အံ့အားသင့်ကြခြင်း
Vol. 10 Ch. 976
“ထပါရှင်...”
ရှောင်မန်မှာ အဘိုးအရွယ် သူမ၏ အရှေ့၌ ဒူးထောက်နေခြင်းကို အားနာမိသဖြင့် လျှင်မြန်စွာ ပြောလိုက်သည်။ သူမသည် ချီလင်ပေါက်စ ချပေးသည့် အရည်နှစ်စက်ကို စုပ်ယူပြီးနောက် ဒဏ်ရာများ ပြန်လည် ပျောက်ကင်းလု နီးပါး ဖြစ်နေခဲ့ပြီ ဖြစ်သည်။
“ခင်ဗျား အခု ကျေနပ်ပြီလား... ကောင်းကင်ရှင်ချန်း...”
အရှင်ကု၏ မျက်လုံးများမှာ ဒေါသဖြင့် ပြည့်နှက်နေ၏။ သူကား ဖြစ်နိုင်လျှင် ချန်းဖန်အား ချက်ချင်းထကာ သတ်ပစ်ချင်နေပုံပင်။
“ဝှစ်...”
ချန်းဖန်က လက်ညိုးကို ဆန့်ထုတ်လိုက်ရာ မမြင်နိုင်သော ချီစွမ်းအင် တစ်ခုမှာ လေထုတွင် ပေါက်ကွဲလာ၏။
“ဝှစ်...”
ရုတ်တရက် အရှင်ကု၏ ခန္ဓာကိုယ်မှာ တုကြီးတစ်ခုဖြင့် ထုရိုက်ခံရသည့် အလား ရွှေရောင် အလင်းများ တောက်ပလာကာ နောက်သို့ မီတာ တစ်ရာခန့် လွင့်စဥ်သွားသည်။ ၎င်းက တောင်တစ်ခုအား ဝင်တိုက်မိရာ ပေတစ်သောင်း အထိ မြင့်မားသော တောင်ကြီးမှာ ပေါက်ကွဲသွား၏။
“မြွေပေါက်လေး... မင်း ငါ့ညီမကိုပဲ အရူးလုပ်လို့ ရချင်ရမယ်... ငါ့ကိုတော့ မရဘူး... မင်းဘာသာမင်း ငါ့ကို မုန်းမုန်း သတ်ချင် သတ်ချင် ငါဂရုမစိုက်ဘူး...ဒါပေမဲ့ မင်း နောက်တစ်ခါ အဲဒီ မျက်လုံးတွေနဲ့ ငါ့ကို ကြည့်ရင်တော့ မင်းမျက်လုံးတွေကို ငါ ကိုယ်တိုင် ဖောက်ပစ်မယ်”
ချန်းဖန်၏ လေသံမှာ ခံစားချက် ကင်းမဲ့ကာ အေးစက်နေ၏။ မြောက်ပိုင်း ကောင်းကင်အရှင်ကား ရှောင်မန်ကဲ့သို့ စိတ်သဘောထား နူးညံ့သည့် မိန်းကလေးတစ်ဦး မဟုတ်ချေ။
“မင်း...”
အရှင်ကုမှာ ပထမ၌ ဒေါသထွက် သွားသော်လည်း ချန်းဖန်၏ စကားကို ကြားပြီးနောက် ချက်ချင်းပင် ပြန်လည် ငြိမ်ကျသွားသည်။ သူက ခေါင်းအား ငုံ့ကာ ရှောင်မန်၏ နောက်သို့ ပျံသန်း၍ ကျိုးကျူရှင်း ကဲ့သို့ ရိုသေ လေးစားသော အမူအရာဖြင့် ရပ်လိုက်၏။
နဂါးအရှင် ကဲ့သို့သော ကျင့်ကြံသူ တစ်ယောက်ကို အနိုင်ယူ အပြီးတွင်မူ မည်သူမျှ ချန်းဖန်အား အာမခံ ရဲကြတော့ချေ။ ကောင်းကင် ဗိုလ်ချုပ်ဟူနှင့် အခြားလူများမှာ ချန်းဖန် အနားသို့ ရောက်ရှိလာကာ သူတို့၏ မိုက်မဲမှုများ အတွက် တောင်းပန် ကြသည်။
သို့သော်လည်း ချန်းဖန်မှာ သူတို့ အပေါ် အငြိုးမထားချေ။ သူက လက်ကိုသာ ဝှေ့ယမ်းပြကာ သူ့ရှေ့မှ ထွက်သွားရန် ပြောလိုက်၏။၊
“ကောင်းကင်အရှင်...”
