← Chapters

တကယ့် ရတနာ

Vol. 10 Ch. 982

တကယ့် ရတနာ

Vol. 10 Ch. 982

လောက ဝိညာဥ် ရေကန်ကား အခြေတည် ဝိညာဥ် အဆင့် မျိုးဆက်‌ပေါင်းများစွာကို မွေးထုတ်ပေးနိုင်သည့် ရင်းမြစ်တစ်ခု ဖြစ်သည်။ စကြဝဠာ အတွင်းရှိ ထိပ်သီးဂိုဏ်းကြီးများ ပင်လျှင် ထိုရေကန်ကို မက်မော ကြသည်။ သို့တိုင်အောင် ထိုအရာက တကယ့် ရတနာ တစ်ခု မဟုတ်ဘူးလား။

ချန်းဖန်ပင်လျှင် အံ့အားသင့် သွား၏။ ဤလောက ဝိညာဥ်ရေကန်ကား သူ ပြန်လည် မွေးဖွားပြီးနောက် တွေ့ခဲ့ရ သမျှထဲ၌ အဖိုးအတန်ဆုံး ဖြစ်သည်။ သို့သော်လည်း လော့ချန်ရှန်း၏ စကားအရ ဆိုလျှင် ဤနေရာ၌ ပိုမို တန်ဖိုးကြီးသော ရတနာ တစ်ခုလည်း ရှိနေပုံပင်။

“မင်းပြောတာ ဘာလဲ...”

နဂါးအိုကြီးကုက လျှင်မြန်စွာ မေးလိုက်၏။

“မင်းတို့ ငါတို့လို အခြေတည် ဝိညာဥ် အဆင့်ကို ရောက်ပြီးတဲ့ လူတွေ အတွက်တောင် လောက ဝိညာဥ်ရေက အရမ်း အဖိုးတန်တာ မှန်တယ်... ဒါပေမဲ့ ဒီကုန်းမြေကိုတောင် ဖန်တီးနိုင်တဲ့ ကျင့်ကြံသူတွေ အတွက်ကျ ဒီရေကန်က စာမဖွဲ့လောက်ဘူး... ဟုတ်တယ် မလား”

လော့ချန်ရှန်းက တည်ငြိမ်စွာ ပြောလိုက်သည်။

“ဟုတ်တယ်... အဲဒီ မဟာ ကျင့်ကြံသူကြီးတွေက ထျန်းဟောင်ဂြိုဟ် တစ်ခုလုံးက ဝိညာဥ်ချီတွေကို ဒီနေရာမှာ အစီအရင်တွေ တည်ဆောက်ပြီး စုစည်းထားတယ် ဆိုတော့... လောက ဝိညာဥ်ရေထက် ပိုပြီး တန်ဖိုးရှိတဲ့ အရာတစ်ခု ရှိလို့ပဲ ဖြစ်ရမယ်”

နဂါးအိုကြီးကုကပေါင်အား ရိုက်ကာ အော်လိုက်၏။

မတူညီသော ကျင့်ကြံခြင်း အဆင့်များ ရှိသည့် တန်ခိုးရှင်များသည် အရာဝတ္ထုများကို ကွဲပြားစွာ ရှုမြင်ကြသည်။ အခြေတည် ဝိညာဥ် အဆင့်များ အတွက် ဝိညာဥ် ဖြစ်တည်ခြင်း အဆင့်များမှာ အလှမ်း မမှီနိုင်သော အရာ ဖြစ်သည်။ သို့သော်လည်း စကြဝဠာ အတွင်းရှိ မဟာ ကျင့်ကြံသူများ အတွက်မူ ဝိညာဥ် ဖြစ်တည်ခြင်း အဆင့်များမှာ ပုရွက်ဆိတ်များသာ ဖြစ်သည်။

သူတို့အတွက် လောက ဝိညာဥ်ရေကန် ကဲ့သို့သော ရတနာလေးများမှာ သိပ်အဖိုး မတန်ချေ။

ပြိုင်ဘက်ကင်း နတ်ဘုရား ရတနာများ၊ အထွတ်အမြတ် ဆေးဝါးများ၊ ဥပဒေသနှင့် သဘာဝကို အကျိုးသက်‌ရောက် စေနိုင်သော ပစ္စည်းများ ကဲ့သို့သော အရာများ သာလျှင် သူတို့၏ စိတ်ဝင်စားမှုကို ဆွဲဆောင်နိုင်ပေသည်။

“ဒါပေမဲ့ အဲဒီ ရတနာက ဘာဖြစ်မလဲ...”

