← Chapters

ကမ္ဘာမှ သတင်းများ

Vol. 10 Ch. 978

ကမ္ဘာမှ သတင်းများ

Vol. 10 Ch. 978

“ကျွန်မတို့ မှားနေရင်တောင် ရှင်က အဲ့လိုကြီးတော့ မအော်နဲ့လေ...”

ရွှမ်နက ပြန်အော်လိုက်သည်။

ကျိုးကျူရှင်းမှာလည်း မျက်နှာထားတင်းသွား၏။ သူသည် အရှင်ကုလောက် အစွမ်း မထက်သည့်တိုင် သူတို့ နှစ်ယောက်စလုံးမှာ ချန်းဖန်၏ အစေခံများ ဖြစ်ကြသည်။ ထို့အပြင် ဝါစဥ် အရ တွက်ကြည့်ပါက သူကပင် ပိုမို စီနီယာကျသေးသည် မဟုတ်ပါလား။

“အမြင်ကျဥ်းလိုက်တဲ့ ကောင်တွေ... စကြဝဠာကြီး ဘယ်လောက်ကျယ်တယ် ဆိုတာ မသိပဲ ထျန်းဟောင်ဂြိုဟ်က အစွမ်း အထက်ဆုံးလို့ ပြောနေသေးတယ်... အဲဒါကို စောက်ပေါက်ကရတွေလို့ မပြောလို့ ငါက ဘယ်လိုပြောရမှာလဲ...”

အရှင်ကုက ထပ်မံ ဟောက်လိုက်၏။

“အဲဒါက...”

ကျိုးကျူရှင်းနှင့် ရွှမ်နတို့မှာ ခေါင်းငုံ့သွား၏။

မည်သို့ပင် ဆိုစေ အရှင်ကုကား ပြန်လည် မွေးဖွားခြင်းဂိုဏ်း၏ ဘိုးဘေး ဟုန်ယန်ထက်ပင် ပို၍ အစွမ်းထက်သူ ဖြစ်သည်။ ထို့အပြင် သူသည် နတ်ဘုရား သားရဲဂိုဏ်း၏ နှစ်သုံးသောင်း အသက်ရှင်ခဲ့သော နဂါးအရှင်လည်း ဖြစ်ပေသည်။

“ကောင်းပြီလေ... ငါ မင်းတို့ရဲ့ ပိတ်နေတဲ့ မျက်လုံးတွေကို ဖွင့်ပေးရမှာပေါ့”

အရှင်ကုက ဆေးတံ တစ်ခုကို ထုတ်ယူကာ ဖွာလိုက်သည်။ ထို့နောက် သူက မီးခိုးများကို ဖြည်းညင်းစွာ မှုတ်ထုတ်ရင်း ပြောလိုက်သည်။

“ကြယ်ပင်လယ်ကြီး ဘယ်လောက်ကျယ်သလဲ ဆိုတာ ဘယ်သူမှ မသိကြဘူးကွ.... အဆုံးအစ မရှိပဲ မရေမတွက်နိုင်တဲ့ ဂလက်စီတွေ နေတွေ ဂြိုဟ်တွေနဲ့ ဖွဲ့စည်းထားတယ် ဆိုတာလောက်ပဲ ငါတို့တွေ သိထားကြတာ”

“ဒီကြယ်ပင်လယ်ကြီးရဲ့ အလယ်မှာ မရေမတွက်နိုင်တဲ့ ဂြိုဟ်တွေနဲ့ ဖွဲ့စည်းထားတဲ့ နယ်မြေ တစ်ခု ရှိတယ်.... အဲဒါကိုတော့ ဗဟို ဂလက်စီလို့ ခေါ်တယ်.... ဗဟို ဂလက်စီက ကျင့်ကြံခြင်းလောကရဲ့ အမြုတေ ဆိုလည်း ဟုတ်တယ်... အစွမ်း အထက်ဆုံး မျိုးနွယ်တွေ ထိပ်သီး ပါရမီရှင်တွေ အင်အား အကြီးဆုံး ဂိုဏ်းကြီးတွေက အဲဒီ နေရာမှာပဲ ရှိကြတာလေ”

“ဗဟို ဂလက်စီမှာ အခြေတည် ဝိညာဥ် အဆင့်နဲ့ မွေးဖွားလာတဲ့ ကျင့်ကြံသူတွေ ရှိသလို ရွှေအမြုတေ အဆင့်နဲ့တင် အခြေတည် ဝိညာဥ် အဆင့်တွေကို သတ်နိုင်တဲ့ ပါရမီရှင်တွေလည်း မနည်းဘူး... ဗဟို ဂလက်စီနဲ့ ယှဥ်မယ် ဆိုရင် ကျန်တဲ့ ဂြိုဟ်တွေ နယ်မြေတွေက အစုတ်အပြတ်တွေချည်းပဲကွ”

