လော့ချန်ရှန်းနှင့် တိုက်ပွဲ
Vol. 10 Ch. 980
ယခုအချိန်၌ ချန်းဖန် မည်မျှ အစွမ်းထက်နေပြီနည်း။
အမှန်တကယ်တွင်မူ သူကား ရွှေအမြုတေ အဆင့် ကျင့်ကြံသူ တစ်ယောက်သာ ဖြစ်သည်။ သို့သော်လည်း ချန်းဖန်သည် အထွတ်အထိပ် ရွှေအမြုတေ ငါးခုကို ပိုင်ဆိုင်ထားသည်။
အထွတ်အထိပ် ရွှေအမြုတေ တစ်ခုချင်းစီမှာ သာမန် အခြေတည် ဝိညာဥ် အဆင့်ကို ယှဥ်နိုင်သည့် စွမ်းအားအား သူ့ကို ပေးသည်။ ထိုရွှေအမြုတေ ငါးခုကို သူ တတ်မြောက်ထားသည့် ထိပ်တန်း ကျင့်စဥ်များ၊ အစီအရင်များနှင့် ပေါင်းစပ် အသုံးပြုပါက သူသည် ဗဟို ဂလက်စီရှိ အခြေတည် ဝိညာဥ် အဆင့် တစ်ယောက်နှင့်ပင် တိုက်ခိုက်နေနိုင်ပြီ ဖြစ်သည်။
“ဘုန်း...”
“ဘုန်း...”
“ ... “
ရွှမ်ဝူ၊ ခွန်ပန်၊ လိန်ဟူ၊ အဇူရာ သက်ရှည်နှင့် မိစ္ဆာခြောက်ပါး ဟူသော နတ်ဘုရား အသွင် ငါးခုသည် ချန်းဖန်၏ နောက်၌ ရပ်တည်ကာ ငါးရောင်ခြယ် နတ်ဘုရား စက်ဝန်း တစ်ခုကို ဖန်တီးကြသည်။ နတ်ဘုရား ကုန်းမြေ တစ်ခွင်ရှိ များစွာသော အစီအရင်များသည် နိုးထလာကာ ထိုကြောက်မက်ဖွယ် စွမ်းအားကို ခုခံရန် ပြင်ဆင်ကြလေသည်။
“သွား...”
ကြောက်မက်ဖွယ် ရန်သူနှင့် ရင်ဆိုင်နေရသည့်တိုင် လော့ချန်ရှန်းမှာ လစက်ဝန်း အထက်၌ တည်ငြိမ်စွာ ရပ်နေဆဲ ဖြစ်သည်။ သူက လက်အား မြှောက်ကာ ထောင့်ဖြတ် ခုတ်ထစ်လိုက်၏။
“ဝှစ်...”
လစက်ဝန်းထံမှ အေးစက်သော ရောင်စဥ်တစ်ခု ဖြာထွက်လာ၏။ ၎င်းက ကောင်းကင်ဓား တစ်စင်း အလား ကောင်းကင်ကို ဖြတ်ပိုင်းသွားသည်။
“ကောင်းကင်ပြာ ပျံသန်းခြင်း...”
နဂါးအိုကြီးကုက ခပ်တိုးတိုး ရေရွတ်လိုက်သည်။ ထိုအရာကား ချန်ရှန်းဂိုဏ်း “ခံစားချက်” ကျင့်စဥ်၏ နတ်ဘုရား စွမ်းအား တစ်ခုပင်။ ထိုဓားချက်ကား ထိမှန်ခံရသူ၏ ကျင့်ကြံခြင်း အဆင့်ကို တစ်ဆင့် နိမ့်ကျသွားအောင် ပြောင်းလဲပစ်နိုင်စွမ်း ရှိသည်။ အကယ်၍ ချန်းဖန်သာ ထိုဓားချက်ကို မရှောင်တိမ်းနိုင်ပါက စွမ်းအားမဲ့သော မူလ အဆင့် တစ်ယောက် အဖြစ် ပြောင်းလဲသွားလိမ့်မည် ဖြစ်သည်။
လော့ချန်ရှန်းကား ထိုကျင့်စဥ်ဖြင့်ပင် စကြဝဠာ အတွင်းရှိ ထိပ်တန်း အခြေတည် ဝိညာဥ် အဆင့်များနှင့် ယှဥ်နိုင်နေပြီ ဖြစ်သည်။