နဂါးအရှင်မှာ မည်သို့မျှ စဥ်းစား မရခဲ့ချေ။

တစ်ချိန်တည်း၌ ချန်းဖန်မှာလည်း မျက်မှောင်ကြုတ်နေခဲ့၏။ သူသည် မြောက်ပိုင်း ကောင်းကင် အရှင်သခင် ဖြစ်ဖူးရာ မဟာ ကျင့်ကြံသူများ စိတ်ဝင်စားသည့် အရာကို သိရှိပေသည်။ သာမန် ရတနာလောက် ဆိုပါက သူတို့မှာ စဥ်းပင် စဥ်းစားလိမ့်မည် မဟုတ်ချေ။

“မြန်မြန် ပြောစမ်းပါကွာ... မင်းတို့ ချန်ရှန်းဂိုဏ်းက တစ်ခုခုကို သိတော့ ထားရမယ်... ဒီနတ်ဘုရား ကုန်းမြေရဲ့ အစစ်အမှန် ရတနာက ဘာလဲ”

နဂါးအရှင်က လော့ချန်ရှန်းအား ထပ်မံ ဖိအားပေးလိုက်၏။

လော့ချန်ရှန်းက အနည်းငယ် ပြုံးလိုက်သည်။

“ကျုပ်တို့ရဲ့ နောက်ဆုံး ဂိုဏ်းချုပ်ဟာ ကြယ်ပင်လယ် အထွတ်အမြတ်ဂိုဏ်း တစ်ခုဆီက သတင်း အပိုင်းအစ တစ်ခုကို ရခဲ့တယ်... စွန့်ပစ်ခံဂြိုဟ်တွေမှာ မဟာ ရတနာတွေ ရှိတယ်တဲ့... ဒီထျန်းဟောင်ဂြိုဟ် တစ်ခုထဲ မဟုတ်ဘူးနော်... ဂြိုဟ်တိုင်းမှာကို ရတနာတွေ ရှိကြတာ... အဲဒီ ရတနာတွေကလည်း မဟာ ကျင့်ကြံသူကြီးတွေကို အံ့အားသင့်စေနိုင်တဲ့ ရတနာတွေချည်းပဲ... ရှင်းရှင်းပြောရရင် သာမန် ကျင့်ကြံသူ တစ်ယောက်ကို ဝိညာဥ် ဖြစ်တည်ခြင်း အဆင့်ထိ ချက်ချင်းရောက်သွားစေနိုင်တဲ့ ရတနာတွေပေါ့”

“ဝိညာဥ်ဖြစ်တည်ခြင်း အဆင့်ကို ချက်ချင်းရောက်တယ် ဟုတ်လား...”

ရှောင်မန်မှာ မျက်လုံး အဝိုင်းသား ဖြစ်သွား၏။ ထို့အတူ ရှုညီအမမှာလည်း ပါးစပ် အဟောင်းသား ဖြစ်နေကြသည်။

ဝိညာဥ် ဖြစ်တည်ခြင်း အဆင့်...

ထျန်းဟောင်ဂြိုဟ်၏ နှစ်သန်းချီ သမိုင်းတွင်ပင် ဝိညာဥ် ဖြစ်တည်ခြင်း အဆင့်မှာ ငါးယောက် မပြည့်ချေ။ တောင်တန်း အင်ပါယာသည် ဝိညာဥ် ဖြစ်တည်ခြင်း အဆင့် တစ်ယောက်ကို ပိုင်ဆိုင်ရုံဖြင့်ပင် ထျန်းဟောင်ဂြိုဟ်ကို နှစ်တစ်သိန်း ကြာအောင် စိုးမိုးနိုင်ခဲ့သည်။

အကယ်၍ ထိုအရာက ဝိညာဥ် ဖြစ်တည်ခြင်း အဆင့်ကို ရောက်အောင် အမှန်တကယ် ကူညီပေးနိုင်သည် ဆိုပါက ထျန်းဟောင်ဂြိုဟ် တစ်ခုလုံးရှိ ကျင့်ကြံသူများမှာ ရူးသွပ်ကုန်ကြလိမ့်မည် ဖြစ်သည်။ တောင်တန်း အင်ပါယာ ကိုယ်တိုင်ပင် ရတနာကို ရရှိအောင် ကြိုးစားပေလိမ့်မည်။

