ကောင်းကင် ဥပဒေ
Vol. 10 Ch. 983
“အစစ်အမှန် ကောင်းကင် ကျေးကျွန် အစီအရင် ဟုတ်လား... အဓိပ္ပာယ် မရှိတာ... လောကမှာ အဲ့လို အစီအရင်မျိုး ရှိလို့လား...”
လော့ချန်ရှန်းမှာ ထိုအရာကို မယုံကြည်နိုင်ချေ။
မည်ကဲ့သို့သော လူပုဂ္ဂိုလ်မျိုး၊ အစီအရင်မျိုးက ကောင်းကင် ဥပဒေကို ခိုးယူနိုင်မည်နည်း။ ထိုသို့သော ဖြစ်စဥ်မျိုးကား လက်တွေ့ဆန်မှုထက် ကျော်လွန်နေသော အရာတစ်ခု ဖြစ်သည်။
“ရှင် မသိတိုင်း မရှိဘူးလို့ ပြောလို့ မရဘူးလေ...”
ရှောင်မန်က လော့ချန်ရှန်းအား ကြည့်ကာ ရန်တွေ့လိုက်သည်။
“ဟဟ...”
လော့ချန်ရှန်းမှာ လှောင်ရယ် ရယ်ကာ တိတ်ဆိတ်သွား၏။ သူသည် ဆက်လက် ငြင်းခုန်ခြင်း မပြုတော့သော်လည်း ချန်းဖန်၏ စကားကို လက်ခံနိုင်ပုံ မရချေ။
“ကောင်းကင် မင်းသားလော့... မင်းက ချန်ရှန်းဂိုဏ်းက ဆိုပေမဲ့ မင်း မသိသေးတာတွေ အများကြီး ရှိသေးတယ်... ငါ့ သခင်ရဲ့ နတ်ဘုရား စွမ်းအားတွေကိုတောင် မင်း နားလည်ခဲ့လို့လား...”
ကျိုးကျူရှင်းက ဖြည်းညင်းစွာ ဝင်ပြောလိုက်၏။
“ဟမ့်... ချန်းပေ့ရွှမ်းက ငါ့ကို ပါးစပ် အဟောင်းသား ဖြစ်စေနိုင်တဲ့ လှည့်ကွက် တစ်ချို့ သိထားတယ် ဆိုတာတော့ အမှန်ပဲ... ဒါပေမဲ့ မင်းတို့က ထျန်းဟောင်ဂြိုဟ်က လူတွေလေ... အဆုံးမဲ့ ကျယ်ပျောတဲ့ ကြယ်ပင်လယ်နဲ့ စကြဝဠာ အကြောင်း ဘယ်လို သိနိုင်မှာလဲ”
“ကောင်းကင် ဥပဒေ ဆိုတာ စကြဝဠာရဲ့ အခြေခံပဲ... အခြေတည် ဝိညာဥ် အဆင့်တွေတောင် ပြည့်ပြည့်ဝဝ ထိတွေ့နိုင်စွမ်း မရှိဘူး... နောက်ပြီး ငါတို့ ဂိုဏ်းရဲ့ ရှေးခေတ် ဘိုးဘေး တစ်ယောက်က ခရမ်းရောင် ကောင်းကင် အထွတ်အမြတ်မြေမှာ နေခဲ့ပြီး သူတော်စင်တွေဆီကတောင် သင်ယူဖူးတယ်... ခရမ်းရောင် ကောင်းကင် အထွတ်အမြတ်မြေ ဆိုတာက ဗဟို ဂလက်စီမှာတောင် ထိပ်ဆုံး ဂိုဏ်းတစ်ရာထဲ ပါတယ်... အဲဒီလို ဂိုဏ်းမှာ ရှိတဲ့ သူတော်စင်ကြီးတွေတောင် ကောင်းကင် ဥပဒေ စီးဆင်းမှုကို နှောက်ယှက်နိုင်စွမ်း မရှိကြဘူး...”
လော့ချန်ရှန်းက မောက်မာစွာ ဆိုလိုက်၏။
“ဒါဆို ဘယ်လိုလူက ကောင်းကင် ဥပဒေကို အတင်းအကြပ် ယူဆောင်နိုင်တာလဲ...”