ချန်ရှန်း နတ်မိမယ်၊ ရှောင်မန်တို့ အပါအဝင် လူတိုင်းမှာ အသက်ပင် ရဲရဲ မရှူဝံ့ကြတော့ချေ။ ချန်းဖန်နှင့် လော့ချန်ရှန်း နှစ်ယောက် စလုံးကား တစ်ခေတ် တစ်ယောက် ပါရမီရှင်များ ဖြစ်ကြပြီး သူတို့ အသုံးပြုသည့် ကျင့်စဥ်များမှာလည်း ထျန်းဟောင်ဂြိုဟ်တွင် မတွေ့မြင်နိုင်သည့် အရာများ ဖြစ်ကြသည်။ ထိုတိုက်ပွဲကား ထျန်းဟောင်ဂြိုဟ်ရှိ ကောင်းကင်အရှင်များ၏ တိုက်ပွဲထက် အဆများစွာ ပြင်းထန်လှ၏။
“ချန်းပေ့ရွှမ်း... မင်း ဒီလို မဟာ နတ်ဘုရား ကျင့်စဥ်မျိုး တစ်ခါမှ မတွေ့ဖူးဘူးလို့ ငါလောင်းရဲတယ်”
လော့ချန်ရှန်းက အပြုံးဖြင့် ပြောလိုက်၏။ သူ၏ မျက်လုံးများက မောက်မာမှုများဖြင့် ပြည့်နှက် နေသည်။
“မင်းက အဲဒါကို မဟာ နတ်ဘုရား ကျင့်စဥ်လို့ ခေါ်တာလား...”
ချန်းဖန်က နှာခေါင်းရှုံ့ လိုက်၏။
သူအောင်မြင်ထားသည့် နတ်ဘုရား ကျင့်စဥ် ငါးခုထဲမှ အားအနည်းဆုံး ကျင့်စဥ် ဖြစ်သည့် “အဇူရာ သက်ရှည် ကျင့်စဥ် ပင်လျှင် စကြဝဠာ၏ အထွတ်အထိပ် ခန္ဓာကိုယ် ကျင့်စဥ် ငါးခုအနက် တစ်ခုဖြစ်သည်။ ချန်ရှန်းဂိုဏ်း ကဲ့သို့သော ပမွှားဂိုဏ်းလေး တစ်ခုမှ ကျင့်စဥ်နှင့် ယှဥ်နိုင်သော အရာ မဟုတ်ချေ။
“ဘုန်း...”
လော့ချန်ရှန်း၏ အကြည့်အောက်တွင်ပင် နတ်ဘုရား စက်ဝန်းသည် “ကောင်းကင်ပြာ ပျံသန်းခြင်း” ဓားချက်ကို အသာအယာ ဖျက်ဆီး ပစ်လိုက်၏။
“ငါ မင်းကို အထင်သေးမိပြီပဲ... မင်းရဲ့ နတ်ဘုရား ကျင့်စဥ်ကလည်း အစွမ်းထက်မယ်လို့ ငါ မထင်မိဘူး”
လော့ချန်ရှန်း၏ မျက်လုံးများမှာ ကျဥ်းမြောင်းသွားသည်။ သူက နောက်တစ်ဖန် လက်ကို ဝှေ့ယမ်းလိုက်ပြန်၏။
“ဝှစ်...”
လစက်ဝန်းသည် ကောင်းကင်တွင် လှုပ်ရှားလာကာ ချန်းဖန်ထံ ကြယ်ကြွေတစ်စင်း အလား တိုးဝင်သွားလေသည်။
လော့ချန်ရှန်းသည် ကောင်းကင်အဆင့် ရွှေအမြုတေကို ပိုင်ဆိုင်ထားရာ သူ၏ စွမ်းအားမှာ ထျန်းဟောင်ဂြိုဟ်၏ အခြေတည် ဝိညာဥ် အဆင့်များထက် ပိုမို သာလွန်ကြောင်း ယုံကြည်ချက်ရှိသည်။ အကယ်၍ ဘိုးဘေး ဟုန်ယန် ကဲ့သို့သော ကျင့်ကြံသူ ဆယ်ယောက်နှင့် ရင်ဆိုင်ရလျှင်ပင် သူသည် ကြောက်ရွံ့နေလိမ့်မည် မဟုတ်ချေ။
“ဘုန်း...”
လော့ချန်ရှန်း၏ တိုက်ခိုက်မှုကား အမှန်တကယ်ပင် ကြောက်မက်ဖွယ် ကောင်းပေသည်။ အကယ်၍ ထိုတိုက်ခိုက်မှု၏ လမ်းကြောင်းကို ပိတ်ဆို့မိပါက မြစ်ပြင်ပင် ခမ်းခြောက်ကာ တောင်တန်းများမှာလည်း ကြေမွ သွားရပေလိမ့်မည်။
“ဝှစ်... ဝှစ်...”