စီမာတိုင်နှင့် ကပ္ပတိန်ရွှယ်တို့မှာလည်း ရှက်ရွံ့နေသော အမူအရာများဖြင့် ချန်းဖန်အား တောင်းပန် လိုက်ကြသည်။
“ရောင်းရင်း စီးမာ... ကပ္ပတိန်ရွှယ်... တောင်းပန်စရာ မလိုပါဘူး... ဒါပေမဲ့ နတ်ဘုရား ကုန်းမြေက ခင်ဗျားတို့ အတွက် သင့်တော်ရဲ့ နေရာတစ်ခု မဟုတ်ဘူး... ရွှေအမြုတေ ထိပ်ဆုံး အဆင့်တွေ အတွက်တောင် အရမ်း အန္တရာယ် များတယ်”
ချန်းဖန်က ပြောလိုက်သည်။
“နတ်ဘုရား ကုန်းမြေမှာ ရှိတဲ့ ရတနာတွေကို ကျွန်တော်တို့ မမက်တော့ပါဘူးဗျာ...”
စီမာတိုင်နှင့် ကပ္ပတိန်ရွှယ်တို့က ဖြူရော်စွာ ပြုံးရင်း ခေါင်းခါ လိုက်ကြသည်။
“ဒါပေမဲ့ အခု ကျွန်တော်တို့က ရှေးဟောင်း မိစ္ဆာအင်းရဲ့ အနက်ပိုင်းကို ရောက်နေတာ ဆိုတော့ ကောင်းကင်အရှင် တစ်ယောက်ရဲ့ အကာအကွယ် မပါပဲ ပြန်ရင် အသတ်ခံရမှာ သေချာပါတယ်”
သူတို့၏ စကားကား မှန်ပေသည်။ ချန်းဖန်မှာ အချိန် အနည်းငယ် တိတ်ဆိတ်သွား၏။
ထို့နောက် သူက ဓားအားဖြည့် ကျောက်မျက်အတွင်းမှ ကျောက်စိမ်း အပိုင်းအစ တစ်ခုကို ထုတ်ယူကာ ရွှေရောင် သင်္ကေတ အချို့ကို ရေးဆွဲလိုက်သည်။ ရွှေရောင်အလင်းများ တောက်လာသည်နှင့် သူက ထိုအဆောင်အား စီမာတိုင်၏ လက်ထဲထည့်လိုက်၏။
“ဒါက ဖုန်းကွယ်ခြင်း အစီအရင်ပဲ ရောင်းရင်း စီးမာ... သူက ခင်ဗျားတို့ရဲ့ စွမ်းအင်ကို ဆယ်နာရီ အထိ ဖုန်းကွယ် ပေးနိုင်တယ်... မိစ္ဆာ စစ်ဦးစီးတွေနဲ့ ရင်ဆိုင်မတွေ့သမျှ ဘယ်သူမှ ခင်ဗျားတို့ကို သတိထားမိလိမ့်မှာ မဟုတ်ဘူး... ဒါနဲ့ဆို ခင်ဗျားတို့ အပြင်ကို ပြန်ရောက်ဖို့ လုံလောက်ပါတယ်”
“ကျေးဇူးတင်ပါတယ်... ကောင်းကင်အရှင်”
စီမာတိုင်နှင့် ကပ္ပတိန်ရွှယ်တို့မှာ ချန်းဖန်ကို အကြိမ်ကြိမ် ဦးညွှတ်ကာ ထွက်သွာသွားကြ၏။
အဆုံး၌...
