ချန်းပေ့ရွှမ်း ဆိုတာ
Vol. 10 Ch. 984
အတိတ်ဘဝတွင် ချန်းဖန် အသက် သုံးဆယ်ပြည့်သည့် နေ့၌ အစစ်အမှန် သိုင်းနတ်ဘုရားဂိုဏ်း၏ ထန်ချင်သည် သူနှင့် ဖန့်ချုံးတို့ကို ကမ္ဘာမှ ခေါ်သွားခဲ့သည်။ ထိုမှ တစ်ဆင့် ချန်းဖန်သည် စကြဝဠာ၏ သမိုင်းတစ်လျှောက် အငယ်ဆုံး ကောင်းကင်အရှင် တစ်ပါး ဖြစ်လာခြင်း ဖြစ်သည်။
ထန်ချင်သည် သူ့အား လှည့်စားလိမ့်မည် ဟု ချန်းဖန် တစ်ခါမှ မတွေးဖူးချေ။ ထိုသို့ တွေးရန်လည်း မလိုအပ်ချေ။ သူကား ကမ္ဘာ ကဲ့သို့သော ဂြိုဟ်သိမ်လေးတွင်ပင် မထင်မရှား လူတစ်ယောက် ဖြစ်သည်။ ထိုကဲ့သို့သော လူမျိုးကို ထန်ချင် ကဲ့သို့သော စကြဝဠာ၏ ထိပ်ဆုံး တန်ခိုးရှင်က အဘယ်ကြောင့် လိမ်ညာမည်နည်း။
သို့သော်လည်း ယခု ထျန်းဟောင်ဂြိုဟ်ပေါ်၌ တွေ့ရှိရသော ကောင်းကင် ကျေးကျွန် အစီအရင်က သူ့အား သံသယ ဖြစ်စေသည်။ ချန်းဖန်သည် အစစ်အမှန် သိုင်းနတ်ဘုရားဂိုဏ်း၏ အစွမ်းထက် ကျင့်ကြံသူ တစ်ယောက် ဖြစ်ဖူးရာ ကောင်းကင် ကျေးကျွန် အစီအရင် တစ်ခုကို ခင်းကျင်းရန် မည်မျှ ခက်ခဲကြောင်း သိရှိသည်။ ထန်ချင် ကဲ့သို့သော တာအို ဖွဲ့စည်းခြင်း အဆင့် တစ်ယောက်သာလျှင် ထိုအစီအရင်ကို ခင်းကျင်းနိုင်သည်။
“ဘယ်သူလုပ်တာလဲ... တကယ်ပဲ ငါ့ဆရာလား...”
ချန်းဖန်မှာ မျက်မှောင်ကြုတ် နေခဲ့၏။ သူသည် ထိုအချင်းအရာများကို မည်သို့မှ ဆက်စပ် မရပဲ ဖြစ်နေခဲ့သည်။
တာအို သစ်သီးမှာ ဝိညာဥ် ဖြစ်တည်ခြင်း အဆင့်၊ အာကာသ အဆင့် ကျင့်ကြံသူများ အတွက် အသုံးဝင်ကောင်း ဝင်နိုင်သော်လည်း တာအို ဖွဲ့စည်းခြင်း အဆင့်များ အတွက်မူ အကျိုးသက်ရောက်မှု သိပ်မရှိချေ။ ထို့ကြောင့်ပင် အစစ်အမှန် သိုင်းနတ်ဘုရားဂိုဏ်း၏ တာအို ဖွဲ့စည်းခြင်း အဆင့်များမှာ ထိုအရာကို လုပ်စရာ အကြောင်း မရှိချေ။
“ထူးဆန်းတယ်... ဒီအစီအရင်က ဘာလို့ ထျန်းဟောင်ဂြိုဟ်ပေါ်မှာ ရှိနေတာလဲ... ဒါက စကြဝဠာထဲ အစွန်အဖျားမှာ ရှိတဲ့ သာမန် အပယ်ခံ ဂြိုဟ်တစ်ခုလေ...နောက်ပြီး ကမ္ဘာမှာလည်း တူညီတဲ့ အဖြစ်အပျက်မျိုး ဖြစ်နေတယ်... သူတို့က အားလုံးကို လုပ်ခဲ့တာလား”
ချန်းဖန်၏ အမူအရာက ပို၍ လေးနက်လာ၏။
သူသည် ထျန်းဟောင်ဂြိုဟ်၌ ဖြစ်ပျက်နေသည့် ထိုထူးဆန်းသော အရာများကို သိပ် ဂရုမစိုက်ချေ။ ကောင်းကင် ကျေးကျွန် အစီအရင်ကို တွေ့ပြီးနောက် သူ့အား အတွေးနက်စေသည့် အရာမှာ သူ့ ဆရာ ထန်ချင်က သူ့အား ရည်ရွယ်ချက် ရှိရှိဖြင့် ကမ္ဘာမှ ခေါ်ထုတ်ခဲ့သလား ဆိုသော မေးခွန်းပင်။ သို့မဟုတ် သူ၏ အတိတ်ဘဝနှင့် လက်ရှိ ဘဝ နှစ်ခုစလုံးမှာ ထန်ချင်၏ အစီအစဥ်တစ်ခုပင် ဖြစ်ကောင်း ဖြစ်နိုင်ပေသည်။
“မဟုတ်လောက်ပါဘူး...”