အရှင်ကု၏ မျက်လုံးထဲတွင် လေးစားမှု တစ်ခုက တလက်လက် တောက်ပနေ၏။

“တကယ်ကြီးလား... ဗဟို ဂလက်စီက ဘယ်လောက်တောင် ကျယ်လို့လဲ”

ရှောင်မန်မှာ အလွန် စိတ်ဝင်စား နေခဲ့ပြီ ဖြစ်လေသည်။ မရေမတွက်နိုင်သည့် ဂြိုဟ်များဖြင့် ဖွဲ့စည်းထားသည့် ဂလက်စီ... ထိုအရာက မည်မျှအထိ လှပလိုက်မည်နည်း။

“ဘယ်သူမှ မသိကြဘူး... အခြေတည် ဝိညာဥ် အဆင့် တစ်ယောက်ရဲ့ ပျံသန်းနှုန်းနဲ့ ဆိုရင်တောင် ဗဟို ဂလက်စီကို ဖြတ်သန်းဖို့ နှစ်သိန်းချီ အချိန်ပေး ရလိမ့်မယ်”

အဘိုးအိုက ခေါင်းခါကာ ဆေးတံအား ဖွာလိုက်ပြန်သည်။

“ထျန်းဟောင်ဂြိုဟ်ကရော...”

ရွှမ်နက မေးလိုက်သည်။

“ဟဟ... ထျန်းဟောင်ဂြိုဟ်လား... အဲဒါက အပျက်အစီး နယ်မြေမှာ ရှိတဲ့ သာမန် ဂြိုဟ်ငယ်လေး တစ်လုံးပါပဲကွာ”

အဘိုးအိုက အနည်းငယ် ရယ်မောလိုက်သည်။

“ဗဟို ဂလက်စီက ဂြိုဟ်တွေနဲ့ မယှဥ်နဲ့ဦး... စကြဝဠာထဲမှာ ရှိတဲ့ အခြားဂြိုဟ်တွေနဲ့ ယှဥ်ရင်တောင် ထျန်းဟောင်ဂြိုဟ်က သေးသေးလေးပဲ ရှိတာ... နောက်ပြီးတော့ လော့ချန်ရှန်းရဲ့ ဂိုဏ်း ဘယ်လောက် အင်အားကြီး သလဲ ဆိုတာ မင်းတို့ သိကြလား”

လူတိုင်းက ခေါင်းခါလိုက်ကြ၏။

“ရှင်းရှင်း ပြောပြရရင်ကွာ... လော့ချန်ရှန်းရဲ့ ချန်ရှန်းဂိုဏ်းက ထာဝရဂိုဏ်း တစ်ခုပဲ... ထာဝရဂိုဏ်း ဆိုတာ ဘာလဲ ဆိုတာရော သိကြလား...”

အရှင်ကုက အခြားလူများ၏ အဖြေကို မစောင့်ပဲ ဆက်ပြောလိုက်သည်။

“ထာဝရဂိုဏ်း တစ်ခု အဖြစ် သတ်မှတ်ခံရဖို့ ဆိုရင်  အဲဒီဂိုဏ်းမှာ ဝိညာဥ် ဖြစ်တည်ခြင်း အဆင့်ရော အခြေတည် ဝိညာဥ် အဆင့်ရော ရှိရမယ်... ဝိညာဥ် ဖြစ်တည်းခြင်း အဆင့် ဆုံးရှုံးသွားပြီ ဆိုတာနဲ့ အဲဒီဂိုဏ်းက ထာဝရဂိုဏ်း မဟုတ်တော့ဘူး”

“နောက်ပြီး ချန်ရှန်းဂိုဏ်းက ဒီမျိုးဆက်မှာ အထွန်းကားဆုံးပဲ... သူတို့မှာ အခြေတည် ဝိညာဥ် အဆင့် သုံးယောက်တောင် ရှိတယ်လေ”

“သုံးယောက်တောင်...”

