တောင်တန်းအင်ပါယာ၏စွမ်းအား
Vol. 10 Ch. 986
တောင်တန်း အင်ပါယာ စတင် လှုပ်ရှားလာပြီ...။
ထိုသတင်းက ချက်ချင်းပင် ကောင်းကင်နယ်များ အပြင် နယ်စွန် နယ်ဖျားရှိ မြေရိုင်းနယ်များ အထိပင် ပျံ့နှံ့သွားသည်။ မရေမတွက်နိုင်သော မိသားစုများ၊ ဂိုဏ်းများ၊ ကျင့်ကြံသူများမှာ ဆွံ့အ သွားကြ၏။
တောင်တန်း အင်ပါယာ....
ထိုအရာကား လွန်ခဲ့သည့် နှစ်တစ်သိန်း အတွင်း ထျန်းဟောင်ဂြိုဟ်ကို စိုးမိုးခဲ့သော အုပ်ချုပ်သူ ဂိုဏ်းကြီးတစ်ခု ဖြစ်သည်။ သူတို့သည် ပြည့်စုံသော နတ်ဘုရား ကျင့်စဥ်များ အပြင် မခန့်မှန်းနိုင်သော အင်အားကိုပါ ပိုင်ဆိုင်ထားသည်။ သမိုင်းတစ်လျှောက်၌ များစွာသော ဂိုဏ်းများသည် တောင်တန်း အင်ပါယာကို တိုက်ခိုက်ရန် ကြိုးစားခဲ့သည်။ သို့သော်လည်း သူတို့၏ အမိန့်တစ်ခုတည်းကပင် ထိုဂိုဏ်းများကို ထာဝရ ပျောက်ကွယ် သွားစေခဲ့သည်။
ထိုကဲ့သို့သော ဂိုဏ်းကြီးအား မည်သူမျှ မစော်ကားဝံ့ချေ။ ထိပ်တန်း ကောင်းကင်နယ် ဆယ်ခုပင်လျှင် သူတို့၏ အရှေ့၌ ဂရုစိုက်ရသည်။
“ချန်းပေ့ရွှမ်းက ဆေးနတ်ဘုရားဂိုဏ်းရဲ့ ကောင်းကင် မင်းသားကို သတ်ဖြတ်ပြီး ထျန်းဟောင်ဂြိုဟ်ရဲ့ ကောင်းကင် ဥပဒေကို ဖောက်ဖျက်ခဲ့တယ်... ဒါပေမဲ့ တောင်တန်း အင်ပါယာက တစ်ချက်တောင် မလှုပ်ရှားခဲ့ဘူး... အခု ချန်းပေ့ရွှမ်း နတ်ဘုရား ကုန်းမြေထဲကို ဝင်သွားတဲ့ အချိန်ရောက်မှ စပြီး လှုပ်ရှားလာတယ်... သူတို့ရဲ့ အင်အားက အရင်တုန်းကလို မဟုတ်တော့ဘူးလား”
လူငယ် တစ်ယောက်က သံသယ အပြည့်ဖြင့် ပြောလိုက်သည်။
“ထျန်းဟောင်ဂြိုဟ်ပေါ်မှာ အခြေတည် ဝိညာဥ် အဆင့် များများစားစား သိပ်မရှိဘူး... ချန်ရှန်း ကောင်းကင်နယ်တောင် ကောင်းကင်အရှင် ငါးဦးပဲ ရှိတယ်... တောင်တန်း အင်ပါယာမှာက ရှစ်ယောက်လား မသိဘူး... အများဆုံးမှ ဆယ်ယောက်လောက်ပေါ့... သူတို့က ကောင်းကင်နယ် နှစ်ခုပေါင်း အင်အားလောက်ပဲ ရှိတော့တာ... ဘာမှကို ကြောက်စရာ မရှိတော့ဘူး”