ချန်းဖန်က ခေါင်းအား ခါလိုက်မိ၏။ စကြဝဠာနှင့် အချိန် စီးဆင်းမှု နှစ်ငါးရာ နောက်သို့ ပြန်ဆုတ်သွားခြင်းကား ထိုမျှ လွယ်ကူသော အရာ မဟုတ်ချေ။ ထန်ချင် မဆိုထားနှင့် ရှေးဟောင်း မိစ္ဆာကြီးများ၊ နတ်ဘုရားကြီးများ ပင်လျှင် ထိုသို့ လုပ်နိုင်သည် အထိ အစွမ်း မထက်ချေ။
“ဒါဆိုရင် ငါက ဘာလို့ ပြန်ပြီး မွေးဖွားလာရတာလဲ... ငါ့ရဲ့ ပြန်လည် မွေးဖွားလာမှုက ဆရာရဲ့ အစီအစဥ် ဖြစ်မယ် ဆိုရင်တောင် သူက ဘာလို့ ဒီမှာ ကောင်းကင်ကျေးကျွန် အစီအရင်ကို ခင်းကျင်းထားရတာလဲ... နောက်ပြီး ဘာဖြစ်လို့ အတိတ်ဘဝ ငါ ကမ္ဘာကို ပြန်ရောက်တုန်းက အရာရာက တည်ငြိမ် နေရတာလဲ... သူက ဘာလို့ ငါနဲ့ ရှောင်ချုံးကို ခေါ်သွားရဝာာလဲ”
အတွေးများသည် မြူနှင်းများ ကဲ့သို့ ချန်းဖန်၏ စိတ်၌ အထပ်ထပ် လွမ်းခြုံနေ၏။ သို့သော်လည်း သူသည် ထိုမြူနှင်းကို ဖောက်ကာ မြင်နိုင်စွမ်း မရှိချေ။ သို့သော်လည်း ချန်းဖန်မှာ တွေးလေလေ ထန်ချင်အပေါ် သံသယမှာ ပိုမို တိုးပွားလာလေလေ ဖြစ်နေခဲ့သည်။
“ဘာပဲဖြစ်ဖြစ်... ပြန်လည် မွေးဖွားလာပြီးတဲ့နောက် ငါ့မှာ ဘာအနှောင်အဖွဲ့မှ မရှိတော့ဘူ... ငါ့ကို နယ်ရုပ် တစ်ရုပ်လို အသုံးချချင်တဲ့ ဘယ်သူကို မဆို သတ်ပစ်မယ်”
ချန်းဖန်က လက်သီးကို ဆုပ်လိုက်သည်။ သူ၏ မျက်လုံးများက တဟုန်းဟုန်း တောက်ပနေ၏။
“ဟူး... ဟူး...”
တာအို သစ်သီးသည် ကောင်းကင်တွင် ပိုမို လျှင်မြန်စွာ လည်ပတ်နေသည်။ ၎င်းသည် ဖူးပွင့်တော့မည့် အလား ထစ်ချုန်းသံများကို စတင် ထုတ်လွှတ်လာသည်။
“ဟူး... ဟူး...”