ကျိုးကျူရှင်း ပင်လျှင် ပါးစပ် အဟောင်းသား ဖြစ်သွား၏။

တောင်တန်း အင်ပါယာ ပင်လျှင် သမိုင်းကြောင်း တစ်လျှောက်လုံး၌ ကောင်းကင်အရှင် တထျန်း တစ်ယောက်တည်းကိုသာ ပိုင်ဆိုင်ခဲ့သည်။ သို့သော်လည်း ထိုအရှိန်အဝါဖြင့်ပင် သူတို့သည် ထျန်းဟောင်ဂြိုဟ်ကို နှစ်ပေါင်း သိန်းချီသည် အထိ စိုးမိုး ထားနိုင်ခဲ့သည်။ ထို့အပြင် ဆေးနတ်ဘုရားဂိုဏ်း ကဲ့သို့သော ဂိုဏ်းများ ယနေ့အထိ အရှိန်အဝါကြီးနေရခြင်းမှာ အတိတ်၌ ဝိညာဥ် ဖြစ်တည်ခြင်း အဆင့် တစ်ယောက်ကို ပိုင်ဆိုင်ခဲ့ဖူးသောကြောင့် ဖြစ်သည်။

သို့သော်လည်း ချန်ရှန်းဂိုဏ်းမှာ ယခု မျိုးဆက်၌ ဝိညာဥ် ဖြစ်တည်ခြင်း အဆင့် သုံးယောက်ကို ပိုင်ဆိုင်ထားသည် ဟု ဆိုသည်။ သူတို့က မည်မျှ အထိ အစွမ်းထက် လိုက်သနည်း။ သူတို့ အထဲမှ တစ်ယောက် ပင်လျှင် ထျန်းဟောင်ဂြိုဟ်ကို ဖျက်ဆီးပစ်ရန် လုံလောက်နေခဲ့ပြီ ဖြစ်သည်။

“ချန်ရှန်းဂိုဏ်းရဲ့ လက်ရှိ မျိုးဆက်မှာ ပါရမီရှင်တွေမှ အများကြီးပဲ ပေါ်ထွက်ခဲ့တယ်”

အရှင်ကုက ခေါင်းခါကာ ဆက်ပြောလိုက်သည်။

“အခု ဆိုရင် ချန်ရှန်းဂိုဏ်းက ကျင့်ကြံခြင်းဂြိုဟ်ပေါင်း  ၃၃၇ ခုနဲ့ နန်လီ ကျင့်ကြံခြင်းနယ်ကို စိုးမိုးနိုင်နေပြီ... အဲဒီ ဂြိုဟ်တစ်ခုချင်းစီက ထျန်းဟောင်ဂြိုဟ်လောက် ကြီးမားကြတယ်လေ... နောက်ပြီး အခြေတည် ဝိညာဥ် အဆင့်ကလည်း ထောင်ချီ ရှိကြတယ်... ချန်ရှန်းဂိုဏ်းက ငါ့ရဲ့ နတ်ဘုရား သားရဲဂိုဏ်းထက်တောင် ပိုပြီး အင်အားကြီးတယ် ဆိုပေမဲ့ ထိပ်တန်းဂိုဏ်းတစ်ခုတော့ မဟုတ်သေးဘူး”

“အဲဒါတောင် ထိပ်တန်းဂိုဏ်းတစ်ခု မဟုတ်သေးဘူး ဟုတ်လား...”

ရှောင်မန်က မေးလိုက်သည်။

“အင်း... ချန်ရှန်းဂိုဏ်းက စကြဝဠာ အစွန်အဖျား နေရာမှာတော့ အင်အားကြီးဂိုဏ်း တစ်ခုလို့ ဆိုနိုင်ပါတယ်... ဒါပေမဲ့ ကြယ်ပင်လယ်ထဲမှာ ရှိတဲ့ ထိပ်တန်းဂိုဏ်းတွေနဲ့ ယှဥ်ရင်တော့ ပမွှားဂိုဏ်းလေး တစ်ခုပါပဲ... ကဲပါ ဒါတွေ ထားလိုက်ပါလေ...”

အဘိုးအိုက ဆေးတံအား ဖွာကာ အကြောင်းအရာ ခေါင်းစဥ်ကို ပြောင်းလဲ လိုက်သည်။

“ထျန်းဟောင်ဂြိုဟ်ရဲ့ အခြေတည် ဝိညာဥ် အဆင့်တွေက ဘာလို့ အခြားဂြိုဟ်ရဲ့ ကျင့်ကြံသူတွေလောက် အစွမ်း မထက်ကြတာလဲ သိလား...”

