← Chapters

ထျန်းဟောင်ဂြိုဟ်၏ အံ့အားသင့်မှု

Vol. 10 Ch. 977

ထျန်းဟောင်ဂြိုဟ်၏ အံ့အားသင့်မှု

Vol. 10 Ch. 977

“ဘယ်လိုကြီး... အဲဒါက တကယ်ရော ဟုတ်ရဲ့လား...”

“ငါ့အကိုက မိစ္ဆာနှိမ်ဂိုဏ်းရဲ့ တပည့်ကွ... သူ  ကိုယ်တိုင် ငါ့ကိုပြောတာ... ဘယ်လိုလုပ်ပြီး သတင်းမှား ဖြစ်နိုင်မှာလဲ... သူပြောပုံအရဆို ကောင်းကင်အရှင် ရှန်းယန် ကောင်းကင်ကျောက်စိမ်း ကျောာင်းတော် ဂိုဏ်းချုပ် ဂိုဏ်းချုပ်နဲ့ ကုန်းစွန်း မိသားစု ဘိုးဘေးတို့လည်း ရှေးဟောင်း မိစ္ဆာအင်းကို ဝင်သွားကြတယ်တဲ့... သူတို့က ချန်းပေ့ရွှမ်းကို နတ်ဘုရား ကုန်းမြေ တစ်ခုရဲ့ ဝင်ပေါက်မှာ ထိုင်စောင့်နေတယ် ပြောတယ်”

“ချန်းပေ့ရွှမ်းက အတော် ကြောာက်ဖို့ကောင်းတာပဲ... ရွှေအမြုတေ အဆင့်နဲ့တင် အခြေတည် ဝိညာဥ် အဆင့် နှစ်ယောက်ကို သတ်ပြီးပြီ... သူ့ကို ပါရမီရှင်မျိုး ထျန်းဟောင်ဂြိုဟ်မှာ တစ်ခါမှ မပေါ်ဖူးဘူး”

“ငါကြားတာတော့ အဲဒီ နေရာမှာ မွန်းစတား သားရဲ တစ်ကောင်ရဲ့ ခန္ဓာကိုယ် အပျက်အစီး တစ်ချို့လည်း တွေ့ရတယ်တဲ့...အဲဒီကောင်ကြီးကိုလည်း ချန်းပေ့ရွှမ်းကပဲ သတ်လိုက်တာ ထင်တယ်”

များစွာသော ကောင်းကင်နယ်များမှာ ချန်းဖန် အကြောင်းအား ပြောဆိုနေကြ၏။ မရေမတွက်နိုင်သော ကျင့်ကြံသူများမှာ တုန်လှုပ်နေကြသည်။

ထျန်းဟောင်ဂြိုဟ် တစ်ခုလုံးတွင်ပင် အခြေတည် ဝိညာဥ် အဆင့်မှာ မများလှချေ။ ချန်းပေ့ရွှမ်းမှာ နှစ်ပတ်အတွင်းမှာပင် နှစ်ယောက်ကို သတ်ပစ်ခဲ့ခြင်း ဖြစ်သည်။ သူသာ ဤနှုန်းအတိုင်း ဆက်လက် သောင်းကြမ်းပါက မကြာခင် ထျန်းဟောင်ဂြိုဟ်၏ အခြေတည် ဝိညာဥ် အဆင့်မှာ မျိုးဆက် ပြတ်သွားပေလိမ့်မည်။

“နတ်ဘုရား ကုန်းမြေက ကျင့်ကြံဖို့ အတွက် ကောင်းမွန်တဲ့ နေရာတစ်ခုပဲ... ကျိမိသားစုရဲ့ ဘိုးဘေးက အဲဒီ နေရာမှာပဲ အခြေတည် ဝိညာဥ် အဆင့်ကို ရောက်ခဲ့တာ... အခု ချန်းပေ့ရွှမ်းကလည်း အဲဒီ နေရာမှာ ဆိုတော့ သူသာ ပြန်ထွက်လာရင် ထျန်းဟောင်ဂြိုဟ်ကြီး တစ်ခုလုံး ဇောက်ထိုးဖြစ်ကုန်တော့မလား မသိဘူး”