ရေကန်တစ်ဝိုက်ရှိ များစွာသော သားရဲများသည် ရွှေရောင် အလင်းများကို ထုတ်လွှတ်ကာ ကောင်းကင်ရှိ ရွှေရောင် သစ်သီးကို လောဘတကြီး ကြည့်နေကြ၏။
“အစစ်အမှန် သိုင်းနတ်ဘုရားဂိုဏ်းက ဖြစ်ဖြစ်... ဘယ်က ဖြစ်ဖြစ် တာအို သစ်သီးက ငါ့ရှေ့ ရောက်နေပြီ... ဝိညာဥ် ဖြစ်တည်ခြင်း အဆင့်ကို မရောက်ရင်တောင် ငါ မဟာ ကျင့်ကြံသူ အတု တစ်ယောက် ဖြစ်လာပြီး ကျင့်ကြံခြင်း ဂြိုဟ်တစ်ခုကို စိုးမိုးနိုင်သေးတာပဲ”
နဂါးအရှင်က တုန်ရီစွာ ရေရွတ်လိုက်သည်။ သူသည် ကောင်းကင်ကို မော့ကြည့်နေပြီး သူ၏ လောဘများကို လုံးဝ ထိန်းချုပ်နိုင်စွမ်း မရှိတော့ချေ။
“အဲဒီ တာအိုသစ်သီးက သခင့်ဟာ... မင်း အဲဒါကို ယူနိုင်ရင်တောင် သုံးပိုင်ခွင့် မရှိဘူး”
ကျိုးကျူရှင်းက နဂါးအရှင်အား အေးစက်စွာ ကြည့်ကာ ပြောလိုက်၏။
“ဟားဟား...”
နဂါးအရှင်က ဂရုမစိုက်ဟန် ရယ်မောလိုက်၏။ သူ၏ အတွေးမှာ ရှင်းလင်းနေ၏။ သူသာ တာအို သစ်သီးကို စားသုံးပြီးပါက ချန်းပေ့ရွှမ်းကို ဂရုစိုက်စရာ လိုတော့မည် မဟုတ်ချေ။
“ဘုန်း...”
ရုတ်တရက် သားရဲ တစ်ကောင်မှာ အလင်းတန်း အသွင် ပြောင်းလဲကာ တာအို သစ်သီးထံ တိုးဝင်သွား၏။ အနီးကပ်ကြည့်ပါက ထိုသားရဲမှာ ရှစ်ပေမျှ ရှည်လျားသည့် အတောင်ပံပါ မြွေတစ်ကောင် ဖြစ်ကြောင်း တွေ့မြင်ရလိမ့်မည် ဖြစ်သည်။ ထိုသတ္တဝါသည် တိမ်ချီများဖြင့် ဝန်းရံနေပြီး ဒဏ္ဍာရီများထဲမှ တန့်မြွေနှင့် တူညီ၏။
တန့်မြွေ စတင် လှုပ်ရှားသည်ကို မြင်သည်နှင့် အခြား သားရဲများမှာ ဆက်လက် ထိန်းချုပ်နိုင်စွမ်း မရှိတော့ချေ။
“ဝှစ်... ဝှစ်... ဝှစ်...”
အခြား သားရဲ ရှစ်ကောင်မှာလည်း အလင်းတန်းများ အသွင်ပြောင်းလဲကာ တာအို သစ်သီးထံ တိုးဝင် သွားကြတော့၏။
ချန်းဖန်မှာမူ တည်ငြိမ်နေဆဲ ဖြစ်သည်။
သူ့ ကဲ့သို့ပင် သားရဲအိုကြီးများမှာလည်း တောင့်တောင့်ကြီး ရပ်နေကြ၏။ သူတို့၏ မျက်လုံးများမှာ လောဘများဖြင့် ပြည့်နေသည့်တိုင် သူတို့သည် မလှုပ်ရှား ဝံ့ကြချေ။
“ကောင်းကင်အရှင်ချန်း... မင်း အဲဒါကို သွားမယူဘူးလား”
နဂါးအရှင်မှာ တာအို သစ်သီးကို သွားရောက် လုယူချင်နေသော်လည်း တည်ငြိမ်စွာ ထိုင်နေသော ချန်းဖန်ကြောင့် ချီတုံချတုံ ဖြစ်နေ၏။
“ဒီသစ်သီးကို အစစ်အမှန် သိုင်းနတ်ဘုရားဂိုဏ်းက ပိုင်တယ်... သူတို့ဂိုဏ်းဝင် မဟုတ်တဲ့ ဘယ်သူမှ အဲဒါကို ထိခွင့်မရှိဘူး”
ချန်းဖန်က ခေါင်းအား ခါယမ်းလိုက်သည်။
“အဲဒီ သစ်သီးကို မင်း ရအောင် ယူနိုင်ရင် မင်းပိုင်တယ်”
“တကယ်လား...”