အခြား လူငယ် အချို့ကလည်း သဘောတူကြသည်။
သို့သော်လည်း ချက်ချင်းပင် သူတို့မှာ အကြီးအကဲများ၏ ဆူပူ အော်ငေါက်ခြင်းကို ခံလိုက်ကြရ၏။ ကောင်းကင်နယ်များက မည်ကဲ့သို့ တောင်တန်း အင်ပါယာကို ယှဥ်နိုင်ပါမည်နည်း။ သူတို့အား ဆန့်ကျင်ရန် ကြိုးစားသူတိုင်း၏ နိဂုံးမှာ ဘယ်တုန်းကမှ မကောင်းခဲ့ချေ။
လူအိုကြီးများမှာ ယနေ့တိုင် မှတ်မိနေသေးသည်။
လွန်ခဲ့သည့် နှစ်ငါးသောင်း ကာလ၌ ချန်ရှန်း ကောင်းကင်နယ်သည် “ချန်ရှန်း ကောင်းကင်နယ်” ဟူသော နာမည် ဖြစ်မလာသေးချေ။ “မိုးကြိုးကောင်းကင်နယ်” ဟု အမည်ရသော ကာင်းကင်နယ် တစ်ခု အဖြစ် တည်ရှိခဲ့သည်။ သူတို့သည် မျိုးဆက် တစ်ခုတည်းမှာပင် ကောင်းကင် အရှင် ငါးယောက်ကို ပိုင်ဆိုင်ခဲ့သည်။ ထိုငါးယောက်မှာ “မိုးကြိုးကာင်းကင်နယ်၏ ပြိုင်ဘက်ကင်း ဘိုးဘေး ငါးဦး” ဟူသော ဘွဲ့ဖြင့် ထျန်းဟောင်ဂြိုဟ် တစ်လွှား အလွန် ကျော်ကြားခဲ့သည်။
ထိုခေတ်ကာလများ၌ မိုးကြိုး ကောင်းကင်နယ်သည် အထွတ်အမြတ် ကောင်းကင်နယ် ဆယ်ခုအနက် ထိပ်ဆုံး ဖြစ်သည်။ ထျန်းဟောင်ဂြိုဟ်၏ သမိုင်းအစဥ်အလာ ကြီးမားသော ဆေးနတ်ဘုရားဂိုဏ်းနှင့် နတ်ဘုရား သားရဲဂိုဏ်းတို့ ပင်လျှင် သူတို့အား မထိရဲခဲ့ချေ။
တစ်နေ့၌ မိုးကြိုး ကောင်းကင်နယ်၏ တပည့်များသည် တောင်တန်း အင်ပါယာကို အမှတ်မထင် စော်ကားခဲ့မိသည်။ တောင်တန်း အင်ပါယာသည် “စီရင်ခြင်း အဆောင်” တစ်ခုတည်းကိုသာ ပစ်လွှတ်ကာ မိုးကြိုး ကောင်းကင်နယ် တစ်ခုလုံးကို ဖျက်ဆီး ပစ်ခဲ့သည်။ ပြိုင်ဘက်ကင်း ဘိုးဘေး ငါးယောက် အပါအဝင် မိုးကြိုး ကောင်းကင်နယ်၏ ကျင့်ကြံသူ အားလုံးမှာ ကိုင်းပင်များ အလား သုတ်သင်ရှင်းလင်းခြင်းကို ခံခဲ့ရသည်။
ထိုနေ့မှ စ၍ မည်သူမျှ တောင်တန်း အင်ပါယာကို ထိရဲခြင်း မရှိတော့ချေ။ သို့သော်လည်း လွန်ခဲ့သည့် နှစ်တစ်သောင်း၌ ကျူးဝမ် မျိုးနွယ်ဝင် ကောင်းကင်အရှင် တစ်ယောက်သည် ထျန်းဟောင်ဂြိုဟ်၏ ကောင်းကင် ဥပဒေကို ဖောက်ဖျက်ခဲ့သည်။ သူသည် တောင်တန်း အင်ပါယာ၏ ဖမ်းဆီးခြင်းကို ခံခဲ့ရပြီး သူ၏ ကျူးဝမ် မျိုးနွယ် တစ်ခုလုံးမှာလည်း အပြစ်ပေးခံခဲ့ရသည်။