အချို့က ထိုသို့ ဆိုကြသည်။ သို့သော်လည်း ထိုအကြောင်းအရာကို လူအချို့က သဘောမတူကြချေ။ သူတို့က တစ်မျိုးတွေးကြ၏။

“ဒါပေမဲ့ အခြေတည် ဝိညာဥ် အဆင့် ဘိုးဘေးတွေနဲ့ မိစ္ဆာ စစ်ဦးစီး လေးယောက်ကလည်း ပူးပေါင်းပြီး နတ်ဘုရား ကုန်းမြေရဲ့ အစီအရင်ကို ဖျက်ဆီးဖို့ လုပ်နေတယ်တဲ့... ချန်းပေ့ရွှမ်းက နတ်ဘုရား ကုန်းမြေကနေ ထွက်ထွက်ချင်း အခြေတည် ဝိညာဥ် အဆင့် ကိုးယောက်နဲ့ ရင်ဆိုင်ရမှာ... အဲ့လို အစုအဖွဲ့မျိုးကို တောင်တန်း အင်ပါယာတောင် ရင်ဆိုင်ဖို့ မလွယ်ဘူး”

ပို၍ဆိုးသည်ကား ဒဏ္ဍာရီ သဖွယ် ဖြစ်သည့် ဆေးနတ်ဘုရား ဂိုဏ်း၏ ဘိုးဘေး ဖူတူပါ ထိုအစုအဖွဲ့၌ ပါဝင်နေခြင်းပင်။ ဆေးနတ်ဘုရား ဂိုဏ်းသည် ကျဆင်းနေပြီ ဖြစ်သည့်တိုင် ဘိုးဘေး ဖူတူသည် ထျန်းဟောင်ဂြိုဟ် တစ်လွှား၌ နှစ်‌ပေါင်း တစ်သောင်းတိုင်တိုင် ကျော်ကြားခဲ့သူ ဖြစ်ပေသည်။ ခု အချိန်၌ သူ မည်မျှ အစွမ်းထက်နေမည်ကို မည်သူမျှ မခန့်မှန်းနိုင်ချေ။

လူတိုင်းသည် ရှေးဟောင်း မိစ္ဆာအင်းကို စိတ်ဝင်တစား စောင့်ကြည့်နေကြ၏။ အချိန်များ ကျော်ဖြတ်လာသည်နှင့် အမျှ ပိုမို များပြားသော အခြေတည် ဝိညာဥ် အဆင့်များမှာ နတ်ဘုရား ကုန်းမြေ၏ ဝင်ပေါက်သို့ ရောက်ရှိလာကြသည်။

“ပြန်လည် မွေးဖွားခြင်းဂိုဏ်းရဲ့  ဘိုးဘေး... ကောင်းကင်အရှင် ရွှမ်ဟောင်...”

“အာခီမီတောင် ဘုရင်...”

“နင်းဖူ ကောင်းကင် နယ်မြေ မဟူရာ ဗုဒ္ဓဂိုဏ်း ဘိုးဘေး...”

“ ... “

များစွာသော နာမည်ကျော် ကျင့်ကြံသူများမှာသော နတ်ဘုရား ကုန်းမြေ အပြင်ဘက်တွင် စုစည်းလာကြ၏။ သူတို့သည် ဝင်ရောက် တိုက်ခိုက်ရန် အစီအစဥ် မရှိသေးသော်လည်း ချန်းဖန်ကိုမူ မည်သည့် နည်းဖြင့်မျှ ကူညီကြလိမ့်မည် မဟုတ်ချေ။

များစွာသော အခြေတည် ဝိညာဥ် အဆင့်များကို ကြည့်၍ မိစ္ဆာ စစ်ဦးစီးများမှာ အနည်းငယ် စိတ်လှုပ်ရှား သွားကြသည်။ ထို့ကြောင့် သူတို့သည် များစွာသော ရှေးဟောင်းမိစ္ဆာ စစ်တပ်များကို ဆင့်ခေါ်ကာ နတ်ဘုရား ကုန်းမြေ အပြင်ဘက်၌ အစီအရင်ခင်း တပ်စွဲထား‌စေ၏။

