအား မသတ်ဖြတ်နိုင်မချင်း ရပ်တန့်သွားမည်မဟုတ်ဟု ထင်မှတ်ရပေသည်။ လူအများထံတွင် ထူးဆန်းသော အမူအရာတို့ ဖြစ်တည်လာသည်။ ရီဖူရှင်းက တန်ခိုးရှင်အားလုံးကို ရှက်ရွံ့အောင် လုပ်ခဲ့သော်လည်း သူတို့က သူ့အားသတ်ရန် ရည်ရွယ်ချက် မရှိခဲ့ပေ။ သူတို့က သူ့အပေါ် အာဃာတများ မရှိသည့်အတွက် သူ့ကို သတ်ဖြတ်ရန် မလိုပါချေ။ ဝတ်စုံနက်နှင့်လူက လူအများ၏ အတွေးတို့ကို လျစ်လျူရှုကာ လက်ကို အောက်သို့ ညွှန်လိုက်ပြီး ချက်ချင်းပင် ကြီးမားလှသော ဓားကြီးက ရီဖူရှင်းထံ ကျရောက်လာသည်။

***

All Chapters