ထိုခေါင်းစဥ်ကြောင့် ချန်းဖန် ပင်လျှင် သူတို့ဘက်သို့ လှည့်လာ၏။

ရှောင်မန်က အနည်းငယ် စဥ်းစားကာ ပြန်ဖြေလိုက်သည်။

“အကိုပြောတာတော့ ထျန်းဟောင်ဂြိုဟ်ရဲ့ ကျင့်စဥ်တွေက ပြည့်စုံမှု မရှိလို့တဲ့”

“ဟုတ်တယ်... ထျန်းဟောင်ဂြိုဟ်ရဲ့ ဥပဒေသတွေက အပိုင်းအစ တစ်ခု လွဲချော်နေတယ်...ဒါကြောင့်ပဲ မင်းတို့ရဲ့ အခြေတည် ဝိညာဥ် အဆင့်တွေ၊ ဝိညာဥ် ဖြစ်တည်ခြင်း အဆင့်တွေက အစွမ်းထက်သင့်သလောက် အစွမ်း မထက်ကြတာပဲကွ”

အဘိုးအိုက ခေါင်းညိတ်ကာ ဆက်ပြောလိုက်သည်။

“အတိအကျ ပြောရရင် ထျန်းဟောင်ဂြိုဟ်တင် မကဘူး... စွန့်ပစ်ခံ ဂြိုဟ်နယ်မြေမှာ ရှိတဲ့ ဂြိုဟ်တွေ အားလုံးမှာ အဲဒီ ပြဿနာ ရှိကြတယ်လေ”

“ဘာလို့ အဲ့လို ဖြစ်နေတာလဲ...”

ချန်းဖန်က မျက်မှောင်ကြုတ်ကာ ပထမဆုံး အကြိမ် ဝင်မေးလိုက်သည်။

ထျန်းဟောင်ဂြိုဟ်၏ စီးဆင်းမှုမှာ တစ်ခုခု လွဲချော်နေကြောင်း သူ သတိထားမိနေသည်မှာ ကြာခဲ့ပြီ ဖြစ်သည်။ သေချာ ဆက်စပ် တွေးကြည့်ပါက ကမ္ဘာဂြိုဟ်မှာလည်း ထို့အတူပင် ဖြစ်သည်။ ကမ္ဘာဂြိုဟ်၌ ကျန်းစန်းဖုန်း၊ ရဲ့ချင်စန်း၊ ဓားလျှို့ဝှက်ချက်တို့ ကဲ့သို့သော ပါရမီ မြင့်မားသည့် ကျင့်ကြံသူများစွာ ပေါ်ထွက်ခဲ့သည့်တိုင် ဝိညာဥ် ဖြစ်တည်ခြင်း အဆင့်ကို တစ်ယောက်မှ မတက်လှမ်းနိုင်ခဲ့ကြချေ။ ထိုအရာက တစ်ခုခု လွဲချော်နေပေသည်။

အတိတ်ဘဝ၌ ချန်းဖန်သည် ကမ္ဘာမြေသို့ ပြန်လည် ရောက်ရှိခဲ့သေးသည်။ သို့သော်လည်း ထိုအချိန်၌ ယခုကဲ့သို့သော ပြဿနာမျိုး မရှိတော့ချေ။

“ငါလည်း သေချာတော့ မသိဘူး... အချို့ ပြောကြတာတော့ ကြယ်ပင်လယ်ရဲ့ ရှေးဟောင်း သူတော်စင်ကြီးတွေက မဟာ အစီအရင် တစ်ခုကို ဖွဲ့စည်းပြီး ကျင့်စဥ်တွေရဲ့ အစိတ်အပိုင်းကို ယူသွားကြလို့ လို့ ပြောကြတယ်”

“အချို့ကျတော့လည်း ‌မိစ္ဆာ နတ်ဘုရားတွေနဲ့ သူတော်စင်တွေရဲ့  စစ်မြေပြင် ဖြစ်ခဲ့တာကြောင့် စီးဆင်းမှုနဲ့ ဥပဒေသတွေ ကမောက်ကမ ဖြစ်ကုန်တာတဲ့...  ပြောကြတာကတော့ အမျိုးမျိုးပါပဲ... ဒါပေမဲ့ ဘယ်သူမှ အတိအကျ မသိကြဘူးလေ... အခြားဂြိုဟ်တွေက လာတဲ့ အခြေတည် ဝိညာဥ် အဆင့်တွေတောင် စွမ်းအား ကန့်သတ်ခံရတာကြောင့် ဒီနယ်မြေကို နတ်ဘုရားတွေရဲ့ အပယ်ခံ နယ်မြေ... စွန့်ပစ်ခံ နယ်မြေလို့ ခေါ်ကြတာ”

နတ်ဘုရားတွေရဲ့ အပယ်ခံ နယ်မြေ...