တစ်ချိန်တည်း၌ ထွက်ပေါ်လာနေသော သတင်းများကြောင့် ထျန်းဟောင်ဂြိုဟ်၏ ကျင့်ကြံသူများမှာ အသက်ပင် ရဲရဲ မရှူနိုင်အောင် ဖြစ်နေကြသည်။

“ဒါဇင်ချီတဲ့ ကောင်းကင်အရှင်တွေနဲ့ မိစ္ဆာ စစ်ဦးစီး လေးယောက်... နောက်ပြီး မိစ္ဆာ စစ်တပ်တွေရော ဆိုတော့... ဒီအစုအဖွဲ့က အရမ်း အင်အားကြီးနေပြီ... ချန်းပေ့ရွှမ်းက တစ်ကမ္ဘာလုံး ပတ်ပြီး ရန်ရှာထားတာလားကွာ”

အကယ်၍ ချန်းပေ့ရွှမ်းသာ ရှေးဟောင်း မိစ္ဆာအင်းအတွင်းမှ အသက်ရှင်လျက် ထွက်လာနိုင်ခဲ့ပါက ထျန်းဟောင်ဂြိုဟ်၏ ထိပ်တန်း ကျင့်ကြံသူ ဟူသော ဘွဲ့နာမည်ကို ခံယူနိုင်လိမ့်မည် ဖြစ်သည်။ တောင်တန်း အင်ပါယာမှ လွဲ၍ မည်သူမျှ သူ့အား ပြဿနာရှာရဲတော့မည် မဟုတ်ချေ။

“စီနီယာချန်း...”

လင်းဝူဟွာနှင့် ယွင်ရီအာတို့မှာ သတင်းအား ကြားသည်နှင့် ချက်ချင်းပင် ရှေးဟောင်း မိစ္ဆာအင်းသို့ ဦးတည်လိုက်ကြသည်။ ရှန်းရှီမှာလည်း ရှေးဟောင်း မိစ္ဆာအင်းသို့ သွားရာ လမ်း၌ ရောက်ရှိနေခဲ့ပြီ ဖြစ်လေသည်။

...

ထိုအချိန် နတ်ဘုရား ကုန်းမြေ အတွင်း၌ ဝန်းကျင်တစ်ခွင်လုံးသည် ပြိုးပြုးပျက်ပျက် လင်းလက်နေ၏။ အဖြူရောင် ကြိုးကြာများနှင့် ရွှေရောင် သိမ်းငှက်ကြီးများမှာ ဟိုမှသည်သို့ ပျံသန်းနေကြ၏။ ဝိညာဥ်ဆေးပင်များ ပြည့်နှက်နေသည့် တောင်တန်းများကိုမူ နေရာတိုင်း၌ တွေ့နိုင်ပေသည်။

“ငါတို့ ကောင်းကင်ဘုံကို ရောက်နေတာလား...”

ရှောင်မန်နှင့် အခြားလူများမှာ ခေါင်းအား ချာချာလည်အောင် ငေးနေမိကြသည်။ ထိုနေရာက နတ်သား၊ နတ်သမီးများတို့၏ စံမြန်းရာ ဥယျာဥ် တစ်ခုအလား သူတို့၏ စိတ်နှလုံးကို ဖမ်းစားထား၏။

“ဒါက တကယ့်ကို နတ်ဘုရား ကုန်းမြေ တစ်ခုပါလား...”

ကျိုးကျူရှင်းက အသက်အား ညင်သာစွာ ရှူရင်း ရေရွတ်လိုက်သည်။ သူသည် အသက်ရှူရုံဖြင့်ပင် သူ၏ အမတေ စွမ်းအင်မှာ များစွာ တိုးတက်နေသည်ဟု ခံစားနေမိ၏။ ဤနှုန်းအတိုင်းသာ တိုးတက်သွားပါက နှစ်တစ်ထောင်အတွင်း အခြေတည် ဝိညာဥ် အဆင့်ကို ချိုးဖျက်နိုင်ရန် သူ ယုံကြည်ချက် ရှိနေခဲ့ပြီ ဖြစ်သည်။

“ဟူး...”