ရှုညီအမ၊ လော့ချန်ရှန်း၊ သခင်မလေးကျိနှင့် ချန်ရှန်း နတ်မိမယ်တို့ သာလျှင် ချန်းဖန်တို့ အဖွဲ့နှင့်အတူ ကျန်ရစ်တော့၏။ လော့ချန်ရှန်း၏ မျက်လုံးများသည် တဖျတ်ဖျတ် လင်းလက်နေသည်။ သူသည် ချန်းဖန်အား တိုက်ခိုက်မည့်ပုံ မရသလို ဤနေရာမှ ထွက်ခွာသွားမည့်ပုံလည်း မရချေ။
တစ်ချိန်တည်း၌ အရှင်ကုမှာ ရှောင်မန်၏ နောက်၌ ခေါင်းငုံ့ကာ ရပ်ရင်း အတွေးနက် နေခဲ့၏။
“ကောင်စုတ်လေး... မင်းက ငါ့ကို အစေခံ လုပ်စေချင်တယ်ပေါ့ ဟုတ်လား... ထျန်းဟောင်ဂြိုဟ်ပေါ်က အစီအရင်တွေက ငါ့အစစ်အမှန် ခွန်အားကို တားဆီးထားတာ မင်း ကံကောင်းသွားတယ်... ဒါပေမဲ့ မကြာပါဘူး... ငါ မင်းကို လက်စားပြန်ချေပြမယ်”
ထိုအချိန်မှာပင် ချန်းဖန်က သူ့အား ရုတ်တရက် လှည့်ကြည့်လိုက်၏။
“ဟုတ်သားပဲ... ငါ မင်းကိုယ်ပေါ်မှာ အစီအရင် တစ်ခု ထားဖို့ မေ့နေတာ... စိတ်မပူပါနဲ့ နှစ်တစ်ထောင် အထိပါပဲ”
“ကောင်းပါပြီ ခင်ဗျာ...”
အရှင်ကုက ရိုသေစွာ ပြောလိုက်၏။ ထျန်းဟောင်ဂြိုဟ်ပေါ်ရှိ အစေခံ အစီအရင်က မည်မျှ အစွမ်းထက်မည်နည်း။ သူ့အနေဖြင့် ထိုအစီအရင်ကို အချိန်မရွေး ဖျက်ဆီးနိုင်ရန် ယုံကြည်ချက် ရှိပေသည်။
“အင်း...”
ချန်းဖန်က ခေါင်းညိတ်လိုက်၏။ ထို့နောက် သူက လက်အား ဝှေ့ယမ်းလိုက်ရာ မိစ္ဆာခြောက်ကောင်မှာ လေထဲ၌ ပေါ်လာသည်။
“ ... “
ချန်းဖန်က မည်သူမျှ နားမလည်နိုင်သည့် ရှေးဟောင်း စွမ်းအင်များ သယ်ဆောင်ထားသော ဘာသာစကား တစ်ခုကို ပြောလိုက်၏။
ပထမ၌ အရှင်ကုမှာ ချန်းဖန် မည်သည့် အရာများ လုပ်နေသည်ကို နားမလည်နိုင်ချေ။ သို့သော်လည်း ချန်းဖန်၏ အသံမှာ ပိုမို ကျယ်လောင်လာသည်နှင့် အမျှ သူသည် တစ်စုံတစ်ခု မှားယွင်းနေကြောင်း ခံစားလာမိ၏။
“ဘုန်း... ဘုန်း...”
အချိန် အနည်းငယ် ကြာမြင့်သည်နှင့် ချန်းဖန်၏ အသံသည် ရှေးဟောင်း မိစ္ဆာအင်း တစ်ခုလုံး ဖုံးလွှမ်းသည် အထိ ပျံ့နှံ့လာကာ မြေငလျင်မှာလည်း ပြင်းစွာ တုန်လှုပ်လာသည်။ မိစ္ဆာခြောက်ကောင်သည် ဟိန်းဟောက် နေကြပြီး ထူးဆန်းသော စွမ်းအင်အချို့မှာ လေထု၌ ယိမ်းထိုး ပျံ့လွင့်နေ၏။
“ဒါက...”
အရှင်ကုမှာ ကြောက်လန့်လာကာ ကြက်သီးများပင် ထလာခဲ့သည်။
“ဒီအသံက မိစ္ဆာတွေရဲ့ ဂါထာရွတ်သံလိုပဲ... နောက်ပြီး သူကျင့်တဲ့ ကျင့်စဥ်ကလည်း ရှေးဟောင်း မိစ္ဆာ ဘိုးဘေး ကျင့်စဥ် ဆိုတော့....”
လော့ချန်ရှန်းမှာ မျက်မှောင်ကြုတ်ကာ တစ်စုံတစ်ခုအား ဆက်စပ် စဥ်းစားမိရန် ကြိုးစားလိုက်၏။ သို့သော်လည်း သူသည် ယခုထိ ဖြစ်နိုင်ချေအား တွေးမရသေးချေ။
“ကျိန်စာ အောင်မြင်ပြီ...”