ကျိုးကျူရှင်းက မေးလိုက်သည်။
“တန်ခိုးရှင် သူတော်စင်ကြီးတွေတောင် အဲ့လို လုပ်နိုင်ဖို့ မသေချာဘူး... မင်းရဲ့ သခင်က ခရမ်းရောင် ကောင်းကင်အထွတ်အမြတ်မြေက သူတော်စင်တွေထက် ပိုသိမယ်လို့ မင်းက ထင်နေတာလား”
လော့ချန်ရှန်းက ပြန်လည် မေးခွန်းထုတ် လိုက်သည်။
ကျိုးကျူရှင်းမှာ ပါးစပ်ပိတ်သွား၏။ ဝိညာဥ် ဖြစ်တည်ခြင်း အဆင့် အထက်ရှိ မဟာ ကျင့်ကြံသူများကိုသာ သူတော်စင်များ ဟု ခေါ်ကြသည်။ ကျိုးကျူရှင်းသည် ချန်းဖန်ကို အလွန် လေးစားသော်လည်း ဗဟို ဂလက်စီရှိ သူတော်စင်များထက် ပို၍ အစွမ်းထက်မည်ဟု မထင်ချေ။
“ဟူး... ဟူး...”
ရေကန်တစ်ခုလုံးမှာ ပို၍ အေးစက်လာ၏။ ချန်းဖန်သည် တိတ်ဆိတ်စွာပင် တာအို သစ်သီးကို ငေးကြည့်နေခဲ့သည်။ သူ၏ အရှိန်အဝါက နူးညံ့နေကာ တစ်စုံတစ်ခုကို စဥ်းစားနေဟန် ရသည်။ သူသည် လော့ချန်ရှန်းတို့၏ စကားဝိုင်း အတွင်း တစ်ခွန်းပင် ဝင်မပြောခဲ့ချေ။
တစ်ချိန်တည်း၌ နတ်မိမယ် ချင်လော့မှာ လော့ချန်ရှန်းကို ဘေးမှ ငေးကြည့်နေမိ၏။
“ကောင်းကင်မင်းသားလော့က ဓမ္မ စွမ်းအားတွေ ကန့်သတ်ခံ ထားရတာတောင် ထျန်းဟောင်ဂြိုဟ်ပေါ်က လူတွေထက် ပိုပြီး ဗဟုသုတ ကြွယ်ဝနေတုန်းပဲ”
ထိုလူငယ်သည် ဖြူရော်နေသည့်တိုင် ဉာဏ်ပညာ အရှိန်အဝါဖြင့် ခါတိုင်းကဲ့သို့ အလွန် ခန့်ညား ချောမောဆဲ ဖြစ်သည်။ နတ်မိမယ် ချင်လော့မှာ လော့ချန်ရှန်း အပေါ် တိုး၍ပင် လေးစားလာခဲ့၏။
ရုတ်တရက် နဂါးအိုကြီးကုမှာ ခန္ဓာကိုယ် တစ်ချက် တုန်ခါသွားကာ ချန်းဖန်အား ကြည့်လိုက်သည်။
“ကျင့်ကြံသူချန်း... မင်းပြောတာက အစစ်အမှန် သိုင်းနတ်ဘုရားဂိုဏ်းရဲ့ ကောင်းကင်ကျေးကျွန် အစီအရင်လား...”
ရှောင်မန်နှင့် အခြားလူများက နားမလည်စွာဖြင့် သူ့အား ကြည့်လိုက်ကြသည်။
တစ်ချိန်တည်း၌ လော့ချန်ရှန်းမှာ “အစစ်အမှန် သိုင်းနတ်ဘုရားဂိုဏ်း” ဟူသော အမည်ကို ကြားသည်နှင့် အေးခဲသွား၏။ သူ၏ အမူအရာက မောက်မာသော ပုံစံမှသည် အလွန် ထိတ်လန့် တုန်လှုပ်နေသော ယုန်သူငယ် အလား ပြောင်းလဲသွားသည်။
“စကြဝဠာထဲမှာ အခြား ကောင်းကင် ကျေးကျွန် အစီအရင် တစ်ခု မရှိဘူး ဆိုရင်တော့ သူတို့ပဲ ဖြစ်လိမ့်မယ်”
ချန်းဖန်၏ အသံက အေးစက်စွာ ထွက်ပေါ်လာသည်။
ထို့နောက် သူက ကောင်းကင်သို့ မော့ကြည့်လိုက်၏။ ထိုနေရာ၌ ဘာမှ ရှိမနေသော်လည်း သူ၏ မျက်လုံးများတွင်မူ မရေမတွက်နိုင်သော သင်္ကေတများကို တွေ့မြင်နေရသည်။ ရွှေရောင် အစီအရင်သည် နှစ်သန်းချီ၍ တည်ရှိနေသည့် အလား ဖြည်းညင်းစွာ လည်နေ၏။
ထိုအစီအရင်ကား ချန်းဖန်နှင့် အလွန် ရင်းနှီးကာ တစ်ချိန်တည်း၌ သူစိမ်းလည်း ဆန်နေခဲ့၏။
“အစစ်အမှန် သိုင်းနတ်ဘုရားဂိုဏ်း၊ ကောင်းကင် ကျေးကျွန် အစီအရင်၊ အဲဒါတွေက ဘာတွေလဲ...”