“မဖြစ်နိုင်လောက်ဘူး ထင်တယ်... ဘယ်လို နတ်ဘုရား ဆေးဝါး၊ ဝိညာဥ် ဆေးပင်မျိုးကမှ လူတစ်ယောက်ကို ဝိညာဥ် ဖြစ်တည်ခြင်း အဆင့်ရောက်အောင် လုပ်မပေးနိုင်ဘူး... ဝိညာဥ် ဖြစ်တည်ခြင်း အဆင့် တစ်ယောက်က ကျင့်ကြံခြင်းဂြိုဟ် တစ်ခုကိုတောင် စိုးမိုး အုပ်ချုပ်နိုင်တဲ့ လူတွေလေ”

နဂါးအိုကြီးကုက ခေါင်းခါကာ လော့ချန်ရှန်း၏ စကားအား ငြင်းပယ်သည်။ သူသည် နှစ်ပေါင်းများစွာ ကျင့်ကြံခဲ့သည့်တိုင် ထိုကဲ့သို့သော အရာမျိုးကို မကြားချေ။

“မင်း ဘာသိလို့လဲ... အဲဒါက ကြယ်ပင်လယ်က ထိပ်တန်း ဂိုဏ်းကြီးတွေမှာ ပျံ့နှံ့နေတဲ့ သတင်း... ငါတို့ဂိုဏ်းက ဝိညာဥ် ဖြစ်တည်ခြင်း အဆင့် ဘိုးဘေးတွေတောင် ဒီသတင်းကို အတည်ပြုပြီးပြီ... ဒီ အပယ်ခံဂြိုဟ်တွေမှာသာ တားမြစ်ခြင်း အစီအရင်တွေ ရှိမနေရင် ငါ့ဘိုးဘေး သုံး‌ယောက်စလုံး ရောက်နေတာ ကြာလှပြီ”

လော့ချန်ရှန်းက မျက်မှောင်ကြုတ်ကာ ဆိုလိုက်၏။

သူ၏ စကားကား ဝိညာဥ် ဖြစ်တည်ခြင်း အဆင့် ဘိုးဘေး သုံးယောက်ထံမှ တိုက်ရိုက် လာခြင်း ဖြစ်သည်။ ထိုစကားကို မယုံခြင်းက ချန်ရှန်းဂိုဏ်းကို စော်ကားလိုက်ခြင်းနှင့် အတူတူပင် ဖြစ်သည်။

“လုံးဝ မဖြစ်နိုင်ဘူးကွာ...”

သို့သော်လည်း နဂါးအိုကြီးကုက ဘူးခံငြင်း၏။

နောက်ဆုံး၌ ချန်းဖန်မှာ သက်ပြင်းတစ်ချက်ချကာ သူတို့၏ စကားဝိုင်း အတွင်း ဝင်ရောက်လာသည်။

“ခြေတစ်လှမ်းတည်းနဲ့ အခြေတည် ဝိညာဥ် အဆင့်ကို ရောက်အောင်လုပ်ဖို့က တကယ် ခက်ခဲတယ်... ဒါပေမဲ့ အဲ့လို စွမ်းဆောင်နိုင်တဲ့ ရတနာ အချို့တော့ ရှိပါတယ်”

“ဟုတ်ပါ့မလား...”

နဂါးအိုကြီးကုကချန်းဖန်အား နားမလည်စွာ လှည့်ကြည့်သည်။ လော့ချန်ရှန်း၊ နတ်မိမယ် ချင်လော့နှင့် ရှုညီအမတို့ကလည်း ချန်းဖန်အား ကြည့်ကြ၏။

ထိုချန်းပေ့ရွှမ်းမှာ ထျန်းဟောင်ဂြိုဟ်သား တစ်ယောက် မဟုတ်ဘူးလား။ သူက ထိုလျှို့ဝှက်ချက်များကို မည်ကဲ့သို့ သိမည်နည်း။

“ငါကတော့ အဲ့လို မထင်ဘူး... ကြယ်ပင်လယ်မှာ ရှိတဲ့ နတ်ဘုရားဂိုဏ်းကြီးတွေ အထွတ်အမြတ် ကုန်းမြေတွေတောင် အဲ့လို မလုပ်နိုင်လောက်ဘူးနော်”

နဂါးအိုကြီးကုက ချန်းဖန်နှင့်ပါ ထပ်မံ ငြင်းဆိုရန် ကြိုးစားလိုက်သည်။

“ဟမ့်... မင်းက ဗဟုဟုတ မရှိလို့ ဘာမှ မသိတာလေ...”