ချန်းဖန်က သူ၏ ရေရွတ်မှုကို ရပ်တန့်လိုက်ရာ မိစ္ဆာခြောက်ကောင်မှာ တစ်ပြိုင်နက်တည်း ဟိန်းဟောက်လိုက်ကြ၏။ ထိုအခိုက်၍ ရှေးဟောင်း မိစ္ဆာအင်း တစ်ခုလုံးမှာ ပြင်းထန်စွာ တုန်ခါသွားလေရာ များစွာသော ကျင့်ကြံသူများ၊ မိစ္ဆာများမှာ မြေပြင်ပေါ်သို့ ပြုတ်ကျ ကုန်ကြသည်။
“ဘုန်း...”
ရုတ်တရက် အလွန် ကြီးမားသော မျက်လုံးကြီး တစ်ခုမှာ ကောင်းကင်တွင် ပွင့်ဟလာ၏။ ၎င်းက တောက်ပသော နတ်ဘုရား အလင်း တစ်ခုကို အရှင်ကုထံ ပစ်လွှတ်လိုက်၏။
“မင်း ဘာလုပ်လိုက်တာလဲ...”
အရှင်ကုက ချန်းဖန်အား စူးစူးရဲရဲ ကြည့်ကာ မေးလိုက်သည်။
“ဘာရယ် မဟုတ်ပါဘူး... ရှေးဟောင်းမိစ္ဆာ ကျိန်စာတစ်ခု မင်းကိုယ်ပေါ်မှာ ထားလိုက်တာလေ...”
ချန်းဖန်က ပြုံးကာ ပြောလိုက်သည်။
“ငါ အဲဒီ ကျိန်စာကို ရှေးဟောာင်း မိစ္ဆာအင်း အလွှာကိုးဆယ်နဲ့ မိစ္ဆာ ဘိုးဘေးတွေနဲ့ စွမ်းအားကို သုံးပြီး ဖန်တီးထားတယ်... မင်းသာ အာကာသ အဆင့် ဒါမှမဟုတ် တာအို ရရှိခြင်း အဆင့်ကို ချိုးဖျက်နိုင်မယ် ဆိုရင်တော့ ဒီကျိန်စာကို ကိုယ်တိုင် ဖျက်ဆီးနိုင်မှာပါ”
“မင်း..”
အရှင်ကုက နဂါးအသွင်သို့ ပြောင်းလဲကာ ချန်းဖန်အား တိုက်ခိုက်ရန် ကြိုးစားလိုက်၏။ သို့သော်လည်း သူ၏ ခန္ဓာကိုယ်က တွန့်လိမ်ကာ မြေပြင်ပေါ်သို့ တီကောင်တစ်ကောင်အလား ပြုတ်ကျသွားသည်။ ထိုအခိုက်၌ သူကား လက်တစ်ချောင်းပင် လှုပ်ရှားနိုင်စွမ်း ကင်းမဲ့နေခဲ့ပြီ ဖြစ်လေသည်။
နဂါးအရှင်ကား ကျိန်စာတိုက်ပြီးနောက် ချန်းဖန်က လော့ချန်ရှန်း ဘက်သို့ လှည့်ကာ ကြည့်လိုက်၏။
“မင်းရော ငါနဲ့ တိုက်ခိုက်ချင်သေးလား...”
“ဟားဟား...”
လော့ချန်ရှန်းက ဂရုမစိုက်ရန် ရယ်မောလိုက်၏။ သို့သော်လည်း သူကား အလွန် စိတ်လှုပ်ရှားနေခဲ့ပြီ ဖြစ်သည်။ သူသည် ချန်းဖန်အား အနိုင်ယူရန် ယုံကြည်ချက် သိပ်မရှိချေ။
ချန်းဖန်က လက်နှစ်ဖက်ကို နောက်ပစ်ကာ တစ်စုံတစ်ခုအား ပြောရန် ဟန်ပြင်လိုက်၏။ သို့သော်လည်း ထိုအချိန်မှာပင် နတ်ဘုရား ကုန်းမြေမှာ ပြင်းထန်စွာ တုန်ရီလာသည်။
“အိုး... နတ်ဘုရား ကုန်းမြေက ပွင့်တောမှာပဲ... ငါ အရင် သွားနှင့်မယ်”
လော့ချန်ရှန်းမှာ ချန်ရှန်း နတ်မိမယ်ကို ခေါ်ကာ လျှင်မြန်စွာပင် နတ်ဘုရား ကုန်းမြေထံသို့ ပျံသန်း သွားတော့၏။
“ပြေးတဲ့ နေရာမှာတော့ တကယ်မြန်တဲ့ ကောင်ပဲ...”