ရှုညီအမမှာမူ ထိုအရာများကို တစ်ခုမှ နားမလည်ကြချေ။
သို့သော်လည်း မည်သူမျှ ထိုမေးခွန်းကို မဖြေကြချေ။ ချန်းဖန်၊ လော့ချန်ရှန်းနှင့် နဂါးအရှင် သုံးယောက် စလုံးမှာ တိတ်ဆိတ်နေကြ၏။
“ငါ အစစ်အမှန် သိုင်းနတ်ဘုရားဂိုဏ်းရဲ့ အငွေ့အသက်ကို ခံစားမိနေတာ အံ့သြစရာ မရှိတော့ဘူး... နောက်ပြီး သူတို့က လွဲပြီး ဘယ်သူက ဒီလို အစီအရင်မျိုးကို ခင်းကျင်းနိုင်မှာလဲ”
တစ်ခဏမျှ ကြာပြီးနောက်မှ နဂါးအရှင်က ကြောက်ရွံ့မှုကို ထိန်းချုပ်ကာ ခေါင်အား ခါယမ်းလိုက်သည်။
“စစ်အမှန် သိုင်းနတ်ဘုရားဂိုဏ်းက တကယ်ပဲ အစွမ်းထက်လို့လား... ခရမ်းရောင် ကောင်းကင် အထွတ်အမြတ်မြေနဲ့ ယှဥ်ရင်ရော ဘယ်လိုလဲ”
နတ်မိမယ် ချင်လော့က မေးလိုက်သည်။
“ဟမ့်...”
နဂါးအရှင်က ပြန်ဖြေရန် စိတ်မဝင်စားချေ။ ခရမ်းရောင် ကောင်းကင် အထွတ်အမြတ်မြေနှင့် နှိုင်းယှဥ်ခြင်းက အစစ်အမှန် သိုင်းနတ်ဘုရားဂိုဏ်းကို မလေးမစား ပြုခြင်း ဖြစ်သည်။ ထိုနှစ်ခုကား မိုးနှင့်မြေကြီး ကဲ့သို့ အလှမ်းကွာဝေး လွန်းလှသည်။
“ရှင်...”
နတ်မိမယ် ချင်လော့၏ မျက်နှာမှာ ဒေါသဖြင့် ပြည့်နှက်သွား၏။
“ချင်လော့... နဂါးအရှင်ပြောတာ မှန်တယ်”
လော့ချန်ရှန်းက သူမအား လက်ပြကာ တားဆီးလိုက်သည်။
“ခရမ်းရောင် ကောင်းကင် အထွတ်အမြတ်မြေက ဗဟို ဂလက်စီ ထိပ်တန်းဂိုဏ်း တစ်ရာထဲမှာ ပါတဲ့အပြင် သူတော်စင်တွေကိုတောင် ပိုင်ဆိုင်ထားပေမဲ့ စစ်အမှန် သိုင်းနတ်ဘုရားဂိုဏ်းနဲ့ နှိုင်းယှဥ်ဖို့တော့ နိမ့်ကျလွန်းတယ်”
“အဲ့လောက်တောင်လား...”
ကျိုးကျူရှင်းနှင့် ရှောင်မန်တို့ပင် အံ့အားသင့် သွားကြ၏။ ခရမ်းကောင် ကောင်းကင် အထွတ်အမြတ်မြေပင် အစစ်အမှန် သိုင်းနတ်ဘုရားဂိုဏ်းနှင့် ယှဥ်ပါက နိမ့်ကျသည်လား။ ဤသို့ဆိုလျှင် အစစ်အမှန် သိုင်းနတ်ဘုရားဂိုဏ်းက မည်မျှ အထိ အစွမ်းထက် နေရသနည်း။
“ရှေးဟောင်းခေတ်တွေတုန်းက မရေမတွက်နိုင်တဲ့ မျိုးနွယ်တွေဟာ ထိပ်ဆုံး နေရာတွေ အတွက် တိုက်ခိုက်ခဲ့ကြတယ်... နောက်ဆုံး အစွမ်း အထက်ဆုံး ဖြစ်လာတာက ငါတို့ လူသား မျိုးနွယ်ပေါ့... လူသားတွေဟာ ဗဟို ဂလက်စီကို သိမ်းပိုက်ခဲ့ပြီး စကြဝဠာ တစ်ခုလုံးကို အုပ်စိုးလာနိုင်ခဲ့တယ်”
လော့ချန်ရှန်းက ခဏမျှ ရပ်ကာ လေးစားသည့် အမူအရာဖြင့် ဆက်ပြောလိုက်သည်။
“အဲဒါတွေ အားလုံးက ဂိုဏ်းကြီး ကိုးဂိုဏ်းကြောင့်ပဲ”
“ဂိုဏ်းကြီးကိုးဂိုဏ်း...”