နတ်ဘုရား ကုန်းမြေ၏ မရေမတွက်နိုင်သော သင်္ကေတများမှာ အသက်ရှိသည့်အလား နိုးထလာကာ သူတို့ နှစ်ယောက်အား ခွဲထုတ်က်သည်။ မဟုတ်ပါက တိုက်ပွဲ၏ အကျိုးဆက်မှာ ထိုနေရာ တစ်ခုလုံးကို ပျက်စီးသွားစေလိမ့်မည် ဖြစ်သည်။
ချန်းဖန်မှာ တည်ငြိမ်နေဆဲ ဖြစ်သည်။ သူသည် နတ်ဘုရား စက်ဝန်းကို ထိန်းချုပ်ကာ လစက်ဝန်းအား ဆီးကြိုနေ၏။ သူသည် မည်သူ၏ ဓမ္မ စွမ်းအားက ပိုမို အစွမ်းထက်ကြောင်း သိလိုပေသည်။
“မင်းက မီးနဲ့ ကစားချင်နေတာပဲ...”
လော့ချန်ရှန်းက နှာခေါင်းရှုံ့လိုက်၏။
ထိုအရာက ပါရမီ ပြိုင်ပွဲ မဟုတ်ချေ။ ကျင့်ကြံခြင်း အဆင့် နှစ်ခု၏ အားပြိုင်ပွဲ ဖြစ်သည်။ ရွှေအမြုတေ အဆင့်နှင့် အခြေတည် ဝိညာဥ် အဆင့်ကြား၌ ကြီးမားသော ကွာဟချက်ကြီး ရှိပေသည်။ ချန်းပေ့ရွှမ်း အနေဖြင့် သူ့အား အနိုင်ယူလိုပါက တိုက်ရိုက် ရင်ဆိုင်ခြင်းကို မရွေးချယ်သင့်ချေ။
သို့သော်လည်း နောက်တစ်စက္ကန့် အကြာ၌ ဖြစ်ပျက်လာသည့် အရာက လော့ချန်ရှန်း၏ မျှော်လင့်ချက်နှင့် ဆန့်ကျင်ဘက်ပင်။
“ခရက်...”
လစက်ဝန်းနှင့် နတ်ဘုရား စက်ဝန်းတို့ ထိပ်တိုက် ထိတွေ့ရာ လစက်ဝန်းမှာ ဖန်စက်လုံး တစ်ခုအလား တစ်စစီ ကွဲကြေသွားလေ၏။ လစက်ဝန်းအား ဖျက်ဆီးပြီးသည်နှင့် နတ်ဘုရား စက်ဝန်းက ဖြည်းညင်းစွာ လည်ပတ်ကာ လော့ချန်ရှန်းထံ ဆက်လက် တိုးဝင်သွားသည်။
“ဘယ်လိုဖြစ်နိုင်မှာလဲ...”
လော့ချန်ရှန်းမှာ အနည်းငယ် တုန်ရီသွား၏။ သူ၏ ဓမ္မ စွမ်းအားက ရွှေအမြုတေ အဆင့် တစ်ယောက်ကို အနိုင်မယူနိုင်ဘူးလား။ ထိုအရာက အဓိပ္ပာယ် သိပ်မရှိချေ။
“သူက အထွတ်အထိပ် ရွှေအမြုတေကို ဖွဲ့စည်းထားနိုင်တာများလား... မဟုတ်ရင် ဘယ်လိုလုပ်ပြီး ဒီလောက် အစွမ်းထက်မှာလဲ... မဖြစ်နိုင်ပါဘူး... အထွတ်အထိပ် ရွှေအမြုတေ ဖွဲ့စည်းနိုင်တဲ့ သူတွေက ဗဟို ဂလက်စီမှာတောင် အရမ်း ရှားပါးတာလေ... ဘယ်လိုလုပ်ပြီး ထျန်းဟောင်ဂြိုဟ်မှာ ရှိနေနိုင်မှာလဲ”
လော့ချန်ရှန်းမှာ နားမလည်နိုင်အောင် ဖြစ်နေခဲ့၏။
သို့သော်လည်း ထိုကဲ့သို့ ဖြစ်နေသည်က သူ တစ်ယောက်တည်း မဟုတ်ချေ။ နဂါးအိုကြီးကုနှင့် ချန်ရှန်း နတ်မိမယ် တို့မှာလည်း တိုက်ပွဲအား ကြည့်ကာ မျက်လုံးပြူးနေကြသည်။ နဂါးအိုကြီးကား နောက်ဆုံး၌ သူ အဘယ်ကြောင့် ချန်းဖန်ထံ၌ ရှုံးနိမ့်ခဲ့ရသည်ကို နားလည်သွားခဲ့ပြီ ဖြစ်လေသည်။
“ချန်းပေ့ရွှမ်း... ဘဝင်သိပ်မြင့် မနေနဲ့”
လော့ချန်ရှန်းက နှာခေါင်းရှုံ့ လိုက်၏။ ထို့နောက် သူက လက်ထဲရှိ ဓားအား လွှဲကာ ခုတ်ထစ်လိုက်သည်။
“ကလန့်...”