“ချန်းပေ့ရွှမ်းကလည်း ကျူးဝမ် မျိုးနွယ်ပဲ မလား... တောင်တန်း အင်ပါယာက သူ့နောက်ကို လိုက်ဖို့ ကြိုးစားနေတာလား”
လူအချို့က ခန့်မှန်းကြသ၏။
သူတို့ကား မှန်ကန်ပေသည်။ မကြာခင်မှာပင် တောင်တန်း အင်ပါယာသည် ထိပ်တန်း ကောင်းကင်နယ် ဆယ်ခု၏ ခေါင်းဆောင်များမှ တစ်ဆင့် အမိန့်တစ်ခု ထုတ်ပြန်၏။ ထိုအမိန့်အရ ဆိုလျှင် ချန်းပေ့ရွှမ်းသည် တစ်လအတွင်း တောင်တန်း အင်ပါယာသို့ လာရောက်ကာ ထျန်းဟောင်ဂြိုဟ်၏ ကောင်းကင် ဥပဒေကို ဖောက်ဖျက်မှု အတွက် တောင်းပန်ရမည် ဖြစ်သည်။
ထိုသတင်းက ထျန်းဟောင်ဂြိုဟ် တစ်ခုလုံးကို ဂယက်ထ သွားစေ၏။
“ဘာလို့လဲ... စီနီယာချန်းက ငါ ဥပဒေကိုမှ ဖောက်ဖျက် မထားပါဘူး... သူက ဘာလို့ တောင်တန်း အင်ပါယာကို သွားပြီး တောင်းပန်ရမှာလဲ”
မူဟုန်တိနှင့် ယွင်ရီအာတို့မှာ ထိုအရာကို အကျိုးအကြောင်း ဆီလျော်မှု မရှိဟု ယူဆကြသည်။
“ဘာလဲကွ... ကောင်းကင်အရှင်ချန်းက ငါတို့ ကျူးဝမ်မျိုးနွယ်ရဲ့ ကောင်းကင်အရှင် အသစ်ပဲ... နောက်ပြီး သူက တစ်ခါမှ တောင်တန်း အင်ပါယာကို မဆန့်ကျင်ခဲ့ဘူး”
ကျူးဝမ်မျိုးနွယ်ဝင်များမှာမူ ဒေါသထွက် ခံပြင်းနေကြ၏။ သူတို့၏ မျိုးနွယ်ကား ယခုမှ ထွန်းတောက်ရန် အစပျိုးနေတုံး ဖြစ်သည်။ ယခုကဲ့သို့ ခေါင်မှ ရိုက်ချိုးရန် ကြိုးစားခြင်းကား အမှန်ပင် လွန်လွန်းလှသည်။ သူတို့သည် မြေရိုင်းနယ် တစ်ခု၏ အစွန်အဖျားရှိ နိမ့်ကျသော မျိုးနွယ်စုလေး ဘဝသို့ ပြန်မသွားလိုကြချေ။
“အတိတ်မှာတုန်းက တောင်တန်း အင်ပါယာဟာ ငါတို့ရဲ့ အရှင် ကောင်းကင်ညီမျှခြင်းကို ယူဆောင်သွားခဲ့တယ်... အခုလည်း သူတို့က ကောင်းကင်အရှင်ချန်းကို ဖမ်းချင်နေပြန်ပြီ... သူတို့က ငါတို့ ကျူးဝမ် မျိုးနွယ်ရဲ့ ကံကြမ္မာကို တားဆီးချင်နေတာလား”
လူတိုင်းမှာ မခံမရပ်နိုင်အောင် ဖြစ်နေကြ၏။