ရှောင်မန်က သူမ၏ အစစ်အမှန် နဂါး နတ်ဘုရား ကျင့်စဥ်ကို အသက်သွင်း လိုက်ရာ စွမ်းအင်များမှာ သူမ၏ ပတ်လည်၌ စုစည်းလာ၏။ အလင်းမှုန်များ၏ လွှမ်းခြုံမှုအောက်၌ ရွှေရောင် နဂါးတစ်ကောင် ဖွဲ့စည်းလာသည်။ ထိုနဂါးသည် နှစ်ပေအထိ ရှည်လျားလာကာ ပတ်ဝန်းကျင်ရှိ စွမ်းအင်များကို စတင် စုပ်ယူလိုက်သည်။

တစ်ချိန်တည်း၌ အရှင်ကုမှာမူ အလွန် အားနည်းနေကာ ခွေးသေ တစ်ကောင်အလား မြေကြီးပေါ် လဲလျောင်းနေသည်။ သို့သော်လည်း သူ၏ မျက်လုံးများက ပွင့်နေရာ ပတ်ဝန်းကျင် မြင်ကွင်းများကို မြင်ရပေသည်။

“အဲဒါက အစစ်အမှန်... အစစ်အမှန် နဂါးသွေး...”

သူ၏ နှုတ်ခမ်းများမှာ တုန်ရီသွားသည်။

“မိန်းကလေးမှာက ရှေးဟောင်း နဂါးတွေရဲ့ သန့်စင်တဲ့ သွေးရှိတယ်လေ... သူက အနာဂတ်မှာ အစစ်အမှန် နဂါး တစ်ပါး ဖြစ်လာဖို့ အခွင့်အလမ်း ရှိတယ်”

ကျိုးကျူရှင်းက ပြုံးရင်း ရှင်းပြလိုက်သည်။ ချန်းဖန်တွင် အခြား အစေခံ တစ်ယောက် ရှိလာပြီးနောက် သူသည် အနည်းငယ် စိတ်ပေါ့ပါးနေခဲ့၏။

“မင်း ဘာမှ မသိပဲနဲ့...”

အရှင်ကုက ခုန်ထကာ အော်ဟစ်လိုက်၏။

“နဂါးသွေး ဟုတ်လား... မင်းမျက်လုံးကို ဖွင့်ပြီး သေချာကြည့်ကွ... သူ့ကို ကာကွယ်နေတဲ့ အကောင်ကတောင် တကယ့် အစစ်အမှန် နဂါးတစ်ကောင် ဖြစ်နေပြီ... သူ့မှာ ရှိတာက နဂါးသွေး ဟုတ်ဘူး... အဲဒါက လုံးဝကို ပြီးပြည့်စုံတဲ့ အစစ်အမှန် နတ်ဘုရား သွေးကြောပဲ”

“အစစ်အမှန် နဂါး နတ်ဘုရား သွေးကြော ဆိုတာကရော ဘာလဲ ဆိုတာ သိရဲ့လား... သူက ပုံမှန်လေး ကျင့်ကြံရုံနဲ့တင် တစ်နေ့မှာ အစစ်အမှန် နဂါး ကျိန်းသေ ဖြစ်လာမယ် ဆိုတဲ့ အဓိပ္ပာယ်ကွ”

“နောက်ပြီး သူကျင့်နေတဲ့ နတ်ဘုရား ကျင့်စဥ်ကလည်း အရမ်း အစွမ်းထက်ပြီး သူနဲ့ တော်တော်လေး လိုက်ဖက်မှု ရှိတယ်... သူက အစစ်အမှန် နဂါးမင်းရဲ့ ကလေး တစ်ယောက်များလား”

အရှင်ကု၏ မျက်လုံးများကား ပေါက်ထွက်မတတ် ပြူးကျယ် နေခဲ့ပြီ ဖြစ်သည်။ သူသည် မွန်းစတား သားရဲ တစ်ကောင် ဖြစ်ရာ အစစ်အမှန် နဂါး နတ်ဘုရား သွေးကြော မည်မျှ ကြောက်မက်ဖွယ် ကောင်းသည်ကို သိရှိထားသည်။ ထိုကဲ့သို့ သွေးကြောကို ပိုင်ဆိုင်ထားသည့် ကျင့်ကြံသူများသည် အလွန် ပါရမီ မြင့်မားကြကာ ဝိညာဥ် ဖွဲ့စည်းခြင်း အဆင့်ကို အလွယ်တကူ တက်လှမ်းနိုင်စွမ်း ရှိကြသည်။ သူတို့သည် အာကာသ  အဆင့်နှင့် တာအို ဖွဲ့စည်းခြင်း အဆင့်ကိုပင် ချိုးဖျက်ရန် အခွင့်အလမ်း ရှိကြသည်။