ဓားအလင်းတစ်ခုမှာ ဖြာထွက်လာ၏။ ၎င်းက ကောင်းကင်ကို လျှင်မြန်စွာ ဖြတ်သန်းကာ ချန်းဖန်၏ နတ်ဘုရား စက်ဝန်းကို တိကျစွာ ပိုင်းဖြတ်လေသည်။
“ဘုန်း...”
ကျန်ရစ်သော ဓားချီသည် မြေပြင်ပေါ်သို့ ကျကာ ပေတစ်ရာ ရှည်လျားသော အရာ တစ်ခုကို ထင်ကျန်စေ၏။ ထိုအရာကား အခြေတည် ဝိညာဥ် အဆင့်များပင် မဖျက်ဆီးနိုင်သော နတ်ဘုရားမြေ ဖြစ်ရာ လော့ချန်ရှန်း၏ ဓားချက် မည်မျှ အစွမ်းထက်ကြောင်း ခန့်မှန်းနိုင်ပေသည်။
“ဓားကောင်းတစ်လက်ပါလား...”
ချန်းဖန်က တည်ငြိမ်စွာပင် ချီးကျူး လိုက်သည်။
“ဒီဓားက ရှေးခေတ်ဟောင်း အချိန်တွေတုန်းက ကောင်းကင်အရှင် တစ်ယောက် ထားခဲ့တဲ့ ဓမ္မ ရတနာပေါ့... အဲဒီ ကောင်းကင်အရှင်က ဒီဓားနဲ့ အတူ စကြဝဠာ တစ်လျှောက် လေလွင့်ပြီး မဟာ ကျင့်ကြံသူတွေကိုတောင် စိန်ခေါ်တိုက်ခိုက်ခဲ့တယ်... သူက ရှုံးနိမ့်ခဲ့ရင်တောင် သူ တိုက်ခဲ့တဲ့ တိုက်ပွဲတွေက စကြဝဠာ တစ်ခုလုံးကို တုန်လှုပ်စေခဲ့တဲ့ တိုက်ပွဲတွေချည်းပဲ”
လော့ချန်ရှန်းက ဓားကိုကိုင်လွှဲကာ နောက်တစ်ကြိမ် ခုတ်ထစ်လိုက်ပြန်၏။
“ဝှစ်...”
ယခုတစ်ကြိမ်တွင်မူ ချန်းဖန်မှာ မူ နေရာ၌ ရပ်တည်နိုင်စွမ်း မရှိတော့ပဲ နောက်သို့ ပေသုံးရာခန့် ခုတ်ခွာ လိုက်ရသည်။ သူသည် တည်ငြိမ်နေဆဲ ဖြစ်သည့်တိုင် ဓား၏ ခြိမ်းခြောက်မှုကို ခံစားနေရသည်။
“ချန်းပေ့ရွှမ်း...ငါတွေ့ဖူးသမျှထဲမှာ မင်းက ပါရမီ အရှိဆုံး ကျင့်ကြံသူ ဆိုတာ ငါဝန်ခံတယ်... မင်းက အပယ်ခံဂြိုဟ်တစ်ခုမှာ နိမ့်ကျတဲ့ သေမျိုး တစ်ယောက် အဖြစ် မွေးဖွားခဲ့ပေမဲ့ ငါ့ကိုတောင် ကောင်းကင် ရတနာ ထုတ်ဖော်စေတဲ့ အထိ ဖိအားပေးနိုင်ခဲ့တယ်... ငါ့အထင် မင်းက အပိုလို နန်းတော်ရဲ့ ကောင်းကင် မင်းသားထက်တောင် ပိုပြီး အစွမ်းထက်လောက်တယ်... ဒါပေမဲ့ ငါနဲ့ ဆုံခဲ့တာက မင်းဘဝမှာ ကံအဆိုးဆုံး အရာပဲ...”