“ကောင်းကင်အရှင်ချန်းသာ အသတ်ခံရရင် ငါတို့ ကျူးဝမ် မျိုးနွယ်ဝင်တွေမှာ မျှော်လင့်ချက် မရှိတော့ဘူး... အဲဒီလို ဘဝမျိုးထက် သေတာကမှ ကောင်းဦးမယ်”
ကျူးဝမ်မျိုးနွယ် မဟာ အကြီးအကဲက အော်ဟစ်လိုက်၏။ ချင်လော့ အပါအဝင် ကျူးဝမ် မျိုးနွယ်၏ ရွှေအမြုတေ အဆင့် အားလုံး၏ မျက်လုံးများမှာလည်း မီးတဟုန်းဟုန်း တောက်နေကြ၏။ သို့သော်လည်း သူတို့၏ စွမ်းအားဖြင့် လုပ်ဆောင်နိုင်သော အရာက မရှိခဲ့ချေ။
အချိန်တို အတွင်းမှာပင် ထိုသတင်းများမှာ ထျန်းဟောင်ဂြိုဟ် တစ်လွှား ပျံ့နှံ့ခဲ့ပြီး ဖြစ်သည်။
များစွာသော မျိုးနွယ်များ၊ ဂိုဏ်းများသည် ပေ့ဟန်နယ်သို့ စေလွှတ်ထားသော သူတို့၏ ကိုယ်စားလှယ်များကို ပြန်လည် ဆင့်ခေါ်ကြ၏။ ပေ့ဟန်နယ်အား ကျူးဝမ် မျိုးနွယ်ထံ အပိုင်ပေးထားသည့် ဝမ်မိသားစု ပင်လျှင် သူတို့၏ ဆုံးဖြတ်ချက်ကို နောင်တရနေခဲ့သည်။
တစ်ချိန်တည်း၌ ဝမ်ရွှမ်လုံနှင့် ဝူချင်းယန် နှစ်ယောက်မှ အပ မြောက်နတ္ထိနယ်ရှိ များစွာသော မိသားစုများမှာလည်း ပေ့ဟန်နယ်နှင့် အဆက်အသွယ် ဖြတ်ကြ၏။ မြောက်နတ္ထိနယ်၌ ချန်းဖန်အား လေးစားအားကျသည့် လူငယ်များစွာ ရှိသည့်တိုင် ဘိုးဘေးများ ကိုယ်တိုင်က စည်းကမ်းများထုတ်ကာ ချန်းပေ့ရွှမ်းအား မကူညီရန် တားဆီးကြသည်။
သူတို့သည် တောင်တန်း အင်ပါယာ မည်မျှ အစွမ်းထက်ကြောင်းကို နားလည်ကြသည်။ ချန်းပေ့ရွှမ်းသည် မိုးကောင်းကင်လောက် မြင့်မားသည့် ပါရမီကို ပိုင်ဆိုင်ထားသော်လည်း ယခုမှ ရွှေအမြုတေ အဆင့်တွင်သာ ရှိသေးသည်။ မိုးကြိုးကောင်းကင်နယ် ပင်လျှင် တောင်တန်း အင်ပါယာထံ၌ ရှင်းလင်း ခံခဲ့ရရာ ချန်းပေ့ရွှမ်း ကဲ့သို့သော ရွှေအမြုတေ အဆင့်က မည်ကဲ့သို့ ခုခံနိုင်မည်နည်း။
တစ်ချိန်တည်း၌ မိစ္ဆာနှိမ် ကောင်းကင်နယ်တွင် ဘိုးဘေး သုံးယောက်မှာ ဆွေးနွေးနေကြသည်။
“ဘာပဲဖြစ်ဖြစ် ချန်းပေ့ရွှမ်းကတော့ သေတော့မယ်... တောင်တန်း အင်ပါယာ ဝင်မပါတောင် သူ ဘိုးဘေးဖူတူကို ကျော်နိုင်မှာ မဟုတ်ဘူး”