ရှောင်မန်နှင့် အခြားလူများမှာ ဆွံ့အ သွားကြသည်။ ချန်းဖန် ပင်လျှင် အံ့အားသင့် သွား၏။ သူသည် အတိတ်ဘဝ၌ ထိုအကြောင်းအရာကို မသိခဲ့ရချေ။

“ဒါပေမဲ့ စွန့်ပစ်ခံနယ်မှာ ရှိတဲ့ ဂြိုဟ်တွေက နတ်ဘုရား ကုန်းမြေလို ရတနာတွေနဲ့ ပြည့်နှက်နေတာ.... ဒါကြောင့်ပဲ အင်အားကြီး မျိုးနွယ်တွေ ဂိုဏ်းကြီးတွေက လွန်ခဲ့တဲ့ နှစ်သိန်းချီက စလို့ ခြေကုပ်ယူဖို့ ကြိုစားခဲ့ကြတာလေ...”

အရှင်ကုက ဆက်ပြောလိုက်သည်။

“ငါတို့ဂိုဏ်းရဲ့ ဘိုးဘေးဆို ထျန်းဟောင်ဂြိုဟ်ပေါ်မှာ နတ်ဘုရား သားရဲဂိုဏ်းကို တည်ထောင်ခဲ့တယ်... လော့ချန်ရှန်းတို့ ဂိုဏ်းကလည်း ချန်ရှန်း ကောင်းကင်နယ်ကို တည်ဆောက်ခဲ့ကြတယ်လေ... အဲ့လိုပဲ အခြား မျိုးနွယ်တွေ ဂိုဏ်းတွေမှာလည်း စွန့်ပစ်ခံနယ်ရဲ့ ဂြိုဟ်တွေမှာ ကိုယ်ပိုင် ဂိုဏ်းခွဲတွေ တည်ထောင် ထားကြတယ်... ဥပမာပေးရရင် အမှောင် ဝံပုလွေ မျိုးနွယ်၊ သွေး မျိုးဆက်၊ ‌ရေလူသားမျိုးနွယ်နဲ့ အလင်း မျိုးနွယ်တွေပေါ့”

“ငါကြားတာတော့ ထျန်းဟောင်ဂြိုဟ်က ရတနာ အများဆုံး ရှိတဲ့ နေရာ မဟုတ်ဘူးတဲ့... အဲဒါက အရှေ့ဂြိုဟ်လို့ ခေါ်တဲ့ ဂြိုဟ်လေး တစ်ခုတဲ့... ငါတို့ နတ်ဘုရား သားရဲဂိုဏ်းက ဆုံးဖြတ်ချက် မှားပြီး ထျန်းဟောင်ဂြိုဟ်မှာပဲ ခြေကုပ်ယူခဲ့တော့ အဲဒီဂြိုဟ်ကို သွားလို့ မရတော့ဘူးလေ”

“မင်း ခုနက အရှေ့ဂြိုဟ်လို့ ပြောလိုက်တာလား... သေသေချာချာ ပြောစမ်း”

ချန်းဖန်က အရှင်ကု၏ အင်္ကျီလည်ပင်အား ဆွဲကာ မေးလိုက်၏။ သူ၏ မျက်လုံးများမှာ မီးတဟုန်းဟုန်း တောက်နေခဲ့ပြီ ဖြစ်သည်။

“ဟုတ်တယ်... အင်အားကြီးဂိုဏ်းတွေ မျိုးနွယ်တွေရဲ့ မျိုးဆက်တွေက အရှေ့ဂြိုဟ်ကို သွားနေကြပြီ... ငါ့လို လူအိုကြီးတွေပဲ ထျန်းဟောင်ဂြိုဟ်မှာ ကျန်ရစ်ခဲ့ကြတာ”

အရှင်ကုက အလျှင်အမြန်ပင် ပြန်ဖြေ လိုက်သည်။

ချန်းဖန်က မေးခွန်းများ ထပ်မံမေးလိုက်သော်လည်း အရှင်ကုမှာ ဘာမှ သိပ်မသိချေ။ အခြားလူများမှာ ချန်းဖန်ကို ကြည့်ကာ စိုးရိမ်သွားကြ၏။ ချန်းဖန်က ခေါင်းခါကာ သူ အဆင်ပြေကြောင်း ပြောလိုက်သည်။

သို့သော်လည်း သူ၏ စိတ်မှာမူ နောက်ကျိ ရှုပ်ထွေးနေ၏။ ကမ္ဘာဂြိုဟ်၏ အမည်ကို စကြဝဠာထဲ၌ အရှေ့ဂြိုဟ်ဟု ခေါ်ကြသည် မဟုတ်ပါလား။

***

All Chapters