လော့ချန်ရှန်း၏ မျက်လုံးများက မိမိကိုယ်ကို ယုံကြည်များဖြင့် ပြည့်နှက်နေသည်။
“ငါက ဓားကိုပဲ ဓားကောင်းတစ်လက်လို့ ပြောတာ... ဓားကိုင်ထားတဲ့ မင်းကတော့ ငါ့အတွက် ပုရွက်ဆိတ် တစ်ကောင် သာသာပဲ ရှိတယ်”
ချန်းဖန်က ပြောလိုက်၏။
“မင်း...”
လော့ချန်ရှန်းမှာ ဒေါသထွက်လာဟန်ရကာ သူ၏ အမူအရာမှာလည်း ပို၍ အေးစက်လာသည်။
“ကောင်းကင်ပြာ ဖြတ်သန်းခြင်း...”
သူက ထိုဓားကျင့်စဥ်ကို ဒုတိယ အကြိမ်မြောက် ဖော်ထုတ်လိုက်ပြန်၏။ အဆင့်မြင့် ကောင်းကင်ဓား တစ်ချောင်းနှင့် ပူးပေါင်းမှုတွင် ထိုဓားချက်မှာ ပထမ တစ်ကြိမ်ထက် အဆ ရာချီ ပိုမို အစွမ်းထက်နေခဲ့ပြီ ဖြစ်သည်။
“လော့ချန်ရှန်း... မင်းက မင်းရဲ့ ကိုယ်ပိုင် စွမ်းအားကို နားမလည်ဘူးပဲ... မင်းက သေမျိုးတွေကို အထင်သေးနေတယ် ဆိုတော့ ငါက မင်းကို သေမျိုး တစ်ယောက် ဖြစ်ရတဲ့ အရသာကို မြည်းစမ်းခိုင်းရမှာပေါ့”
ချန်းဖန်က လက်တစ်ဖက်အား မြှောက်လိုက်၏။ ထို့နောက် သူက လက်ဝါးအား ဘေးစောင်းကာ ခုတ်ထစ်လိုက်သည်။
“ကလန့်...”
အလင်းငါးခုသည် လေထဲတွင် လင်းလက်လာကာ ဓားတစ်ခု အဖြစ် ဖွဲ့စည်းသွား၏။ မရေမတွက်နိုင်သော သင်္ကေတများသည် ဓားသွားတွင် ပေါ်လာကာ ထက်ရှမှုကို ပေါင်းထည့်ကြသည်။ ထိုဓားတွင် အမည်နာမ မရှိချေ။
“ကလန့်...”
ထိုဓားသည် လျှင်မြန်စွာပင် ကောင်းကင်ပြာ ဖြတ်သန်းခြင်း ဓားချက်ကို ထက်ပိုင်းဖြတ် သွား၏။ ထို့နောက် ၎င်းက ဆက်လက်၍ လော့ချန်ရှန်းထံသို့ ကျဆင်းလေသည်။ လော့ချန်ရှန်းသည် သူ၏ ခန္ဓာကိုယ်ကို ဓမ္မ ရတနာများ၊ အဆောင်များဖြင့် ကာကွယ်ထားသည့်တိုင် ဓားမှာ အတားအဆီး မရှိ ဖြတ်ကျော်သွားလေ၏။
“ကလန့်...”
ဓားနှင့် ထိတွေ့ရာ လော့ချန်ရှန်း၏ ခန္ဓာကိုယ်မှာ အေးခဲ သွားသည်။
ထို့နောက် အားလုံး၏ အကြည့်များ အောက်တွင်ပင် လော့ချန်ရှန်း၏ ကျင့်ကြံခြင်း အဆင့်မှာ ရွှေအမြုတေ အဆင့်သို့ ကျဆင်းသွားသည်။ ထိုမှ တစ်ဆင့် မူလ အဆင့်၊ ချီစုဆောင်းခြင်း အဆင့်ထိ ထပ်မံ ဆုတ်ယုတ်သွားသည်။ အဆုံး၌ သူသည် သေမျိုး တစ်ယောက် ဖြစ်သွားခဲ့၏။
အခြေတည် ဝိညာဥ် အဆင့်မှ သေမျိုး တစ်ယောက် အဖြစ် ပြောင်းလဲသွားခြင်း... ထိုအရာကား သုံးစက္ကန့်မျှသာ ကြာမြင့်ခဲ့ပေသည်။
သားရဲများ ပင်လျှင် ထိုမြင်ကွင်းကို ကြည့်ကာ အေးခဲ သွားကြတော့၏။
***