ချန်းဖန်က မျက်မှောင်ကြုတ်ကာ ရေရွတ်လိုက်သည်။ ထို့နောက် သူက ရှောင်မန်နှင့် အခြားလူများ ဘက်သို့ လှည့်လိုက်၏။
“ငါတို့လည်း သွားကြမယ်... အားလုံးပဲ ငါ့အနားက မခွာကြနဲ့... ပြီးတော့ ဘယ် ပစ္စည်းကိုမှ သွားမထိနဲ့... နေရာတိုင်းမှာ ထောက်ချောက်တွေ ရှိနေနိုင်တယ်”
“ကောင်းပါပြီ...”
အားလုံးက ခေါင်းညိတ်လိုက်ကြသည်။
ထို့နောက် ချန်းဖန်က လက်ကို ဝှေ့ယမ်းကာ ရှောင်မန်၊ ကျိုးကျူရှင်း၊ ရှုညီအမနှင့် အရှင်ကုတို့အား ခေါ်ဆောင်ကာ နတ်ဘုရား ကုန်းမြေအတွင်း ဝင်ရောက်လိုက်သည်။ သူတို့ အထဲသို့ ရောက်သည်နှင့် မြေပြင်မှာ တုန်ခါသွားကာ အလင်းဒိုင်း တစ်ခုမှာ ထိုဧရိယာအား ဖုံးလွှမ်းသွား၏။
“ကောင်းကင်အရှင်ချန်း... ကျွန်မလည်း လိုက်ပါရစေ”
သခင်မလေးကျိက အော်ဟစ်ကာ ချန်းဖန်တို့ နောက်သို့ လိုက်ရန် ကြိုးစားလိုက်သည်။ သို့သော်လည်း သူမ ကောင်းကင်သို့ ပျံတက်သည်နှင့် အဇူရာရောင် မိုးကြိုးတစ်ခုက ရုတ်တရက် လာရောက်ထိမှန်လေသည်။ ထိုမိုးကြိုးချက်တွင်ပင် သခင်မလေးကျိကား အလင်းမှုန်များ အဖြစ် ပြိုကွဲကာ ပျောက်ကွယ်သွားလေ၏။
ချန်းဖန်တို့ နတ်ဘုရား ကုန်းမြေအတွင်း ဝင်ရောက်သွားပြီး မကြာခင်မှာပင် အလင်းတန်း တစ်ခုသည် ထိုနေရာသို့ ရောက်ရှိလာ၏။
“ဝှစ်...”
ထိုအလင်းတန်းသည် အနီရောင် ဆံပင်နှင့် အနီရောင် မုတ်ဆိတ် ပိုင်ရှင် လူထွားကြီး အဖြစ်သို့ ပြောင်းလဲသွားသည်။ သူသည် နတ်ဘုရား ကုန်းမြေကို ကြည့်ကာ အံ့သြသွားပုံ ရ၏။
“ဒါက...”
“ဝှစ်...”
ဒုတိယမြောက် အလင်းတန်းမှာ အဖြူရောင် ဝတ်စုံဝတ် ဓားသမား အသွင်ဖြင့် ရောက်ရှိလာသည်။ သူသည် ကြယ်များဖြင့် ဝန်းရံနေကာ ထိုကြယ်တစ်ခုချင်းစီမှာ ဓားချီ အပိုင်းအစများဖြင့် ဖွဲ့စည်းထားခြင်း ဖြစ်သည်။
“နတ်ဘုရား ကုန်းမြေလား... ကြည့်ရတာ ငါတို့ နောက်ကျ သွားပြီ ထင်တယ်... အစီအရင်က ပိတ်သွားပြီ”
ဓားသမားက သက်ပြင်းချလိုက်သည်။ ထို့နောက် သူက ပထမလူကို ကြည့်ကာ မေးလိုက်၏။
“ဒါနဲ့ ရှန်းယန်... မင်းက ပထမဆုံး ရောက်တာ ဆိုတော့ ဘာတွေ့လိုက်ရလဲ... ချန်းပေ့ရွှမ်း ဒီကို ရောက်လာသေးလား”
“ငါ ဘာကိုမှ မမှီလိုက်ဘူး... အပျက်အစီးတွေနဲ့ လက်ကျန် အငွေ့အသက်အရ ဒီနေရာမှာ တိုက်ပွဲ တစ်ခု ဖြစ်သွားတယ် ဆိုတာလောက်တော့ ခန့်မှန်းမိတယ်”
ကောင်းကင်အရှင် ရှန်းယန်က ခေါင်းခါလိုက်သည်။
“မိစ္ဆာ စစ်ဦးစီး တစ်ယောက်က ဒီတိုက်ပွဲမှာ ပါခဲ့ပုံရတယ်... နောက်တစ်ယောက်ကတော့ မွန်းစတား သားရဲ တစ်ကောင် ဖြစ်လိမ့်မယ်... နောက်ဆုံး တစ်ယောက်ကတော့ ဘယ်သူလဲ ငါ မခန့်မှန်းတတ်ဘူး”
“အင်း...”