နဂါးအရှင်မှာ နားမလည်နိုင်အောင် ဖြစ်သွား၏။ ထို့နောက် သူက ချက်ချင်း မလှုပ်ရှားပဲ အခြေအနေကိုသာ စောင့်ကြည့်ရန် ဆုံးဖြတ် လိုက်သည်။
“ဝှစ်...”
တစ်ချိန်တည်း၌ သားရဲကိုးကောင်မှာ တာအို သစ်သီး အနားသို့ နီးကပ်နေပြီ ဖြစ်သည်။ သူတို့သည် ယခုထိ မည်သည့် အတားအဆီးမှ မတွေ့ရသေးချေ။
“ဝှစ်...”
အဆုံး၌ လော့ချန်ရှန်းမှာ စတင် လှုပ်ရှားလာ၏။ သူသည် အလင်းတန်း တစ်ခု အသွင်ဖြင့် တစ်ခဏ အတွင်းမှာပင် သားရဲ ကိုးကောင်ကို ကျော်ဖြတ်ကာ တာအို သစ်သီး၏ အရှေ့သို့ ရောက်ရှိ သွားသည်။
“သူ့မှာ ဓမ္မ စွမ်းအား အသုံးပြုစရာ မလိုတဲ့ လျှို့ဝှက် ရတနာ တစ်ခု ရှိနေသေးတယ်...”
လူတိုင်းမှာ ထိုမြင်ကွင်းကို ကြည့်ကာ ဆွံ့အ သွားကြ၏။
“ဟားဟား... ချန်းပေ့ရွှမ်း... ငါ ဒီအချိန်ကို စိတ်ရှည်ရှည်နဲ့ စောင့်နေခဲ့တာကွ... ငါ ဝိညာဥ် ဖြစ်တည်ခြင်း အဆင့်ကို ရောက်ပြီးရင် မင်းနဲ့ လာစာရင်းရှင်းမယ်”
လော့ချန်ရှန်းက အော်ဟစ် ရယ်မောလိုက်သည်။
သူ၏ ခန္ဓာကိုယ်တွင်မူ ဝိညာဥ်ဖြစ်တည်ခြင်း အဆင့်၏ စွမ်းအားများ ပါဝင်နေသည့် နတ်ဘုရား အဆောင် တစ်ခုမှာ တောက်ပနေ၏။ ထိုနတ်ဘုရား အဆောင်မှာ ဓမ္မ စွမ်းအား မလိုပဲ အသုံးပြုနိုင်သည့် အလွန်အမင်း အဖိုး ထိုက်တန်သော ရတနာ တစ်ခု ဖြစ်သည်။ လော့ချန်ရှန်းသည် ထိုရတနာကို ယခုကဲ့သို့သော အခိုက်အတန့် အတွက် သိမ်းဆည်းထားခြင်း ဖြစ်သည်။
“ဟုတ်လား...”
ချန်းဖန်မှာ တည်ငြိမ်စွာပင် ရှိနေသးသည်။ သူသည် လော့ချန်ရှန်း၏ လျှပ်တစ်ပြက် လှုပ်ရှားမှုကို ဂရုစိုက်ပုံ မရချေ။
“သခင်...”
ကျိုးကျူရှင်းမှာမူ စိုးရိမ်သွား၏။ အကယ်၍ လော့ချန်ရှန်းသာ မဟာ ကျင့်ကြံသူ တစ်ယောက် ဖြစ်လာပါက သူ့အား မည်သူမျှ တားနိုင်တော့မည် မဟုတ်ချေ။
သို့သော်လည်း အားလုံး၏ မျှော်လင့်ချက်နှင့် ခြားနားစွာပင် လော့ချန်ရှန်း တာအို သစ်သီးကို ထိတွေ့သည်နှင့် အဇူရာရောင် လျှပ်စီးအလင်း တစ်ခုမှာ လင်းလက်လာ၏။
“ဘုန်း...”