“ဒါတောင် မင်းက ရှောင်မန်ကို မင်းမြေးမလေးရဲ့ အစေခံ အနေနဲ့ လိုချင်သေးတယ်ပေါ့...”

ချန်းဖန်က ပြုံးရင်း ပြောလိုက်သည်။

အရှင်ကုမှာ အနည်းငယ် ရှက်ကာ ခေါင်းငုံ့သွား၏။

“ဟုတ်သားပဲ... ငါ့မြေးမလေး ဘယ်ရောက်သွားပြီလဲ မသိဘူး... သူ့မှာ နေရာကူးပြောင်းနိုင်တဲ့ ဓမ္မ အစီအရင် တစ်ခုရှိတယ် ဆိုတော့ သူ အဆင်ပြေမှာပါ”

အရှင်ကုက ရေရွတ်လိုက်သည်။ သူ၏ မြေးမလေးသည် အသက် ရှစ်နှစ် အရွယ်သာ ရှိနေခြင်းမှာ မွန်းစတားတို့၏ သဘာဝ အရ အရွယ်ရောက်မှု နှေးကွေးခြင်းကြောင့် ဖြစ်သည်။ အမှန်တကယ်တွင်မူ ထိုနဂါးပေါက်စလေးမှာ နှစ်တစ်ရာကျော် နေပြီ ဖြစ်လေသည်။

ရှောင်မန်၏ ပါရမီကို တွေ့မြင်ပြီးနောက် အရှင်ကု၏ စိတ်ကား အနည်းငယ် ပေါ့ပါးသွားခဲ့ပြီ ဖြစ်လေသည်။ မည်သို့ပင် ဆိုစေ အစစ်အမှန် နဂါး နတ်ဘုရား သွေးကြောကို ပိုင်ဆိုင်ထားသည့် ပါရမီရှင်လေး၏ အစေခံ ဖြစ်ရခြင်းက ဂြိုဟ်သိမ် ဂြိုဟ်မွှား တစ်ခုရှိ ကျပန်း ကောင်မလေး၏ အစေခံ ဖြစ်ခြင်းထက် ပို၍ ကြားကောင်းသည် မဟုတ်ပါလား။

“သတိထား...”

ရုတ်တရက် ချန်းဖန်က အော်ဟစ်ကာ ရှောင်နအား ဆွဲလိုက်၏။

သူမ၏ အရှေ့နားတွင်မူ...

“ဘုန်း...”

ထက်ရှသော အလင်းတစ်ခုသည် ရောင်စုံ ‌သလင်းကျောက်တုံးလေး တစ်ခု ထံမှ ကောင်းကင်သို့ ပျံတက်သွား၏။ ထိုအလင်းကား ကောင်းကင်ဓား ကဲ့သို့ အလွန်အမင်း ထက်ရှသော ဓားချီလှိုင်း တစ်ခုပင်။

“ဘာလဲ...”

လူတိုင်းမှာ ရင်တုန်ပန်းတုန် ဖြစ်သွားကြသည်။

“ကျွန်မ ဘာမှ မလုပ်ပါဘူးရှင်... အဲဒီ ကျောက်တုံး သေးသေးလေးက အရမ်းလှတာနဲ့ အိမ်ကို အမှတ်တရ ယူသွားချင်လို့ပါ”

“အဲဒါကို အမတေ ငါးခု သံလိုက် ကျောက်တုံးလို့ ခေါ်တယ်... အဲဒီ အထဲမှာ အမတေ စွမ်းအင် ငါးခု ခိုအောင်းနေတယ်လေ... အဲဒါကို ထိတာနဲ့ အခြေတည် ဝိညာဥ် အဆင့်အောက်က ကျင့်ကြံသူတွေ အားလုံး သေသွားလိမ့်မယ်”