ဓားသမားက ခေါင်းတစ်ချက် ညိတ်လိုက်၏။
“ထျန်းဟောင်ဂြိုဟ်ပေါ်မှာ ကောင်းကင်အရှင်တွေ သိပ်မရှိဘူး... ကြည့်ရတာ ချန်းပေ့ရွှမ်းများလား ဘာလား”
ကောင်းကင်အရှင် ရှန်းယန်မှာ မျက်မှောင်ကြုတ်ကာ အတွေးနက် သွားဟန် ရသည်။
“ဝှစ်... ဝှစ်...ဝှစ်...”
ထိုအချိန်မှာပင် ပိုမို များပြားသော အလင်းများမှာ ထိုနေရာသို့ တစ်ခုပြီး တစ်ခု ရောက်ရှိလာ၏။ အတိအကျ ဆိုရရလျှင် လူသား အခြေတည် ဝိညာဥ် အဆင့် ကောင်းကင်အရှင် သုံးယောက်နှင့် မိစ္ဆာ စစ်ဦးစီး လေးယောက်ပင် ဖြစ်လေသည်။
“မင်းတို့ ဘယ်လို ဒီကို ရောက်လာကြတာလဲ... ယွမ်လောင်ကို သတ်လိုက်တာ မင်းတို့လား”
မိစ္ဆာ စစ်ဦးစီး တစ်ယောက်က မေးသည်။
“ငါတို့လည်း ခုမှ ရောက်တာ... ကြည့်ရတာ ယွမ်လောင်ကို သတ်လိုက်တာကလည်း ငါတို့ရဲ့ ရန်သူပဲ ဖြစ်လိမ့်မယ်... သူက နတ်ဘုရား ကုန်းမြေထဲကို ဝင်သွားတာ ဖြစ်ပုံရတယ်... အစီအရင်ကလည်း ပိတ်သွားပြီ ဆိုတော့ သူနဲ့ စာရင်းရှင်းချင်ရင် သူထွက်လာတာကို စောင့်ဖို့ပဲ ကျန်တော့တယ်”
ဆေးနတ်ဘုရားဂိုဏ်း၏ အကြီးအကဲ ဖူတူက ပြောလိုက်သည်။
“ကောင်းပြီလေ...”
မိစ္ဆာ စစ်ဦးစီးများမှာ တစ်ယောက်ကို တစ်ယောက်ကြည့်ကာ ခေါင်းညိတ်လိုက်ကြ၏။ ထို့နောက် လူသားနှင့် မိစ္ဆာများမှာ နတ်ဘုရား ကုန်းမြေ ဝင်ပေါက်ကို ပိတ်ကာ မျက်နှာချင်းဆိုင် ထိုင်လိုက်ကြတော့သည်။
တစ်ချိန်တည်း၌ ရှေးဟောင်း မိစ္ဆာအင်း အတွင်းမှ သတင်း အပိုင်းအစများမှာ အပြင်လောကသို့ စတင် ပျံ့နှံ့နေခဲ့ပြီ ဖြစ်လေသည်။
ဆေးဧကရာဇ်ချန်းသည် မိစ္ဆာ စစ်ဦးစီး ယွမ်လောင်ကို သတ်ဖြတ်ခဲ့၏။ နှစ်ပတ် အတွင်းမှာပင် ချန်းပေ့ရွှမ်း၏ လက်အောက်၌ အခြေတည် ဝိညာဥ် အဆင့် နှစ်ယောက်မှာ အသက်ဆုံးရှုံးခဲ့ရသည်။ ထို့အတူ ထျန်းဟောင်ဂြိုဟ်တစ်ခုလုံးမှာ အံ့သြထိတ်လန့် နေကြပြီ ဖြစ်လေသည်။
***