အဇူရာ လျှပ်စီးအလင်းမှာ ရိုးရှင်းဟန် ရသော်လည်း အလွန်အမင်း အစွမ်းထက်သည်။ တန့်မြွေ အပါအဝင် အခြေတည် ဝိညာဥ် အဆင့် သားရဲ ကိုးကောင်မှာ ချက်ချင်းပင် ပြာကျ ပျောက်ကွယ်သွားသည်။ နတ်ဘုရား အဆောင်၏ ကာကွယ်မှု အောက်၌ ရှိနေသော လော့ချန်ရှန်း ပင်လျှင် လျှပ်စီး အလင်းအား မတားဆီးနိုင်ခဲ့ချေ။
“ဘုန်း...”
နတ်ဘုရား အဆောင်မှာ ပေါက်ကွဲသွားကာ လော့ချန်ရှန်းမှာလည်း မြေပြင်ပေါ် ပြုတ်ကျ၏။ သူ၏ ပါးစပ်တွင်မူ သွေးများက ပြည့်နှက်နေသည်။
“ဘာလို့လဲ... ဘာလို့လဲ...”
လော့ချန်ရှန်း၏ အသက်မဲ့နေသော မျက်ဝန်းများကမူ ထိုစကားလုံးကို အထပ်ထပ် ရေရွတ်နေဟန် ရ၏။
“အစစ်အမှန် သိုင်းနတ်ဘုရားဂိုဏ်းရဲ့ အစီအရင်ကို ဘယ်သူမှ ထိလို့ မရနိုင်ဘူး...”
ချန်းဖန်က ခေါင်းအား ခါယမ်းလိုက်သည်။ ဝိညာဥ် ဖြစ်တည်ခြင်း အဆင့်၊ အာကာသ အဆင့်များပင် ထိုအရာကို အတင်းအကြပ် ရယူနိုင်လိမ့်မည် မဟုတ်ချေ။
“ဘုန်း...”
မရေမတွက်နိုင်သော အလင်းများသည် ကောင်းကင်တွင် လင်းလက်လာကာ ရွှေရောင် စက်ဝိုင်းတစ်ခု အသွင် ဖွဲ့စည်းသွားသည်။ နောက်ဆုံး၌ ကောင်းကင် ကျေးကျွန် အစီအရင်ကား ၎င်း၏ အစစ်အမှန် သဏ္ဌာန်ကို ဖော်ပြလာခဲ့ပြီ ဖြစ်လေသည်။
ထို့နောက် လူအိုကြီး တစ်ယောက်၏ အသံမှာ လူတိုင်း၏ စိတ်၌ ပဲ့တင်ထပ် ဝင်ရောက်လာ၏။
“အစစ်အမှန် သိုင်းနတ်ဘုရားဂိုဏ်းရဲ့ တပည့်တွေပဲ တာအို သစ်သီးကို ခူးယူနိုင်တယ်”
တစ်ဆက်တည်းမှာပင် အားလုံး၏ အရှေ့၌ လူအို ကျင့်ကြံသူကြီး တစ်ယောက် ပေါ်လာခဲ့သည်။ ထိုအဘိုးအို မည်မျှ အစွမ်းထက်သည်ကို မည်သူမျှ ခန့်မှန်းနိုင်စွမ်း မရှိကြချေ။
သူသည် ဂြိုဟ်များကို ဝန်းရံကာ ဂလက်စီ တစ်ခု၏ အထက်၌ ထိုင်နေခဲ့သည်။ ကြယ်များသည် သူ့အား ဝန်းရံနေကာ သူ၏ မျက်လုံးများမှာ နေထက်ပင် ပိုမို ကြီးမားနေ၏။ သူ၏ ပုံစံက အလုံးစုံ တည်ငြိမ်နေကာ မည်သည့် ခံစားချက်မှ ဖြစ်ပေါ်နေခြင်း မရှိချေ။
“ဘုန်း...”