ချန်းဖန်က လက်တစ်ဖက်အား ဝှေ့ယမ်းကာ ထိုကျောက်တုံးအား ဓားအားဖြည့် ကျောက်မျက် အတွင်း ထည့်ကာ သိမ်းဆည်းလိုက်သည်။

“ဒီနေရာ တစ်ဝိုက်က မရေမတွက်နိုင်တဲ့ အစီအရင်တွေနဲ့ ပြည့်နေတာ... ဘယ်သူက ဒီလောက်များတဲ့ အစီအရင်တွေကို ခင်းကျင်းသွားတယ် မသိဘူး.... မင်းနဲ့ အားလုံး မသေချင်သေးရင် ငါနဲ့ နီးနီးနားနား နေကြ”

“ကောင်းပါပြီ...”

လူတိုင်းက ခေါင်းညိတ်လိုက်ကြသည်။ သူတို့သည် ယခုထိ ထိတ်လန့်မှု မပြေကြသေးချေ။

အရှင်ကုက မျက်ခုံးပင့်ကာ ဝင်ပြောလိုက်၏။

“မင်းပြောတာ အမှန်ပဲ... ဒီအထဲက အစီအရင်တွေကို မဟာ တန်ခိုးရှင်ကြီးတွေ ခင်းကျင်းခဲ့တာလို့ ငါကြားဖူးတယ်... ငါ ကိုယ်တိုင်တောင် မဝင်ရဲခဲ့ဘူး... အဲဒါကြောင့် ကျိမိသားစုက ကောင်လေးကို ကောင်းကင်စာအုပ် တစ်ပိုင်းပေးပြီး အလဲအလှယ် အနေနဲ့ အထဲကို ဝင်ခိုင်းခဲ့တယ်... အဲဒီ လာဘ်ကောင်လေးက ဘာမှ မဖြစ်ပဲ အသက်ရှင်လျက် ပြန်ထွက် လာနိုင်ခဲ့တယ်လေ”

“ဒီကုန်းမြေ အပိုင်းအစရဲ့ မူလ ဇစ်မြစ်ကို မင်းသိလား...”

ချန်းဖန်၏ မျက်လုံးများက အနည်းငယ် တောက်ပသွားကာ ကောင်းကင်ကို မော့ကြည့်လိုက်၏။ နတ်ဘုရား ကုန်းမြေ တစ်ခုလုံးမှာ သူ၏ အာရုံ၌ ထင်ဟပ်လာသည်။ သူ၏ နတ်ဘုရား စိတ်အာရုံအောက်၌ မည်သည့် အစိတ်အပိုင်းမျှ ပြေးလွတ်ခြင်း မရှိခဲ့ချေ။

ချန်းဖန်သည် လှပ ခမ်းနားသော နတ်ဘုရား ကုန်းမြေ၏ နောက်ကွယ်ရှိ ထောင်ချောက်များ အစီအ‌ရင်များကို ကြည့်ကာ ပင့်သက် တစ်ချက်ရှိုက်လိုက်မိ၏။ တစ်ချိန်တည်း၌ ထိုအစီအရင်များမှာ ထျန်းဟောင်ဂြိုဟ်၏ အစီအရင်များ မဟုတ်ကြောင်း သူ သတိထားမိလိုက်သည်။

“ငါ မင်းကို ပြောမပြနိုင်ဘူးကွာ...” ,

အရှင်ကုက ပြုံးလိုက်သည်။

“အဲဒါဆိုလည်း ပါးစပ်ပိတ်ထား...”

ချန်းဖန်က ဟောက်လိုက်၏။

ထိုတုန့်ပြန်မှုက အရှင်ကုအား အနည်းငယ် အံ့အားသင့် သွားစေသည်။ သူသည် ချန်းဖန်မှာ သူ့အား မေးခွန်းများ ထပ်မံ မေးလိမ့်မည်ဟု ထင်ထားခဲ့ခြင်း ဖြစ်သည်။ သို့သော်လည်း ဆန့်ကျင်ဘက်ပင် ချန်းဖန်မှာ ထိုအရာကို စိတ်ဝင်စားပုံ မပေါ်ချေ။

ချန်းဖန်သည် နတ်ဘုရား ကုန်းမြေ အတွင်း လျှောက်လာရင်း ကောင်းကင် ဆေးပင် အချို့နှင့် အခြား အဖိုးတန် ပစ္စည်း အချို့ကို စုဆောင်းနိုင်ခဲ့သည်။

တိုင်ပိုင် ရွှေအမတေ၊ ရောင်စုံ ဝိညာဥ် ဆေးမြစ်...