ချန်းဖန်က နှာခေါင်းရှုံ့ကာ ရှင်းပြလိုက်သည်။

“ငါ သိထားသလောက်တောင် ရှစ်ခုရှိတယ်... ဥပမာ ပြောရရင် ကမ္ဘာတစ်ခု ဖြစ်တည်တဲ့ အခါ ပေါ်လာတတ်တဲ့ တာအို သစ်သီး... အဲဒါက ကောင်းကင်ရဲ့  ဥပဒေသတွေနဲ့ ဖွဲ့စည်းထားတာ... ဒုတိယ တစ်ခုက နဝမ ကောင်းကင် နတ်ဘုရား ဆေးပင်၊ အဲ့ဆေးပင်ရဲ့ အရည် တစ်စက်ကတင် လူတစ်ယောက်ကို ဝိညာဥ် ဖြစ်တည်ခြင်း အဆင့်ရောက်အောင် ကူးညီပေးနိုင်တယ်... နောက်တစ်ခုက...”

နဂါးအိုကြီးကုတို့မှာ ချန်းဖန် ရှင်းပြပြီးသည် အထိ မျက်စိကလည် နားကလည်ဖြင့် နားထောင်နေမိကြသည်။ သို့သော်လည်း ကံဆိုးစွာပင် သူတို့သည် ထိုအရာများကို တစ်ခါမျှ မကြားဖူးချေ။

ထိုအရာများကား စကြဝဠာ တစ်ခုလုံးတွင်ပင် ဒဏ္ဍာရီ ဆန်သော ရတနာများ ဖြစ်သည်။ အခြေတည် ဝိညာဥ် အဆင့်များ မဆိုထားနှင့်၊ ထာဝရဂိုဏ်းများ၏ ခေါင်းဆောင်များပင် ကြားဖူးကြလိမ့်မည် မဟုတ်ချေ။

“တွေ့လား...”

လော့ချန်ရှန်းက နဂါးအိုကြီးကုအား မေး‌ငေါ့ပြလိုက်၏။ သို့သော်လည်း သူ ကိုယ်တိုင်မှာ ချန်းဖန်၏ စကားများကို သိပ်နားမလည်ချေ။

ထို့နောက် လူတိုင်းမှာ နောက်တစ်ဖန် ပြန်လည် တိတ်ဆိတ် သွားကြ၏။ သူတို့က ဘာမှ ငြင်းခုန် မနေကြတော့ပဲ ရေကန်ဘေးတွင် ထိုင်ရင်း ထိုရတနာ ပေါ်လာမည့် အချိန်ကိုသာ စောင့်လိုက်ကြတော့သည်။

အချိန်သည် လျှင်မြန်စွာ စီးဆင်းသွား၏။ ညနေ ဆည်းဆာကား ရောက်ရှိ လာချေပြီ ဖြစ်သည်။ လူတိုင်းသည် ရင်ခုန်လာကြ၏။ လော့ချန်ရှန်း၏ စကားအရ ဆိုလျှင် ထိုရတနာက ညနေပိုင်း၌ ကျိန်းသေ ပေါ်လာလိမ့်မည် မဟုတ်ပါလား။

“ဘုန်း...”

အားလုံး စောင့်မျှော်နေကြချိန်မှာပင် ရေကန်သည် ပြင်းစွာ တုန်လှုပ်လာကာ မရေမတွက်နိုင်သော သားရဲများမှာ ရေကန် အနီး ရောက်ရှိလာကြ၏။

လူတိုင်းသည် ရေကန်၏ မျက်နှာပြင်ကို ကြည့်ကြရာ မရေမတွက်နိုင်သော ကြယ်များ ရောင်ပြန် လင်းလက်နေသည်ကို တွေ့ကြရသည်။ ထိုကြယ်များသည် အတူတကွ စုစည်းကာ တစ်စုံတစ်ခုကို စတင် ဖွဲ့စည်းလာ၏။

“အဲဒါက...”

လူတိုင်း၏ မျက်လုံးများမှာ ဝိုင်းစက်လာကြ၏။

ကြယ်များ အတူတကွ စုစည်းပြီးနောက် ရေကန်၏ မျက်နှာပြင်၌ အမျိုးအမည် မဖော်ပြနိုင်သော တစ်စုံတစ်ခုမှာ ဖြည်းညင်းစွာ ပေါ်လာခဲ့၏။ ပထမ၌ ထိုအရာသည် ထိုက်ကျိ စက်ဝိုင်း တစ်ခုနှင့် တူသည်။ ထို့နောက် အချိန် အနည်းငယ် အတွင်းမှာပင် ထိုအရာသည် အခြား သဏ္ဌာန်များသို့ တစ်ခုပြီး တစ်ခု ပြောင်းလဲနေ၏။ လူတိုင်းသည် ထိုအရာကို ကြည့်ကာ လောက တစ်ခု ဖြစ်တည် ပြောင်းလဲနေသလို ခံစားလိုက်ကြရသည်။

“တာအိုသစ်သီး...”