နဂါးအရှင်သည် မြေပြင်ပေါ် ပြားပြားဝပ် ချလိုက်၏၊ သူ၏ တစ်ကိုယ်လုံးက ပြင်းထန်စွာ တုန်ရီနေသည်။
“နှုတ်... နှုတ်ဆက်ပါတယ် ခင်ဗျာ... ကျွန်တော်တို့က လောက တန်ခိုးရှင်ကြီးကို နှောက်ယှက်ဖို့ မရည်ရွယ်မိပါဘူး... ကျေးဇူးပြုပြီး ခွင့်လွှတ်ပေးပါ”
တစ်ချိန်တည်း၌ ရှောင်မန်၊ နတ်မိမယ် ချင်လော့နှင့် များစွာသော သားရဲများမှာ ကာင်းကင်၌ ဆက်လက် ရပ်တည်နိုင်စွမ်း မရှိကြတော့ချေ။ သူတို့က မြေပြင်၌ ရပ်ကာ တဆဆတ်ဆတ် တုန်ရီနေကြ၏။ ထိုအဘိုးအိုကား အလွန် ကြောက်မက်ဖွယ် ကောင်းလှသည်။ သူ၏ဖြစ်တည်မှုသည် စကြဝဠာကြီး တစ်ခုအလား အားလုံး၏ စိတ်ကို သိမ်းပိုက် စိုးမိုးထား၏။
“ငါဘာလို့ အစစ်အမှန် သိုင်းနတ်ဘုရားဂိုဏ်းရဲ့ တပည့် တစ်ယောက် မဖြစ်ရတာလဲ...”
ထိုအရာက ပထမဆုံး အကြိမ်အဖြစ် လော့ချန်ရှန်းမှာ သူ၏ နောက်ခံကို မုန်းတီးမိခြင်း ဖြစ်သည်။ သူက အဘယ်ကြောင့် နိမ့်ကျသော ချန်ရှန်းဂိုဏ်း၌ မွေးဖွားလာရသနည်း။
“ဟမ်... သူ ဘာလုပ်နေတာလဲ”
ရုတ်တရက် လော့ချန်ရှန်း၏ မျက်လုံးများမှာ ပြူးကျယ်သွား၏။ ချန်းဖန်မှာ အဘိုးအို၏ သတိပေးမှုကို ဂရုစိုက်ခြင်း မရှိပဲ တာအို သစ်သီးထံ ပျံသန်းသွားနေသည် မဟုတ်ပါလား။
“သူက သေချင်နေတာလား... အဲဒါက လောက တန်ခိုးရှင်ကြီးရဲ့ အစီအရင်... ငါတို့ ဂိုဏ်းချုပ်တောင် အတင်းအကြပ် ကြိုးစားရင် အသတ်ခံရနိုင်တယ်”
လော့ချန်ရှန်းက နားမလည်နိုင်စွာ ရေရွတ်လိုက်သည်။ သို့သော်လည်း နောက်တစ်က္ကန့် အကြာ၌ ဖြစ်ပျက်လာသော အရာက သူ၏ စိတ်ကူးနိုင်စွမ်းကိုပင် ကျော်လွန်သွား၏။
“ဟူး...ဟူး...”
ချန်းဖန်၏ အရှိန်အဝါမှာ ရွှေရောင် အလင်းဖြင့် ဝန်းရံကာ ရုတ်ချည်းပင် မြင့်တက်လာ၏။ တစ်ခဏ အတွင်းမှာပင် သူကား နေတစ်စင်း အလား ထိန်ထိန်လင်း သွားသည်။
“ဝှစ်... ဝှစ်...”
ရွှေရောင် အတားအဆီး အစီအရင်များသည် ချန်းဖန် လျှောက်လှမ်းလာသည့် လမ်းတစ်လျှောက်၌ ဖယ်ရှားကြကာ ရွှေရောင် လျှောက်လမ်း တစ်ခုကို ဖန်တီးလေသည်။
“ဘယ်လိုဖြစ်နိုင်မှာလဲ...”
လော့ချန်ရှန်းမှာ ထိုမြင်ကွင်းကို ကြည့်ကာ မယုံကြည်နိုင်အောင် ဖြစ်သွားခဲ့သည်။ ထို့အတူ နဂါးအရှင်၊ နတ်မိမယ် ချင်လော့၊ ကျိုးကျူရှင်းနှင့် များစွာသော သားရဲများ၏ မျက်လုံးများမှာလည်း အဆများစွာ ပြူးကျယ်သွားကြ၏။
“သူ... သူက အစစ်အမှန် သိုင်းနတ်ဘုရားဂိုဏ်းကလား”
***