ကောင်းကင်ဆေးပင် တစ်ခုချင်းစီကား အပြင် ကမ္ဘာရှိ ဆေးင်များထက် ပိုမို ကောင်းမွန်သော အရာများ ဖြစ်သည်။ အရှင်ကုကို အံ့အားသင့်စေသစည့် အရာကား ချန်းဖန်မှာ မည်သို့သော ထိခိုက်မှုမှ မရှိပဲ ကောင်းကင် ဆေးပင်များကို သိမ်းဆည်းနိုင်ခဲ့ခြင်း ဖြစ်သည်။

“ဟမ့်... ကောင်းပြီလေ... ငါ မင်းကို နည်းနည်း ပြောပြလိုက်မယ်... ကိုယ့်ကိုယ်ကို ပြိုင်ဘက်ကင်းပြီ ထင်မနေနဲ့...  စကြဝဠာကြီး ဘယ်လောက်ကျယ်တယ် ဆိုတာ မင်း မသိဘူး မလား...”

အရှင်ကုက အစပြုကာ သူ၏ ကြီးကျယ် ခမ်းနားသော အတွေ့အကြုံများ အကြောင်းကို ပြောပြလိုက်သည်။

ချန်းဖန်မှာ ကိုယ့်ကိုယ်ကို နဂါးထင်နေသည့် ထိုမြွေအိုကြီးအား လျစ်လျူထား၏။

သို့သော်လည်း ကျိုးကျူရှင်း၊ ရှောင်မန်နှင့် ရှုညီအမတို့မှာမူ သူ၏ စကားများကို အလွန် စိတ်ဝင်စား နေကြသည်။ သူတို့ကား ထျန်းဟောင်ဂြိုဟ်တွင်သာ မွေးဖွား ကြီးပြင်းလာသူများ ဖြစ်ရာ ထိုကဲ့သို့ အရာများကို မကြားဖူးကြချေ။

“ကဲကွာ ငါမေးမယ်... ထျန်းဟောင်ဂြိုဟ်က စကြဝဠာထဲမှာ ဘယ်လို အဆင့်အတန်းမျို ရှိတယ်လို့ မင်းတို့ ထင်ကြလဲ”

အရှင်ကုက မေးလိုက်၏။

“ကျွန်မတို့ဂြိုဟ်က ပတ်ဝန်းကျင်ဂြိုဟ်တွေထဲမှာ အစွမ်း အထက်ဆုံးပေါ့ရှင့်”

ရှုနက လျှင်မန်စွာ ဖြေလိုက်သည်။

“ကျုပ်ကြားဖူးသလောက်ပြောရရင် အရှေ့ဂြိုဟ်တို့လို အခြားဂြိုဟ်တွေမှာဆို အခြေတည် ဝိညာဥ် အဆင့်တောင် တစ်ယောက် နှစ်ယောက်ပဲ ရှိတာတဲ့... ထျန်းဟောင်ဂြိုဟ်က အားလုံးထဲမှာ အများဆုံးပဲ... ‌နောက်ပြီး ဝိညာဥ် ဖြစ်တည်ခြင်း အဆင့်တွေတောင် တစ်ယောက် မက ပေါ်ဖူးတယ်လေ”

ကျိုးကျူရှင်းကလည်း ပြောလိုက်သည်။

“ဟုတ်တယ်...”

ရှောင်မန်နှင့် ရှုယုံတို့ကလည်း ဝင်ရောက် ထောက်ခံ လိုက်ကြ၏။

သို့သော်လည်း အရှင်ကုက အထင်သေးစွာဖြင့် တံတွေးကို ထွီခနဲ မြည်အောင် ထွေးထုတ်ကာ အော်ဟစ်လိုက်လေသည်။

“စောက်ပေါက်ကရတွေကွာ...”

***

All Chapters