ချန်းဖန်က ရေရွတ်ကာ မျက်လုံးများကို ဖြည်းညင်းစွာ မှိတ်လိုက်သည်။

လူတိုင်းမှာ ချန်းဖန်၏ စကားကို ရှင်းလင်းစွာ ကြားလိုက်ကြရ၏။

“တာအို သစ်သီး...”

ထိုအရာက သာမန် ကျင့်ကြံသူ တစ်ယောက်ကို ဝိညာဥ် ဖြစ်တည်ခြင်း အဆင့် အထိ ရောက်အောင် ပြောင်းလဲပေးနိုင်သည့် တာအိုသစ်သီးလား။ လူတိုင်းမှာ ရင်တဒိန်းဒိန်း ခုန်သွားကြသည်။

နဂါးအိုကြီးကု ဆိုလျှင် ရုတ်တရက် စိတ်ထိန်းချုပ်မှု လွတ်တော့ မလိုပင် ဖြစ်သွားခဲ့သည်။ ထိုအရာကား သူ့အတွက် ဝိညာဥ် ဖြစ်တည်ခြင်း အဆင့်ကို ရောက်နိုင်သည့် အခွင့်အရေး ဖြစ်သည်။ သို့သော်လည်း သူသည် ချန်းဖန်ကို ကြည့်ကာ သူ၏ ဆန္ဒကို အလျှင်အမြန် ပြန်လည် ချိုးနှိမ် လိုက်သည်။

“ကံမကောင်းစွာနဲ့ ဒီတာအို သစ်သီးက ခုထိ မရင့်မှည့်သေးဘူး... အနည်းဆုံး နှစ်တစ်သိန်းလောက်ထိ စောင့်ရဦးမယ်... အခု သုံးလိုက်မယ် ဆိုရင် ဝိညာဥ် ဖြစ်တည်ခြင်း ကျင့်ကြံသူ အတု ဒါမှမဟုတ် အခြေတည် ဝိညာဥ် အထွတ်အထိပ် အဆင့် လောက်ကိုပဲ ရောက်နိုင်လိမ့်မယ်”

ချန်းဖန်က ခေါင်းခါလိုက်သည်။

“အကိုပြောတော့ တာအို သစ်သီးက ကမ္ဘာတစ်ခု ဖြစ်တည်တဲ့ အခါမှာပဲ ပေါ်လာတာဆို... ဘယ်လိုလုပ်ပြီး ဒီနေရာမှာ ရောက်နေတာလဲ”

ရုတ်တရက် ရှောင်မန်က မေးလိုက်၏။

“ပုံမှန်ဆို ဟုတ်တယ်... ဒါပေမဲ့ ဒီတစ်ခုက ခြားနားတယ်”

ချန်းဖန်၏ မျက်လုံးများက အေးစက် သွား၏။

“တစ်ယောက်က ထျန်းဟောင်ဂြိုဟ်ရဲ့ ကောင်းကင် ဥပဒေသနဲ့ စီးဆင်းမှုတွေကို အစီအရင်နဲ့ အတင်းအကြပ် ဆွဲယူပြီး ဒီဟာကို ဖွဲ့စည်းခဲ့တာ... ဒါကြောင့်ပဲ ထျန်းဟောင်ဂြိုဟ်ရဲ့ ကျင့်ကြံခြင်းက မပြည့်စုံတော့တာပဲ... ဒီဂြိုဟ်မှာ ရှိတဲ့ ဘယ်သူကမှ အစစ်အမှန် အခြေတည် ဝိညာဥ် အဆင့် ဝိညာဥ် ဖြစ်တည်ခြင်း အဆင့် မဖြစ်နိုင်ကြတော့ဘူး”

“ဘယ်လို အစီအရင်မျိုးက ဂြိုဟ်တစ်ခုရဲ့ ကောင်းကင် ဥပဒေနဲ့ စီးဆင်းမှုကို ခိုးယူနိုင်တာလဲ...”

လော့ချန်ရှန်းနှင့် နဂါးအိုကြီးကုတို့ ပင်လျှင် ဆွံ့အ သွားကြ၏။ သူတို့သည် ထိုကဲ့သို့သော အရာမျိုးကို တစ်ခါမှ မကြားဖူးခဲ့ချေ။

“အစစ်အမှန် ကောင်းကင်ကျေးကျွန် အစီအရင်...”

ချန်းဖန်က တစ်လုံးချင်း ရေရွတ်လိုက်၏။

***

All Chapters