ရှောင်မန်နှင့် အခြားလူများမှာ စိတ်ဝင်စား သွားကြသည်။
“ဟုတ်တယ်... အဲဒီ ဂိုဏ်းကြီး ကိုးဂိုဏ်းက လူသားတွေ မွေးဖွားလာမှုရဲ့ ရင်းမြစ်လို့ ဆိုနိုင်တယ်... သူတို့ကို နတ်ဘုရားဂိုဏ်းကြီး ကိုးဂိုဏ်းလို့ သိကြတယ်... အစစ်အမှန် သိုင်းနတ်ဘုရားဂိုဏ်းက အဲဒီ ဂိုဏ်းကြီး ကိုးဂိုဏ်းထဲက တစ်ဂိုဏ်းပဲ”
လော့ချန်ရှန်းက ပင့်သက်တစ်ချက် ရှိုက်လိုက်၏။
“နောက်ပြီး စကြဝဠာထဲမှာ ပျံ့နှံ့နေတဲ့ စကားတစ်ခု ရှိတယ်... အဲဒါက နတ်ဘုရားဂိုဏ်းကြီး ကိုးဂိုဏ်းထဲမှာ အစစ်အမှန် သိုင်းနတ်ဘုရားဂိုဏ်းရဲ့ တိုက်ခိုက်ရး စွမ်းအားက ပထမ ဆိုတာပဲ”
“တိုက်ခိုက်ရေး စွမ်းအား ပထမ...”
လူတိုင်းမှာ ဆွံ့အသွား၏။
“အဲဒါဆို အစစ်အမှန် သိုင်းနတ်ဘုရားဂိုဏ်းက စကြဝဠာထဲမှာ အစွမ်း အထက်ဆုံးပေါ့... ဟုတ်လား...”
ကျိုးကျူရှင်းက ရေရွတ်လိုက်သည်။
“အစွမ်း အထက်ဆုံး ဟုတ်ချင်မှ ဟုတ်လိမ့်မယ်... ဒါပေမဲ့ သူတို့ရဲ့ တိုက်ခိုက်ရေး စွမ်းအားကတော့ ပထမပဲ”
ချန်းဖန်က အဝေးသို့ ငေးကြည့်ရင်း ပြောလိုက်သည်။ သူ၏ မျက်လုံးများမှာ စိတ်ခံစားမှု ကင်းမဲ့နေ၏။
“စကြဝဠာထဲမှာ ရှိတဲ့ လူသားတွေ သိမ်းပိုက်ထားတဲ့ ဂြိုဟ်အားလုံးရဲ့ အရေအတွက် တစ်ဝက်ကို အစစ်အမှန် သိုင်းနတ်ဘုရားဂိုဏ်း ပိုင်တယ်... သူတို့က မြောက်ပိုင်းမှာ ရှိတဲ့ မွန်းစတား နယ်မြေအစပ်အထိ လွှမ်းခြုံပြီး စိုးမိုးနိုင်တယ်... ငါသိသလောက် ဆိုရင် အစစ်အမှန် သိုင်းနတ်ဘုရားဂိုဏ်းက မွန်းစတား ဂလက်စီ တစ်ထောင်လောက်ကိုတောင် နယ်ချဲ့ပြီးပြီ”
ရှုညီအမ၊ ချန်ရှန်း နတ်မိမယ်နှင့် ရှောင်မန်တို့မှာ ချန်းဖန်ကို ငေးကြောင်ကာ ကြည့်နေမိ၏။
“အစစ်အမှန် သိုင်းနတ်ဘုရားဂိုဏ်းပဲ မွန်းစတားတွေကို ဒူးထောက်အောင် လုပ်နိုင်တယ်...”
နဂါးအရှင်က ဖြူရော်စွာ ပြုံးကာ ခေါင်းအား ခါယမ်း လိုက်သည်။
“ဒါပေမဲ့ သာမန် ဘိုးဘေးတွေ၊ သူတော်စင်တွေက ဒီလို အစီအရင်မျိုးကို မခင်းကျင်းနိုင်ကြဘူး... အစစ်အမှန် သိုင်းနတ်ဘုရားဂိုဏ်းရဲ့ ဘယ်တန်ခိုးရှင်က ဒါကို ခင်းထားခဲ့တာလဲ”
ချန်းဖန်က တိတ်ဆိတ်စွာပင် ထိုင်နေခဲ့သည်။ သူသည် ထိုအဖြေကို သိရှိပြီး ဖြစ်သော်လည်း ထုတ်ဖော် မပြောချင်ပေ။ သူ၏ စိတ်များမှာ အလွန် ရှုပ်ထွေးနေ၏။
“ဆရာ... ဆရာ ဒါကို လုပ်ခဲ့တာလား”
ချန်းဖန်က သက်ပြင်းတစ်ချက် ချလိုက်သည်။
***