သူတို့သည် အမြဲတမ်း ပွဲကြည့်သူ နေရာကသာ ရပ်တည်ခဲ့သည်။ မည်သည့်ဘက်ကိုမှ ယိမ်းခဲ့ခြင်း မရှိခဲ့ချေ။ သို့သော်လည်း ယခုတွင်မူ ချန်းပေ့ရွှမ်း၏ အခြေအနေက အတော်လေး ဆိုးရွားနေပြီ ဖြစ်သည်။ သူတို့သည် သူ့အပေါ် ယုံကြည်ချက် သိပ်မရှိကြတော့ချေ။
“ကောင်းပြီလေ... ငါ မနက်ဖြန် နတ်ဘုရား ကုန်းမြေကို သွားလိုက်မယ်... မဟုတ်ရင် ငါတို့က ချန်းပေ့ရွှမ်းဘက်ကလို့ ဘိုးဘေးဖူတူက ထင်နေဦးမယ်”
အလယ် ပလ္လင်၌ ထိုင်နေသာ အဘိုးအိုက ဖြည်းညင်းစွာ မတ်တပ် ထရပ်လိုက်သည်။
“ကောင်းတယ်...”
ညာဘက်ရှိ အဘွားအိုက ခေါင်းညိတ်လိုက်၏။ ဘယ်ဘက်၌ ထိုင်နေသာ လူအိုကြီးမှာမူ မည်သည့် စကားကိုမှ မဆိုပဲ တိတ်ဆိတ်နေခဲ့သည်။
သူသည် ချန်းပေ့ရွှမ်း အပေါ်၌ အမြဲတမ်း ယုံကြည်ချက် ရှိခဲ့သူ ဖြစ်သည်။ သို့သော်လည်း ယခုတစ်ကြိမ်၌ ချန်းပေ့ရွှမ်း ရင်ဆိုင်နေရသော ပြဿနာက ပေါ့သေးသေး မဟုတ်ချေ။
“နှမြောစရာ ကောင်းလိုက်တာ... ထျန်းဟောင်ဂြိုဟ်ပေါ်မှာ ဒီလို ပါရမီရှင်မျိုး ပေါ်မလာတာ နှစ်သိန်းချီ ကြာခဲ့ပြီ... ဒါပေမဲ့ လူအိုကြီးတွေက သူ့ကို ဝိုင်းပြီး အမဲဖျက်ကြတော့မယ်... နောက်ထပ် ဝိညာဥ် ဖြစ်တည်ခြင်း အဆင့် တစ်ယောက် ပေါ်လာဖို့ ငါတို့ နှစ်တွေ ဘယ်လောက်များ ထပ်စောင့်ရဦးမှာလဲ”
လူအိုကြီးက ခေါင်းခါကာ သက်ပြင်းတစ်ချက် ချလိုက်သည်။ ထို့နောက် သူက မျက်လုံးများကို မှိတ်ကာ ပြန်လည် တိတ်ဆိတ် သွားတော့၏။
ထိုအခိုက်၌ လူတိုင်းမှ မိစ္ဆာ အကျဥ်းထောင် ကောင်းကင်နယ်ကို အာရုံ စူးစိုက်နေကြသည်။ သူတို့သည် ရှေးဟောင်း မိစ္ဆာအင်းနှင့် နတ်ဘုရား ကုန်းမြေမှ ထွက်ပေါ်လာမည့် ချန်းပေ့ရွှမ်း၏ သတင်းကို စောင့်မျှော်နေကြ၏။
တစ်ရက်... နှစ်ရက်... သုံးရက်...
နတ်ဘုရား ကုန်းမြေကား အလုံးစုံ ဆိတ်ငြိမ်နေ၏။ ချန်းပေ့ရွှမ်းကား ကမ္ဘာလောကမှ ထွက်ခွာသွား သလို လုံးဝ ပျောက်ကွယ် နေခဲ့ပေသည်။
***